Thursday, August 5, 2010

သင်္ဘောသီးလေးနှင့် အချိုတည်းရအောင်

၂၁ရာစု ကျန်းမာရေးနှင့်ဆေးပညာစာနယ်ဇင်းများ၏ ကျေးဇူးကြောင့် ကျန်းမာရေးအသိအမြင်ကြွယ်ဝလာသော စာဖတ်သူတိုင်း သစ်သီး များ၊ ဟင်းသီးဟင်းရွက်များ၊ စားသုံးသီးနှံများ၏ အကျိုးကျေးဇူးအချက်အလက်များကို သိရှိခွင့်ရရှိကြပြီဖြစ်ပါသည်။ အသီးများ စားသုံးမှု ဇယားများအရ စာသုံးမှုအများဆုံးအသီးမှာ ငှက်ပျောသီးဖြစ်ပြီး ဒုတိယစားသုံးမှုအများဆုံးမှာ သင်္ဘောသီးပင်ဖြစ်ပါသည်။ သင်္ဘောသီး မှည့်သည် ကျန်းမာသက်ရှည် နုပျိုမှုများကို ပေးစွမ်းနိုင်သည့် အသီးတွေထဲတွင် အဖိုးတန်ဆုံးအသီးအဖြစ် ယုံကြည်လက်ခံစားသုံး နေကြသည်မှာ ယနေ့ထိပင်ဖြစ်ပါသည်။ သင်္ဘောသီးမှည့်ကို ကျန်းမာလှပလိုသူတွေရဲ့ တော်ဝင်အသီးအဖြစ် တင်စားပြီး စားသုံးသော ကြောင့် သင်္ဘောသီးရဲ့ ဆေးဖက်ဝင် စွမ်းအင်တွေမှ အဟာရဓာတ်များကို လက်ခံရရှိပြီး ကျန်းမာရေးအတွက် ဘေးဘယာတွေ ဝေးကွာ မှုကို ရရှိလျက်ရှိကြပါသည်။

သင်္ဘောသီးမှာ ကမ္ဘာ့ဈေးကွက်ဝင် အစားအစာအဖြစ် တစ်နေ့တခြားထင်ရှားလာမှုကြောင့်ပင်ယနေ့ဆိုလျှင် အိန္ဒိယ၊ တရုတ်၊ မလေးရှား၊ သီရိလင်္ကာ၊ ဘရာဇီး၊ မက္ကဆီကို၊ပီရူး၊ဗင်နီဇွဲလား၊ ဖိလစ်ပိုင်၊ တောင်အာဖရိက၊သြစတြေးလျ၊ပစိဖိတ်ကျွန်းတွေမှာ အံ့မခန်း အောင် စိုက် ကွင်းကြီးတွေနဲ့ စိုက်ပျိုးပြီး ပြည်သူတွေအတွက် ကျန်းမာရေးအစားအစာအဖြစ် ဈေးကွက်တင်ရောင်းချလျက်ရှိကြပါသည်။

မြန်မာ့ရိုးရာတိုင်းရင်းဆေးကျမ်းများအဆိုအရ -

"သင်္ဘောသီးမှည့်သည် အေး၏၊ချို၏၊အတန်ငယ် ဖန်၏၊ ဓာတ်ဆုံး၍အတန်ငယ်ခါး၏၊ သလိပ်ခြောက်နာ၊ ချောင်းဆိုးသွေးပါအနာတို့နှင့် သင့်၏၊ ဆီးဝမ်းကို မှန်ကန်စေတတ်၏၊" (ဇီဝိတဆေးကျမ်း)

"သင်္ဘောသီးမှည့်သည် လေ၊ သည်းခြေကို နိုင်၏၊ ချို၏၊၀မ်းကို ရွှင်စေတတ်၏။" (ဥတုဘောဇနကျမ်း)

သင်္ဘောသီးမှည့်နှင့် တိုင်းရင်းဆေးဝါးအသုံး

အစာခြေရာတွင် အစွမ်းထက်မြက်ဆုံး အသီးဖြစ်ပါသည်။ ကလေးသူငယ်များတွင် ဖြစ်ပွားတတ်သော ရောဂါများ၊ နို့တိုက်မိခင် များ၊ ကိုယ်ဝန်ဆောင်များ၊ သက်ကြီးရွယ်အိုများ၊ ခံတွင်းပျက်သူများ၊ သန်ကောင်ရောဂါ၊အရေပြားရောဂါ၊ အမျိုးသမီးများတွင်ဖြစ်ပေါ်တတ် သည့် မီးယပ်ရောဂါ၊ အသည်းရောဂါများ၊ လည်ချောင်းနှင့် သရက်ရွက်ကြီးခြင်းတို့တွင် ရွေးချယ်စားပေးခြင်းဖြင့် အစာလည်းဆေး ဆေးလည်းအစာအဖြစ် တိုင်းရင်းဆေးပညာကဏ္ဍတွင် အသုံးဝင်သောအသီးဖြစ်ပါသည်။

ကျန်းမာသက်ရှည် နုပျိုစေရန် အထူးဂရုပြုသင့်သည့် အစာအိမ်ရောဂါကုသနည်း

လူတိုင်း ကျန်းမာရေးနှင့် ပြည့်စုံပြီး ကျန်းမာသက်ရှည်နိုင်ပါသည်။ ကျန်းမာမှုနှင့် ပြည့်စုံမှလည်း နုပျိုမှုကို ပိုင်ဆိုင်နိုင်ပါသည်။ အဲဒီတော့ ဒီလိုအရည်အချင်းတွေနှင့် ပြည့်စုံစေရန် အဓိကတင်ပြချင်တာကတော့ အစာအိမ်ရောဂါပါပဲ။ သင်္ဘောသီးမှ ထွက်ရှိတဲ့ အစေးထဲမှာ အစွမ်းထက်တဲ့ အစာခြေအင်ဇိုင်းဓာတ်တွေပါဝင်သည်။ အစာအိမ်တွင်းရှိသည့် အစာခြေအင်ဇိုင်းကို သင်္ဘောစေးမှ ရရှိစေနိုင်ပါသည်။ အစာခြေအင်ဇိုင်းရဲ့ အမည်မှာ ပက်စင်ဓာတ် PEPSIN ဖြစ်ပါသည်။ အစာတွေ ကြေစေနိုင်စွမ်းရှိသည့်စွမ်းအင်ကို သိပ္ပံပညာရှင်များမှ တွေ့ရှိထားတာကြာလှပါပြီ။

အစာအိမ်နှင့် ပတ်သက်သည့် ရောဂါဝေဒနာတွေကို ပျောက်ကင်းစေနိုင်သည့် သင်္ဘောစေး သို့မဟုတ် သင်္ဘောသီးမှည့်ကို စားပေးရန်လိုအပ်ပါသည်။ သင်္ဘောသီးတွင်ပါဝင်သော အင်ဇိုင်းဓာတ်များသည် အစာအိမ်နံရံနှင့် အစာအူလမ်းကြောင်းမှာ ဖြစ်ပေါ်လာမည့် ရောဂါတွေကို တားဆီးကာကွယ်ကုသပေးနိုင်ပါသည်။ အစာလမ်းကြောင်းတွင် ဆဲလ်အသစ်တွေကို ပြန်လည်ဖြစ်ထွန်းစေပါသည်။ ဒီအချက်တွေမှာ အခြားသစ်သီးတွေထက်ထူးခြားသည့် သင်္ဘောသီးဖြစ်ကြောင်း ဆေးဝါးဆိုင်ရာ အမြင်သစ်ကို စာဖတ်သူများ သိစေလိုသော စေတနာနှင့် တင်ပြလိုက်ရပါသည်။

ယနေ့ဆေးသိပ္ပံမြင်ကွင်း

သင်္ဘောသီးမှည့်ကို တစ်နှစ်တာပတ်လုံး ပေါများစွာစားသုံးနိုင်ပေမယ့် နွေရာသီတွင် သီးနှုန်းမှာလျော့နည်းပါသည်။ သင်္ဘောသီးကို စားသုံးပေးခြင်းဖြင့် ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ပါသည်ဟာ သုတေသနပြုချက် သတင်းတစ်ရပ်တွင် ဖော်ပြထားပါသည်။

လူတိုင်းအတွက် လိုအပ်သော အဟာရဓာတ်များ

အဟာရဓာတ်များမှာ လူတိုင်းအတွက် မရှိမဖြစ် လိုအပ်ပါသည်။ သင်္ဘောသီးမှည့်တွင် ဗီတာမင်စီဓာတ်ပါဝင်မှု အချိုးအစားမှာ ၃၁၃.၁ ရာခိုင်နှုန်းထိ ပါဝင်ကြောင်းသိရှိရပါသည်။ ထို့အပြင် အမျှင်ဓာတ်နှင့် ပိုတက်စီယမ်ဓာတ်များလည်း ပါဝင်ကြပါသည်။ ဗီတာမင်အေ၊ ဗီတာမင် အီး၊ဗီတာမင် ကေဓာတ်နှင့် ပြည့်စုံသော သဘောင်္သီးမှည့်ဖြစ်ကြောင်း တင်ပြထားပါသည်။

သင်္ဘောသီးမှည့်ကို မှန်မှန်စားပေးပါ

သင်္ဘောသီးမှည့်ကို သီတင်းတစ်ပတ်လျှင် လေးကြိမ်ခန့် မှန်မှန်စားသုံးပေးလျှင် လေဖြတ်ခြင်းမှ အကာအကွယ်ပေးနိုင်ပါသည်။ ထို့ အပြင် သွေးလှည့်ပတ်မှုများကို တိုးတက်ကောင်းမွန်စေပါသည်။ သင်္ဘောသီးမှည့်ကို နေ့စဉ်ပုံမှန်စားသုံးပေးပါက အူမကြီးကင်ဆာ ဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပါသည်။

နှလုံးသွေးကြောကျဉ်း၊ နှလုံးသွေးကြောပိတ်

သင်္ဘောသီးမှည့်စားသုံးပေးခြင်းဖြင့် အစာခြေဖျက်မှုကို အထောက်အကူပြုစေပြီး ဆီးဝမ်းကိုမှန်ကန်စေသည်။ နှလုံးသွေးကြော ပိတ်ခြင်း တို့ကို ကာကွယ်မှုပေးနိုင်သည့်အပြင် သွေးကြော နံရံများ ပျက်စီးမှုကို ထိန်းသိမ်းပေးနိုင်ပါသည်။ ခန္ဓာကိုယ်တွင်းရှိ အဆိပ် အတောက် များကိုလည်း ဖယ်ရှားပေးနိုင်ပါသည်ဟု ဆေးသုတေသန တွေ့ရှိချက်များအရ တင်ပြလိုက်ရပါသည်။

Ref:  - မြန်မာ့အလင်းသတင်းစာ   - ၉-၁-၂၀၀၈ - ဥတုဘောဇနဆေးကျမ်းနှင့်- ဇီဝိတဆေးကျမ်း

Resource: Health Digest Journal Vol. (7), No. (37) 7-7-2010

No comments: