Sunday, October 31, 2010

ကြိုတင်ဆန္ဒမဲ ပေးနိုင်ရန် နိုဝင်ဘာလ ၅ ရက်နေ့မှစ၍ စိစစ်ဆောင်ရွက် ကြရန် ညွှန်ကြားထား

ကြိုတင်ဆန္ဒမဲ ပေးနိုင်ရန်အတွက် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ် စုကော်မရှင်အဖွဲ့ခွဲများသည် နိုဝင်ဘာလ ၅ ရက်နေ့မှ စတင်၍ စိစစ်ဆောင်ရွက်ကြရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ညွှန်ကြားလာမှုအပေါ် ခရိုင်ကော်မရှင်အဖွဲ့ခွဲများမှ သက်ဆိုင်ရာရပ်ကွက် ကော်မရှင်အဖွဲ့ခွဲများ အားလုံးသို့ အကြောင်းကြားလာကြောင်း သိရှိရသည်။

ရွေးကောက်ပွဲဥပဒေပုဒ်မ ၄၅ (က)နှင့် နည်းဥပဒေ ၅၄ တို့တွင် အကျုံးဝင်သော သက်ဆိုင်ရာမဲဆန္ဒနယ်ပြင်ပတွင် ရောက်ရှိနေကြသည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသော ပုဂ္ဂိုလ်များအတွက် သက်ဆိုင်ရာမဲဆန္ဒနယ် အသီးသီးတွင် ကြိုတင်ဆန္ဒမဲပေးနိုင်ရန် မြို့နယ်ကော်မရှင် အဖွဲ့ဝင်များသည် မဲဆန္ဒရှင်များထံ ကြိုတင်ဆန္ဒမဲလက်မှတ်များ ပေးပို့ခြင်းကိုအောက်တိုဘာလ ၁၈ ရက်နေ့မှစတင်၍ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၄၅ (ခ)နှင့် နည်းဥပဒေ ၅၁ တို့တွင် အကျုံးဝင်သော မဲဆန္ဒရှင်များမှ ကြို တင်ဆန္ဒမဲပေးနိုင်ရန် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင် အဖွဲ့ခွဲများသည် နိုဝင်ဘာလ ၅ ရက်နေ့မှစတင်၍ စိစစ်ဆောင်ရွက်ကြရန် သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲများအားလုံးသို့ အကြောင်းကြားထားကြောင်း သိရှိရသည်။

ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ကြိုတင်၍ ဆန္ဒပေးပိုင်ခွင့်ရှိသူများ မှာ တပ်မတော်သားများနှင့်အတူနေ အိမ်ထောင်စုဝင်များ၊ မဲဆန္ဒနယ်ပြင်ပရောက် ကျောင်းသားများ၊ မဲဆန္ဒနယ် ပြင်ပရောက် သင်တန်းသားများ၊ မဲဆန္ဒနယ်ပြင်ပရောက် အခြားမဲဆန္ဒရှင်များ၊ အချုပ်ခံနေရသူများ၊ ဆေးရုံသို့ တက်ရောက်နေရသော အတွင်းလူနာများနှင့် အစိုးရ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပတွင် ရောက်ရှိနေသူ များဖြစ်ကြောင်း ၂၀၁၀ ပြည့်နှစ် မတ်လ ၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ပြည်ထောင်စုမြန်မာနိုင်ငံတော် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေစာအုပ်မှသိရှိရသည်။

No comments: