Saturday, August 7, 2010

အရောင်းသွက် လက်လီစတိုးဆိုင်တစ်ဆိုင် ဖြစ်စေဖို့

လတ်တလောလေးပဲ သူငယ်ချင်းတစ်ယောက်နဲ့ဆုံဖြစ်တယ်။ သူကအလုပ်ထွက်ပြီး နားအေးပါးအေး လက်လီစတိုးဆိုင်လေး တစ်ဆိုင် ဖွင့်မလို့လုပ်နေတယ်။ စဉ်းစားနေတုန်းကတော့ အလွယ်သား၊ တကယ်ဖွင့်မယ်လည်း လုပ်ရော ဘယ်ကဘယ်လို စရမလဲ၊ ဘာတွေ အရေးပါလဲ ဆိုတာမသိတော့ဘူး၊ အကြံလေးဘာလေး ပေးပါဦးလို့ဆိုလာတယ်။

တစ်ခါ ရပ်ကွက်ထဲမှာပဲ ကိုယ်ဝယ်နေကျ အရောင်းသွက်စတိုးဆိုင်လေးတစ်ဆိုင်ရဲ့ ဆိုင်ရှင်ကငြီးငြီးငြူငြူ ပြောတယ်၊ အနားမှာ ဒီလို လက်လီဆိုင်တွေများလာလို့ အရင်ကလို တွက်ချေမကိုက်တော့ဘူးလို့ဆိုတယ်။ သည်ဝန်းကျင်က ဆိုင်တွေထက် သူ့ဆိုင်က ကုန် ပစ္စည်းတွေက အရည်အသွေးမှန်သလို ဈေးနှုန်းကလည်း သင့်တင့်တယ်။ ဘာလို့များ အခြားဆိုင်တွေထက် ၀ယ်သူစိတ်မ၀င်စားရ တာလဲ။ ဘယ်လိုပုံစံနဲ့ဆိုရင် ၀ယ်သူစိတ်ဝင်စားမလဲဆိုတာများသိရင် အကြံဥာဏ်ကောင်းလေး ပေးပါအုံးလို့ ဆိုလာပြန်တယ်။

သည်လိုဆိုတော့ အရောင်းသွက် လက်လီစတိုးဆိုင်တစ်ဆိုင်ဖြစ်ဖို့ ဘယ်အချက်တွေက အရေးပါသလဲဆိုတာတွေက အရေးပါ (အရေးကြီး)လာတယ်ပေါ့။ အများစုက စတိုးဆိုင်လေးတစ်ဆိုင်ဖွင့်မယ်ဆိုတာ လွယ်လွယ်ပဲလို့ တွေးမိတတ်ကြတယ်။ ဖွင့်နေ တဲ့သူတွေကို မေးကြည့်တော့လည်း သည်လိုပဲဖွင့်လိုက်တာပဲလို့ ဆိုကြပါတယ်။

အချို့ကအရင်းအနှီးလေးနည်းနည်းရှိလာတယ်။ အိုးမကွာအိမ်မကွာ အလုပ်လေးလုပ်ချင်လာတယ်ဆိုတာနဲ့ သည်လို လက်လီစတိုးဆိုင် လေး ဖွင့်မလို့ဆိုပြီး စဉ်းစားလာကြတယ်။ အဲဒီတော့ မြန်မာပီပီ စိတ်မြန်လက်မြန်ဖွင့်ပစ်လိုက်တယ်။ အမြန်ဆုံး ဈေးဆိုင်တစ်ဆိုင်ဖြစ် သွားတာပဲ။ အားလုံးပြီးမှ ၀ယ်သူစိတ်ဝင်စားပါမလားလို့ စဉ်းစားတတ်ကြတယ်။

သည်တော့ လက်လီစတိုးဆိုင်တစ်ဆိုင်အဖြစ် ရပ်တည်ချင်တဲ့သူတွေ အားလုံးအတွက်ရယ်၊ လက်လီစတိုးဆိုင် ပိုင်ရှင်အနေနဲ့ တချို့ အချက်တွေက သိပြီးသားဆိုသူတွေအတွက်ရယ်ပေါ့။ မသိသေးရင် သိအောင်၊ သိပြီးသားဆိုလည်း ဂရုပြုမိအောင် မှတ်သား မိသ လောက် ဝေမျှချင်မိတယ်။

လက်လီဆိုင်ဆိုတာ နေ့စဉ်အရောင်းသွက် ကုန်စည်တွေကို စားသုံးသူတွေနဲ့တိုက်ရိုက် ထိတွေ့ရောင်းချပေးနေတဲ့ဆိုင်လို့ သတ်မှတ် ထားပါတယ်။ သည်တော့လက်လီစတိုးဆိုင်ဆိုရင် စတိုးနဲ့ပတ်သက်တဲ့ ကုန်စည်တွေကို စားသုံးသူတွေဆီ တိုက်ရိုက်ရောင်းနေတဲ့ ဆိုင် ပေါ့။

အရောင်းသွက် လက်လီစတိုးဆိုင်တစ်ဆိုင်ဖြစ်ဖို့ နေရာ၊ ရောင်းတဲ့ ကုန်စည်၊ သတ်မှတ်တဲ့ ဈေးနှုန်း ဖောက်သည်နဲ့ ကိုက်ညီမှုစတဲ့ စံနှုန်းတွေနဲ့တော့ ရှေးဦးစွာ ကိုက်ညီဖို့ လိုပါတယ်။

တကယ်တော့ တစ်နိုင်တစ်ပိုင် လုပ်ငန်းလို့ အားလုံးထင်ထားကြတဲ့ စတိုးဆိုင်တစ်ဆိုင်အနေနဲ့ အောက်ပါအချက်တွေဟာလည်း အရေး ပါတဲ့ အချက်တွေဆိုတာကိုတော့ ဂရုပြုမိဖို့ သတိထားစေချင်ပါတယ် -

(၁) ဆိုင်နေရာချထားတဲ့ အခင်းအကျင်း

(၂) ကုန်ပစ္စည်းတွေ နေရာချထားတဲ့အခင်းအကျင်း

(၃) အရောင်းသမားများရဲ့ ဆက်ဆံရေး (၀န်တောင်မှုအပိုင်း)

(၄) ဖောက်သည်တို့ လိုအင်ဆန္ဒ၊ အလေ့အထကို သိရှိဖြည့်ဆည်းပေးနိုင်ရေး စတဲ့အချက်တွေဖြစ်ပါတယ်။

ဆိုင်နေရာချထားတဲ့ အခင်းအကျင်း

ဆိုင်ကို အလှဆင် ခင်းကျင်းတဲ့အခါမှာ ကျဉ်းတာကျယ်တာ အဓိကမထားဘဲ ၀ယ်သူတွေ ၀င်ထွက်သွားလာတဲ့အခါမှာ မျက်စိပဿဒ ဖြစ်ဖို့ရယ်၊ ရှင်းရှင်းလင်းလင်းနဲ့ ကိုယ့်ဆိုင်ကို ဒါမှမဟုတ် ကိုယ့်ကုန်စည်တွေကို မြင်သာဖို့ကို အလေးထားသင့်တယ်။

ကောင်တာတစ်ခုနဲ့ တစ်ခုအကြား အကွာအဝေးကို ညှိထားပါ

လူသွားလမ်း ကျဉ်းလွန်းရင် ဖောက်သည်အချင်းချင်း ရှောင်တိမ်းရခြင်း၊ တစ်ဦးကိုတစ်ဦး စောင့်ရခြင်းမျိုး၊ ကျယ်လွန်းရင် အခြားတစ်ဖက် မှ ကုန်စည်များကို သတိမမူမိတာမျိုး၊ မမြင်ရခြင်းမျိုး မဖြစ်စေဖို့ပါ။

ကုန်ပစ္စည်းများအလွယ်တကူရှာဖွေလို့ရနိုင်အောင်နေရာချထားပါ

ဖောက်သည်က သူဝယ်လိုတဲ့ ကုန်ပစ္စည်းကို တစုတဝေးတည်း မြင်သာအောင်ထားပါ။ ဆိုင်ကိုဝင်လာတာနဲ့ ဘေးမှာ၊ အရှေ့တည့်တည့်၊ အလယ်မှာ စသည်ဖြင့် မြင်သာလွယ်ရမယ်။ ဥပမာ အဖျော်ယမကာ၊ စားသောက်ကုန်စသဖြင့် ခွဲခြားထားခြင်းကို ဆိုလိုပါတယ်။

သန့်ရှင်းသပ်ရပ်စွာ ကုန်ပစ္စည်းများ နေရာချထားပါ။

ဆိုင်ခန်း အပြင်အဆင် သပ်ရပ်သန့်ရှင်းခြင်းဟာ ၀ယ်သူဖောက်သည်ရဲ့ အကောင်းမြင်တုန့်ပြန်မှုကို ရစေတတ်ပါတယ်။ ညစ်ပတ် ရှုပ်ပွနေရင် သင့်ဆိုင်ကို အထင်အမြင်သေးတတ်တာမို့ ဒါကို ဂရုစိုက်ရပါမယ်။ နေ့စဉ် ရောင်းချနေတဲ့ ကုန်ပစ္စည်းတွေကို ဖုန်သုတ်ခြင်း၊ ရေပတ်သုတ်ပေးခြင်းမျိုးဆောင်ရွက်ပါ။

ညဘက်မှာ ဆိုင်အမည်ဆိုင်းဘုတ်သော်လည်းကောင်း

ဆိုင်တွင်းအခင်းအကျင်းကိုသော်လည်းကောင်း လင်းလင်းရှင်းရှင်းထားပါ

မှောင်ရိပ်က မသမာသူတွေအတွက် အပြစ်ကျူးလွန်မိအောင် အခွင့်အရေးမရစေဖို့ တစ်ဆိုင်လုံး မီးရောင် ထိန်လင်းအောင်ထားပါ။

ကုန်ပစ္စည်းအခင်းအကျင်း

ကုန်ပစ္စည်းတွေကို ဖောက်သည်မျက်စိပသာဒကျအောင် ခင်းကျင်းထားသို နေရာချထားရေးကလည်း အလေးထားသင့်တယ်။

ဖောက်သည်တွေ စိတ်ဝင်စားလေ့ရှိတဲ့ ကုန်ပစ္စည်း အမျိုးအစားတွေကို မြင်သာအောင် ရှေ့တန်းမှာထားပါ

ဖောက်သည်တွေ ၀င်လာတာနဲ့ သညဆိုင်မှာ သူတို့လိုချင်တဲ့ ကုန်ပစ္စည်းတွေ အကုန်ရှိတယ်ဆိုတဲ့ ယုံကြည်မှုရှိပါစေ။ ဥပမာ - ကျောင်းနဲ့ အနီးတ၀ိုက်မှာဆိုရင် ကောင်းသားသုံးပစ္စည်း စာရေးကိရိယာတွေ တွဲဖက်ရောင်းချတာမျိုးပေါ့။

ရောင်းကုန်ပစ္စည်းများကို မကြာခဏ နေရာပြောင်းရွှေ့ပေးပါ

အမြဲတစေ ပြောင်းလဲရန်မလွယ်ကူပေမဲ့ ဖောက်သည်ရဲ့ အသွားအလာများတတ်တဲ့ နေရာတွေကို ဂရုစိုက်ပြီး အသွားများတဲ့ဘက်ကို လိုက်လျော ညီထွေကုန်စည်တွေပြောင်းပေးခြင်းမျိုး မကြာခဏပြုလုပ်ပါ။ ဥပမာ - အမျိုးသမီးတွေ အသွားများတဲ့နေရာမှာ အမျိုးသမီး သုံးကုန်ပစ္စည်းတွေ နေရာချထားဖို့ ပိုသင့်တော်ပါတယ်။ အဖျော်ယမကာထားတဲ့နေရာဆိုရင် အမျိုးသားတွေ အသွားများလေ့ရှိတော့ အဲဒီနားမှာ အခြားအမျိုးသားသုံးပစ္စည်းတွေ ထားသင့်တယ်။

ကုန်ပစ္စည်းကြော်ငြာများရှိရင်လည်း ဆိုင်ရဲ့မြင်သာတဲ့နေရာမှာ ချိတ်ဆွဲပါ

တချို့ဖောက်သည်တွေက ကြော်ငြာကပ်ထားတာမြင်မှ ၀ယ်ချင်တဲ့ဆန္ဒဖြစ်ပေါ်တတ်ကြတဲ့အတွက် အလေးထားချိတ်ဆွဲသင့်ပါတယ်။

တစ်ခုခုရောင်းလိုက်လို့ လစ်လပ်သွားတိုင်း ပြန်လည်ဖြည့်ဆည်းပေးပ

ခေါက်ဆွဲခြောက်ရောင်းလိုက်လို့ အဲဒီနေရာ လစ်ဟာသွားရင် ချက်ချင်း အစားထိုးဖြည့်ဆည်းပေးခြင်းဖြင့် ၀ယ်သူဖောက်သည်အတွက် အဆင်ပြေစေပါတယ်။

ကုန်ပစ္စည်းကိုလည်း ငါးပေထက် မမြင့်အောင်ထားပါ

ဖောက်သည်တွေ ခြေဖျားထောက်ကြည့်ရခြင်းမျိုး ငုံ့ကြည့်ရခြင်းမျိုးမဖြစ်အောင် ကုန်ပစ္စည်းစင်ကို ထားသင့်ပါတယ်။

ရက်လွန်ကုန်ပစ္စည်းများ မဖြစ်စေဖို့ အမြဲဂရုပြုကြည့်ရှုပါ

ဖောက်သည်တွေက သည်ဆိုင်မှာ ရက်လွန်ကုန်ပစ္စည်းတွေရောင်းတယ်ဆိုတဲ့ အတွေးဆိုးမဖြစ်ရအောင် ဂရုပြုဆောင်ရွက်သင့်ပါတယ်။

ကုန်ပစ္စည်းတွေ ထားသိုတဲ့အခါ တူရာကုန်ပစ္စည်းများ တွဲဖက်ပြီးထားပါ

ဖောက်သည်တွေအနေနဲ့ လက်လှမ်းမီတဲ့နေရာတွေ တူရာကုန်စည်တွေရှိနေတဲ့အတွက် အလွယ်တကူ ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ ဥပမာ - ကော်ဖီမစ်အထုပ်တွေအနား သကြား၊နို့ဆီ၊နို့စိမ်းစတဲ့ပစ္စည်းတွေ အတူရှိသင့်သလို မီးဖိုချောင်သုံး ဆန်၊ဆီ၊ဆား ၊ငရုတ် ၊ကြက်သွန်တို့ တွဲဖက်အတူ ရှိနေသင့်ပါတယ်။

အရောင်းဝန်ထမ်းများရဲ့ ဆက်ဆံရေးနဲ့ဝန်ဆောင်မှု

ကုန်ပစ္စည်းတွေ အရည်အသွေးကောင်းရုံ၊ ဈေးနှုန်းချိုသာရုံတင်မကပါဘူး။ ဆိုင်မှာရောင်းနေတဲ့ အရောင်းသမားများရဲ့ ဆက်ဆံရေး၊ ၀န်ဆောင်မှုအပိုင်းကလည်း အရေးကြီးတဲ့ အစိတ်အပိုင်းပါ။ အချို့ကဆိုင်ရှင်ကိုယ်တိုင်၊ ဒါမှမဟုတ် မိသားစုဝင်တွေက ရောင်းချကြ ပေမဲ့များသောအားဖြင့် ၀န်ထမ်းခန့်ထားပြီး ရောင်းချစေကြတာပါ။ သည်တော့ သူတို့အခန်းကဏ္ဍကလည်း အရေးပါနေပါတယ်။

အရောင်းဝန်ထမ်းများကို သပ်ရပ်စွာဝတ်စားဆင်ယင်ဖို့ညွှန်ကြားပါ

အရောင်းဝန်ထမ်းတွေ ဖိုသီဖတ်သီ ၀တ်ဆင်ထားပါက ဖောက်သည်အထင်အမြင်သေးတတ်ပါတယ်။

ကျွမ်းကျင်မှု ဧရိယာအလိုက်နေရာချထားပါ

အရောင်းဝန်ထမ်းတွေကို သူတို့ရဲ့ ကျွမ်းကျင်မှုအလိုက် ကောင်တာအသီးသီးမှာ နေရာချထားပေးမှ သူတို့က သက်ဆိုင်ရာ ကုန်ပစ္စည်း အပေါ် ဖောက်သည် စိတ်ဝင်စားလာအောင် ရောင်းချပေးနိုင်မှာပါ။ ဥပမာ - လျှပ်စစ်ပစ္စည်းအကြောင်း နားလည်တဲ့ဝန်ထမ်းကို လျှပ်စစ် အရောင်းကောင်တာမှာထားခြင်းမျိုးပေါ့။

ဝန်ထမ်းကို ကုန်ပစ္စည်းနဲ့ပတ်သက်တဲ့ သဘောသဘာဝကို မပြတ်သင်ကြားပေးသင့်ပါတယ်

ဖောက်သည်က ကုန်ပစ္စည်းနဲ့ ပတ်သက်လို့ မေးမြန်းစုံစမ်းတဲ့အခါမှာ ကိုယ့်ဝန်ထမ်းက သည်ပစ္စည်းတွေရဲ့ သဘောသဘာဝကို နားလည်ကျွမ်းကျင်စွာ ရှင်းပြနိုင်ရပါမယ်။

ဖော်ရွေရွှင်ပြသော အမူအရာ ရှိနေပါစေ

ဝန်ထမ်းများကို ယဉ်ကျေးပျူငှာစွာ ဆက်ဆံတတ်အောင် လေ့ကျင့်ပေးသင့်ပါတယ်။ တာဝန်တစ်ခုကြောင့် ပြောဆိုခြင်းမျိုးမဟုတ်ဘဲ စေတနာပါပါနဲ့ ဆောင်ရွက်တတ်ဖို့လိုပါတယ်။ တတ်နိုင်ရင်အ၀င်အထွက် တံခါးတွေမှာ မင်္ဂလာပါ၊ ကျေးဇူးတင်ပါတယ် စသည်ဖြင့် ဧည့်ကြိုဝန်ထမ်းမျိုး ထားသင့်ပါတယ်။ ဖောက်သည်က ကုန်ပစ္စည်းတွေ မနိုင်မနင်းသယ်လာတာတွေ့တာနဲ့ ကူညီပြီး အပြင်ရောက် အောင်၊ ကိုယ်ပိုင်ကားပါရင် ကားပေါ်ရောက်အောင် လိုက်လံကူညီပေးခြင်းမျိုး ဒါမှမတုတ် အငှား ကားငှားချင်ရင် ကူညီပေးတာမျိုး လုပ်သင့်ပါတယ်။

ဝန်ထမ်းများကို နာမည်၊ရာထူး ရေးသားထားသော ၀န်ထမ်းကဒ်များ ချိတ်ပေးထားသင့်တယ်

ဖောက်သည်က ၀န်ထမ်းများကို ချက်ချင်းမှတ်သားမိဖို့အတွက် လုပ်ဆောင်သင့်တဲ့ အရာတစ်ခုဖြစ်ပါတယ်။

ဖောက်သည်တို့ရဲ့ လိုအင်ဆန္ဒ၊ အလေ့အထကို သိရှိဖြည့်ဆည်းနိုင်ရေး

ဖောက်သည်တွေဆိုင်ကို ၀င်လာတာနဲ့ ကြည့်တတ်တဲ့စင်၊ ကြည့်တတ်တဲ့ကုန်ပစ္စည်းတွေ၊ နှစ်သက်တတ်တဲ့ ကုန်ပစ္စည်းတွေအကြောင်း အမြဲတမ်းအကဲခတ်လေ့လာဖို့ကလည်း အရေးကြီးတဲ့ ကဏ္ဍတစ်ရပ်ပါ။

ဖောက်သည်ရဲ့ အလေ့အထကို အကဲခတ်ပါ

ဖောက်သည်တွေ ၀င်ထွက်တိုင်း အကဲခတ်နေရင် ဘယ်ဖောက်သည်က ဘာတွေလိုအပ်နေတယ်၊ ဘယ်လို အလေ့အထတွေရှိတယ် ဆိုတာကို သိရှိအလေးထားနိုင်တယ်။ အမျိုးသမီးဖောက်သည်တွေက ဘယ်စင်ကိုသွားလေ့ရှိပြီး အမျိုးသားဖောက်သည်တွေရဲ့ အလေ့ အထက ဘယ်နေရာကို သွားလေ့ရှိတယ်ဆိုတာ အမြဲအကဲခတ်ရမယ်။

ဖောက်သည်တွေက ဝေဖန်ခြင်းမျိုး၊ အကြံပြုခြင်းမျိုးရှိပါကလည်း အချိန်ပေးနားထောင်သင့်တယ်၊ ကျေးဇူးတင်စကား ပြောသင့်တယ်

အချို့ဖောက်သည်များဟာ ကိုယ့်ဆိုင်နဲ့ပတ်သက်လို့ တစ်ခုခုကိုတော့ ဝေဖန်ချင်တယ်။ အကြံပြုချင်တယ်ဆိုရင် လိုလိုလားလား လက်ခံပေးသင့်ပါတယ်။ ပြီးတော့ အသိအမှတ်ပြုသင့်ပါတယ်

ဒါတွေဟာ အရောင်းသွက်စတိုးဆိုင်တစ်ဆိုင်အနေနဲ့ သတိပြုဆင်ခြင် ဆောင်ရွက်သင့်တဲ့ အချက်တွေထဲက အရေးပါတဲ့ ကောက်နုတ်ချက်အချို့ပါ။ လက်လီစတိုးဆိုင်လေးဖွင့်ချင်တယ်ဆိုတဲ့ သူငယ်ချင်းအတွက်ရော၊ အရောင်းသွက်စတိုးဆိုင်ဖြစ်ဖို့ အကြံဥာဏ်တောင်းတဲ့ မိတ်ဆွေတွေအတွက်ရော ထိုက်သင့်သလောက် အကျိုးပြုခွင့်ရပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

PAOH

No comments: