Friday, October 1, 2010

လက်မှသည်ခန္ဓာကိုယ် တစ်ခုလုံးနုပျိုစေဖို့

ပြီးခဲ့တဲ့လက ခြေထောက်အတွက် အလှအပနဲ့ ကျန်းမာရေး ဆိုင်ရာ နည်းလမ်းကောင်းတွေကို တင်ပြခဲ့ပြီး ပါပြီ။ ဒီလတော့ ပိုပြီး ပြည့်စုံသွားအောင် လက်အတွက် အလှအပ၊ ကျန်းမာရေးဆိုင်ရာ နည်းလမ်းကောင်းတွေကို အပြီးသတ် ဖော်ပြပေးလိုက် ပါတယ်။ လက်နဲ့ ခြေထောက်က အကြောတွေ အားလုံးဟာ ခန္ဓာကိုယ် တစ်ခုလုံးရဲ့ ဦးနှောက်နဲ့ အာရုံကြောနဲ့ ဆက်စပ်ပြီး ရှင်သန်လှုပ်ရှား နေကြတာကြောင့် သူတို့ရဲ့ ကျန်းမာကြံ့ခိုင်မှုဟာ ဦးနှောက် ကျန်းမာကြံ့ခိုင်မှုနဲ့ တိုက်ရိုက် အချိုးကျလို့ နေပါတယ်။ ဒီတော့ အပေါ်ယံ ကြည့်ရင် ခြေထောက်နဲ့ လက်အလှအပ ရေးရာလို့ ဆိုပေမယ့် ခန္ဓာကိုယ် တစ်ခုလုံးရဲ့ ကျန်းမာ လှပတဲ့ အခြေခံ အချက်တွေလည်း ဖြစ်နေတာကြောင့် အချိန် အနည်းငယ် ဖဲ့ပေးပြီး ဂရုစိုက် ပေးစေချင် တာပါ။ လက်ဆိုတာကလည်း အရေးကြီး အစိတ်အပိုင်း တစ်ခုပါပဲ။ လူတစ်ယောက်ရဲ့ လှုပ်ရှားမှုကို ကြည့်ပြီး သူ့ရဲ့အကျင့် စာရိတ္တနဲ့ စိတ်ဓာတ်ကို ခန့်မှန်း အဖြေထုတ်ယူလို့ ရတယ်ဆိုတဲ့ နေရာမှာ လက်ရဲ့လှုပ်ရှားမှု၊ ပြောဟန် ဆိုဟန်တွေက အများကြီး ပါဝင်လို့ နေပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်စွာနဲ့ ပြောနိုင်ဆိုနိုင်ဖို့ အတွက် ဟန်ပါပါ လှုပ်ရှားပေးရတဲ့ လူသူရှေ့မှောက်ရောက် လက်ကလေးတွေ ကျန်းမာဖို့ လက်အတွက် နည်းလမ်းကောင်းတွေ တင်ပြပေးချင်ပါတယ်။


၁။ လက်နှိပ်ဆီ (သို့မဟုတ်) သင့်တော်ရာ Lotion, Cream တစ်ခုခုကို ခပ်ထူထူ သုတ်လိမ်းပါ။ လက်ချောင်း အားလုံးနဲ့ လက်ဖမိုး၊ လက်ကောက်ဝတ်အ ထိ နှံ့စပ်စွာ လိမ်းခြယ်ပါ။

၂။ ပထမဦးစွာ Cream အသားထဲ စိမ့်ဝင်သွားစေဖို့ နှိပ်နယ်ရာမှာ အထောက်အကူ ဖြစ်စေဖို့ ဘယ်၊ ညာ လက်နှစ်ဖက်လုံး သုံးပြီး အသာဖိနှိပ်ပေးပါ။

၃။ လက်ဆစ် ညောင်းညာမှုကို ပြေလျော့စေဖို့ အတွက် လက်ဆစ်တိုင်းကို လက်ညှိုး၊ လက်မသုံးပြီး အပေါ်အောက်နှိပ်ပါ။

၎။ လက်ဆစ်ချိုးခြင်းဟာ မှားယွင်းမှု တစ်ခုဖြစ်ပြီး မှန်ကန်တဲ့ နှိပ်နယ်ခြင်းအနေနဲ့ လက်ဆစ်ကို ဘေးနှစ်ဖက်ကနေ ဖိညှစ်ပေးရပါမယ်။

၅။ လက်ချောင်း တစ်ခုချင်းစီရဲ့ကြားထဲကို နှိပ်နယ်ခြင်းဟာ လက်က တစ်ဆင့် ဦးနှောက်နာဗ်ကြော အထိ အကျိုးသက်ရောက်မှု ရှိစေပါတယ်။ လက်ချောင်းများကို အသုံးပြုရဆုံးသူတွေ အတွက် အလွန်သင့်တော်ပြီး အညောင်းအညာ ပြေစေတဲ့ နှိပ်ကွက်ပါ။

၆။ လက်မထိပ်ကို အသုံးပြုပြီး လက်ချောင်းထိပ်များနဲ့ လက်သည်းထိပ်ကို ဖိနှိပ် ပေးခြင်းအားဖြင့် လက်ချောင်းများကို ကျန်းမာ ကြံ့ခိုင်ပြီး လက်တစ်ခုလုံးရဲ့ အကြောများကို ပြေလျော့စေပါတယ်။

၇။ လက်ချောင်းတစ်ခုချင်းစီကို လက်မထိပ် အသုံးပြု ပြီး အပေါ်ကို လှန်ချိုးခြင်းအားဖြင့် လက်ချောင်းများ လှုပ်ရှားမှု သန်မာ သွက်လက်စေပါတယ်။

၈။ အဆင့်လိုက် နှိပ်လာပြီးလို့ ပြေလျော့လာတဲ့ အကြောတွေကို တစုတစည်းတည်းနဲ့ ထပ်မံ ဖြေလျော့ ပေးတဲ့ နှိပ်ကွက်တွေပါ။ လက်ချောင်းများသာမက လက်ဖ၀ါး တစ်ခုလုံးမှာ ရှိတဲ့ အကြောတွေ အတွက်ပါ။

၉။ အကြောပြေစေရုံသာမကဘဲ လက်ကို အနားယူ ဇိမ်ကျမှု အပေးဆုံး နည်းပါ။ လက်ဖ၀ါးပြင် တစ်ခုလုံး ကို လက်မ၊ လက်ချောင်းလေးတွေနဲ့ အသာဖျစ်ပေးရုံနဲ့ လက်ဖ၀ါးပြင်က အကြောတွေက တစ်ဆင့် လက်ဖျံ၊ လက်မောင်း အကြောတွေအထိ ပြေလျော့စေပါတယ်။

၁၀။ လက်အတွက် နောက်ဆုံး သော့ချက်ဖြစ်တဲ့ လက်ဖ၀ါးပြင် နှိပ်နည်းကတော့ ဦးနှောက် အာရုံကြော အထိ သက်ရောက်စေပါတယ်။ လက်ဖ၀ါးအလယ် ပြင်တည့်တည့်ကို လက်ဆစ်နဲ့ ဖိနှိပ်ပေးရပါမယ်။

၁၁။ လက်ချောင်းချင်း ထိုးယှက်ပြီး လက်ဖ၀ါး တစ်ခုလုံးကို အသာလှန်ချိုးပေးခြင်းအားဖြင့် လက်မောင်း၊ လက်ဖျံ၊ လက်ဖ၀ါး၊ လက်ချောင်း အကြော အားလုံးကို ပြေလျော့စေပါတယ်။

ကွန်ပျူတာအမြဲအသုံးပြုနေတဲ့သူတွေ၊ လက်ချောင်းတွေ အမြဲအသုံးပြု လှုပ်ရှားနေရတဲ့သူတွေ၊ စာရေးဆရာ၊ ကျောင်းသား၊ ကျောင်းသူ၊ လက်ကို အသုံးပြု အများဆုံးသူတွေ အတွက် အထူးသင့်လျော်တဲ့ နည်းလမ်းတွေပါ။

တစ်ပတ်ကို တစ်ခါ (သို့မဟုတ်) နှစ်ခါ ပြုလုပ်ပေးရ ပါမယ်။ နေ့စဉ် ညနေ ရေမချိုးမီ ၁၅ မိနစ်ခန့် အချိန် ယူပြီးလည်း နှိပ်နယ် ပေးနိုင်ပါတယ်။ ဒါဟာ လက်ကို ကျန်းမာကြံ့ခိုင် စေရုံသာမကဘဲ ချွေးပေါက်များ ပွင့်ပြီး အကြောပြေလျော့ကာ နုပျိုလှပတဲ့ လက်အလှ ပိုင်ရှင်လေးလည်း ဖြစ်နိုင်ပါတယ်။ တစ်ဆက်တည်းမှာပဲ လက်မနှိပ်ခင်မှာ ခြေထောက် နှိပ်နယ်ခြင်း နည်းလမ်းတွေတုန်း ကလိုပဲ ဆားရည် စိမ်ပေးနိုင် ပါတယ်။ လက်အသားအရေက ပိုပြီးနုတော့ ဆားပမာဏ ကိုတော့ လျှော့ပေးရမှာပါ။ အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံး လက်အသားအရေ နုပျိုစေမယ့် နည်းလမ်းလေးကိုလည်း မေတ္တာ လက်ဆောင်ပေးချင် ပါတယ်။ ဒိန်ချဉ်ကို လက်ချောင်း၊ လက်ဖမိုး အနှံ့သုတ်လိမ်းပြီး ၁၅ မိနစ်ခန့်ထားပါ။ ရေနဲ့ စင်ကြယ်အောင် ဆေးကြောပြီးတဲ့ နောက်မှာ အညစ်အကြေးနဲ့ ချေးညှော် ကင်းစင်ပြီး ၀င်းဝါ စိုပြည်နေတဲ့ လက်ကလေးကို အံ့သြဖွယ်ရာ တွေ့မြင်နိုင်မှာပါလို့ လမ်းညွှန်လိုက်ပါရစေ။

Note: From Forward Mail

No comments: