Friday, October 8, 2010

တြိစက္ခ ရဲ့ မဟူရာဝံပုလွေ ၀ိညာဉ်

ကျွန်တော် ၀တ္ထုစာအုပ်ပဲဖြစ်ဖြစ် ဆောင်းပါးဖတ်ရင်ပဲဖြစ်ဖြစ် စိတ်ဝင်စားဖွယ်ကောင်းသည့် အကြောင်းအရာအချက်အလက် တစ်ချို့ပါဝင် သည့်အရာများကိုသာဖတ်လေ့ရှိသည်။ အနည်းဆုံး အချစ်ဝတ္ထုဖတ်သည်ဆိုပါစေဦးတော့ စကားလုံးအဖွဲ့အနွဲ့ပြောင်မြောက်သည့် စာအုပ်များကို ပိုမိရွေးချယ်လေ့ရှိပါသည်။

မနေ့ညက စာအုပ်တစ်အုပ် စာရေးဆရာ တြိစက္ခရဲ့ မဟူရာဝံပုလွေ ၀ိညာဉ်ဆိုသည့်စာအုပ်ကို ငှားဖတ်ခဲ့ပါသည်။ စာရေးဆရာက ထုံးစံ အတိုင်း ထူးဆန်းအံ့သြဖွယ်အကြောင်းအရာများကို ကိုလိုနီခေတ်ဝန်းကျင်ကိုအခြေခံပြီးရေးဖွဲ့ထားခြင်း၊ သမန်းဝံပုလွေအကြောင်းအရာ ကို ထည့်သွင်းရေးဖွဲ့ထားခြင်းတို့ကြောင့် စိတ်ဝင်စားစွာဖတ်ရှုခဲ့ပါသည်။ ယုံကြည်တာမယုံကြည်တာကို ဘေးချိတ်ထားပြီး အချိန်တစ်ခု ကို အသုံးချဖို့ တန်ဖိုးရှိပါသည်။

အဆိုပါစာအုပ်ထဲမှာ စိတ်ဝင်စားဖွယ် လေ့လာသုံးသပ်ဖွယ်ကောင်းသည့် အချက်အလက်အချို့ကိုသူငယ်ချင်းတို့ကိုပြန်လည်ဝေမျှချင်ပါ တယ်။ သတင်းအချက်အလက်နှင့် ခုနှစ်သက္ကရာဇ်တိကျသေချာမှုကတော့ စာရေးဆရာနှင့် သုတေသီများသာအဓိကတာဝန်ရှိကြောင်း ကျွန်တော်ကတော့ ပြန်လည်ဝေမျှမှုသက်သက်ဖြစ်ကြောင်းလည်း အသိပေးလိုပါရဲ့မြိတ်ကျွန်းစုတွေအကြောင်း၊ ရန်ကုန်မြို့ရဲ့လမ်းတွေ အကြောင်း၊ သမန်းဝံပုလွေဝါဒတွေအကြောင်း စသဖြင့်ပေါ့။


(၁) မြိတ်ကျွန်းစုတွေအကြောင်း

မြန်မာနိုင်ငံကို အင်္ဂလိပ်များ ၀င်ရောက်မလာမီအချိန်က အောက်ပိုင်းဒေသများဖြစ်သော တနင်္သာရီကမ်းမြောင်ဒေသများတလျှောက်မှာ လူနေထိုင်မှု မများလှသေးပေ။


ယခုအခါ မြို့ကြီးတစ်မြို့မျှ စည်ကားနေပြီဖြစ်သော ကော့သောင်းပင်လျှင် (၁၈၅၉)ခုနှစ်မတိုင်ခင်က လူနေထိုင်မှု မရှိခဲ့သေးပေ။

ထိုအချိန်က ကော့သောင်းမှာ လူနေထိုင်မှု မရှိသေးသော်လည်း မလိဝမ်းမှာ ရှေးမြန်မာမင်းများနှင့် ဗြိတိသျှအုပ်ချုပ်ရေးရှိစဉ်က ရုံးစိုက်ရာ ဒေသဖြစ်ခဲ့ဖူးသည်။


(၁၈၅၉)ခုနှစ်မတိုင်မီက မလိဝမ်းမှာ စည်ကားသော မြို့တစ်မြို့ဖြစ်နေခဲ့ချေပြီ။

အများအားဖြင့်တော့ ထိုင်းနိုင်ငံဘက်မှ လာရောက်နေထိုင်သူများနှင့် မလေးရှားနိုင်ငံဘက်မှ လာရောက်နေထိုင်ကြသူ များလေသည်။ မလိဝမ်းချောင်းဝသည် သဘောင်္များဆိုက်ကပ်ရာ ဆိပ်ကမ်းတစ်ခုဖြစ်ခဲ့သည်။


(၁၈၆၅)ခုနှစ်ရောက်တော့မှ မလိဝမ်းနှင့် မြိတ်ကျွန်းစုများသို့ ၀င်ထွက်သွားလာရန် ကုန်သွယ်ခဲ့ကြသည်။

ရှေးမြန်မာမင်းများလက်ထက်က သံလွင်မြစ်ဝ အောက်ပိုင်းမှာ စည်ကားသော မြို့ပြနယ်ပယ်များမရှိသေးဘဲ ရေလုပ်ငန်းဖြင့် အသက်မွေး သူများသာ စုဝေးနေထိုင်ရာ အရပ်ဖြစ်ခဲ့သည်။


ထိုအချိန်က မုတ္တမပင်လယ်ကွေ့နှင့် ယခုဘီလူးကျွန်းတည်ရှိရာနေရာတ၀ိုက်မှာ ရေဘီလူးဟုခေါ်ကြသည့် စမင်များနေထိုင်ကြပြီး မြိတ် ကျွန်းစုများဘက်မှာတော့ ဆလုံများသာ ရှိပေသည်။

ရေဘီလူးဟု တင်စားခေါ်ဝေါ်သည့် စမင်များမှာ ရှေးခေတ်အခါက နီဂရွိုက် (နီဂရစ်တို)လို့ခေါ်သည့် အသားမည်း ကပ္ပလီများသာဖြစ်ပေ သည်။ ၄င်းတို့မှာ မလေးရှား၊ အင်ဒိုနီးရှားကျွန်းစုများဘက်မှ ရွှေ့ပြောင်းလာသူများဖြစ်ပြီး ၄င်းတို့ဒေသမှာတော့ စမင် (Semai) ဟု အ သိများသည့် ရှေးဟောင်းလူသားများဖြစ်ကြသည်။


ရေဘီလူးဟု ခေါ်သည့် စမင်းများနှင့် မော်ကင်းဟုခေါ်ကြသည့် ဆလုံများမှာ ရေအောက်၌ ကျွမ်းကျင်စွာ သွားလာလှုပ်ရှားနိုင်သူ များဖြစ သည်။

ဘီလူးကျွန်းဟု ခေါ်ဝေါ်သောနေရာမှာ ရှေးအခါက ရေဘီလူးများနေထိုင်ကျက်စားရာဒေသ ဖြစ်သောကြောင့် ထိုအမည်တွင်ခဲ့ခြင်းဖြစ်၏။

သထုံကို မွန်လူမျိုးများ ၀င်ရောက်လာစဉ်က ဘီလူးများနှင့် တိုက်ခိုက်ခဲ့ရကြောင်း သီဟိုဠ်ဒီပ၀င်( အေဒီ ၆ရာစု)နှင့် ကလျာနီမွန် ကျောက်စာ (၁၅)ရာစုတို့၌ရေးသားဖော်ပြထားလေသည်။


'Andaman Sea' (သို့မဟုတ်) ကပ္ပလီပင်လယ်ပြင်၏ မြိတ်ဒေသ၀န်းကျင်တွင် ရှေးကဖြစ်ထွန်းပေါ်ပေါက်ခဲ့သော ကျွန်းကြီးကျွန်းငယ် စုစုပေါင်း(၉၀၀) ကျော်ရှိသည်ဟု 'Geography of South Tenasserim and Mergui Archipelago by Mr. H.L.Chhibber' ၏မြိတ် ကျွန်းစုနှင့် တနင်္သာရီတောင်ပိုင်း ပထ၀ီဝင်စာစောင်တွင် အကျဉ်းဖော်ပြထားသည်။


တဖန် မြိတ်အရေးပိုင်အဖြစ် တာဝန်ထမ်းခဲ့ဖူးသူ Mr. G.P. Andrew ကလည်း သူ၏ 'Burma Gagetter Mergui District' တွင် ကျွန်းစု ပေါင်း (၈၀၄)ကျွန်းကို ပေါင်းစပ်ဖွဲ့စည်းထားသည်ဟု ဖော်ပြထားသည်ကို တွေ့ရသည်။


ထိုကျွန်းများအနက် 'ကတန်ကျွန်း' 'King Island' ကျွန်းမှာ အကြီးဆုံးဖြစ်ပြီး 'ကျွန်းဘုရင်'ဟုအမည်တွင်ပါသည်။

ထို့နောက် 'လမ်းပိ' 'Lampi Island' ကျွန်းမှာ ကမ္ဘာ့အလှဆုံးကျွန်းများတွင် အပါအ၀င်ဖြစ်လေသည်။



ထို့အပြင် တနာင်္သာရီတိုင်း ပင်လယ်ပြင်အတွင်း၌ ငှက်သိုက်ကျွန်းပေါင်း (၃၂)ကျွန်းတွင် အဖိုးတန်ငှက်သိုက် (Edible Bird-Nest) များ ထွက်ရှိသေးရာ အထူးသဖြင့် 'မလိကျွန်း' 'Mali (or) Taoy Island တွင်ဖြစ်လေသည်။

ကမ္ဘာတွင် မျက်နှာပန်းလှနေသည့် 'မြန်မာ့ပုလဲ'သည်ပင် မြိတ်ဒေသမှထွက်ရှိသည်။ မြိတ်ဒေသ ပင်လယ်ပြင်အတွင်း ကျွန်းပေါင်း (၈၀၀) ကျော်ရှိသည်။ သို့သော်လည်း ကျွန်းတိုင်းတွင် လူများနေထိုင်သည်မဟုတ်ပေ။ ထို့ပြင် ကျွန်းအားလုံး၌ အမည်နာမ အသီးသီးရှိကြသည် မဟုတ်ပေ။ ထိုသို့အမည်နာမ မရှိသေးသောကျွန်းများပေါ် ခြေချမိသူများက ဆီလျော်သည်ဖြစ်စေ မဆီလျော်သည်ဖြစ်စေ ပေးသည့် အမည်များမှာ အတည်ဖြစ်သွားနိုင်သည်။

မြေပုံ၊ရေပုံပေါ်၌ အမည်ထင်ရှားသောကျွန်းများသည်ပင်လျှင် မြန်မာ၊ပသျှူး၊ဆလုံ၊တရုတ်၊အင်္ဂလိပ် အခေါ်အဝေါ်များရှိနေသည်။ အဘယ် အမည်နှင့် ကျွန်းသည် အဘယ်လူမျိုးတို့၏ အမည်နှင့် ကျွန်းများဖြစ်သည်ကို ပြောရန် ခက်နေသည်။

'စိန်လုတ်ကျွန်း'ကို ပသျှူးအမည်ဖြင့် '၀လော်ကာကျမ်းလိုကျွန်း'၊ 'လမ်းပိကျွန်း'မှာ တရုတ်အမည်ဖြစ်ပြီး အင်္ဂလိပ်တို့ ထိုကျွန်းကို (Lamp or Sullas Island) ဟူ၍လည်းကောင်း၊ ထို့နောက်ဆလုံအမည်ဖြင့် ခေါ်ဝေါ်နေသည့် မကြုံကလက်ကျွန်းမှာ ဆလုံအမျိုးသမီးတစ်ဦး၏ အမည်ဖြစ်ကြောင်း၊ ဆလုံလူမျိုးအုပ်စုတစ်ခုခုတွင် သြဇာရှိသော ခေါင်းဆောင်အမျိုးသမီးရှိတတ်ကြောင်း စာထဲပေထဲ၌ ဖတ်ရှုမှတ်သား ခဲ့ဖူးသည်။

သို့သော် မြေပုံရေပုံပေါ်၌မူ အဆိုပါ မကြုံကလက်ကျွန်း ကိုအထင်ကရ ဖော်ပြထားသည်များကို မတွေ့ရသေးပေ။


(၂) ရန်ကုန်မြို့ကလမ်းတွေ အကြောင်း

ရန်ကုန်မြို့တော်ကြီးကို ယခုကဲ့သို့ စည်ကားသောလမ်းမကြီးများဖြင့် အကွက်ကျလှပအောင် မြို့ကွက်ရိုက်ပေးခဲ့သူမှာ လက်ဖတင်နင် အေဖရေဇာ(Fraser)ဆိုသူဖြစ်သည်။

သူသည် ရန်ကုန်မြို့ကွက်ကိုရေးဆွဲရာတွင် ၀ါရှင်တန်မြို့ကွက် ရေးဆွဲခဲ့သည့်အတိုင်း တစ်ပုံစံတည်းဖြစ်အောင် ရေးဆွဲပေးခဲ့ခြင်းဖြစ် သည်။

ဝါရှင်တန်မြို့ကွက်နှင့်တူအောင် ရေးဆွဲခဲ့သောကြောင့် လမ်းဆုံလမ်းမနေရာများတွင် အ၀ိုင်းကြီးများ ထည့်သွင်းပြုလုပ်ခဲ့ခြင်းဖြစ်၏။

ထိုသို့အ၀ိုင်းကြီးများ ထည့်သွင်းပြုလုပ်ခဲ့သော အဓိကရည်ရွယ်ချက်မှာ လမ်းမကြီးများမှာ ရန်သူစစ်ကြောင်း ချီတက်လာပါက အ၀ိုင်း နေရာများမှ တားဆီးတိုက်ခိုက်နိုင်ရန်အတွက်ပင်ဖြစ်ပေသည်။

ရန်ကုန်မြို့၌ထင်ရှားသောအ၀ိုင်းကြီးများမှာ ဆူးလေအ၀ိုင်း၊ ဟံသာဝတီအ၀ိုင်း၊ဗဟန်းအ၀ိုင်း၊ ဦးဝိစာရအ၀ိုင်းနှင့် တာမွေအ၀ိုင်းတို့ဖြစ်ကြ ပေသည်။ (တာမွေအ၀ိုင်းမှာ ယခုမရှိတော့ပြီ)

ရန်ကုန်မြို့ကွက်ကို ရေးဆွဲသောအခါ လေးထောင့်ပုံသဏ္ဌာန် လမ်းမကြီးများဖြင့် ယှက်သွယ်ပြုလုပ်ထားခဲ့ခြင်းဖြစ်သည်။

လက်ဖတင်နင် အေဖရေဇာ ရေးဆွဲသောလမ်းမကြီးများထဲတွင် အချက်အချာကျသော လမ်းမကြီး(၅)လမ်း ပါဝင်ခဲ့ပေသည်။

ထိုလမ်းမကြီးများမှာ....

(၁) ကမ်းနားလမ်းမကြီး (Strand)

(၂) ကုန်သည်လမ်းမကြီး(Merchant)

(၃) မဟာဗန္ဓုလလမ်းမကြီး(Dalhousie)

(၄) အနော်ရထာလမ်းကြီး(Fraser)

(၅) ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး စသည်တို့ဖြစ်ကြလေသည်။

ရှေးအခါကပင် ဈေးများ တည်ဆောက်ရာမှာလည်း ထိုလမ်းမကြီးငါးခုကိုပင် အမှီပြုပြီး တည်ဆောက်ခဲ့ကြခြင်းဖြစ်၏။

ကမ်းနားလမ်းမပေါ်မှာ ညောင်ပင်လေးဈေး၊ မော်တင်ဈေး၊ကီလီဈေး၊

ကုန်သည်လမ်းမကြီးပေါ်မှာ သံဈေး၊ သိမ်ကြီးဈေး၊

မဟာဗန္ဓုလလမ်းမပေါ်မှာ သိမိကြီးဈေး၊

ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်မှာ ဗိုလ်ချုပ်ဈေးနှင့် လေဟာပြင်ဈေး (ယခုမရှိတော့ပေ) တို့ရှိခဲ့ကြသည်။


ထိုလမ်းမကြီးငါးသွယ်တို့တွင် ယခုတိုင်အချက်အချာကျပြီး စည်ကားသောလမ်းမကြီးတစ်ခုကို ပြပါဆိုလျှင် ရှေးက ဖရေဇာလမ်းဟု ခေါ်ပြီး ယခုအနော်ရထာလမ်းဟု ခေါ်သော လမ်းမကြီးပင်ဖြစ်ပေသည်။


(၁၈၅၃)ခုနှစ်မှာ ရန်ကုန်မြို့သစ်ပြန်လည်တည်ဆောက်ရေးပုံစံ(Reconstruction of Yangon) ကို ဖရေဇာ(Lt. A Fraser) က ရေးဆွဲ တင်ပြခဲ့ရာ အင်္ဂလိပ်အာဏာပိုင်များက သဘောကျ သောကြောင့် ထိုပုံစံအတိုင်းမြို့ကွက်ကို ပြောင်းလဲစီမံခဲ့ခြင်းအပြင် လမ်းအမည် များပေးသောအခါ အဓိကကျသောလမ်းမကြီးအမည်ကို ဖရေဇာလမ်းဟု ပေးခဲ့ကြခြင်းဖြစ်ပေသည်။

တကယ်တမ်းတော့ ဖရေဇာမှာ အင်္ဂလိပ် ဘင်္ဂါလီတပ်မှ အင်ဂျင်နီယာတစ်ယောက်မျှသာဖြစ်ပေသည်။


(၁၉၅၅)ခုနှစ်ဝန်းကျင် လွတ်လပ်ရေးရပြီးကာစနောက်ပိုင်း ဖရေဇာလမ်းတလျှောက်မှာ များစွာ စည်းကားခဲ့ပေသည်။ ညနေစောင်းအချိန် ရောက်သည်နှင့် ထိုလမ်းမတလျှောက် ဘေးတစ်ဖက်တစ်ချက်နေရာများမှာ ညဈေးတန်းများရောင်းချကြလေသည်။


လမ်းမဘေးတစ်ဖက်တစ်ချက်၌ ဈေးဆိုင်များ တည်ခင်းရောင်းချကြရာ မြောက်ဘက်အခြမ်းထက် တောင်ဘက်အခြမ်းက ပိုမိုစည်ကား လှပေသည်။

ထိုဈေးတန်းတလျှောက်၌ ဈေးရောင်းချသူများနှင့် ဈေးဝယ်သူများမှာ အများအားဖြင့် ကုလားလူမျိုးများသာများပေသည်။ ကုလားလူမျိုး ဟုဆိုရာ၌ ကုလားလူမျိုးမျိုးစုံတို့ပါဝင်လေသည်။ သို့ကြောင့်ထိုဈေးတန်းကိုလည်း ဘင်္ဂလားဈေးတန်းဟုပင် အလွယ်တကူ ခေါ်ဝေါ် ကြသည်။

ထိုနေရာတ၀ိုက်ရှိ လမ်းဘေးဝဲယာတလျှောက်ရှိ ဆောက်ထုပ်ထားသည့် တိုက်ခန်းအတော်များများရှိပေရာ အခန်းတစ်ရာလျှင် ကုလား လူမျိုးများက ကိုးဆယ်ခန့်နေကြပြီး ကျန်သည့်ဆယ်ခန်းမျှလောက်သာ မြန်မာများနေကြလေသည်။ သို့ကြောင့်လည်း ထိုနေရာတ၀ိုက် ကို ကုလားတန်း၊ ကုလားရပ်ကွက်ဟု ခေါ်ကြလေသည်။

ယခုရွှေဘုံသာလမ်းမှာ ယခင်အမည်က မဂိုလမ်းဖြစ်သော်လည်း မူလအမည်မှာ ကုလားတန်းလမ်းပင်ဖြစ်ပေသည်။

ရန်ကုန်မြို့တွှု သချာင်္အမှတ်အသားပါသော လမ်းပေါင်း (၁၆၉)လမ်းရှိရာ ကီလီ(၁)လမ်းမှ စတင်ပြီး မြင်းပြိုင်ကွင်းရှိ (၁၆၉) လမ်းမှာဆုံးပါ သည်။ ကီလီ (၁)လမ်းမှ (၄)လမ်းအထိ သချာင်္အမှတ်အသားနှင့် ရှိသော်လည်း (၅) လမ်းရောက်သောအခါ သချာင်္အမှတ်အသားမသုံးကြ ဘဲ အလုပ်လုပ်သောပစ္စည်းများကို အမည်တပ်၍ ထိုအမည်ကိုပင် သုံး၍ခေါ်ဝေါ်ကြလေသည်။


ကီလီ(၅)လမ်းထဲတွင် ငှက်ပျောကုန်သည်များစခန်းချသောကြောင့် ငှက်ပျောတံတားလမ်းဟု ခေါ်သည်။

ယခင်က ငလျှံလမ်းဟု ခေါ်သောလမ်းမှာ ယခုကိုင်းတန်းလမ်းဖြစ်သည်။

ကျွဲပုတ်လမ်းမှာ ယခု(၈)လမ်းဖြစ်သည်။

ငပိတန်းလမ်းမှာ ယခု(၁၀)လမ်းဖြစ်သည်။

စတီဗင်ဆင်လမ်းမှာ ယခုလှည်းတန်းလမ်း၊ (၁၁)လမ်းအထက်ပိုင်း ဖက်တန်းဟုခေါ်ပြီး အောက်ပိုင်းကို ပိုက်တန်းဟုခေါ်ကြသည်။

ဘုန်းကြီးလမ်းထိပ်မှာ ဘုရားငုတ်တိုရှိသောကြောင့် ယခင်က ဘုရားငုတ်တိုလမ်းဟုသာ ခေါ်ကြသည်။

(၁၃)လမ်းအထက်ပိုင်းကို ခေါင်ချုပ်တန်းဟု ခေါ်ကြပြီးအောက်ဖက်ကို ငါးရှဥ့်တန်းဟု ခေါ်ကြသည်။

(၁၄)လမ်းအထက်ပိုင်းကို ကြောင်တစ်ရာတန်းဟု ခေါ်ကြပြီး အောက်ဖက်ကို ဦးဘိုးရိတ်လမ်းဟု ခေါ်သည်။

(၁၅)လမ်းအထက်ပိုင်းမှာ တရုတ်များသာ အနေများပြီး သိန်းတန်းဟုခေါ်ပြီး အောက်ပိုင်းကိုတော့ သုံးပင်တန်းဟု ခေါ်ကြသည်။

(၁၆) လမ်းအထက်ပိုင်းကို ထန်းပင်ကုန်းတန်းဟု ခေါ်ကြပြီး အောက်ပိုင်းကိုတော့ ကြက်သွန်တန်းဟု ခေါ်ကြလေသည်။

(၁၇)လမ်းကို ရှေးအခါက အရာကြီးတန်းဟုခေါ်ကြပြီး (၁၈)လမ်းကိုတော့ ရေနံတန်းဟုခေါ်ကြသည်။

ယခုစဥ့်အိုးတန်းလမ်းဟု ခေါ်သောလမ်းကို ယခင်က အထက်ပိုင်းကို မကျည်းတန်းဟု ခေါ်ပြီး အောက်ပိုင်းကိုတော့ လိပ်ဥတန်းဟု ခေါ်ကြ သည်။

ယခင်က လမ်း(၂၀)ကို ဦးထွန်းတန်းဟုခေါ်ကြသည်။

(၂၁)လမ်းအထက်ပိုင်းကို ပရဆေးတန်းဟု ခေါ်ပြီး အောက်ပိုင်းကိုတော့ တွင်းညီနောင်ဟု ခေါ်ကြသည်။

(၂၂)လမ်းအထက်ပိုင်းကိုတော့ ပန်းတိမ်တန်းဟု ခေါ်ပြီးအောက်ပိုင်းကိုတော့ ဓါးတန်းလေးဟု ခေါ်ကြသည်။

(၂၃)လမ်းမှာ ဘိန်းရုံတန်းဟု ခေါ်ပြီး (၂၄)လမ်းကိုတော့ အဓမ္မလက်ကြား ဟုခေါ်ခဲ့ကြသည်။

(၂၅)လမ်းကို စာဆိုတန်းဟု ခေါ်ခဲ့ကြပြီး (၂၆)လမ်းကိုတော့ ကျောက်တံတားလမ်းဟု ခေါ်ခဲ့ကြလေသည်။

(၂၇)လမ်းကို ပုဆိုးတန်းဟု ခေါ်ပြီး (၂၈)လမ်းကိုတော့ သံဖြူတန်းဟုခေါ်ကာ ယခု ဆူးလေဘုရားလမ်းဟုခေါ်သောလမ်းမှာ ယခင်က ရှော်တန်းဟုခေါ်သောလမ်းပင်ဖြစ်တော့သည်။


ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်မြတ်ကြီး တည်ရှိရာ သိင်္ဂုတ္တရ ကုန်းတော်ကြီးကို ၀န်းရံထားသော ကုန်းပေါင်း (၉၉)ကုန်းရှိပါသည်။ ထို အထဲတွင် ကျောက်ကုန်းလည်း တစ်ခုအပါအ၀င်ဖြစပေသည်။ ကျောက်ကုန်းသည် ရန်ကုန်မြို့ စတင်ဖြစ်ပေါ်လာပြီးစအချိန်ကတည်းက လူသိများခဲ့သောနေရာတစ်ခုဖြစ်ပေသည်။


ကျောက်ကုန်းလမ်းတ၀ိုက်နှင့် အောင်ဇေယျလမ်းဝန်းကျင်တ၀ိုက်နေရာမှာ ပင်လယ်ရေမျက်နှာပြင်အထက် ပေ(၈၀)ခန့်အမြင့်တွင် တည် ရှိကြောင်း မှတ်တမ်းများက ရေးသားဖော်ပြကြသည်။

ကျောက်ကုန်းလမ်းမှ အောင်ဇေယျလမ်းအတိုင်း အနောက်ဘက်သို့ ဆင်းလာလျှင် အစ္စရေး အင်ဂျင်နီယာများဆောက်လုပ်ခဲ့သော (၁၂) လုံးတန်းခေါ် တိုက်တန်းစုသို့ရောက်လေသည်။

(၁၉၅၅)ခုနှစ် က ကျောက်ကုန်းတ၀ိုက်မှာ နေထိုင်ကြသူများမှာ မြို့တွင်းသို့သွားလာလိုပါက ဆင်ဖြူ၊ဆင်နီ၊ဆင်နက် အမှတ်အသားပါရှိ သည့် ဘတ်စ်ကားများနှင့် သွားလာကြရပေသည်။


(၃) မဟူရာဝံပုလွေ

ရေးသားပြုစုသော ပညာရှင်မှာ မနုဿဗေဒပညာရှင်တစ်ဦးဖြစ်သူ ၀ီလျှံဟောင်းဝဲလ် ပင်ဖြစ်ပေသည်။ ၄င်း၏ဖော်ပြချက်ထဲတွင် လူမှ တိရစ္ဆာန်အသွင်သို့ပြောင်းလဲနိုင်ခြင်းမှာ စိတ်စွဲလန်းယုံကြည်မှု လွန်ကဲသော တိုတမ်ဝါဒဖြစ်သည်ဟု မှတ်ချက်ပေးထားလေသည်။

ခြင်္သေ့တိုတမ်ဝါဒီများသည် မိမိတို့သည် ခြင်္သေ့မျိုးနွယ်မှ ဆင်းသက်ပေါင်ဖွားလာသည်ဟု စွဲစွဲလန်းလန်း ယုံကြည်နေကြပြီး ခြင်္သေ့များနှင့် ဆွေမျိုးတော်စပ်သည်ဟုယုံကြည်ကြပေသည်။ သို့ကြောင့်ခြင်္သေ့များသည် ၄င်းတို့အတွက် အန္တရာယ်လုံးဝမရှိနိုင်၊ သူတို့ကလည်း ခြင်္သေ့များကို မကြောက်မရွံ့ကြဘဲ ခြင်္သေ့များရှိသောတောထဲ၌ ရဲဝံ့စွာ နေထိုင်သွားလာဝံ့ကြလေသည်။


မိကျောင်းတိုတမ်ဝါဒီ ရှိသူများသည်လည်းကောင်း၊ ၀က်ဝံတိုတမ်ဝါဒီများသည်လည်းကောင်း၊ ၀ံပုလွေတိုတမ်ဝါဒီ ရှိသူများသည်လည်း ကောင်း ထိုနည်းအတိုင်းပင် ရှိကြလေသည်။

ဝံပုလွေအသွင်ပြောင်းနိုင်သောဓလေ့မှာ အာဖရိကတောနက်အတွင်း၌ နေထိုင်ကြသော လူနီရိုင်းများက အများဆုံး အသုံးပြုလေ့ရှိပြီး သားကောင်နောက်လိုက်သောအခါ ၀ံပုလွေအသွင်ပြောင်း၍ အုပ်စုဖွဲ့ကာ သားကောင်နောက်သို့ လိုက်လေ့ရှိကြသည်။


သားကောင်ဖမ်းရန် သွားတော့မည်ဆိုလျှင် တောတွင်းသို့ ၀င်သွားပြီး ၀ံပုလွေစိတ်၊ ၀ံပုလွေမာန် ရရှိအောင် ဦးစွာစိတ်ကို အရင်ပြောင်းကြ လေသည်။

ဝံပုလွေစိတ်ဝင်လာတော့ သားကောင်နောက်သို့ တဟုန်တိုးပြေးလိုက်ကြလေသည်။ လိုက်စက လူရိုင်းအသွင်နှင့်ပင် ခြေထောက်နှစ် ချောင်းဖြင့် ပြေးလိုက်သော်လည်း ခဏချင်းမှာပင် လူစိတ်ပျောက်သွားပြီး ၀ံပုလွေစိတ် ၀င်လာသောအခါ လေးဘက်ထောက်ပြေးရာမှ ခြေရာအသွင်လည်း ပြောင်းသွားလေသည်။


မြန်မာပြည်တွင် လူကနေ ကျားအသွင်ပြောင်းနိုင်သူကို သမန်းကျားဟု ခေါ်သလို အာဖရိကတွင် လူမှ ၀ံပုလွေအသွင်ပြောင်းလဲနိုင်သူကို 'မဟူရာဝံပုလွေ' ဟုခေါ်ဝေါ်ကြသည်။


ဝံပုလွေအသွင်နှင့် သားကောင်လိုက်ပြီး၍ လူအသွင်ပြောင်းလိုသောအခါ တောတွင်းသို့ ၀င်သွားပြီး စိတ်ကိုလျှော့ချလိုက်သောအခါ တ ဖြည်းဖြည်းနှင့် လူအသွင်သို့ပြန်လည် ရောက်သွားကြောင်း မနုဿဗေဒပညာရှင် ၀ီလျှံဟောင်းဝဲလ်က သုတေသနပြု ရေးသားထား ခြင်း ဖြစ်ပေသည်။

ဂမ္ဘီရလျှို့ဝှက်ဆန်းကြယ် ဆိုတဲ့ဝတ္ထုတွေက အလကားမဖြစ်နိုင်ဘူးဆိုကြပေမယ့် မြန်မာစာအုပ်ဆိုင်လောကမှာ အငှားသွက်စာအုပ်တွေ အဖြစ် ရပ်တည်နေပါပြီ။ ဘာပဲဖြစ်ဖြစ် အဲဒီစာအုပ်တွေထဲကမှ သိမှတ်စရာလေးတွေကိုပြန်လည်ဖော်ပြလိုက်ခြင်းသာဖြစ်ပါတယ်။

Alex Aung (7 Sep 2010)

No comments: