Tuesday, February 14, 2012

ဘတ်(စ်)ကားပေါ်တွင် အမျိုးသမီးများအားကာယအိနြေ္ဒထိပါးနှောင့်ယှက်သောအပြုအမူကို ရပ်တန့်ရန်



ဒီနေ့ (၁၄ ဖေဖော်ဝါရီလ ၂၀၁၂ခုနှစ်)နေ့ အဆောင်ကနေ အလုပ်ရှိရာ ကန်တော်ကလေးမှတ်တိုင်မှာအဆင်း အမျိုးသမီး ငယ်လေးတွေ က ကြွပ်ကြွပ်အိပ်လေးတွေနဲ့ လက်ကမ်းစာရွက်လေးတွေ ပလတ်စတစ် ၀ီစီလေးတွေကို ကိုင်ပြီးတက် တက်ကြွကြွ အစီအစဉ်လှုပ်ရှားမှု တစ်ခုပြုလုပ်နေတာကိုတွေ့ရပါတယ်။ သူတို့က အရွယ်စုံ အမျိုးသမီးတွေကို အဓိက ထားပြီး ၀ီစီလေးတွေ လက်ကမ်းစာရွက်လေးတွေ ပေးနေတာတွေ့ရပါတယ်။ ကျွန်တော်တို့လိုအမျိုးသားတစ်ချို့ကိုလည်း လက်ကမ်းစာရွက်ဝေငှပါတယ်။

စာရွက်ပါအကြောင်းအရာလေးတွေကိုဖတ်ကြည့်တော့ ကျွန်တော်နေ့စဉ်နှင့်အမျှ ဘတ်စ်ကားစီးတိုင်း မကြာခဏ လိုလို တွေ့နေရတဲ့ အမျိုးသားတစ်ချို့ရဲ့ နောက်ကနေထောက်လှမ်းရေးကိစ္စလိုမျိုး ကာယအိနြေ္ဒနှောင့်ယှက်မှုလေးတွေကို အကူအညီပေးကြ ဖို့ရည်ရွယ် ချက်နဲ့ ရေးသားလှုံ့ဆော်ချက်လေးတွေဖြစ်နေပါတယ်။

သူတို့ရေးသားထားတဲ့အချက်လေးတွေကလည်း မှန်ကန်နေတာကိုတွေ့ရပါတယ်။

သူတို့ရေးသားထားချက်လေးတွေကို ပြန်လည်ဖော်ပြရရင်တော့ -

(၁) ကျေးဇူးပြု၍ ဤ၀ီစီများကို အသုံးပြုဝတ်ဆင်ကာ ဘတ်စ်ကားပေါ်မှ ကာယအိနြေ္ဒထိပါးနှောင့်ယှက်မှုများကို ၀ိုင်းဝန်း ရပ်တန့်ကြပါစို့။

(၂) မိမိကာယအိနြေ္ဒနှောင့်ယှက်ခံရပါက ဤ၀ီစီမှုတ်၍ အကူအညီတောင်းပါ။

(၃) ဘတ်စ်ကားစီးနေစဉ် ၀ီစီမှုတ်သံကြားပါက ၀ီစီမှုတ်သူ မိန်းကလေးနားသို့ သွားရောက်ကာ ကာကွယ်ပေးကြပါ။

(၄) မိမိရှေ့တွင် အမျိုးသမီးတစ်ယောက် ကာယအိနြေ္ဒနှောင့်ယှက်မှု ပြုမူနေသည်ကို တွေ့ရှိပါက ဤ၀ီစီမှုတ်၍ အကူအညီ တောင်းပါ။ ကူညီပါ။

(၅) ယခုစည်းရုံးမှုသည် အမျိုးသားထုကြီးတစ်ရပ်လုံးအားရည်ရွယ်ခြင်း လုံးဝမဟုတ်ပဲ၊ အချို့သော အမျိုးသားများ၏ တဏှာလွန်ကဲသော အပြုအမူများကို ရပ်တန့်သွားစေရန်သာ ရည်ရွယ်ပါသည်။

(၆) ကိုယ်ထိလက်ရောက် ထိုးနှက်ခြင်းမပြုလုပ်ရပါ

Support has been requested from

Myanmar National Human Rights Commission

(မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်)

သတင်းအချက်အလက်အပြည့်အစုံသိလိုပါက ဖုန်း - ၀၁-၀၃၀၀၀၇၅၉ သို့ နံနက်၉နာရီမှ နေ့လည် ၁၂နာရီအတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

လို့ဖော်ပြပါရှိပါတယ်။

ကျွန်တော့်စိတ်ထဲမှာ ကိုယ့်အမ ကိုယ့်နှမများသာ ဤသို့ကာယအိနြေ္ဒနှောင့်ယှက်ခံရရင်ဆိုတဲ့အတွေးဝင်လာတာကြောင့် ပြန်လည်ဝေငှ ရခြင်းဖြစ်ပါတယ်။ (တခြားရည်ရွယ်မှုများမရှိတာကိုတော့ သေချာပြောလိုပါရဲ့) ကိုယ့်ပတ်ဝန်းကျင်က အမများ နှမများကို ကူညီကြပါစို့လို့နော်။

Alex aung

No comments: