Monday, May 7, 2007

Jet Lag

Jet Lag အချိန်မှားဝေဒနာ
လေယာဉ်စီး၊ခရီးရှည်သွားရသောအခါ ဖြစ်တတ်သည့်ဝေဒနာ။
ကမ္ဘာ့အရှေ့ခြမ်းမှ အနောက်သို့သွား။အနောက်ခြမ်းမှီ အရှေ့သို့ပြန်လာ၊ ကိုယ်တွင်းရှိ မွေးရာပါ အသိအမှတ်ရွာ လည်ကုန်သည်။ကမ္ဘာ့အရှေ့ခြမ်း၊အနောက်ခြမ်း၊ အိမ်ဦးကြမ်းပြင်ပမာ ဥဒဟိုသွားလာရလျှင် အချိန်ဇုန်(Time Zone) ကိုဖြတ်ရသည်။အရှေ့ဘက်ကနေ့ အနောက်ရောက်သည့်အခါ မိုးမလင်းသေး၊ ယမန်နေ့က ညကာလမှာ ပင်ရှိဆဲ။ လူအတွက် ပြဿနာမဟုတ် သို့သော် လူ့ခန္ဓာကိုယ်ထဲတွင် Bio Clockဟုခေါ်သော ဇီဝနာရီတစ်လုံးရှိ ၏။ သူကစိတ်ခိုင်သည်။အမှတ်သည်းခြေကြီးသည်။ဒီအချိန်ထ၊ဒါလုပ်၊ဒီအချိန်ကျောင်းသွား၊အလုပ်ခွင်ဝင်၊ဒီအချိန် အိမ်ပြန်၊ဒီအချိန်ကျလျှင်အိပ်ဟူသောအစီအစဉ်ကို အသေမှတ်ထားသည်။သူ့နာရီ၏အချိန်နှင့် တစ်ပြေးညီ ရှင်သန်နေထိုင်ခိုင်းသည်။အချိန်ဇုန်ကိုဖြတ်သန်း ခရီးသွားရသောအခါ ကိုယ်တွင်းရှိ ဇီဝနာရီ၏ ပုံသေကားချ အစီအစဉ် မူမမှန်ဘ၀ ကျရောက်သည်။
ထို့ကြောင့် ခရီးသွားရစဉ် အချိန်ဇုန်အသစ်ကို ဖြတ်သန်းရသည့်အခါ ကိုယ်တွင်းဇီဝနာရီက လိုက်ထိန်းညှိ၍အဆင် မပြေသေးခင်စပ်ကြား ခံစားရသော ဝေဒနာအစုစုကို အချိန်မှားဝေဒနာ သို့မဟုတ် ဂျက်လက်ခ်ဟု ခေါ်ပါသည်။ ထိုသို့ဖြတ်သန်းရပြီးနောက် ဆိုက်ရောက်ရာ အရပ်ရှိ ဒေသစံတော်ချိန်အတိုင်း နေ့ညဟူ၍ အလိုက်သင့် ကြိုးစားနေထိုင်ရစဉ်မှာပင် နေ့အခါ နေရထိုင်ရ အထာမကျ၊ညောင်းညာ နုံးနွမ်းနေသည့်အပြင် ညဘာက် အိပ်ရာမှာလည်း အခက်အခဲ ဖြစ်တတ်သေးသည်။ ထို့အပြင် အာရုံစူးစိုက်နိုင်အား လျော့ပါး ခြင်း၊ခံတွင်းပျက်ခြင်း၊ ၀မ်းပျက်ခြင်း သို့မဟုတ် ၀မ်းချုပ်ခြင်းစသည့် ဝေဒနာများကိုလည်း ခံစားရတတ် ပါသည်။
လူအတော်များများအဖို့မူ အချိန်ဇုန်သုံးခု သို့မဟုတ် သုံးခုထက်ပိုသော အချိန်ဇုန်များကို ဖြတ်သန်းရ သည့်အခါကျမှသာ အချိန်မှားခြင်း၏ သက်ရောက်မှုများကိုစတင်ခံစားကြရပါသည်။ အရှေ့မှ အနောက် (ဥပမာ- ဆစ်ဒနီမှ ဂျိုဟန်နက်စ်ဘာ့ဂ်သို့) ခရီးသွားရသည့် အခါနေ့တာရှည်အောင် ဆွဲဆန့်ပေးလိုက် သလို ဖြစ်သွားရသည်။ ထိုအခါ အနောက်မှ အရှေ့သို့ ခရီးသွားရလျှင် ညတာတိုသွားခြင်းဒုက္ခထက်စာ လျှင် အရှေ့မှ အနောက်သို့ သွားရသဖြင့် အချိန်ဇုန်ဖြတ်၊ အချိန်မှားရခြင်း ဒဏ်အတွက်ခန္ဓာကိုယ် ၀န်ပိုမပိ။ ထိုအချိန်မှား ဝေဒနာ သက်ကြီးရွယ်အိုများပိုခံစားကြရလေ့ရှိပါသည်။
သင့်ဘာသာ ဆောင်ရွက်နိုင်သော ကိစ္စများ
အချိန်မှား ဝေဒနာကို ရက်အနည်းငယ်ထက် ပိုခံစားရလေ့မရှိ။အချိန်ဇုန် ဖြတ်ရခြင်း ဒဏ်အတွက် အောက်ဖော် ပြပါအတိုင်းကြိုးစားလိုက်နာ ဆောင်ရွက်ကြည့်ရင်း လက်ရှိ ရောက်ရာနေရာ အချိန်ဇုန်အသစ်နှင့်လည်း အမြန်ဆုံး သဟဇာတ ဖြစ်လာစေရန် ကြိုးစားထိန်းညှိနေထိုင်ကြည့်ပါ။
(၁) ဖြစ်နိုင်လျှင် နေ့ဘက်မှာသာ လေယာဉ်စီး ခရီးသွားပါ။ သင်သွားလိုရာအရပ်သို့ ညနေစောင်းတွင် ရောက်သွားပါက အချိန်မှားဝေဒနာ ခံစားရနိုင်ချိန်နည်းသည်။ သို့သော် ကျောမခင်းရ။ အိပ်ရာဝင်ရချိန် ရောက်တော့မည့် ကာလတိုင် ထကြွလှုပ်ရှားနေပါ။
(၂) ခရီးမထွက်ခင် ကောင်းကောင်းအနားယူပါ။ ခရီးမထွက်မီ တစ်ပတ်အတွင်း ညစဉ် အနည်းဆုံးရှစ်နာရီကြာ အိပ်ပါ။
(၃) ခရီးစထွက်သည်နှင့် အချိန်ဇုန် အသစ်နှင့်အသားကျစေရန် စညှိသွားပါ။
(၄) ကိုယ်တွင်း ရေနှင့်ဓာတ်ဆား ဆုံးရှုံးမှုကို ကာကွယ်နိုင်ရန် လေယာဉ်ပေါ် မရောက်သေးမီ ကာလနှင့် လေယာဉ်ဖြင့် ခရီးသွားနေရစဉ်အတွင်း ရေ(သို့မဟုတ်) သစ်သီးဖျော်ရည် များများသောက်ပါ။ အရက်၊ကော်ဖီ(သို့ မဟုတ်) အအေးများကိုရှောင်ပါ။ကြေလွယ်ရာ အစာစားပါ။နည်းနည်းချင်းသာစားပါ။ အဆီ၊အငန်များသည့် အစားအစာများကို ရှောင်ပါ။
(၅) သင်သွားလိုရာအရပ် ရောက်သည်နှင့်ထိုအရပ်ရှိ ဒေသစံတော်ချိန်နှင့်အညီစားပါ။အိပ်ပါ၊ထပါ။ ကိုယ်တွင်း ဇီဝနာရီပြင်ဆင်ညှိနှိုင်းချိန် ရစေရန်နေ့ဘက်တွင် လမ်းလျှောက်ပေးပါ။သို့မဟုတ်ပါက မျက်စိကြောင်နေတတ် သည်။
(၆) နေရာသစ်သို့ ရောက်စတွင် ညအိပ်ရာမ၀င်မိ သုံးနာရီအတွင်း အရက်၊ကဖင်းန်ပါသော အစားအသောက်များ မမှီဝဲရ။မှီဝဲပါက ညဘက် မျက်စိကြောင်သွားနိုင်သည်။
(၇) အချိန်မှား ဝေဒနာက ဆင်ခြင်နိုင်စွမ်းနှင့် အာရုံစူးစိုက်နိုင်စွမ်းတို့ကို ထွေပြားစေတတ်သည်။ထို့ကြောင့် ဆိုက်ရောက်ရာ အရပ်ရှိ ဒေသစံတော်ချိန်နှင့် အသားမကျမိစပ်ကြား ကားမမောင်းရ။
(၈) မကြာခဏ ခရီးသွားသူဖြစ်ပါက ဘာမီတွန်တို့ကဲ့သို့သော ဆေးများသောက်ကာ အိပ်ကြည့်ပါ။ သို့မဟုတ် ရုတ်တရက် ချက်ချင်းအာနိသင်ပြမည့် အိပ်ဆေး ဆရာဝန်ထံမှ တောင်းသောက်ပါ။
(၉) အချိန်ဇုန်ကို ဖြတ်ရချိန် နှစ်ရက်ထက် နည်းပါမူ အချိန်မှား ဝေဒနာ ခံစားရသောကာလမှ မြန်မြန်လွတ် မြောက်နိုင်ကာ အိမ်မှာကဲ့သို့ပင် နေထိုင်၊သွားလာ၊ စားသောက်နိုင်မည်။
(၁၀) နေ့စဉ် အချိန်မှန် စွဲစားရသည့် စားဆေး၊ထိုးဆေး(ဥပမာ-ဆီးချို၊သွေးချို ထိန်းဆေးဖြစ်သည့် အင်ဆူလင် ထိုးဆေး၊ ပဋိသန္ဓေတားဆေး) များရှိပါက ထိုဆေးများ အချိန်မှန် မှီဝဲနိုင်ရေး ကိစ္စအတါက် ခရီးမထွက်မီ အချိန်ဇုန်ကို ဖြတ်ရ၍ ဆေးထိုးချိန်၊စားချိန် မယိမ်းမယိုင်စေရေး ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသွားပါ။
အချိန်ဇုန်ကို ထိန်းညှိခြင်း
လေယာဉ်ပေါ် တက်ပြီးသည်နှင့် သင်ဆိုက်ရောက်ရာအရပ်တွင် ရှိမည့် ဒေသစံတော်ချိန်ကို သင့်နာရီ တွင်စပြောင်းထားပါ။ဖြစ်နိုင်ပါက လေယာဉ်စီးနေရသည့် ခရီးစဉ်တစ်လျှောက် သင့်စားချိန်၊ နားချိန်၊ အိပ်ချိန်ကို ထိုစံတော်ချိန်နှင့်ချိန်ကိုက် ထိန်းညှိ၍ အိပ်၊စား၊ သွားသင့်သည်။
လေယာဉ်ပေါ် အိပ်လျှင် နားကြပ်တပ်၍ သီချင်းအေးလေးများ နားဆင်ပြီး အိပ်ရာဝင်ပါ။ပေးထားသော ခေါင်းအုံးငယ်ကို ဇက်နောက်မှာ ထားအိပ်ပါ။ မျက်လုံးကာ တပ်အိပ်ပါ။
အိပ်၍မပျော်၊အိပ်ရန်လည်း အခြေအနေမပေးပါက တစ်နာရီတစ်ခါ ထလမ်းလျှောက်ပါ။အဆင်ပြေ ပါက ခရီးဖော်ဖြစ်သူ ဘေးထိုင်ခုံရှိ လူနှင့်စကားစမြည်ပြောပါ။ သို့မဟုတ် စာဖတ်ပါ။ သို့မဟုတ် လေယာဉ်က ပြနေသော ရုပ်ရှင်၊ဖျော်ဖြေရေး အစီအစဉ်တို့ကို ရှုစားပါ။
ဆေးဝါး။ ။ အိပ်မပျော်လျှင် သောက်နေကျဖြစ်ပါက အိပ်ဆေးသောက် အိပ်ပါ။ သို့မဟုတ်ပါက ဘာမီတွန်၊ပိုင်ရီတွန်၊ပိုလာရီမင်း ကဲ့သို့သော အိပ်ငိုက်စေသော အာနိသင်ပါ အယားပျောက်ဆေးများ သောက်ပါ။
ဆရာဝန်နှင့်ပြရန် ။ ၊ ခရီးကပြန်လာပြီး နှစ်ပတ်ကြာသည့်တိုင် အချိန်မှား ဝေဒနာလက္ခဏာများ မပျောက်သေးပါက ဆရာဝန်နှင့်ပြပါ။

No comments: