Saturday, November 6, 2010

ရှေးရှေးတုန်းက ရန်ကုန်

(၁) ရန်ကုန်မြို့ကိုစတင်ထူထောင်ခဲ့သည်မှာ ယခုဆိုလျှင် နှစ်ပေါင်း (၂၅၀)ကျော်ခဲ့ပြီဖြစ်၏။

(၁၇၅၂-၆၀)နှစ်၌ အလောင်းမင်းတရားကြီး စတင်ထူထောင်ခဲ့ကြောင်း မှတ်တမ်းများက ဖော်ပြထားသည်။ (၁၈) ရာစုအစပိုင်းအချိန်တွင်က ရန်ကုန်မြို့သည် ဒဂုန်အမည်ရှိ မြို့ကလေးမျှသာဖြစ်သည်။

ထိုမြို့ကလေးမှာ ရွှေတိဂုံစေတီတော် ရှိသောကြောင့် ဒဂုန်ဟုခေါ်တွင်ခဲ့ခြင်းဖြစ်၏။

အလောင်းမင်းတရားကြီးသည် အင်းဝမြို့၊ပြည်မြို့တို့ကို သိမ်းပိုက်ပြီးနောက် ရာမညတိုင်းကို သိမ်းယူရန် ဧရာဝတီမြစ်ကြောင်းမှ စုန်ဆင်းလာရာ ဒဂုန်သို့ (၁၇၅၅)ခု၊ ဧပြီလ(၁၇)ရက်၊ ကြာသပတေးနေ့တွင် ဆိုက်ရောက်လေသည်။

ဒဂုန်မြို့သို့ ရောက်လျှင် ဒဂုန်မြို့ဟောင်း၏အနောက်ဖက်တာ(၂၀၀)ကျော်အကွာတွင် မင်္ဂလာတပ်တာဝန်း(၆၂၀)တည်၍ စံနေတော်မူသည်။

ထိုအချိန်က ဒဂုန်မြို့ တည်ရှိရာနေရာ၌ တော၊ချုံ၊အင်တိုင်း၊ ကုန်းကျင်းနှင့် အင်းအိုင်များသာရှိပေသည်။ အလောင်းမင်းတရားကြီးသည် ထိုတောချုံအင်တိုင်း၊ ကုန်းကျင်း အင်းအိုင်ရှိသည့်နေရာများကို ခုတ်ထွင်ရှင်းလင်းတူးဖို့စေပြီးနောက် (၁၇၅၅)ခု၊ မေလ(၂)ရက်၊သောကြာနေ့တွင် တာဝန်း(၁၁၉)သာ ရှိသော မြို့သစ်ကို ကျုံးမြောင်း၊ တံခါး၊ပြအိုး စသော မြို့အင်္ဂါများနှင့် ခုနှစ်ရက်အတွင်းပြီးအောင် တည်ဆောက်စေ၍ ရန်သူများကို ထိုမြို့မှနေ၍ ကုန်စင်အောင် လုပ်ဆောင်တော်မူမည်ဟု အမိန့်တော်ရှိကာ မြို့ဟောင်းအမည် ဒဂုန်အစား မြို့သစ်အမည် ရန်ကုန်ဟု ခေါ်တွင်စေခဲ့ရာ ထိုအချိန်မှ စတင်ပြီး ရန်ကုန်မြို့ စတင်ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပေသည်။

ရှေးအခါ ဒဂုန်မြို့ဟောင်း၏ အကျယ်အ၀န်းမှာ အရှေ့ဖက်တွင် ငမိုးရိပ်ချောင်း၊ ဘောင်းလင်းအရှေ့လယ်ဝန်းမြေနီအထိ၊ တောင်ဘက်တွင် ထောပုံ(ယခု ဒေါပုံ)၊ အနောက်ဘက်တွင် တလမြို့မြေနှင့် ကျောခိုင်း(ယခု ဒလ)၊ မြောက်ဘက်တွင် မှော်ဘီတောင်ချောင်းအထိရှိသည်။

(၁၇၅၅)ခုနှစ်တွင် အလောင်းမင်းတရားကြီး မြို့စတင်တည်ထောင်စဉ်ကလည်း ကျယ်ဝန်းလှသည်တော့ မဟုတ်ပေ။ ရန်ကုန်မြို့အကျယ်အ၀န်းကို ယခုအခေါ်အဝေါ် အမှတ်အသားများဖြင့် ပြရပါမူ မြောက်ဘက်၌ ဆူးလေဘုရား၊ တောင်ဘက်၌ ရန်ကုန်မြစ်၊ အရှေ့ဘက်တွင် ကုန်သည်လမ်းနှင့် သိမ်ဖြူလမ်းဆုံ ပတ်ဝန်းကျင်၊ အနောက်ဘက်၌ လမ်း(၃၀) ပတ်ဝန်းကျင်တ၀ိုက်လောက်သာ နယ်နိမိတ် အကျယ်အ၀န်းရှိပေသည်။

ထိုအချိန်က အလောင်းမင်းတရားကြီး တည်ထောင်ခဲ့သည့် ရန်ကုန်မြို့သည် ရေပတ်လည် ၀ိုင်းရံနေသော ကျွန်းကလေးတစ်ကျွန်းမျှသာ ဖြစ်ပေသည်။

ရန်ကုန်မြို့၏ အနောက်ဘက် ယခု လသာလမ်းအနီး၌ ဒီရေအတက်အကျရှိသော ချောင်းတစ်ချောင်းရှိခဲ့ပေသည်။
အရှေ့ဘက်က ရိလမ်း(ယခု ဗိုလ်မြတ်ထွန်းလမ်း)အနီး၌ ဗိုလ်တထောင်ချောင်းရှိသည်။
ထိုချောင်းသည် ပုစွန်တောင်ချောင်းနှင့် ဆက်နေရာ ထိုအချိန်က ပုစွန်တောင်နှင့် သန်လျက်စွန်း ဧရိယာကို ဘုရင်မကျွန်းဟုခေါ်ကြလေသည်။

ပုစွန်တောင်သည် ရန်ကုန်မြို့ စတင်တည်ထောင်ကာစကပင် အသိအမှတ်ပြုခံရသည့် ရှေးဟောင်းနေရာတစ်ခုဖြစ်သည်။
ရှေးက ထိုချောင်းအတွင်း၌ ပုစွန်ထောင်သူများ အခြေချနေထိုင်ခဲ့ရာမှ ပုစွန်ထောင်ဟု အမည်တွင်ခဲ့ပြီး ကာလကြာသောအခါ ပုစွန်တောင်ဟူသောအမည် ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်၏။
ပုစွန်တောင်သည် မွန်ဘာသာအမည် (ပသုန်ဒုံန်)အသံထွက် ပဆွန်ဒေမှ ဆင်းသက်လာခဲ့ခြင်းဖြစ်ပြီး ပသုန်(ပဆွန်)မှာ ငါးခု၊ ဒုံ(ဒေ)မှာ တောင်ကုန်းဖြစ်သောကြောင့် တောင်ငါးလုံးဟု အဓိပ္ပာယ်ရပါသည်။

တောင်ကုန်းငါးကုန်းဖြစ်သော မလွှကုန်း၊မအူကုန်း၊သစ်ဆိမ့်ကုန်း၊ပိန္နဲကုန်းနှင့် ညောင်ကုန်းတို့အား အစွဲပြုလျက် ယင်းသို့ခေါ်ဝေါ်ခဲ့ခြင်းဖြစ်သည်။
(ယင်းကုန်းများမှာ ရန်ကုန်မြို့နယ်နိမိတ်အတွင်း၌ ရှိကြသော ကုန်း(၉၉)ကုန်း၌ အပါအ၀င်ဖြစ်ကြလေသည်။)

ယခုအခါ မလွှကုန်းနှင့် မအူကုန်းတို့မှာ တာမွေမြို့နယ်အတွင်းပါဝင်လျက်ရှိကြပြီး၊ သစ်ဆိမ့်ကုန်း၊
ပိန္နဲကုန်း၊ညောင်ကုန်းတို့မှာ နောင်အခါ၌ ပေတောကုန်း၊ချစ်တီးကုန်းနှင့် ပုရွက်ဆိတ်ကုန်းဟု ခေါ်ဝေါ်လာကြကြောင်း ရေးသားဖော်ပြကြသည်။

ပုစွန်တောင်သည် ညောင်ရမ်းခေတ် အနောက်ဘက်လွန်မင်းလက်ထက်ကပင် ဒဂုံနယ်နိမိတ်အတွင်း၌ ပါဝင်ခဲ့လေသည်။

(၂) ကိုလိုနီခေတ်ကာလက ယခုရွှေဘုံသာလမ်းနေရာတစ်ဝိုက်တွင် ကုန်းဘောင်ခေတ်မှ ဘုန်းကြီးကျောင်းများ ရှိခဲ့လေသည်။
၎င်းတို့မှာ ခင်ကြီးဖြူကျောင်းတိုက်၊ ယင်း၏တောင်ဘက်၌ မဟာပိန္နဲတိုက် ခေါ် ပုဏ္ဏားတိုက်...
အနောက်မြောက်တွင် ဒူးရင်းဆရာတော်တိုက်နှင့် အရှေ့ဘက်၌ရှိသော တောင်ဘီလူးကျောင်းတို့မှာ လူသိများ ထင်ရှားခဲ့လေသည်။

တောင်ဘီလူးကျောင်းဆရာတော်မှာ စစ်သူကြီး မဟာဗန္ဓုလ၏ မြေးတော်စပ်သူဖြစ်သည်။

ဘုန်းကြီးကျောင်းများအတွင်း၌ သစ်ပင်ဝါးပင်များပေါက်ရောက်နေပြီး တောင်ဘီလူးကျောင်းဝင်းအတွင်းမှ ခရေပင်ကြီးနှစ်ပင်မှာ (၁၉၁၅)ခုနှစ်အထိ အထင်အရှားရှိနေခဲ့ပေသည်။

ရန်ကုန်မြို့ကို ဗြိတိသျှတို့ သိမ်းပိုက်ပြီးစကာလက မြို့ကွက်သစ်တည်ဆောက်ရာတွင် မဂိုလူမျိုးများ အခြေချနေထိုင်လာကြသဖြင့် မဂိုလမ်းဟု ခေါ်ဝေါ်ခဲ့ကြသည်။ ထိုမတိုင်ခင်က ချစ်တီးကုလားများ၏ ချစ်တီးတိုက်ကြီးရှိသောကြောင့် ချစ်တီးလမ်းဟုလည်း ခေါ်ဝေါ်ခဲ့ကြသေးသည်။

ဗြိတိသျှလက်အောက် ရောက်သောအခါမှ မဂိုလမ်းဟု ပြောင်းလဲခေါ်ဝေါ်ကြခြင်းဖြစ်၏။
နောင်အခါတွင် ရွှေအရောင်းအ၀ယ်အလုပ်ကို ထိုလမ်းမှာပင် လုပ်ကိုင်မှု များလာသောကြောင့် (၁၉၅၆)ခု၊ ဧပြီလ(၃)ရက်နေ့တွင် ရွှေဘုံသာလမ်းဟု အမည်ပြောင်းလဲခေါ်ဆိုခဲ့သည်။ရွှေအရောင်းအ၀ယ်ပြုလုပ်သောနေရာကို အရှေ့ဘက်ရှိ ချစ်တီးတိုက်ကြီးရှိသောနေရာမှ စတင်ခဲ့ခြင်းဖြစ်သည်။
တိုက်၏ အထက်ဘက်တွင် ဘုရားကျောင်း၊ အောက်ဘက်တွင် အခန်းခြောက်ခန်းပါသည့် ရွှေဆိုင်များ ရှိလေသည်။
ထိုခေတ်အခါက ရွှေထည့်သောပုံးများ ယခုခေတ်ကာလအသုံးပြုနေသောမှန်ပုံးများ မဟုတ်ဘဲ သစ်သားဖြင့် ပြုလုပ်ထားသော သေတ္တာများသာဖြစ်သည်။
လက်ဝတ်ရတနာ ၀ယ်ယူသူများအနေဖြင့် ရွှေအခေါက်ငါးကျပ်သား၊ (၁၀)ကျပ်သားတို့ကို ပန်းထိမ်တွင် အလိုရှိရာပုံစံအတိုင်း အပ်နှံကြရာ ယခုခေတ်ကဲ့သို့ အလျော့တွက် ပေးရန်မလိုဘဲ လက်ခသာပေးကြရသည်။

လမ်းမျက်နှာစာဘေး လှေကားတစ်ဖက်တစ်ချက်ရှိ နတ်ကွန်းကဲ့သို့သော ရုံကလေးအတွင်း၌ ပန်းထိမ်ဆရာသည် လက်သုံးကိရိယာအစုံအလင်၊မီးဖိုကလေးနှင့်တကွ အရံသင့်စောင့်ဆိုင်းနေလေ့ရှိသည်။
လက်ဝတ်ရတနာများ လာရောက်အပ်နှံလျှင် ချက်ချင်းပြုလုပ်ပေးလေ့ရှိသည်။
ရှေ့ပိုင်းတွင် ရွှေလုပ်ကိုင်သောအလုပ်ကို အိန္ဒိယတိုင်းသားများသာ လုပ်ကိုင်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် မြန်မာလူမျိုးများပါ ၀င်ရောက်လုပ်ကိုင်ကာ ဆိုင်ပိုင်ရှင်များ ဖြစ်လာကြလေသည်။

ရှေ့က ရေးသားဖော်ပြခဲ့သည့် ကိုလိုနီခေတ်က ရွှေဘုံသာလမ်းမှာ ရွှေအရောင်းအ၀ယ်လုပ်သော ကုလားများသာ အနေများသော်လည်း ဘုန်းကြီးကျောင်းဝင်းများအတွင်းမှာတော့ ဗေဒင်ဟောပြောသည့် ပုဏ္ဏားများ၊ ကုလားလူမျိုးများ ရှိကြလေသည်။

၎င်းတို့သည် ဆိုင်ဖွင့်ပြီး အတည်တကျဟောသည် မဟုတ်ဘဲ အရပ်တကာ လှည့်လည်ကာ ဗေဒင်ဟောပြီး ညအချိန်ရောက်မှ စတည်းချရာနေရာ ပြန်လာလေ့ရှိသည်။

ဗေဒင်ဟောသူများမှာ အဖြူရောင်ပိတ်ပါးများကို ပုဏ္ဏားကဲ့သို့ဝတ်ဆင်ပြီး နဖူး၌ ပြာတို့ထားကာ လွယ်အိတ်လွယ် ကျောက်သင်ပုန်းကို ချိုင်းကြားညှပ်ကာ အရပ်တကာ လှည့်လေ့ရှိကြသည်။

အိမ်တစ်အိမ်မှ ခေါ်၍ ဗေဒင်မေးသည့်အခါ ဗေဒင်ဟောပြောခက ငွေတစ်မတ်သာဖြစ်သော်လည်း နည်းအမျိုးမျိုးဖြင့် ခြောက်လှန့်ပြောဆိုကာ ယတြာချေရန် တိုက်တွန်းပြီး ယတြာကြေးကို ရအောင်ယူကြလေသည်။

(၃) ကိုလိုနီခေတ် ရန်ကုန်မြို့မှာ ရှိတဲ့အစိုးရဘဏ်၊ပုဂ္ဂလိကဘဏ်ပေါင်း (၂၂)ခုရှိတယ်။ အများအားဖြင့် ကုန်သည်လမ်းနဲ့ ပန်းဆိုးတန်းမှာပဲ များတယ်၊ တခြားနေရာတွေမှာ ရှိပေမယ့် တစ်ခုနှစ်ခုထက် မပိုဘူး

အများအားဖြင့်တော့ အင်္ဂလိပ်ဘာသာအမည်နှင့် မှည့်ခေါ်ထားသည့် ဘဏ်တိုက်များဖြစ်သည်။
ထိုဘဏ်တိုက်များမှာ ပုဂ္ဂလိကဘဏ်တိုက်များ ဖြစ်သောကြောင့် ယခုအခါမှာကဲ့သို့ အစောင့်အကြပ်များ တင်းကြပ်မှု မရှိလှပေ။

အချို့ဘဏ်များမှာတော့ သေနတ်ကိုင်ဆောင်သည့် အစောင့်များရှိသော်လည်း ပုလိပ်များတော့မဟုတ်ပေ၊

ထိုခေတ်ကာလက လိုင်စင်ရှိပါက သေနတ်နှင့် ခဲယမ်းများကို လွတ်လပ်စွာ ၀ယ်ယူနိုင်သောအချိန်ဖြစ်သည်။ ထိုအချိန်က သေနတ်နှင့် ယမ်းတောင့်ရောင်းသော ကုမ္ပဏီနှစ်ခုလည်း ရှိပေသည်။

မြန်မာသေနတ်နှင့် ယမ်းတောင့်တိုက်ကြီး နှင့် ၀ိုင်အီးမိုဒန်ဘရားသားလီမိတက်တို့ဖြစ်သည်။

- ဧစကော့ ကုမ္ပဏီ
၅၂၆၊ ကုန်သည်လမ်း၊တောင်၊၆၅၃
(A. Scott and Company,
526, Merchant St., S 653)
- ဗမာနေရှင်နယ်ဘဏ်လီမိတက်
၅၃၉၊ကုန်သည်လမ်း၊အနောက်၊ ၁၂၂၂
(Burmese National Bank Ltd.
539, Merchant St., W. 1222)
-ဘင့်အော့ချိုင်းနား၊ရန်းဒါးတိုက်၊ပန်းဆိုးတန်း ပီဘီ ၃၈၊
တောင် ၁၄၈
(Bank of China Rander – House,
Phayre St. PB. 38, S 148)

- ဘင့်အော့ချက်တင်နပ်
၈၄၊ ရွှေဘုံသာလမ်း ပီဘီ၊ ၄၂၈၊ တောင်၊ ၇၆၆
(Bank of Chettinad,
84, Shwe Bon Thar St., PB. 428, S 766)

- ဘင့်အော့ကော်မြူနီကေးရှင်း
၆၆၆၊ ကုန်သည်လမ်း၊ တောင် ၁၄၇
(Bank of Communication
666, Merchant St., S 147)

- စင်ထရယ်ဘင့်အော့ အင်ဒီရာ လီမိတက်
ကုန်သည်လမ်း၊၆၅၄၊ ပီ၊ဘီ၊၅၂၅၊တောင် ၅၇၃
(Central Bank of India Ltd.
654, Merchant St. PB. 525, S 573)

- စင်ထရယ်ကော်မာရှယ်ဘင့်လီမိတက်
၆၆၆၊ ကုန်သည်လမ်း၊ မြို့မ ၅၂၂
(Central Commercial Bank Ltd.
666, Merchant St., S 522)

- ချာတင်ဘင့်အော့အင်ဒီးယား
သြစတြေးလျ အင် ချိုင်းနား
၂၇၊ပန်းဆိုးတန်း၊ ပီဘီ ၅၆၊မြို့မ ၅၅၉၊ တောင် ၁၆၉
(Chartered Bank of India,
Australia and China,
27, Phayre St., P.B. 56, M.559)

- ဒေါ်ဆင်ဘဏ်လီမိတက်
၅၅၊ ပန်းဆိုးတန်းလမ်း၊တောင် ၃၈၀
(Dawson Bank Ltd.
55, Phayre St., S.380)

- ဂရင်းလေးဘဏ်လီမိတက်
ပီဘီ ၄၊ ၅၄၇၊ကုန်သည်လမ်း၊မြို့မ ၅၆၁
(Grindlay Bank Ltd., B.P 4
547, Merchant St. M.561)

- ဟောင်ကောင်နှင့် ရှန်ဟိုင်းဘင့်ကင့် ကော်ပိုရေးရှင်းလီမိတက်
၅၆၄၊ ကုန်သည်လမ်း၊ပီဘီ ၃၅၊ တောင် ၁၉၇၊
တောင် ၁၀၀၅၊
(Hongkong and Shanghai
Banking Corporation Ltd.,
564, Merchant St., P.B 35, S.197, S.1005)

- အင်ပီရီရယ်ဘင့်အော့ အင်ဒီယာလီမိတက်
၁၊ဆူးလေးဘုရားလမ်း၊ပီဘီ ၁၃၅၊တောင် ၂၆၄
(Imperial Bank of India Ltd.,
1, Sule Pagoda Road, P.B. 135, S.264)

- အင်ဒီရမ်းအိုဗာဆီးဘင့်လီမိတက်၊
၈၅၊ရွှေဘုံသာလမ်း၊ ပီဘီ ၂၂၃၊ တောင် ၃၅၆
(Indian Overseas Bank Ltd.,
85, Shwe Bon Ther Street, P.B.223, S.356)

- လွိုက်ဘင့်လီမိတက်
၄၅၊ပန်းဆိုးတန်း၊ပီဘီ ၁၃၈
တောင် ၁၇၆၊ မြို့မ ၅၇၅၊
(Liyods Bank Ltd.,
45. Phayre St. P.B.138, S.176, M 575)

- မာကင်တိုင်းဘင့်အော့အင်ဒီယားလီမိတက်
၅၅၄၊ မားချင်းလမ်း၊တောင် ၂၆၂
(Mercantile Bank of India Ltd.,
554, Merchant St. P.B.151, S 261, S.262)

- နေရှင်နယ်ဘင့်အော့ အင်ဒီးယား လီမိတက်
၂၆-၄၂ ပန်းဆိုးတန်း၊ မြို့မ ၉၈၁၊ တောင် ၁၀၃၈
(National Bank of India Ltd.,
26-42, Phayre St., M.981, S 1038)

- နယ်သာလင်ထရေးဒင်းဆိုဇိုင်းတီး
၆၂၅၊ကုန်သည်လမ်း၊အနောက် ၁၁၄၂၊မြို့မ ၆၄၈
(Netherlands Trading Society,
625, Merchant Street, W 1142, M.648)

- အိုဗာဆီးချိုင်းနီးဘင့်ကင်း ကော်ပိုရေးရှင်းလီမိတက်
၅၁-၅၃ လတ္တာလမ်း၊ ပီဘီ ၃၃၆၊မြို့မ ၂၄၇
(Overseas Chinese Banking Corporation Ltd.,
51-53, Latter St. P.B 336, M 247)

- ပန်ဂျပ်နေရှင်နယ်ဘင့်
၆၆၆၊ ကုန်သည်လမ်း၊ပီဘီ ၁၀၈၂၊မြို့မ ၉၅၅
(Punjab National Bank,
666, Merchant St. P.B. 1082, M 955)
- သောမတ်(စ်)ကွတ်အင်ဆန်း လီမိတက်
၁၀၂၊ပန်းဆိုးတန်း၊တောင် ၂၅၁
(Thomas Cook and Son Ltd.
102, Phayre St. S 251)

- ပြည်ထောင်စု ဘင့်အော့ဘားမား
၂၄၊ဆူးလေဘုရားလမ်း၊ပီဘီ ၁၈၄
မြို့မ ၆၄၅၊၆၅၀၊၃၀၀၊၇၅၇၊၃၆၀
(Union Bank of Burma
24, Sule Pagoda Road,
PB 184, M.645, 650,300,757,360)

- ယူနိုက်တက် ကော်မာရှယ်ဘင့်လီမိတက်
၁၊မောင်ထော်လေးလမ်း၊ပီဘီ ၁၉၈၊မြို့မ ၆၈၈
အနောက် ၁၂၈၃
(United Commercial Bank Ltd.
1, Mg Thaulay St. P.B 198,
M 688, W.1283)


(၄) ရှေးအခါက ဟံသာဝတီအ၀ိုင်းပတ်ဝန်းကျင်၌ လူနေထိုင်မှု သိပ်မရှိလှသေးပေ။ မြေနီကုန်းနှင့် စမ်းချောင်းတစ်ဝိုက် ၌သာ လူနေထူထပ်မှု များလေသည်။

ကမာရွတ်မြို့နယ်သည် ရန်ကုန်တက္ကသိုလ်နှင့် အသံလွှင့်ရုံတို့ပေါ်ပေါက်လာသောကြောင့် လူသိများခဲ့ရခြင်းဖြစ်သည်။
ရန်ကုန်တက္ကသိုလ်နေရာမှာ ရှေးက တောင်တောင်လျှိုမြောင်ထူထပ်သောအရပ်ဖြစ်သည်။ သစ်ပင်ကြီးငယ်တို့ဖြင့် တော အတိရှိနေပြီး ၄င်းတောထဲမှာ ရွာငယ်ကလေးအချို့ ရှိခဲ့လေသည်။

(၁၉၂၀)ပြည့်နှစ် ဒီဇင်ဘာ(၁)ရက်နေ့တွင် ရန်ကုန်ကောလိပ်နှင့် ဂျပ်ဆင်တို့ ပူးပေါင်းကာ တက္ကသိုလ် စတင်ဖွင့်လှစ်ခဲ့ ခြင်းဖြစ်၏။
ထိုနေရာကို တက္ကသိုလ်ပြုလုပ်ရန် ရွေးချယ်သောအခါ ထိုနေရာတစ်ဝိုက်မှာ ရှိသော အင်းလျားရွာသစ်(ယခုအမှတ် - ၂ရပ်ကွက်)သို့ ရွှေ့ပြောင်းပေးခဲ့ကြသည်။

တက္ကသိုလ်နှင့် အသံလွှင့်ရုံတို့ပေါ်ပေါက်လာသော ကမာရွတ်နယ်မြေသည် ကြံတောသင်္ချိုင်းနှင့် ဟံသာဝတီအ၀ိုင်းတို့ ကြောင့်လည်း လူသိများခြင်းဆိုက မမှားပေ။

အဘယ်ကြောင့်ဆိုသော် ကြံတောသင်္ချိုင်းမှာ ရန်ကုန်မြို့နေသူများ မလွှဲမရှောင်သာ သိထားရသောနေရာတစ်ခုဖြစ်သလို ဟံသာဝတီအ၀ိုင်းမှာလည်း နာရေးပို့သူ၊တက္ကသိုလ်သွားသူတို့ မလွဲမသွေကျော်ဖြတ်ရသည့်နေရာတစ်ခုလည်းဖြစ်ပေ သည်။

စာကြွင်း ။ ။ ၀တ္ထုတွေအပျင်းပြေဖတ်ရင်း စာအုပ်တွေလှန်လှောရင်း သိမိသမျှကိုပြန်လည် ဝေမျှခြင်းဖြစ်ပါသည်။ ဘယ် စာအုပ်ကယူသည် ဘယ်စာပိုဒ်ကကူးသည်ဆိုခြင်းကတော့ စာအုပ် တွေက အများကြီးကဆိုတော့ ဘယ်စာအုပ်တွေဆိုတာ ညွှန်းဆိုမပြတော့ပါ။ တြိစက္ခ ရဲ့ သုံးပန်လှနှင့် နေရိယဂိုဏ်း ၀တ္ထုစာအုပ်မှလည်းအချက်အလက်အချို့ပါဝင်ပါသည်။

No comments: