Tuesday, August 10, 2010

အိမ်ထောင်ရေးအဆင်မပြေဖြစ်စေသော အချက်များ

အိမ်ထောင်ကျပြီးစ သုံးလေးလပဲ ဖြစ်ဖြစ် သုံးလေးနှစ်ပဲ ဖြစ်ဖြစ် အိမ်ထောင်သက်တမ်း ရလာသူများ အနေနဲ့ ဘာအကြောင်း ကြောင့်မှန်း မသိဘဲ အိမ်ထောင်ရေး အဆင် မပြေမှုတွေ ဖြစ်လာ တတ်ပါတယ်။ အဲဒီလို အိမ်ထောင်ရေး အဆင်မပြေဘူး ဆိုရင် အောက်ဖော်ပြ အချက်များနဲ့ တိုက်ဆိုင် စစ်ဆေးပြီး မိမိကိုယ်မိမိ ပြင်ဆင်လိုက်မယ် ဆိုရင် နှစ်ဦးနှစ်ဖက် အဆင်ပြေသွားပြီး အိမ်ထောင်ရေးလည်း ပျော်ရွှင် ချမ်းမြေ့တဲ့ အိမ်ထောင် တစ်ခု ဖြစ်လာပါလိမ့်မယ်။

ထမင်းစားနေစဉ် ရုပ်မြင်သံကြား ကြည့်ခြင်း

ဒီအကျင့်က ဆိုးဝါးတဲ့ အကျင့် ဖြစ်ပါတယ်။ ညစာ၊ မနက်စာ စားသုံးတဲ့ အချိန်ဆိုတာ မိမိ အိမ်ထောင်ဖက်နဲ့ မျက်နှာချင်းဆိုင်ပြီး စကားပြောနိုင်တဲ့ အခွင့်အရေး ရတောင့် ရခဲအချိန် ဖြစ်ပါတယ်။ ဒီအချိန်မျိုးမှာ ကိုယ်က သူ့မျက်နှာကို ဂရုတစိုက် မကြည့်နိုင်ဘဲ ရုပ်မြင်သံကြားစက်ကို ဖွင့်ထားပြီး ကြည့်နေမယ် ဆိုရင် သူ့ဆီက အာရုံ ဖမ်းစားနိုင်ဖို့ အခွင့်အရေး လက်လွတ်သွားပြီပေါ့။ ဒီအကျင့်ကို ဘယ်လို ပြင်ရမလဲ ဆိုတော့ ညတိုင်း အိမ်ထောင်ဖက်နဲ့ နှစ်ယောက်ချင်း စကား ပြောနိုင်ဖို့ မိနစ်သုံးဆယ် သို့မဟုတ် လေးဆယ့် ငါးမိနစ်လောက် အချိန်ဖယ် ထားပါ။ အဲဒီ အချိန်မှာ ရုပ်မြင် သံကြားစက်ကို ပိတ်ထားပါ။ ဒီလို ပိတ်ထားခြင်း အားဖြင့် ကိုယ့်ဇနီး၊ ခင်ပွန်းကို ဂရုစိုက်တယ် ဆိုတာ ပြသရာ ရောက်ပါတယ်။ အဲဒီ အချိန်အတွင်းမှာ ဖြစ်နိုင်မယ် ဆိုရင် တယ်လီဖုန်း အဆက်အသွယ်ကိုလည်း ဖြတ်တောက် ထားပါ။ ဒီနည်းနဲ့ ပြုပြင်သွားမယ် ဆိုရင် တစ်ယောက်နဲ့ တစ်ယောက် ပိုပြီး ရင်းနှီးချစ်ကြည်မှု ရလာပါလိမ့်မယ်။ 

ကာလကြာရှည်စွာ ဆက်ဆံမှုမပြုဘဲ ထားခြင်း


ဇနီး၊ ခင်ပွန်းတို့ ကိုယ်လက် နှီးနှောခြင်းဟာ ဦးနှောက်ချင်း ဆက်သွယ်မှုလည်း ရစေတယ်လို့ သိပ္ပံ ပညာရှင်များက ဆိုပါတယ်။ ဒီနည်းနဲ့ တစ်ယောက်နဲ့ တစ်ယောက် သံယောဇဉ် ပိုမို တိုးပွားစေတာကြောင့် ကိုယ် စိတ်ပါသည် ဖြစ်စေ၊ မပါသည် ဖြစ်စေ ဇနီး၊ ခင်ပွန်းနဲ့ ကာလကြာရှည်စွာ ကိုယ်လက် နှီးနှောချင်း မပြုဘဲ မနေသင့်ပါဘူး။ မကြာခဏ ဆိုသလို ကိုယ်လက် နှီးနှောမှု ပြုရပါမယ်။ 

ရက်သတ္တတစ်ပတ် လုံးလုံး လုပ်ငန်းခွင်မှာ မြှုပ်နှံနေပြီး ဇနီး၊ ခင်ပွန်းနဲ့ စကားမပြော ဖြစ်ခြင်း

အဲဒီ အကျင့်က အိမ်ထောင်သည်များ အတွက် အလွန် ဆိုးရွားစေတဲ့ အကျင့် ဖြစ်ပါတယ်။ ကိုယ့်အလုပ်နဲ့ ကိုယ် ရှုပ်နေတဲ့ အတွက် သူ့ကို စကားမပြော အားဘဲ တစ်ပတ် လုံးလုံး နေလိုက်ခြင်းက တဖြည်းဖြည်း ဝေးကွာ သွားစေတယ် ဆိုတာ အိမ်ထောင်သည်များ အနေနဲ့ အထူးသတိပြု သင့်ပါတယ်။ အိမ်ထောင်သည်များ အနေနဲ့ စကားပြောဖို့ အချိန်မရဘူး ဆိုရင်တော့ လုပ်ငန်းခွင်ကနေ လက်ကိုင်ဖုန်း နဲ့ "ဒီနေ့ လုပ်ငန်းခွင် အခြေအနေ ကောင်းရဲ့လား" ဆိုတာ လောက်တော့ SMS ပို့ပြီး ဂရုစိုက် သင့်ပါတယ်။ ဇနီး၊ ခင်ပွန်းရဲ့ ကြိုက်တတ်တဲ့ မုန့်ကလေးများ ၀ယ်လာပြီး သူ မြင်သာတဲ့ နေရာမှာ ထားခြင်းကလည်း သူ့ကို သတိတရ ရှိနေတယ် ဆိုတာ ပြနိုင်ပါတယ်။ 

တစ်ယောက်နဲ့ တစ်ယောက် လုံးဝ ဂရုမစိုက်ဘဲ နေခြင်း


တစ်အိမ်တည်းမှာ အတူ နေပါလျက်နဲ့ မျက်လုံးချင်းတောင် မဆိုင်မိဘဲ ဘာသိဘာသာ နေခြင်းဟာ ဇနီး၊ ခင်ပွန်းတို့ရဲ့ ဝေးကွာမှု အစဖြစ်တယ်ဆိုတာ သတိပြု သင့်ပါတယ်။ အနည်းဆုံး ရုံးသွားခါနီးမှာ နှုတ်ဆက်စကား ဆိုတာလောက်၊ ပါးနမ်းခြင်းလောက်ဖြစ်ဖြစ် ဂရုစိုက် ပြသခြင်းအားဖြင့် တစ်ယောက်နဲ့ တစ်ယောက် အရေးစိုက်တယ် ဆိုတာ ပြသင့်ပါတယ်။ သူ ရုပ်မြင်သံကြား ကြည့်နေစဉ်မှာ သွားပြီး စကားပြောတယ် ဆိုတာမျိုးကလည်း မလုပ်သင့်တဲ့ အလုပ်တစ်ခု ဖြစ်ပါတယ်။ ထမင်းအတူ စားစဉ် သို့မဟုတ် အိပ်ခန်းထဲ ရောက်မှသာ စကားပြောသင့်ပါတယ်။

ခိုက်ရန် ဖြစ်ပွားခြင်း


အိမ်ထောင်သည် နှစ်ဦးကြားမှာ သဘော မတူညီတဲ့ ကိစ္စများ အတွက် အငြင်းပွားကြခြင်းဟာ ကောင်းတဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်။ မိမိ ခံစားရတာကို ထုတ်ဖော် ပြသနိုင်ခြင်း ကြောင့်ပါ။ ဒီလို ငြင်းခုံ ဆွေးနွေးခြင်း အားဖြင့် တစ်ယောက်နဲ့ တစ်ယောက် ညှိနှိုင်း ယူလို့ရပါတယ်။ ကိုယ်က ဘာမကြိုက်ဘူး ဆိုတာ သူ သိအောင် ပြောထားနိုင်သလို သူ ဘာ မကြိုက်ဘူး ဆိုတာကိုလည်း ကိုယ်က သိနားလည်ထားပြီး မကြိုက်တာ မလုပ်မိအောင် ရှောင်ရပါမယ်။ သူနဲ့ ပတ်သက်ပြီး ကိုယ်မကြိုက်တာကို ထုတ်ဖော်ပြောတဲ့ အချိန်မှာ လေယူ လေသိမ်းက အထူး အရေးကြီးပါတယ်။ ဒေါသသံ မပါ ပါစေနဲ့။ 

ဇနီး၊ ခင်ပွန်းနဲ့ အပြင်ထွက်ခြင်းထက် အပေါင်းအသင်းများနဲ့ အပြင်ထွက်ခြင်းက ပိုမို များပြားနေခြင်း


ဇနီး၊ ခင်ပွန်းနဲ့ အတူနေရမယ့် အချိန်မှာ အပေါင်းအသင်း များနဲ့ အပြင်ထွက်လည်ပတ်နေခြင်းက မိမိဇနီး၊ ခင်ပွန်းထက် အပေါင်းအသင်းများအား ပိုမိုတန်ဖိုးထား သလို ဖြစ်စေပါတယ်။ ဒါကြောင့် ဒီအကျင့်ဟာလည်း အိမ်ထောင်ရှင်များ အတွက် မကောင်းတဲ့ အကျင့်တစ်ခု ဖြစ်ပါတယ်။ အပေါင်း အသင်းများနဲ့ထွက်ရာမှာ မိမိဇနီး၊ ခင်ပွန်းကိုပါ ကိုယ်နဲ့အတူ လိုက်ပါစေခြင်း အားဖြင့် ဒီအကျင့်ကို ပြင်နိုင်ပါတယ်။ ကိုယ်က အိမ်ထောင်သည် ဖြစ်နေပြီ ဖြစ်တဲ့အတွက် အပေါင်းအသင်းများ ကလည်း နားလည်မှုပေးနိုင်မှာပါ။ 

ပူးကပ်လွန်းအားကြီးခြင်း


ဇနီး၊ ခင်ပွန်းတို့ တစ်ယောက်နဲ့ တစ်ယောက် မျက်စိအောက်က အပျောက်မခံ နိုင်လောက်အောင် ချစ်ကြတာတွေ ရှိပါတယ်။ ဘယ်နေရာပဲ သွားသွား တတွဲတွဲ ရှိနေသလို အိမ်မှာလည်း ပူးကပ် နေကြခြင်းပါ။ ဒါဟာလည်း အိမ်ထောင်ရှင်များ အတွက် မဖြစ်သင့်တဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အသွေးအသားနဲ့ ဖွဲ့စည်းထားတဲ့ လူသားများ ဖြစ်ခြင်းကြောင့် ကိုယ်နံ့ ထွက်ခြင်း၊ လေလည်ခြင်း စတဲ့ ကိစ္စ တွေဟာ မလွဲမသွေ ပေါ်ပေါက်မယ့် ကိစ္စတွေ ဖြစ်ပါတယ်။ ပထမပိုင်းမှာတော့ သူ လေလည်တာဟာ ရယ်စရာလေး တစ်ခု လိုဖြစ်ပေမယ့် နောက်ပိုင်းမှာတော့ အပြစ် မြင်လာတတ်ပါတယ်။ အဲဒီက တစ်ဆင့် သူနဲ့ ဆက်ဆံချင် စိတ်ပါ နည်းပါး လာစေနိုင်ပါတယ်။ 
ဒီအကျင့်ကို ပြုပြင်နိုင်ဖို့ အတွက် စည်းခြား ထားရပါမယ်။ အပေါင်းအသင်းတွေ ရှေ့မှာ ကိုယ် မလုပ်တဲ့ ကိစ္စမျိုးကို ကိုယ့်ဇနီး၊ ခင်ပွန်းသည် ရှေ့မှာလည်း မလုပ်ပါနဲ့။ 

မိဘများ သို့မဟုတ် သူ့ဆွေမျိုးများနဲ့ အလွန်အမင်း ရင်းနှီးခြင်း


သူနဲ့ ပတ်သက်ပြီး တော်စပ်လာရတဲ့ မိဘများ၊ ဆွေမျိုးများနဲ့ ရင်းနှီးလွန်းတဲ့ အခါမှာ ကိုယ့်ဇနီး၊ ခင်ပွန်းသည်တို့ရဲ့ အကြောင်းများကို ရင်ဖွင့် မိတတ်ပါတယ်။ ဒါဟာ မိမိဇနီး၊ ခင်ပွန်းသည်အပေါ် သစ္စာမဲ့ရာ ရောက်တဲ့အတွက် ရင်းနှီးလွန်း အောင် မနေသင့်ပါဘူး။ သူတို့ မသိသင့်တဲ့ ကိစ္စမျိုးကို မသိအောင် ဖုံးဖိ ထားသင့်ပါတယ်။ ပြောချင်ရင် သူ့ရှေ့မှာတင် ပြောပါ။ သူ့ကွယ်ရာမှာ မပြောပါနဲ့။ ကိုယ့်အကြောင်း ကိုယ့်မိဘ မသိစေချင်ရင် သူ့ အကြောင်းကိုလည်း သူ့မိဘ မသိအောင် ကိုယ်က ဖုံးကွယ်ပေးရပါမယ်။ 

ဒီအချက်တွေနဲ့ ညှိနှိုင်းပြီး ပြုပြင်သွားကြမယ် ဆိုရင် သာယာ ချမ်းမြေ့တဲ့ အိမ်ထောင်များကို တည်ထောင် နိုင်ကြမှာ မလွဲပါဘူး။

No comments: