Saturday, May 5, 2007

Over All

အရက်နာကျခြင်း
အရက်နာကျခြင်းဆိုသည်မှာ အသောက်လွန်၍နောက်တစ်နေ့ နံနက်တွင် နေမထိထိုင်မသာ ဖြစ်ရသော ဝေဒနာပင်ဖြစ်သည်။ သို့သော် လူအချို့မှာမူ အယ်လ်ကိုဟောပမာဏ အနည်းအကျဉ်းသောက်သုံးမိရုံ မျှနှင့်ပင် အလားတူဝေဒနာမျိုး ခံစားကြရတတ်သည်များလည်းရှိပါသည်။ထိုသို့ ခံစားရခြင်းမှာ အရက် သို့မဟုတ် ယမကာတွင်ပါသော အယ်လ်ကိုဟောကြောင့် ကိုယ်တွင်းမှာ ရေနှင့်ဆားဓာတ်ဆုံးရှုံးမှု ဖြစ်ပေါ်ရခြင်းနှင့် ယမကာများထဲတွင် ထည့်လေ့ရှိသော အနံ့၊အရသာစသည်တို့ အတွက်ဖြည့်စွက် ပစ္စည်းများကြောင့်ဖြစ်တတ်ပါသည်။ အထူးသဖြင့် အရောင်ရင့်ယမကာများဖြစ်ကြသည့် ၀ိုင်၊ ဘရန်ဒီ၊ ပို့တ်၊ရှယ်ရီ စသည်တို့ သောက်မိပါက ထိုသို့ဖြစ်လေ့ရှိပါသည်။
အရက်အသောက်များ၍ အရက်နာကျပါက အသည်းတွင်သိုမှီးထားသော အချိုဓာတ်အပြင်တစ်သျှူး များရှိ အချိုဓာတ်ကိုပါ ကိုယ်ခန္ဓာက အဓိကမောင်းနှင်အားလောင်စာ(ကယ်လိုရီ)အတွက်ယူသုံးသဖြင့် နံနက်အိပ်ရာထတွင် ကတုန်ကယင် မရွှင်မလန်းနှင့် အရုပ်ကြိုးပြတ်ဖြစ်တတ်ပါသည်။ထို့အပြင် ခေါင်းကိုက် ခြင်း၊ခေါင်းအုံ၊ခေါင်းမကြည်ခြင်း၊ပျို့ခြင်းအန်ခြင်း၊ အစာစားလိုစိတ်မရှိခြင်း၊အာခေါင်ခြောက်ခြင်း၊ရေငတ်ခြင်း၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ခြင်းစသည့်လက္ဓဏာများလည်းပေါ်တတ်ပါသည်။အရက်စွဲနေသူများမှ အပ လူအတော်များများမှာမူ ကော်ဖီကြမ်းထဲ သံပရာသီးညှစ်သောက်ခြင်း၊ အချိုရည်များသောက်ခြင်းစသည့် နည်းများဖြင့် အလိုအလျောက် ပြန်သက်သာပျောက်ကင်းလာတတ်ပါသည်။
သင့်ဘာသာ ဆောင်ရွက်ကြည့်နိုင်သည့်နည်းလမ်းကိစ္စရပ်များ
မိမိဘာသာ အသောက်များ၊ရေချိန်လွန်သွားပြီ်ဆိုသည်ကို သိပါက အရက်နာကျဝေဒနာသက်သာစိမ့်ခြင်းငှာ အောက်ဖော်ပြပါ ပြုဖွယ်ဆောင်တာများကို လိုက်နာဆောင်ရွက်လိုက်ပါက အရက်နာကျထွေလီကေလာ ဝေဒနာအတော်များများ ၂၄နာရီအတွင်း သက်သာလျော့ပါးသွားနိုင်ပါသည်။
(၁) အရက်ကြောင့်(အယ်လ်ကိုဟောကြောင့်) နောက်တစ်နေ့နံနက်တွင် ကိုယ်တွင်းမှ ရေနှင့်ဓာတ်ဆားဆုံး ရှုံးမှုဒဏ် မခံရစေရန် ရေချိန်လွန်လာသောညဘက် အိပ်ရာမ၀င်မီတွင် အချိုရည်၊ သစ်သီးဖျော်ရည်များကို သောက်ထားသင့်ပါသည်။အိပ်ရာဘေးတွင် ရေတစ်ဖန်ခွက်ထားပါ။ တစ်ရေးနိုး ရေငတ် အာခေါင်ခြောက် တိုင်းထိုရေကိုသောက်ပါ။ သဘာဝသကြားတစ်မျိုးဖြစ်သည့် ဖရပ်တို့စ်ပါသော သစ်သီးဖျော်ရည်များ သောက်ပါက လွန်စွာ အထောက်အကူဖြစ်ပါသည်။လက်ဖက်ရည်၊ကော်ဖီ မသောက်ရပါ။ ကိုယ်တွင်းရေ နှင့် ဆားဓာတ်ဆုံးရှုံးမှုကို ပိုမိုအားပေးကာ အစာအိမ်ကိုလည်းဒုက္ဓပေးပါသည်။ (အရည်များများသောက်ရန် တိုက်တွန်းသော်လည်း ချွေးထွက်စေသည့် ကော်ဖီ၊လက်ဖက်ရည်၊ရေနွေးကြမ်း စသည့်အရည်ပူပူများကိုမူ မသောက်သင့်ပါ။)ရေချိန်လွန်လာသည့်တိုင် အစာစားနိုင်သေးပါက စားပါ။ ယုတ်စွအဆုံး ငှက်ပျောသီးတစ် လုံးကသည်ပင် သွေးထဲတွင် လျော့နည်းနေသော အချိုဓာတ်ကို ပြန်မြင့်တင်ပေးနိုင်စွမ်းရှိသည်ဟု ဆိုပါသည်။
(၂) ခေါင်းကိုက်ပါက အကိုက်အခဲပျောက်ဆေးများသောက်နိုင်ပါသည်။
(၃) ထို့အတူ အစာအိမ်အတွက် သုံးသောဆေးများ(ဥပမာ- အဲန်တာဝင်လ်) ကိုလည်းသောက်နိုင်ပါသည်။
(၄)အရက်နာကျပါက မောနင်းပက်ဖြင့်မဖြေရ။အရက်နာကျဝေဒနာကို ပိုဆိုးစေနိုင်ရုံမက နံနက်၊နေ့လည်၊ ညဆက်တိုက်သောက်တတ်သွားကာ အရက်စွဲသွားစေနိုင်ပါသည်။
(၅) ဝေဒနာအားလုံးသက်သာသည် အထိနားနားနေနေ နေပါ။
(၆) မူးလျှင်မမောင်းနှင့်။
အရက်နာကျ ဝေဒနာပြေ သဘာဝဆေးမြီးတိုများ
ဖရပ်တို့စ် ။ ။ သွေးထဲရှိအယ်လ်ကိုဟောများ အငွေ့ပျံသွားစေရန်ပံ့ပိုးပေးသည့် သဘာဝသကြားတစ် မျိုး။ သစ်သီးဖျော်ရည်များနှင့် ပျားရည်တို့သည် အရက်နာကျအပြေမြန်စေပါသည်။ ဖရပ်တို့စ်ကို Orangeမှရ နိုင်ပါသည်။ အမွှာလိုက်စားစား၊အရည်ညှစ်သောက်သောက် အရက်နာကျအပျောက်မြန်စေသည်။
ဆေးဝါး ။ ။ အကိုက်အခဲပျောက်ဆေးများ။(အစာစားပြီးမှ သောက်ရန်၊အစာမရှိဘဲ မသောက်ရ) အစာအိမ်ဆေးများ။
ကာကွယ်နည်း ။ ။အရက်မသောက်မီ အစာနည်းနည်းစားထားပါ။ အရက်ဆက်တိုက်သောက်မည့် အစား အရက်နှင့် အချိုရည် ခွက်ခြား၍ ကြားညှပ်သောက်ပါ။(သောက်လျှင် လူရော။ ပုလင်းပါလဲမှ၊ အရက်မ၀၍ဟု ဆိုကာ ဆိုင်လည်သောက်သူများ ကျင့်သုံးကြည့်သင့်ပါသည်။)
ဆရာဝန်နှင့် ပြသတိုင်ပင်ရန် အနေအထား
(၁) နံနက်တိုင်း အရက်နာကျကျနေကာ လျှော့မသောက်နိုင်၊ မည်မျှသောက်မိသည်ကိုပင် မခန့်မှန်းမသိ တတ်နိုင်လောက်အောင်ဖြစ်လာသောအခါ။
(၂) အရက်နှင့် မျက်နှာသစ်နေရလျှင်။

No comments: