Wednesday, April 4, 2007

NewYear!

နှစ်သစ်မှာ ဘာတွေလုပ်ကြမယ် မကောင်းမှုကိုဘယ်လိုရှောင်ကြမယ်၊ ဘာလုပ်ငန်းတွေဘယ်လိုကြိုးစားမယ်။နှစ်ဟောင်းကမကောင်းတာတွေကိုနှစ်သစ်မှာ ဘယ်လိုပြင်ဆင်မယ် စသဖြင့်ပေါ့ အဓိဌာန်ချမှတ်ကြ ပြင်ဆင်ကြပါတယ်။အခုရွှေအမြုတေမဂ္ဂဇင်းမှာဆရာမကြီး ပတ္တမြားခင် ရဲ့ဆောင်းပါးထဲမှာ ပါတဲ့ မှတ်စုစာသားလေးတွေကိုဖတ်ကြည့် ကျင့်သုံးကြည့်ပါဦးနော်။ နှစ်သစ်မှာ ကျင့်သုံးလိုက်နာဖွယ်ရာအချက်လေးတွေပေါ့။
(၁) အရင်နှစ်က အချိန်မရလို့ မလုပ်ဖြစ်ခဲ့တာတွေကို ဒီနှစ်ပြီးအောင် လုပ်ပါ။
(၂)ကင်းကွာနေတဲ့ မိတ်ဆွေတွေကို ပြန်လည်ဆုံစည်းရအောင် ဆက်သွယ်ပါ။
(၃) အတေးအမှတ်တွေ မေ့ဖျောက်၊ချမ်းမြေ့မှုပေးမယ့် အမှတ်တရလေးတွေ ပြန်တွေးပါ။
(၄) စိတ်ဓာတ်ကျနေသူနဲ့ ရွှင်မြူးဖွယ်ရာ ဇာတ်လမ်းလေးတွေ ဝေငှခံစားရင်း စိတ်လက်ပေါ့ပါးသွားစေအောင် ဖန်တီးပေးပါ။ ရယ်မောရခြင်းက အကောင်းဆုံးဆေးဆိုတာမမေ့ပါနဲ့။
(၅) ကိုယ် မဖြည့်ဆည်းနိုင်မယ့် ကတိမျိုးပေးဖို့ ရှောင်ရှားပါ။
(၆) ပေးစရာကြွေးတွေ ကျေအောင် ဆပ်ပါ။
(၇) မသိလို့ မေးလာသူကို နူးညံ့သိမ်မွေ့စွာ အဖြေပေးကူညီပါ။
(၈) ၀န်တိုမှုနဲ့ မလိုတမာစိတ်တွေ ဖယ်ရှားပါ။
(၉) လူငယ်လေးတွေကို အရာခပ်သိမ်း မိမိရဲ့ အကောင်းဆုံးကို ပေးတတ်ဖို့ တွန်းအားပြုပေးပါ။
(၁၀) ကိုယ့်အတွေ့အကြုံတွေကို မျှဝေခြင်းဖြင့်စိတ်အားတက်အောင် သွန်သင်ပါ။
(၁၁)လူငယ်တွေအတွက် အားကျအတုယူစရာ စံပြမှု လိုအပ်တာကို မမေ့ပါနဲ့။
(၁၂) တကယ် စိတ်ပါစွာ အားထုတ်မှုဖြင့် မိသားစုနဲ့ မိတ်ဆွေကောင်းတွေကို နီးစပ်အောင် အချိန်ပေးနေပါ။
(၁၃) အဆင်မပြေမှု သေးသေးလေးတွေကို ပုံကြီးချဲ့ အပြစ်မတင်ပါနဲ့။
(၁၄)အပြောခံရသူအတွက် အဲဒီဝေဖန်တဲ့စကားက တစ်သက်တာ အစာမကြေဖြစ်နိုင်တယ်ဆိုတာမမေ့ပါနဲ့။
(၁၅) သူတစ်ပါးအပေါ် ကြင်နာမှုနဲ့ စာနာမှုပေးနိုင်အောင် အချိန်ရှာပါ။
(၁၆) လူသားတိုင်း ဝေစုအချိန်တူ ရရှိကြတာပဲ။၂၄နာရီထက် ဘယ်သူမှပိုမရပါဘူး။ အချိန်ကိုတန်ဖိုးရှိအောင် အသုံးချပါ။
(၁၇) သူတစ်ပါးကို လေးစားမှုနဲ့ ဂုဏ်ပြုချီးကျူးပါ။ စိတ်ဓာတ်တက်စေပါတယ်။
(၁၈) သေသေချာချာ စေ့ငှအောင် တွေးပြီးမှ ဆုံးဖြတ်ပါ။
(၁၉) မတရားမှုတွေ ခွင့်လွှတ်နိုင်အောင် ကြိုးစားပါ။
(၂၀) နားထောင်ပေးပါ။
(၂၁) အကြင်နာနဲ့ ဆက်ဆံပါ။
(၂၂) ကိုယ်မှားရင် တောင်းပန်ဖို့ ၀န်မလေးပါနဲ့။ တောင်းပန်ရလို့ ဘယ်တော့မှ သိမ်ငယ်မသွားပါဘူး။ မြင့်မြတ်ရာရောက်ပါသေး တယ်။
(၂၃) ကိုယ့်အကြောင်း ဂုဏ်ဖော်စရာမလိုပါ။ လူတွေက သိမြင်နိုင်စွမ်းရှိကြပါတယ်။
(၂၄) ကိုယ်နဲ့အမြင်မတူသူကို နားလည်နိုင်အောင် ကြိုးစားပါ။
(၂၅) ရာခိုင်နှုန်းပြည့်ရဖို့ ရှားပါတယ်။ ရသလောက် တန်ဖိုးထားကျေနပ်ပါ။
(၂၆) သူတစ်ပါးထံမှ တောင်းဆိုမှုတွေ ကိုယ်တိုင် အရင်စိစစ်ကြည့်ပါဦး။
(၂၇) စိတ်ကိုလျှော့ပါ။ပေါက်ကွဲစရာ ကိစ္စကြုံရင် စိတ်ရှည်ရှည်ထားစဉ်းစားကြည့်လိုက်ပါဦး။
(၂၈) ကိုယ်က သူများရယ်စရာ ဖြစ်နေခဲ့ရင် ကိုယ်တိုင် အကျယ်ကြီး ရယ်ပစ်လိုက်စမ်းပါ။
(၂၉) ကိုယ်နဲ့ထပ်တူ စိတ်ထားမှ မိတ်ဆွေကောင်းရပါတယ်။ တစ်ဦးနဲ့တစ်ဦး အမှီပြုနေကြတာပါ။
(၃၀) အဆိုးမြင်သမားနဲ့ စိတ်မကျေချမ်းတတ်သူတွေကို ရှောင်ပါ။ အကျိုးမရဘဲ ဆွဲချမယ့်သူတွေ ဖြစ်နိုင်ပါတယ်။
(၃၁) အန္တရာယ်ရှိနိုင်မှန်း သိထားရင်မကျွမ်းကျင်သေးသူကို လုပ်ခိုင်းဖို့ အားမပေးပါနဲ့။
(၃၂) အနာမခံရင် အသာမစံရပါဘူး။
(၃၃) အကောင်းမြင်စိတ်ထားပါ။လုပ်နိုင်တယ်ဆိုတဲ့ စိတ်ဓာတ်က ကိစ္စ အထမြောက်ဖို့ တွန်းအားတစ်ခုပါပဲ။
(၃၄) ကြုံရတဲ့အဖြစ်က တဒင်္ဂပေမယ့် သတိတရရှိနေမှာက တစ်သက်စာပါ။
(၃၅) ကိုယ့်အိမ်မှာ မင်းမူတတ်တဲ့ သူရဲကောင်းမဖြစ်ပါစေနဲ့။
(၃၆) သူတစ်ပါးဆီက အပိုဘာမှမရယူချင်ပါနဲ့။
(၃၇) ကိုယ်ပေးနိုင်တဲ့ မှန်ကန်မှု၊စောင့်သိမှု၊ရက်ရောမှု၊မျှတမှုတွေ ပေးပါ။
(၃၈)ကိုယ်ချောက်ထဲကျနေပြီ ဆိုတာသိရင် ထပ်ပြီးတူးဖို့ စိတ်မကူးလေနဲ့။
(၃၉) ပြောစရာရှိရင် အောက်ကနေပြောပါ။ ဖြည်းဖြည်းပြောပါ။ အများကြီးမပြောပါနဲ့။
(၄၀) ကိုယ့်တန်ဖိုးက ကိုယ့်ရဲ့ လုပ်ဆောင်မှုအပေါ်မှာ မူတည်ပြီး ဖြစ်တာပါ။
မှတ်စု(၄၀)ထဲက စာဖတ်သူများအတွက် အဖိုးတန် ဘ၀သင်ခန်းစာလေးတစ်ခုလောက်များ ရယူလိုက်နိုင်မယ်ဆိုရင် ၀မ်းမြောက်ရမှာပါတဲ့။ ဆရာမကြီးရဲ့ဆောင်းပါးထဲကနေတစ်ဆင့်ဝေမျှလိုက်တာပါ။

1 comment:

Hay Mar said...

Ha ha ha ha ha...
Response to no.(4) and no. (28).