Saturday, February 26, 2022

ဆိုဗီယက်ပြည်ထောင်စုပြိုကွဲခြင်

 ဆိုဗီယက်ပြည်ထောင်စုပြိုကွဲခြင်း

==========================




           ကမ္ဘာ့ပထမဆုံးသောကွန်မြူနစ်နိုင်ငံဖြစ်သည့် လီနင် (Lenin)တည်ထောင်ခဲ့သောဆိုဗီယက်ပြည်ထောင်စုကြီး (Soviet Union)သည် ၁၉၉၁ ခုနှစ်တွင် ပြိုကွဲသွားခဲ့သည်။ထိုပြိုကွဲမှုနှင့်အတူ ကွန်မြူနစ်ဝါဒသည်လည်း ကမ္ဘာမှာ ကျဆုံးသွားခဲ့သည် ဟု ပညာရှင်များက သတ်မှတ်ကြသည်။ ထိုဖြစ်စဥ်သမိုင်းများကို ပြန်လည်ကြည့်ရှုကြပါစို့။


စစ်အေးတိုက်ပွဲ (Cold War)

~~~~~~~~~~~~~~~~~

         ၁၉၃၉ မှ ၁၉၄၅ ခုနှစ်အထိ ကြာရှည်ခဲ့သော ဒုတိယကမ္ဘာစစ်ကြီးတွင် မဟာမိတ်နိုင်ငံများဖြစ်သည့် ဗြိတိန်၊ ပြင်သစ်၊ အမေရိကန်နှင့် ဆိုဗီယက်ပြည်ထောင်စုတို့ ပူးပေါင်းပြီးတိုက်ခိုက်ခဲ့သောကြောင့် ဂျာမန်တို့၏နာဇီဝါဒ နှင့် ဂျပန်တို့၏ ဖက်ဆစ်ဝါဒ ချုပ်ငြိမ်းသွားခဲ့ရကာ ဒုတိယကမ္ဘာစစ်လည်း ပြီးဆုံးသွားခဲ့သည်။ ဒုတိယကမ္ဘာစစ်ပြီးဆုံးချိန်မှစတင်ကာ အမေရိကန်နှင့် ဆိုဗီယက်ပြည်ထောင်စုတို့၏ စစ်အေးတိုက်ပွဲ ပေါ်ပေါက်လာတော့သည်။

            ဒုတိယကမ္ဘာစစ်၏ဒဏ်ကို ဆိုးဝါးစွာခံခဲ့ရသောကြောင့် ဗြိတိန်တွင် ဝင်စတန်ချာချီ (Winston Churchill)၏ ကွန်ဆာဗေးတစ်အစိုးရပြုတ်ကျကာ ကလီမင့် အက်တလီ ( Clement Attele)၏လေဘာပါတီအစိုးရ အာဏာရ လာလေသည်။လေဘာပါတီ၏ မူဝါဒအရ နယ်ချဲ့ကိုလိုနီစနစ်ကို မုန်းတီးသောကြောင့် လွတ်လပ်ရေးပေးရန် အပြင်းအထန်တောင်းဆိုလာကြသော ကိုလိုနီနယ်မြေအများအပြားကို လွတ်လပ်ရေးပေးခဲ့သည်။ထို့ကြောင့် ဗြိတိသျှတို့၏ နေမဝင်အင်ပါယာကြီးမှာ ပျက်သုံးသွားတော့သည်။

              ဒုတိယကမ္ဘာစစ်ပြီးချိန်တွင် အောင်ပွဲရခဲ့သော်လည်း စစ်ပွဲကာလအတွင်းတွင် ဂျာမနီလက်အောက်သို့ ၃နှစ်ကျော်ရောက်ခဲ့စဥ်က ဂျာမန်တို့က စီးပွားရေးကိုဖျက်စီးလိုက်သောကြောင့် ပြင်သစ်တို့သည် လွတ်လပ်ရေးပြန်ရချိန်တွင် နိုင်ငံကိုပြန်လည်ထူထောင်ရေးလုပ်ရန် အလွန်အခက်အခဲတွေ့နေတော့သည်။

            ထိုသို့သောအခြေအနေများကြောင့် အမေရိကန်နှင့် ဆိုဗီယက်ပြည်ထောင်စုတို့ ကမ္ဘာ့စူပါပါဝါနိုင်ငံများ ဖြစ်လာကြသည်။ထိုအခါ အမေရိကန်သမ္မတ ထရူးမင်း (Harry Truman) နှင့် ဆိုဗီယက်ခေါင်းဆောင် စတာလင် ( Joseph Stalin) တို့သည် ကမ္ဘာ့ရန်သူများဖြစ်လာကြသည်။

            သို့သော် နှစ်နိုင်ငံစလုံးတွင် အနုမြူလက်နက်များ ပိုင်ဆိုင်နေပြီဖြစ်သောကြောင့် ရင်ဆိုင်တိုက်ခိုက်ခြင်း မပြုကြဘဲ ကမ္ဘာ့နိုင်ငံငယ်များကို သူတို့၏ သြဇာခံများအဖြစ် သိမ်းသွင်းလာကြသည်။ထိုအခါ ပထမ၊ဒုတိယကမ္ဘာစစ်တို့ကဲ့သို့ ဆိုးဝါးပြင်းထန်သောစစ်ကြီးဖြစ်မလာတော့ဘဲ အေးဆေးစွာပြိုင်ဆိုင်နေကြသောကြောင့် စစ်အေးတိုက်ပွဲကာလဟုခေါ်သည်။ထိုကာလသည် ဒုတိယကမ္ဘာစစ်ပြီးသည့် ၁၉၄၅ခုနှစ်မှ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲသည့် ၁၉၉၁အထိဖြစ်သည်။

             ဒုတိယကမ္ဘာစစ်ကြီးပြီးသည်နှင့် ဆိုဗီယက်ရုရှားခေါင်းဆောင် စတာလင်သည် ၁၉၃၉-၄၀အတွင်း ပိုလန်နိုင်ငံနှင့် စစ်ဖြစ်ချိန်က သိမ်းပိုက်ထားခဲ့သော ဘော်လတစ်နယ်မြေများ(Baltic State)ဖြစ်သည့်အက်စတိုးနီးယား(Estonia)၊ လတ်ဗီးယား (Latvia)၊ လစ်သူယေးနီးယား (Lilthuaria)၊ ဖင်လန် (Finland)နိုင်ငံများကို လွတ်လပ်သောနိုင်ငံများအဖြစ် ထူထောင်ပေးမည်ဟု ကတိပေးကာ ဆိုဗီယက်သြဇာခံရုပ်သေးအစိုးရများကိုသာ တင်ပေးခဲ့ပြီး ကွန်မြူနစ်နိုင်ငံများအဖြစ် သိမ်းသွင်းခဲ့သည်။

             ဒုတိယကမ္ဘာစစ်၏ဒဏ်ကို တိုက်ရိုက်မခံစားခဲ့ရသော အမေရိကန်သည် အခြားနိုင်ငံများထက် ငွေကြေးများစွာချမ်းသာလျက်ရှိနေသည်။ထိုအခါ အမေရိကန်သည် သြဇာဖြန့်ကျက်ဖို့အတွက် သူ၏ငွေများဖြင့် စစ်ဒဏ်ခံစားရသောနိုင်ငံများကို ပြန်လည်ထူထောင်ရန် ငွေကြေးထောက်ပံ့မည့် စီမံကိန်းတစ်ခုကို ရေးဆွဲခဲ့သည်။ ထိုစီမံကိန်းကို ဂျော့မာရှယ်(George Marshall)က ရေးဆွဲသောကြောင့် မာရှယ်စီမံကိန်း (The  Marshall Plan)ဟု အမည်ပေးခဲ့သည်။ 

            မာရှယ်စီမံကိန်းဖြင့် အကူအညီပေးလိုက်သောအခါ လူ့စွမ်းစားအရင်းအမြစ်ကြွယ်ဝသော အနောက်ဥရောပနိုင်ငံများသည် အချိန်တိုအတွင်း ပြန်လည် ကြွယ်ဝလာခဲ့ကြသည်။မာရှယ်စီမံကိန်းအရ  အနောက်ဥရောပနိုင်ငံများကို ထောက်ပံ့ခဲ့သော ပမာဏသည် ဒေါ်လာ ဘီလီယံ ၁၃၀၀၀ (US$13000 billion) ဖြစ်သည်။အမေရိကန်အစိုးရသည် ငွေကြေးချို့တဲ့ဆင်းရဲသော အရှေ့ဥရောပနိုင်ငံများကို မာရှယ်စီမံကိန်းဖြင့် အကူအညီပေးရန် ကမ်းလှမ်းခဲ့သော်လည်း စတာလင်က လက်မခံခဲ့ပေ။ 


ဘာလင်(Berlin)

~~~~~~~~~~

            ဒုတိယကမ္ဘာစစ်အတွင်း မဟာမိတ်တို့သည် ဂျာမနီရှိ နာဇီတို့ကို ဝိုင်းဝန်းတိုက်ခိုက်ကာ ပြင်သစ်၊ ဗြိတိန်နှင့် အမေရိကန်တို့က အနောက်ဘာလင်အပါအဝင် ဂျမန်အနောက်ပိုင်းဒေသတစ်ခုလုံးကို စုပေါင်း၍ ဂျာမန်ဖယ်ဒရယ်သမ္မတနိုင်ငံ(GER, German Federal Republic)ဟု ထူထောင်ပြီး၊ ဆိုဗီယက်တို့က အရှေ့ဘာလင်ဘက်ကိုသိမ်းယူကာ ဂျာမန်ဒီမိုကရက်တစ်သမ္မတနိုင်ငံ(GDR, German Democratic Republic) ဟု ထူထောင်ခဲ့ကြသည်။ဆိုဗီယက်တို့သိမ်းယူထားသော ဂျာမနီပြည်အရှေ့ဘက်ခြမ်းသည် စိုက်ပျိုးရေးထွန်းကားသောအပိုင်းဖြစ်ပြီး အမေရိကန်အပါအဝင်မဟာမိတ်တို့သိမ်းယူထားသော ဂျာမနီအနောက်ပိုင်းသည် အစောပိုင်းတွင် စိုက်ပျိုးရေးမထွန်းကားသောကြောင့် အငတ်ဘေးနှင့်ကြုံတွေ့ရသည်။ 

             အရှေ့ဂျာမနီသည် မူလကတည်းက လယ်ယာစိုက်ရေးထွန်းကားသောကြောင့် သီးနှံများ အလျှံပယ်ထွက်သည်။ ထိုမျှပိုလျှံသောသီးနှံများကို အနောက်ဂျာမနီသို့ တင်ပို့လေ့ရှိခဲ့သော်လည်း စတာလက်က အနောက်ဂျာမနီကို အငတ်ဘေးနှင့်ကြုံတွေ့စေရန် ရည်ရွယ်၍ သီးနှံမတင်ပို့တော့ဘဲ ရုရှားနှင့်အရှေ့ဥရောပနိုင်ငံများကို သီးနှံများကို တင်ပို့ရောင်းချစေခဲ့သည်။ သို့သော် အရှေ့ဥရောပနိုင်ငံများသည် စီးပွားရေးကျဆင်းနေသောကြောင့် ငွေကြေးအကျိုးအမြတ်မရဘဲ အကူအညီပေးသလိုဖြစ်နေသည်။

           ၁၉၄၈ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့တွင် စတာလင်သည် အနောက်ဂျာမနီကို စားနပ်ရိက္ခာပိတ်ဆို့မှု ပြုလုပ်ခဲ့သည်။ လမ်း၊ တံတားများ နှင့် တူးမြောင်းများ အားလုံးကိုပိတ်ဆို့လိုက်သည်။ နောက်ဆုံးတွင် အနောက်ဂျာမနီသည် ငတ်မွတ်မှုကြောင့် ဆိုဗီယက်တို့ထံသို့ ဝင်ရောက်ခိုလှုံလာလိမ့်မည်ဟု စတာလင်က ယုံကြည်ခဲ့သည်။ထိုသို့ထိထိရောက်ရောက် ပိတ်ဆို့လိုက်သောအခါ အနောက်ဂျာမနီသည် အစားအသောက်နှင့် ထောက်ပံ့ပစ္စည်းများ ပြတ်တောက်ကာ အငတ်ဘေးနှင့် ကြီးမားစွာ ကြုံရလေတော့သည်။

               ထိုအခါ အမေရိကန်အပါအဝင် မဟာမိတ်တို့က စားနပ်ရိက္ခာတန်ချိန် ၄၀၀၀ ကို လေယာဥ်များဖြင့် ဂျမန်အခြေစိုက်စခန်းများသို့ နံနက်တစ်ကြိမ်၊ နေ့လည်တစ်ကြိမ်နှင့် ညနေတစ်ကြိမ် စုစုပေါင်းသုံးကြိမ် သယ်ယူပို့ဆောင်ပေးခဲ့သည်။ထို့အခါ အနောက်ဂျာမနီတို့လည်း အငတ်ဘေးမှ လွတ်မြောက်ခဲ့ရသည်။ ဘလင်ပိတ်ဆို့မှု မအောင်မြင်သောအခါ စတာလင်သည် ၁၉၄၉ခုနှစ် မေလတွင် ထိုအစီအဥ်ကို ပြန်လည်ရုတ်သိမ်းခဲ့သည်။စတာလင်က ရုတ်သိမ်းခဲ့သော်လည်း အနောက်အုပ်စုက စတာလင်ကို အမုန်းကြီးမုန်းသွားတော့သည်။ အမေရိကန်တို့၏ မာရှယ်စီမံကိန်းဖြင့် အနောက်ဂျာမနီကိုအကူအညီပေးလိုက်သောအခါ အနောက်ဂျာမနီသည် အချိန်တိုအတွင်း စီးပွာရေးအင်အားကြီးစက်မှုနိုင်ငံဖြစ်လာခဲ့တော့သည်။ စတာလင်ကမူ အရှေ့ဂျာမနီကို စီးပွားရေးနှင့် စက်မှုလုပ်ငန်းများ ထူထောင်ပေးခြင်းမရှိဘဲ လက်ယာစိုက်ပျိုးရေးနိုင်ငံအဆင့်သာ ထားခဲ့သည်။ အမေရိကန်အပါအဝင် အနောက်ဥရောပနိုင်ငံများသည် ဆိုဗီယက်ရုရှားနှင့် ကွန်မြူနစ်နိုင်ငံများအားလုံးကို စီးပွားရေးပိတ်ဆို့မှုများ ပြုလုပ်လာကြတော့သသည်။

           

နေတိုးအဖွဲ့(NATO)

~~~~~~~~~~~~

              ၁၉၄၉ ခုနှစ်တွင် ဆိုဗီယက်တို့ရန်ကို စုပေါင်းကာကွယ်ရန်အတွက် မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (ခေါ်) နေတိုး အဖွဲ့ (NATO, North Atlantic Organisation) ကို ဖွဲ့စည်းလိုက်သည်။ ထိုအဖွဲ့တွင် အမေရိကန်၊ကနေဒါ၊ ဗြိတိန်၊ ပြင်သစ်၊ ဘယ်ဂျီယန်၊ နယ်သာလန်၊ လူဇင်ဘတ်၊ ပေါ်တူဂီ၊ ဒိန်းမတ်၊ အိုက်စလန်၊ နော်ဝေ နှင့် အီတလီနိုင်ငံတို့ ပါဝင်သည်။နောင်တွင် ဂရိ၊ တူရကီနှင့် အနောက်ဂျာမနီတို့ပါ ပါဝင်လာသည်။ နေတိုးအဖွဲ့၏ စည်းမျဥ်းအရ နေတိုးအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံကို ကျူးကျော်တိုက်ခိုက်လာလျှင် ကျန်သောအဖွဲ့ဝင်နိုင်ငံများက စုပေါင်းတိုက်ခိုက်ကြမည်ဖြစ်သည်။

            နေတိုးအဖွဲ့ကြီး ပေါ်ပေါက်လာခြင်းသည် စတာလင်အတွက် အကြီးအကျယ်ခြိမ်းခြောက်မှုဖြစ်သည်။ ၁၉၄၉ ခုနှစ်၊ စက်တင်ဘာလတွင် ဆိုဗီယက်တို့က ပထမဆုံးအနုမြူဗုံးစမ်းသပ်ဖောက်ခွဲမှုပြုလုပ်လာသည်။ ထိုအချိန်မှစတင်ကာ နေတိုးနှင့် ဆိုဗီယက်တို့၏ ဆက်ဆံရေးသည် အဆိုးဝါးဆုံးအခြေအနေသို့ ရောက်ရှိသွားတော့သည်။


ကိုရီးယားစစ်ပွဲ(Korea War)

~~~~~~~~~~~~~~~~~

            ဒုတိယကမ္ဘာစစ်တွင် ဂျပန်များစစ်ရှုံးပြီးနောက် ၁၉၄၅ ခုနှစ်တွင် ကိုရီးယားကျွန်းဆွယ်ကိုမဟာမိတ်တို့က အရှေ့နှင့်အနောက် ၃၈မျဥ်းပြိုင် (38th parallel of latitude ) ဖြင့် နှစ်ပိုင်း ပိုင်းခြားလိုက်သည် ။ တောင်ပိုင်းကို အမေရိကန်တို့ကထိန်းချုပ်ခွင့်ရခဲ့ပြီး မြောက်ပိုင်းဒေသကို ဆိုဗီယက်တို့မှ ထိန်းချုပ်ခွင့်ရရှိခဲ့သည် ။ထိုအခါဆိုဗီယက်လက်အောက်ခံမြောက်ကိုရီးယားမှာ ကွန်မြူနစ်နိုင်ငံဖြစ်လာခဲ့ပြီး အမေရိကန်လက်အောက်ခံ တောင်ကိုရီးယားမှာ ဒီမိုကရေစီနိုင်ငံဖြစ်လာခဲ့သည်။ 

                 ၁၉၄၈ခုနှစ်တွင် ကင်အီဆွန်း(Kim Ii Sung ) သည်မြောက်ကိုရီးယားကွန်မြူနစ်ပါတီ၏ ခေါင်းဆောင်ဖြစ်လာခဲ့သည်။ သူသည်စစ်ဝါဒီတစ်ဦးဖြစ်ပြီး ကိုးရီးယားပြန်လည်ပေါင်းစည်းရေးဟုဆိုကာ ၁၉၅၀ ခုနှစ်၊ ဇွန်လတွင် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်(Seoul)မြို့ကို ဝင်ရောက်သိမ်းပိုက်လိုက်သည်။ ထို့နောက် မြောက်ကိုရီးယားစစ်တပ်သည် တောင်ကိုရီးယားနှင့် အမေရိကန်တပ်များအား ကိုးရီးယားကျွန်းဆွယ် တောင်ပိုင်းဒေသသို့ မောင်းထုတ်လိုက်သည်။၁၉၅၀ခုနှစ် နောက်ပိုင်းတွင် အမေရိကန်တပ်များသည် ရေတပ်အကူအညီဖြင့်တောင်ပိုင်းကို ပြန်လည် သိမ်းပိုက်ပြီး မြောက်ကိုရီးယားအထိ ထိုးစစ်ဆင်ခဲ့သည်။ ထိုအခါ ဆိုဗီယက်ရုရှားနှင့်တရုတ်တို့သည် မြောက်ကိုရီးယားဘက်မှ ကူညီကာ အမေရိကန်ဦးဆောင်သောတပ်များကို တောင်ပိုင်းသို့ ပြန်လည်တိုက်ထုတ်ခဲ့ကြသည်။ ၁၉၅၁ တွင် နှစ်ဖက်တပ်များသည်ယခင်ခွဲခြားထားသည့် ၃၈ မျဥ်းပြိုင် အနီးတွင်ခံတပ် ကတုတ်ကျင်းများတူးပြီး တပ်စွဲကာ ကြီးမားသည့်စစ်ပွဲများအား ၁၈ လ ကြာအောင် တိုက်ခိုက်ခဲ့သည်။ ၁၉၅၃ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက် တွင်  ကုလသမဂ္ဂကြား၀င်စေ့စပ်ဆွေးနွေးမှုဖြင့် မြောက်ကိုရီးယားတို့က စစ်ပွဲရပ်တန့်ရန် သဘောတူခဲ့ကြသည်။ 

              

ခရူးရှက်ခေတ်(Khrushchev)

~~~~~~~~~~~~~~~~~~

                ၁၉၅၃ ခုနှစ်တွင် စတာလင် ကွယ်လွန်သည်။ စတာလင်ခေတ်လွန်သော် ခရူးရှက် (Nikita Khrushchev) အာဏာရလာသည်။၁၉၅၅ ခုနှစ်တွင် ဆိုဗီယက်ပြည်ထောင်စုမှ ဦးဆောင်ကာ ဝါဆောအဖွဲ့ (The Warsaw Pact)ကို ဖွဲ့စည်းလိုက်သည်။ ထိုအဖွဲ့တွင် ပါဝင်သောနိုင်ငံများမှာ ဆိုဗီယက်၊ အယ်ဘေးနီးယား၊ ဘူလ်ဂေးရီးယား၊ ချက်ကိုစလိုဗားကီးယား၊ အရှေ့ဂျာမနီ၊ ဟန်ဂေရီ၊ ပိုလန် နှင့် ရူမေးနီးယားတို့ ဖြစ်သည်။ ဆိုဗီယက်ကွန်မြူနစ်ပါတီ၏ အကြိမ် ၂၀ မြောက် ကွန်ဂရက်တွက် ခရူးရှက်သည် ကွယ်လွန်သူစတာလင်ကို အကြီးအကျယ်ဂုဏ်သိက္ခာချခဲ့ပြီးနောက် သူ၏ ပြန်လည်ပြင်ဆင်ရေးဝါဒကို တင်ပြခဲ့သည်။ ခရူးရှက်၏မိန့်ခွန်းအရ စတာလင်နှင့် ဆန့်ကျင်ဘက်စိတ်သဘောထားကောင်းမွန်ပြည့်ဝသူဖြစ်သည်ဟု အရှေ့ဥရောပကွန်မြူနစ်နိုင်ငံများက ယုံကြည်လာကြသည်။

             ထိုအခါ ဟန်ဂေရီပြည်သူတို့က ဆိုဗီယက်၏ သြဇာအောက်မှ လွတ်မြောက်လိုသောကြောင့် ပုန်ကုန်ကြသည်။ ထိုပုန်ကန်မှုကို ဆိုဗီယက်တို့က စစ်သား၂သိန်းနှင့် တင့်ကား၂၅၀၀ စေလွှတ်ပြီး ရက်စက်စွာ နှိမ်နင်းခဲ့သည်။ ထိုအချိန်တွင် ဗြိတိသျှနှင့် ပြင်သစ်တို့သည် ဆူးအက်တူးမြောင်းအရေးအခင်းတွင်  အစ္စရေးနှင့်ပေါင်းပြီး အီဂျစ်နိုင်ငံကို အနိုင်ကျင့်သည်ဟု ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအများစုက ဆန့်ကျင်ကြသောကြောင့် အခြေအနေရှုပ်ထွေးနေချိန်ဖြစ်ရာ ဆိုဗီယက်တို့က လွတ်လပ်စွာအောင်ပွဲခံနေကြတော့သည်။ခရူးရက်ကိုလည်း စတာလင်ကဲ့သို့သော အာဏာရှင်အဖြစ်မြင်ကုန်ကြတော့သည်။


ဘာလင်တံတိုင်း (Berlin Wall)

~~~~~~~~~~~~~~~~~~~




            ၁၉၆၁ခုနှစ်၊ သြဂုတ်လ ၁၃ရက်တွင် အရှေ့ဂျာမနီနှင့် အနောက်ဂျာမနီကို ဆက်သွယ်မှုအားလုံးဖြတ်တောက်ရန် ဘာလင်တံတိုင်းကို အရှေ့ဂျာမနီဘက်မှ စတင်ဆောက်လုပ်သည်။ တံတိုင်းကြီးသည် ၁၂ပေမြင့်ပြီး ၁၀၃မိုင်ရှည်လျားကာ အရှေ့ဘာလင်နှင့် အနောက်ဘာလင်ကို ၂၈မိုင် ဖြတ်သွားသည်။တံတိုင်းကြီးတွင် ဖြတ်လမ်းဟူ၍ အစောင့်ချထားသော ဖြတ်လမ်း ၂ပေါက်သာရှိသည်။ အရှေ့ဂျာမနီအာဏာပိုင်များက ဘာလင်တံတိုင်းကို ဖက်ဆစ်ဆန့်ကျင်ရေးအကာအကွယ်ဟု တရားဝင်ခေါ်ဆိုခဲ့သည်။ အနောက်ဘာလင်မြို့အစိုးရကမူ လွတ်လပ်စွာသွားလာလှုပ်ရှားခွင့်အပေါ် ကန့်သတ်ချက်ကိုရည်ညွှန်းကာ မြို့တော်ဝန် ဝီလီဘရန့်(Willy Brandt) ကတီထွင်ခဲ့သော အရှက်တရားတံတိုင်း (Wall of Shame) ဟု တစ်ခါတစ်ရံရည်ညွှန်းပြောဆိုခဲ့သည်။ တံတိုင်းကြီးကာထားသော်လည်း အရှေ့ဂျာမနီမှ လူများသည် အနောက်ဂျာမနီသို့ ထွက်ပြေးခိုလှုံရန် ကြိုးစားကြသည်။ ထွက်ပြေးသူများကို အစောင့်များက ပစ်သတ်ကြသောကြောင့် သေဆုံးများလည်း ရှိသည်။


ကျူးဘားဒုံးပျံအရေးအခင်း(Cuba Missile Crisis)

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

           ၁၉၆၂ ခုနှစ်တွင် ဆိုဗီယက်ပြည်ထောင်စုသည် အမေရိကန်တို့၏ရန်မှ ကာကွယ်ရန် သူတို့၏ နျူကလီးယားဒုံးပျံများကို အမေရိကန်ပြည်ထောင်စုအနီးရှိ ကွန်မြူနစ်နိုင်ငံဖြစ်သောကျူးဘားနိုင်ငံ(Cuba)သို့ ဖြန့်ကျက်ရန် ခြေလှမ်းစတင်လာခဲ့သည်။ ဇူလိုင်လတွင် ခရူးရှက်နှင့်ကျူးဘားခေါင်းဆောင်ဖီဒဲလ်ကတ်စထရို(Fidel Castro)တို့အကြားတွေ့ဆုံဆွေးနွေးမှုများအရ လျှို့ဝှက်သဘောတူညီချက်ရရှိခဲ့ပြီး နွေရာသီနှောင်းပိုင်းတွင်ဒုံးကျည်များတည်ဆောက်ခြင်းစတင်ခဲ့သည်။ ကျူးဘားတွင်တပ်ဆင်ထားသည့်ဒုံးပျံများသည် အမေရိကန်ပြည်ထောင်စု၏ ပစ်မှတ်အများအပြားကို တိုက်ခိုက်နိုင်စွမ်းရှိသည့် နျူကလီးယားထိပ်ဖူးတပ်ဒုံးပျံများဖြစ်သည်။၁၉၆၂ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့တွင် အမေရိကန်သူလျိုလေယဉ်မှ ကျူးဘားနိုင်ငံအပေါ် ပျံသန်းပြီး ကျူးဘားဒုံးပျံများကို ဓါတ်ပုံ ရိုက်ယူနိုင်ခဲ့သည်။ ထိုဓါတ်ပုံအရ ကျူးဘားတွင်တပ်ဆင်ထားသည့် ဒုံးပျံလက်နက်အမျိုးအစား နှစ်မျိုးရှိကြောင်းဖေါ် ထုတ်နိုင်ခဲ့ကြသည်။ တစ်မျိုးမှာ တာလတ်ပစ်ဒုံးပျံဖြစ်ကာ မိုင် ၁၁၀၀ အထိရောက်အောင်ပစ်နိုင်ပြီး၊ နောက်တမျိုးမှာ မိုင် ၂၂၀၀အထိရောက်အောင် ပစ်ခတ်နိုင်သည့်တာဝေးပစ်ဒုံးပျံများဖြစ်သည်။ ထိုလက်နက်များသည် အမေရိကန်မြို့ကြီးများဖြစ်သည့် လော့စ်အိန်ဂျလိ၊ ချီကာကို၊ နယူးယောက် စသည့်မြို့များသို့ နျူကလီးယားတိုက်ခိုက်မှု ပြုလုပ်နိုင်သည်ဟုဆိုသည်။ ထို့နောက် အမေရိကန်တို့သည် ကျူးဘားနိုင်ငံကို ရေတပ်ဖြင့် ဝန်းရံပိတ်ဆို့လိုက်ပြီး အောက်တိုဘာ ၂၂ ရက်နေ့တွင် အမေရိကန်သမ္မတ ကနေဒီက ဆိုဗီယက်ပြည်ထောင်စု

အနေဖြင့် ကျူးဘားရှိ ဒုံးကျည်များကို

ပြန်လည်ယူဆောင်ရန်နှင့် ထိုဒုံးပျံများကိုပစ်ခတ်ခဲ့လျှင် ဆိုဗီယက်ပြည်ထောင်စု အစိုးရတွင် 

လုံး၀တာ၀န်ရှိကြောင်း ရေဒီယိုမှ တစ်ကမ္ဘာလုံးကို ကြေညာခဲ့သည်။ အပြည်ပြည်ဆိုင်ရာဥပဒေအရ ရေကြောင်းမှပိတ်ဆို့မှုသည်စစ်ကြေညာခြင်းနှင့်အတူတူဖြစ်သောကြောင့် တစ်ကမ္ဘာလုံးက စစ်ပွဲဖြစ်လာမလားဟုစောင့်မျှော်နေခဲ့ကြသည်။ထိုအရေးအခင်းသည် ကမ္ဘာ့သမိုင်းတွင် နျူကလီးယားစစ်ပွဲ ဖြစ်ရန်အလွန်းနီးစပ်ခဲ့သည့် အရေးအခင်းဖြစ်ခဲ့သည်။ နောက်ဆုံးတွင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဦးသန့်၏ကြားဝင်စေ့စပ်မှုအပါအဝင် အမေရိကန်သမ္မတကနေဒီ၏ အကို ရောဘတ်ကနေဒီ နှင့် အမေရိကန်ဆိုင်ရာဆိုဗီယက်သံအမတ်Dobryninတို့၏ သံတမန်ဆက်ဆံရေးကောင်းမွန်မှုဖြင့် ခရူးရှက်နှင့်အမေရိကန်သမ္မတ ကနေဒီတို့ သဘောတူညီမှုကာ ၁၉၆၂၊ အောက်တိုဘာ ၂၈ ရက်နေ့တွင် ထိပ်တိုက်တွေ့မှုအဆုံးသတ်ခဲ့သည်။ ဆိုဗီယက်တို့သည် ကျူးဘားရှိ သူတို့၏ထိုးစစ်လက်နက်များကိုဖျက်သိမ်းပြီး အမေရိကန်ကလည်း ဆိုဗီယက်နယ်စပ်ရှိတူရကီမှ အမေရိကန်ဒုံးကျည်များကို ဖယ်ရှားပေးရန်သဘောတူညီခဲ့သည်။


ဗီယက်နမ်စစ်ပွဲ(Vietnam War)

~~~~~~~~~~~~~~~~~~~~

            ၁၉၅၄ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံသည် ပြင်သစ်ထံမှ  လွတ်လပ်ရေးရခဲ့ပြီး တောင်နှင့် မြောက် ဟူ၍နှစ်ပိုင်း ကွဲနေသည်။ လွတ်လပ်ရေူရပြီးနောက် မြောက်ဗီယက်နမ်အား ဟိုချီမင်းခေါင်းဆောင်သည့် ကွန်မြူနစ်များက ထိန်းချုပ်ထားသည်။ တောင်ဗီယက်နမ်မှာ ကွန်မြူနစ်မဟုတ်သည့် အစိုးရဖြစ်သည်။ ထိုအချိန်တွင်ကွန်မြူနစ်စနစ်နှင့် လက်ဝဲတော်လှန်ရေးလှိုင်းများသည် အရှေ့တောင်အာရှဒေသသို့ ရောက်ရှိလာပြီးလာခဲ့ပြီဖြစ်ရာ အမေရိကန်ခေါင်းဆောင်များသည် ဗီယက်နမ်အား ကွန်မြူနစ်ထိန်းချုပ်မှုအောက်သို့ရောက်ရှိသွားမည်ကို စိုးရိမ်ခဲ့ကြသည်။ 

            ထိုအချိန်က တောင်ဗီယက်နမ်သည် အင်အားနည်းပါးပြီး ဆူပူမှုများဖြင့် ကြုံတွေ့နေရသည်။ အမေရိကန်အစိုးရသည် ကွန်မြူနစ်များ အာဏာရသွားမည်ကိုစိုးရိမ်သဖြင့် တောင်ဗီယက်နမ်အား ၀င်ရောက်အကူညီပေးလာသည်။အစောပိုင်းတွင် ငွေကြေးနှင့် စစ်ရေးအကြံပေးလောက်သာ ကူညီခဲ့သော်လည်း ၁၉၆၀ ခုနှစ်၊ အမေရိကန်သမ္မတ ကနေဒီ လက်ထက်တွင် ဗီယက်နမ် တွင်အမေရိကန်စစ်သည် ၁၇၀၀ အထိ များပြားလာခဲ့သည်။ သမ္မတကနေဒီ အသတ်ခံရပြီးနောက် ၁၉၆၅ ခုနှစ် သမ္မတ ဂျွန်ဆင်လက်ထက်တွင် တောင်ဗီယက်နမ်၌ အမေရိကန်စစ်သား ရှစ်သောင်းခန့်ရှိလာကာ ၁၉၆၉ ခုနှစ်တွင် ငါးသိန်းလေးသောင်း ကျော်အထိရှိလာခဲ့သည်။ အမေရိကန်စစ်သားအများစုမှာ ပျမ်းမျှအားဖြင့် ၁၉နှစ်အရွယ်လူငယ်များသာ ဖြစ်ကြသည်။ ဗီယက်နမ်စစ်ပွဲအတွင်း အမေရိကန်သည် မြောက်ဗီယက်နမ်အား အကြီးအကျယ်ဗုံးကြဲခဲ့သည်။ အမေရိကန်ပြည်သူများသည် ဗီယက်နမ်စစ်ပွဲကိုဆင်နွှဲနေသော အမေရိကန်အစိုးရအား အပြင်းအထန် ကန့်ကွက်ဆန္ဒပြလာကြသည်။ ထိုဆန္ဒပြမှုအရှိန်ကြောင့် သမ္မတဂျွန်ဆင်သည် နောက်ထပ် သမ္မတရာထူးကို ဝင်အရွေးမခံတော့ဘဲ အနားယူလိုက်ရသည်။ 

              နောက်ပိုင်းတွင် အမေရိကန်တို့သည်

မြောက်ဗီယက်နမ်ကို ပိုမို ဗုံးကြဲလာပြီး တချိန်တည်းမှာပင် အမေရိကန်စစ်သားများကို တောင်ဗီယက်နမ်မှ ဆုတ်ခွာလာစေခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် အမေရိကန်စစ်သား ၆၀၀၀ ခန့်သာ ကျန်ရှိပြီး ငြိမ်းချမ်းရေး အစီအစဉ်များကို ကြိုးစားခဲ့ကြသည်။သို့သော် ငြိမ်းချမ်းရေးမဖေါ်ဆောင်နိုင်ဘဲ ၁၉၇၅ ခုနှစ် ဧပြီ ၂ရ ရက်နေ့တွင် အမေရိကန်စစ်သားများသည် တောင်ဗီယက်နမ်မြို့တော် ဆိုင်ဂုံ မှ ရဟတ်ယဉ်နှင့် ထွက်ပြေးခဲ့ရသည်။ အမေရိကန်စစ်တပ်မရှိသဖြင့်တောင်ဗီယက်နမ် အစိုးရသည် မရပ်တည်နိင်တော့ဘဲနောက်ဆုံးတွင် မြောက်ဗီယက်နမ်တပ်များ၏ သိမ်းပိုက်ခြင်းကိုခံရတော့သည်။ ထိုအခါဗီယက်နမ်နိုင်ငံသည်လည်း တောင်နှင့်မြောက် ပူးပေါင်းသွားခဲ့ကာ ကွန်မြူနစ်နိုင်ငံဖြစ်လာခဲ့သည်။


ခရူးရှက်အလွန်

~~~~~~~~~~

        ၁၉၆၄ ခုနှစ်တွင် ဆိုဗီယက်ခေါင်းဆောင် ခရူးရှက် ရာထူးမှ ဖယ်ရှားခံရကာ ဘရက်ဇညက် (Leonid Brezhnev)ခေါင်းဆောင်ဖြစ်လာသည်။ သူ့လက်ထက်တွင် အာရပ်အုပ်စုနှင့်အစ္စရေးပြသနာများ၊ အီရန်အရေးကိစ္စများဖြစ်ပွားခဲ့ကာ အမေရိကန်နှင့် ဆိုဗီယက်တို့၏ ဝင်ရောက်စွက်ဖက်မှုများ ဆက်လက်ရှိနေခဲ့သည်။ ၁၉၈၂တွင် ဘရက်ဇညက်ကွယ်လွန်ပြီးနောက် ယူရီ အန်ဒရိုပေါ့(Yuri Andropov) တက်လာသည်။ အန်ဒရိုပေါ့သည် ကျမ်းမာရေး ချွတ်ယွင်းသောကြောင့် ဆေးရုံနှင့်အိမ် တလှည့်စီဖြစ်နေရသည်။ ၂နှစ်အကြာ ၁၉၈၄တွင် အန်ဒရိုပေါ့ကွယ်လွန်သည်။သူကွယ်သောအခါ ချာနန်ကို(Konstantin Chernenko)တက်လာသည်။သူလည်း မကြာခင်မှာပင် ရောဂါဖြင့်ကွယ်လွန်လေသည်။ ထိုအခါ ဆိုဗီယက်ကွန်မြူနစ်ပါတီ၏ နံပါတ်စဥ်အတိုင်း ခေါင်းဆောင်ရွေးတင်လျှင် အသက်ကြီးသူများသာရှိနေသောကြောင့် အာဏာရပြီး မကြာခင် ကွယ်လွန်ကုန်ကြသဖြင့် ယခုတစ်ကြိမ်တွင် အသက်ငယ်ပြီး အရည်အချင်းရှိသူကို ရွေးချဟ်ကြသည်။ဤသို့ဖြင့် ၁၉၈၅ခုနှစ်တွင် မီခေး ဂေါ်ဘာချော့ဖ်(Mekhail Gorbachev)အာဏာရလာသည်။ 




ဂေါ်ဘာချော့ဖ်

~~~~~~~~~~

            ဂေါ်ဘာချော့ဖ်သည် ပြုပြင်ပြောင်းလဲရေးသမားတစ်ဦးဖြစ်သည်။ သူ၏ ပြုပြင်ပြောင်းလဲရေးမူဝါဒများနှင့် ကမ္ဘာနိုင်ငံများနှင့်ဆက်ဆံရာတွင် ဗိုလ်ကျအနိုင်ကျင့်ခြင်းမရှိဘဲ တန်းတူရည်တူဆက်ဆံသောမူဝါဒများကြောင့် အရင်ဆိုဗီယက်ခေါင်းဆောင်တို့နှင့် အလွန်ကွာခြားလျှက်ရှိသည်။ ဂေါ်ဘာချော့ဖ်က ဆိုဗီယက်စစ်တပ်သည် အရှေ့ဥရောပတွင် ကွန်မြူနစ်စနစ်အား ကြာရှည်မထိန်းနိုင်ဟု ယုံကြည်သူဖြစ်သည်။ ဆိုဗီယက်ပြည်ထောင်စုရှိပြည်သူများဘ၀တိုးတက်မှုအတွက်စစ်အေးခေတ်အဆုံးသတ်ရန်လိုအပ်​သည်ဟု သူကယူဆသည်။ ထို့ကြောင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲများ၊ စစ်အင်အားလျှော့ချရေးနှင့် နျူကလီယားလက်နက်ဖျက်သိမ်းရေး မကြာခဏပြုလုပ်လာသည်။ ၁၉၈၈ခုနှစ်တွင် ဂေါ်ဘာချော့ဖ်သည် အမေရိကန်သမ္မတ ရော်နယ်ရေဂင် (Ronald Reagan)နှင့် တွေ့ဆုံကာ ဆိုဗီယက်စစ်အင်အားကို ၂၀%အထိလျှော့ချဖို့ သဘောတူညီခဲ့သည်။ ၁၉၈၉ခုနှစ်တွင် လက်ဗီးယား၊ လစ်သူယေးနီးယားနှင့် အက်စတိုးနီးယားနိုင်ငံတို့က ဆိုဗီယက်အုပ်စိုးမှုမှ ကင်းလွတ်ပြီးလုံးဝလွတ်လပ်ရေးပေးရန် တောင်းဆိုလာကြသည်။ထိုအခါ ဆိုဗီယက်၏တပ်နီတော်မှ ဖြိုခွင်းရန်ပြုလုပ်ခြင်းကို ဂေါ်ဘာချော့ဖ်က တားမြစ်ကာ တပ်နီတော်ကို ထိုနိုင်ငံများထံမှ လုံးဝရုတ်သိမ်းပေးလိုက်သည်။ ထို့သို့လွတ်လပ်သွားသည်ကို တွေ့ရသောအခါ ဝါဆောစာချုပ်အဖွဲ့ဝင် အရှေ့ဥရောပနိုင်ငံအားလုံးကလည်း ဆိုဗီယက်အုပ်စိုးမှုမှ ကင်းလွတ်လို့သည်ဟု တောင်းဆိုလာကြသည်။




              ၁၉၈၉ခုနှစ်၊ ဇွန်လတွင်ပြုလုပ်သော ပိုလန်ရွေးကောက်ပွဲတွင် အတိုက်အခံခေါင်းဆောင် လတ်ချ် ဝါလက်ဆာ (Lech Walesa)အာဏာရလာပြီး ဆိုဗီယက်အုပ်စုမှ နှုတ်ထွက်လိုက်သည်။ ရူမေးနီးယားနိုင်ငံတွင် စတာလင်ခေတ်ကတည်းက အာဏာရခဲ့ကာ ပြည်သူများကို ရက်စက်စွာအုပ်ချုပ်လေ့ရှိသောရူမေးနီးယားခေါင်းဆောင် နီကိုလပ်ချောင်ဆက်စကူး(Nicolae Ceauses)ကို ပြည်သူလူထုက မကျေနပ်ဘဲ ဆူပူအုံကြွလာရာ ချောင်ဆက်စကူးသည် အာဏာစွန့်ပြီး ထွက်ပြေးဖို့ကြိုးစားတော့သည်။ သို့သော် ပြေးမလွတ်ဘဲ အဖမ်းခံရကာ ၁၉၈၉ခုနှစ်၊ ဒီဇင်ဘာလ ၂၅ရက်နေ့ ခရစ်စမတ်နေ့တွင် သေဒဏ်စီရင်ခြင်းခံရလေသည်။


              ၁၉၈၉ ခုနှစ်၊ နို၀င်ဘာလ ၉ ရက်နေ့တွင် အရှေ့ဂျာမနီနိုင်ငံသားများသည် အစိုးရကိုဂရုမစိုက်ဘဲ လူထုအင်အားဖြင့် တံတိုင်းကြီးကိုဖြိုချလိုက်ရာ ဘာလင်တံတိုင်းကြီးပြိုကျကာ ဘာလင်မြို့သည် တပေါင်းတစည်းတည်းပြန်လည် ဖြစ်သွားခဲ့သည်။ ၁၉၈၉ခုနှစ် ကုန်ချိန်တွင် ဝါဆောအဖွဲ့မှ ကွန်မြူနစ်နိုင်ငံ ၆ နိုင်ငံနှုတ်ထွက်သွားတော့သည်။၁၉၈၉ခုနှစ်တွင် အသစ်တက်လာသော အမေရိကန်သမ္မတ ဂျော့ဘုချ်(ကြီး)(George H.W.Bush)နှင့် ဂေါ်ဘာချော့ဖ်တို့က ကမ္ဘာ့စစ်အင်အားကြီးနိုင်ငံများပါဝင်သော နေတိုးအဖွဲ့နှင့် ဝါဆောအဖွဲ့တို့၏ စစ်ရေးပြိုင်ဆိုင်မှုဖြစ်သောစစ်အေးတိုက်ပွဲသည် ပြီးဆုံးသွားခဲ့ပြီ ဟု ပူးတွဲကြေညာချက်ထုတ်ပြန်လိုက်သည်။စစ်အေးတိုက်ပွဲပြီးဆုံးအောင် လုပ်ဆောင်ခဲ့သော ဂေါ်ဘာချော့ဖ်ကို ၁၉၉၀ပြည့်နှစ်တွင် နိုဘယ်လ်ငြိမ်းချမ်းရေးဆု(The Nobel Peace Prize)ကို ပေးအပ်ခဲ့လေသည်။


                 ဂေါ်ဘာချော့ဖ်၏ နိုင်ငံခြားရေးပေါ်လစီအောင်မြင်ခဲ့သော်လည်း ဆိုဗီယက်ပြည်တွင်းရှိကွန်မြူနစ်တို့က ဂေါ်ဘာချော့ဖ်သည် ဆိုဗီယက်ပြည်ထောင်စုကို ဖြိုကွဲကာ ကမ္ဘာ့အင်အားကြီးနိုင်ငံအဖြစ်မှ ကျဆင်းအောင်လုပ်နေသည်ဟု ယူဆကြပြီး သစ္စာဖောက်၊ အမေရိကန်သူလျှိုစသည်ဖြင့် စွပ်စွဲကြတော့သည်။ ဆိုဗီယက်ပြည်တွင်းမှကွန်မြူနစ်တို့သည် ဂေါ်ဘာချော့ဖ်ကိုဖမ်းဆီးပြီး စစ်တပ်ဖြင့် အာဏာသိမ်းရန် ကြံစည်ကြတော့သည်။ ကွန်မြူနစ်တို့သည် ဂေါ်ဘာချော့ဖ်ကို ကရိုင်းမီးယားရှိ သမ္မတနွေရာသီစံအိမ်၌ ဖမ်းဆီးထားလိုက်ကြသည်။ ထိုပုန်ကုန်မှုကို ဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီးနှင့် အတွင်းဝန်တို့က ဦးဆောင်ခဲ့ကြသည်။ပုန်ကန်သူများသည် အစိုးရအာဏာကိုလွှဲပြောင်းယူရန် ပါလီမန်အဆောက်အဦးကို တင့်ကားများဖြင့် ထွက်ပေါက်မရှိအောင်ဝန်းရံပိတ်ဆို့လိုက်ကြသည်။


              ထိုအချိန်တွင် ထောင်ပေါင်းများစွာသောဆိုဗီယက်ပြည်သူများ ထွက်လာပြီး ဂေါ်ဘာချော့ဖ်ကိုထောက်ခံကြောင်း အော်ဟစ်ကြကာ အာဏာသိမ်းနေသော ဆိုဗီယက်စစ်တပ်ကို ပြည်သူများက ထပ်မံဝိုင်းလိုက်ကြသည်။ ထိုအချိန်တွင် မော်စကိုမြို့တော်ဝန် ဘောရစ် ယဲ့ဆင် (Boris Yeltsin, The Mayar of Moscow)ရောက်လာကာ အာဏာသိမ်းစစ်တပ်၏ရှေ့ဆုံးမှ တင့်ကားပေါ်ကိုတက်ပြီး တပ်မတော်အနေနှင့် သမ္မတနှင့် ပုန်ကန်သောဝန်ကြီးချုပ်တို့အကြား ဝင်မပါဘဲ ပြည်သူကသာ ဆုံးဖြတ်ပါစေဟု ပြောဆိုညှိနှိုင်းရာ တပ်မတော်ခေါင်းဆောင်များက ယဲ့ဆင်၏တောင်းဆိုချက်ကို လက်ခံလိုက်ကြသည်။ ထို့ကြောင့် တပ်မတော်မှအာဏာသိမ်းမည့် အစီအစဥ် ပျက်သွားပြီးနောက် ဂေါ်ဘာချော့ဖ်ကို နွေရာသီစံအိမ်မှ ပြန်လွှတ်ပေးကာ သမ္မတတာဝန်ကို ပြန်လည်ထမ်းဆောင်စေသည်။သို့သော် ဂေါ်ဘာချော့ဖ်သည် ဆိုဗီယက်ပြည်ထောင်စု၏ခေါင်းဆောင်အာဏာများ မရှိတော့ပေ။ နေရာတိုင်းတွင် မော်စကိုမြို့တော်ဝန် ဘောရစ်ယဲ့ဆင်၏ အာဏာသာ ဖုံးလွှမ်းနေတော့သည်။ ယဲ့ဆင်၏အာဏာမှာ တဖြည်းဖြည်းကြီးထွားလာကာ နောက်ဆုံးတွင် ဆိုဗီယက်ကွန်မြူနစ်ပါတီကို ပုန်ကန်သောသူပုန်ပါတီအဖြစ်သတ်မှတ်ကာ ရုရှားပြည်ထောင်စု(Rublic of Russia)တွင် တရားဝင်ရပ်တည်ခွင့်မရှိသောပါတီအဖြစ် ကြေညာလိုက်တော့သည်။ ကွန်မြူနစ်ပါတီ၏ ဥက္ကဌသည် နိုင်ငံ၏သမ္မတဖြစ်သော်လည်း ယခုအချိန်တွင် ကွန်မြူနစ်ပါတီမှာ တရားမဝင်ပါတီဖြစ်နေသော​အခါ ဂေါ်ဘာချော့ဖ်အနေဖြင့် သမ္မတရာထူးဆက်လက်ယူထား၍မရတော့ပေ။ အာလုံးကလည်း ဂေါ်ဘာချော့ဖ်ကို မလေးစားကြတော့ပေ။ ထို့ကြောင့် ၁၉၉၁ခုနှစ်၊ ဒီဇင်ဘာ ၂၅ရက်နေ့တွင် သမ္မတရာထူးမှ နှုတ်ထွက်ကြောင်း လက်မှတ်ရေးထိုးပေးလိုက်ရတော့သည်။ ဤသို့ဖြင့် ခေါင်းဆောင်ကြီး လီနင် စတင်တည်ထောင်ကာ ခေါင်းဆောင်စတာလင် ထိန်းသိမ်းခဲ့ပြီး ခရူးရှက်တို့ ဘရက်ဇညက်တို့လက်ထက်အထိ သြဇာအာဏာကြီးမားခဲ့သော ဆိုဗီယက်ပြည်ထောင်စုကြီးသည် မီခေးဂေါ်ဘာချော့ဖ်လက်ထက်တွင် ပြိုကွဲသွားခဲ့ရတော့လေသည်။




#Light_of_Youth


ကိုးကား -

- ဆိုဗီယက်ကွန်မြူနစ်ပါတီနှင့် ဆိုဗီယက်ပြည်ထောင်စုပြိုကွဲခြင်း - ရဲဘော်ခင်မောင်ကြီး

- ကရုရှက်မှတ်မိသမျှ   - ညိုမြနှင့် အယ်ဒီတာအဖွဲ့

- ဆိုဗီယက်ယူနီယံ၏နောက်ဆုံးနေ့ရက်များ - ဇင်သန့်

-နေရူး၏ လျှပ်တပြက်ကမ္ဘာ့သမိုင်း   - ဘိုးလှိုင်

- A Short History of the World - Prof-Azmanfred

- Wikipedia and photo credit

No comments: