Tuesday, March 20, 2018

တစ်ယောက်ထဲ ခရီးသွားတော့မယ် သူတွေအတွက်

တစ်ယောက်ထဲ ခရီးသွားတော့မယ် သူတွေအတွက်....... 
အနော်ပြောပြချင်တဲ့ အချက်(၈)ချက် 😊😊❤❤❤


အနော့်ကို မကြာခဏလာမေးကြတယ်။ တစ်ယောက်ထဲခရီးသွားရမှာ ဘာတွေပြင်ဆင်ရမလဲ၊ တစ်ခါမှလည်း အတွေ့အကြုံမရှိတော့ မသွားရဲလို့ပါဆိုပြီး မေးကြတယ်။ အနော်ကိုယ်တိုင်လည်း အရင်က တစ်ယောက်ထဲ ခရီးသွားတာ သိပ်မရှိခဲ့ဘူးရယ်။ ဒါပေမယ့်လည်း တကယ်တမ်း သွားရမယ်ဆိုတော့လည်း မဖြစ်ဖြစ်အောင် သွားရတာပါပဲ။ အဲ့တော့ တစ်ယောက်ထဲ ခရီးသွားမယ့် ဆောင်ရန်ရှောင်ရန်လေးတွေလည်း အနော်သိသလောက် မျှဝေပေးမယ်နော့ … 😃😃

📌(၁) ကြောက်စိတ်ကို ဖျောက်ပစ်ပါ

တစ်ယောက်ထဲ ခရီးသွားမယ်ဆိုတဲ့အချိန်မှာ ကြောက်စိတ် ဆိုတာလေးကဖြစ်တတ်တယ်။ အထူးသဖြင့် မိန်းကလေးတွေပေါ့။ တွေးပူတတ်တာနဲ့ အလကားနေ ကြောက်တတ်တာတော့ နည်းနည်းကွဲမယ်ထင်တာပဲ။ ဆိုတော့ ဘာမှန်းမသိတဲ့ အခြေအနေအတွက် ပြင်ဆင်ထားပါ။ ဒါပေမယ့် ဘာမှန်းမသိသေးတဲ့ အရာတွေအတွက် ကြောက်စိတ်ကိုတော့ ဖျောက်စေချင်တယ်။ ကြောက်တာဆိုတာ ခံစားချက်တစ်ခုပဲ။ အဲ့ဒီခံစားချက်ကို တခြား ပျော်စရာလေးတွေနဲ့ အစားထိုးလိုက်ပေါ့လေနော့်။ အနော်ဆိုရင် ကြောက်ပေမယ့် သွားရတာပဲ။ ဟိုရောက်ရင် သိပ်လှတာတွေ တွေ့ရမှာ၊ ဓါတ်ပုံတွေရိုက်ရမှာ ဒေသအစားအစာတွေ စားရမယ်ဆိုပြီး ပျော်စရာနဲ့ ပြောင်းပြီး တွေးလိုက်တော့ ကြောက်စိတ်က ပျောက်သွားရော။ ကြောက်စိတ်ပျောက်သွားတော့မှ တကယ်လုပ်ရမယ့် ပြင်ဆင်ရမယ့် အချက်တွေစဉ်းစားမိပြီး စီစဉ်ရမှာပေါ့နော့်။ ကြောက်စိတ်ရှိနေသရွေ့ကတော့ အယောင်ယောင်အမှားမှားနဲ့ စိတ်ကြီး လေးနေတာပဲ အဖတ်တင်မှာ။ ဆိုတော့ နံပတ်(၁)အရေးကြီးဆုံးအချက် - ကြောက်စိတ်ကို ဖျောက်လိုက်ပါ .. ☺☺

📌(၂) ခရီးအတွက် လိုအပ်တာတွေကို စိတ်အေးအေးထားပြီး ကြိုတင်စီစဉ်ထားပါ

တစ်ယောက်ထဲ ခရီးသွားမယ်ဆိုတော့ ခရီးအတွက် သေချာပြင်ဆင်ထားဖို့လိုတာပေါ့။ လမ်းမှာတစ်ခုခုဖြစ်ရင် ကူမယ့်သူက မသေချာဘူးလေနော့။ ဆိုတော့ အသွားအပြန် လက်မှတ်တွေ၊ ဟိုတယ်တွေကအစ တစ်ကိုယ်ရေ အသုံးအဆောင်တွေ ကိုယ်သွားမယ့် ခရီးမှာ ကြုံရမယ့် ဖြစ်နိုင်မယ့် လိုအပ်ချက်တွေကို စဉ်းစားပြီး ယူသွားပါလို့။ ဒါပေမယ့် စိတ်အပူလွန်ပြီး ရှိရှိသမျှ အကုန်သယ်သွားတော့ မဖြစ်စေနဲ့ပေါ့နော့် .. ဘာလို့ဆို ကိုယ်တိုင် သယ်ရမှာဆိုတော့လေ မသက်သာဘူးရယ် … 😁😁😛

📌(၃) ပြုံးပြပါ၊ ဖော်ဖော်ရွေရွေ ဆက်ဆံပေးပါ

ကိုယ့်နေရာမဟုတ်တဲ့ တခြားနေရာကိုသွားရင် သေချာပေါက် လူသစ်တွေနဲ့ပဲ တွေ့ရမှာပေါ့။ တစ်ယောက်ထဲ သွားတယ်ဆိုပေမယ့် လူမရှိတဲ့ ကျွန်းသွားတာမှမဟုတ်တာပဲလေနော့။ ဆိုတော့ အဲ့ဒီဒေသမှာရှိတဲ့ လူတွေနဲ့ တွေ့ရမှာပဲ ပြောဆိုဆက်ဆံရမှာပဲ။ အနော်ကတော့ တစ်ယောက်နဲ့တစ်ယောက် တွေ့တဲ့အခါမှာ အရင်ဆုံး လှိုက်လှိုက်လှဲလှဲပြုံးပြစေချင်တယ်။ ဖော်ဖော်ရွေရွေ ပြောဆိုဆက်ဆံစေချင်တယ်။ ဘာလို့ဆို ကိုယ်က သူများအရပ်ဒေသကို သွားတာဆိုတော့ တစ်ခုခု ကိုယ့်ကိုမကျေနပ်ရင် ကိုယ့်အတွက် အန္တရယ်ဖြစ်သွားနိုင်လို့လေနော့။ ကားငှားတာ အစားအသောက်စားတာက အစကိုယ်ဘက်က ကောင်းကောင်းမွန်မွန်ဆက်ဆံတဲ့အခါ သူတို့လည်း ကြည်ဖြူတယ်။ ကိုယ်နေတဲ့အရပ်လည်း နာမည်ကောင်းရတာပေါ့။ ဘယ်ဒေက လူငယ်လေးလေ ဒီလိုလာတာ၊ သဘောကောင်းလိုက်တာ ဖော်ရွေလိုက်တာ အဲ့လိုမျိုးတွေပေါ့ .. ဒါတွေက နိုင်ငံခြားသွားရင် ပိုသိသာပါလိမ့်မယ် … 😊😊

📌(၄) မိတ်ဆွေသစ်ဖွဲ့ပါ

ဒါကတော့ လူတစ်ယောက်နဲ့ တစ်ယောက် တူမှာမဟုတ်ပါဘူး။ တစ်ယောက်ထဲအေးအေးဆေးဆေး နေချင်လို့ သွားတာရှိသလို၊ မသွားမဖြစ်လို့ တစ်ယောက်ထဲသွားရတဲ့သူတွေလည်း ရှိမှာပဲ။ မသွားမဖြစ်သွားရတဲ့အခါ နေရာအသစ်မှာ မိတ်ဆွေဖွဲ့တယ်၊ တစ်ယောက်နဲ့တစ်ယောက်ရိုင်းပင်း ကူညီတယ်ဆိုရင် ကိုယ့်အတွက်လည်း အကျိုးရှိ၊ မိတ်ဆွေသစ်တွေလည်းရတာပေါ့။ ပြီးတော့တဲ့ ခရီးသွားရင်းနဲ့ ရတဲ့ မိတ်ဆွေတွေရဲ့ Friendship ကပိုပြီး ခိုင်မြဲတယ်တဲ့။ ဘာလို့ဆို ခရီးသွားရတယ်ဆိုတာ မထင်မှတ်ထားတဲ့ ကိစ္စတွေအများကြီးဖြစ်လာနိုင်တယ်။ အဲ့ဒီအချိန်မှာ အတူတူရင်ဆိုင်ဖြေရှင်းကြရင်းနဲ့ ကိုယ့်ဘ၀အတွက် တန်ဖိုးရှိတဲ့ မိတ်ဆွေတွေလည်း ရသွားနိုင်တာပေါ့ …. 😊😊

(ဒါပေမယ့် လူတွေကို သေချာ အကဲခတ်ပြီးမှ မိတ်ဆွေဖွဲ့ပေါ့နော့် .. တော်ကြာ ရုပ်ရှင်ထဲကလို ဖြစ်ကုန်မှဖြင့် မနော်ထိုက်ကြီးပြောလို့လေ ဆိုတာမျိုး မိမိကြောက်တယ်)😁😁😛😛😛

📌(၅) လိုအပ်တဲ့ နည်းပညာ အကူအညီအသုံးပြုနိုင်အောင် ပြင်ဆင်ထားပါ

အခုခေတ်က နည်းပညာခေတ်တဲ့။ ကိုယ်သိချင်တဲ့ အချက်အလက်တို့ လမ်းကြောင်းတွေကအစ ဖုန်းတစ်လုံးထဲမှာ အကုန်လုံးသိနိုင်ပြီလေ။ အများကြီးမသုံးတတ်တောင် GPS တို့ Map လေးတွေ ဖွင့်သွား။ နိုင်ငံခြားသွားမယ်ဆိုရင် ကိုယ်သွားမယ့်နေရာရဲ့ Tourism Information Center တို့၊ Hotel Booking Website တို့၊ ရဲစခန်းဖုန်းနံပတ်တွေ တစ်ခါတည်းရှာထား။ ကိုယ်သွားမယ့် နေရာရဲ့ ရာသီဥတုတို့၊ ဆောင်ရန် ရှောင်ရန်တို့၊ လိုအပ်တဲ့ စာတွေ အချက်အလက်တွေကို Google မှာအရင်ကြိုကြည့်ထားပေါ့။ အဲ့လောက်လေးတွေကတော့ အခြေခံသိထားမှ တစ်ယောက်ထဲသွားတဲ့အခါ အဆင်ပြေနိုင်မှာပါ။ ပြည်တွင်းကတော့ ဘယ်သူ့မေးမေး အရေးမကြီးပေမယ့် ပြည်ပသွားတဲ့အခါ အဲ့တာတွေက တကယ်သိထားဖို့ အရေးကြီးပါတယ်လို့ .. 😃😃

📌(၆) တန်ဖိုးကြီး ပစ္စည်း၊ ငွေတို့ကို သိုသိုဝှက်ဝှက် သိမ်းထားပါ

တစ်ယောက်ထဲပဲ သွားသွား၊ အများနဲ့ပဲ သွားသွား လူကြားထဲသွားရမှာပဲလေနော့်။ လူထဲမှာလည်း ကောင်းတဲ့လူရှိသလို မကောင်းတဲ့သူတွေရှိမှာပဲ။ တန်ဖိုးကြီးပစ္စည်းတွေက မယူသွားရင် ပိုကောင်းတယ်ဆိုပေမယ့် တကယ်တမ်းအရေးကြုံတဲ့အခါ လိုလာပြန်ရော။ ဥပမာ ပိုက်ဆံပြတ်သွားတာပဲ ဖြစ်ဖြစ် ပေါင်နှံလို့ရတဲ့ပစ္စည်းလေးတွေပေါ့ … ဒါပေမယ့်အနော်ကတော့လေ အဲ့တာလေးတွေကို သိုသိုဝှက်ဝှက်လေးပဲ သိမ်းထားစေချင်တယ်။ ခုနက ပြောသလို ကိုယ့်အန္တရယ် ကိုယ်ဖိတ်ခေါ်သလိုဖြစ်သွားမှာစိုးလို့ပါ … 😊😊

📌(၇) ဓါတ်ပုံကောင်းကောင်းလေးတွေ ရအောင်ရိုက်ပါ 

ဒါက တစ်ယောက်ထဲ ခရီးသွားမယ့်သူတွေအတွက် အရေးကြီးဆုံးကိစ္စတစ်ခုဆို မမှားဘူးဟုတ် .???? 😃😃


အရင်ကတော့ Gopro တစ်ချောင်းနဲ့ လျှောက်သွား လျှောက်ရိုက်နေပေမယ့် တကယ်တမ်းကျ ကင်မရာနဲ့ရိုက်တဲ့ ပုံတွေက ပုံထွက် ပိုကောင်းတယ်။ အနော်လည်း ခရီးသွားတဲ့အခါ ဓါတ်ပုံတွေကို ကြုံတဲ့သူကို ကြုံသလိုအကူအညီတောင်းရတာပဲ။ လမ်းမှာတွေ့တဲ့သူလည်း ရိုက်ခိုင်းတာပဲ။ အတူတူသွားတဲ့သူငယ်ချင်းတွေလည်း ရိုက်ခိုင်းတာပဲ။ ဒါပေမယ့် အနော်က ဘလိုင်းကြီး ရိုက်ချင်သလိုရိုက်ကြဆိုပြီး ပြောတာ မဟုတ်ဘူးရယ်။ ဓါတ်ပုံမရိုက်ခိုင်းခင် သူတို့ကို သေချာသင်ပေးတယ်။ ကင်မရာကိုင်တာအစ ခလုပ်ကအစ ကိုယ်လိုချင်တဲ့ Frame, နေရာကအစ သေချာချိန်ကြည့် ကိုယ့်ရှေ့မှာ ရိုက်ကြည့်ဟုတ်ပြီ၊ ကြိုက်ပြီဆိုမှ အနော့်ကို ရိုက်ခိုင်းတာ။ ပြီးကျ သေသေချာချာ ကျေးဇူးတင်စကားပြောပေါ့။ အဲ့လိုတွေ သေချာသင်ပေးပြီးမှကို လုပ်တာ အနော်စိန်က။ ဒါပေမယ့်လည်း တချို့တွေကျ မြန်မြန်ရိုက်တတ်သွားတယ်။ တချို့ကျ ဘယ်လိုနေနေ မရိုက်တတ်ဘူးပေါ့။ အဲ့တာလေးတွေတော့ သည်းခံရတာပေါ့လေ။ ကိုယ်က ပုံကောင်းကောင်း လိုချင်တယ်မှတ်လား … 😁😁😛
(ဒါပေမယ့် နိုင်ငံခြားသွားရင်တော့ အဲ့လောက် မလွယ်ဘူးပေါ့နော့် .. တော်ကြာကိုယ့် ကင်မရာကြီးလုပြေးနေမှဖြင့်) 😁😁😂😂

ဆိုတော့ ကိုယ်တိုင်က ဓါတ်ပုံအခြေခံရှိမှ သူများကို အဲ့ဒီအတိုင်း သင်ပေးနိုင်မှ ပုံက ကောင်းတာလေးတွေထွက်တာ။ သူများကို သင်ပေးရမှာ ရှုပ်တယ်၊ ကိုယ့်ဘာသာကိုယ်ပဲ ရိုက်မယ်ဆိုသူတွေအတွက်လည်း ရသေးတယ်။ Tripod လေးဝယ်သွား ကိုယ်ရိုက်ချင်တဲ့ နေရာမှာ ဆက်တင်ချိန်ပြီးရိုက်ပေါ့။ လူကြားထဲတော့ နည်းနည်းမျက်နှာပြောင်တိုက်ပြီး ရိုက်ရမှာပေါ့လေ။ အနော်တို့ဆိုလည်း အိုက်လိုပဲ … 😄😄

အဲ့ Selfie Stick လေးတွေနဲ့လည်း ရိုက်လို့ရသေးတာပေါ့။ ဒါပေမယ့် ကိုယ့်မျက်နှာကြီးပဲပါပြီး အနောက်က ဘယ်နေရာရောက်လို့ ရောက်နေမှန်းမသိဆိုရင်လည်း ခရီးသွားဓါတ်ပုံကောင်းကောင်း မဖြစ်တော့ဘူးလေနော့ … 😁😁

📌(၈) မေတ္တာပို့သွားပါ

ဒီနည်းကတော့ လူငယ်တော်တော်များများကြိုက်ကြလိမ့်မယ်လို့မထင်ဘူး။ ရှေးရိုးဆန်တယ် ဘာညာ ထင်ကြမှာပေါ့လေ။ ဒါပေမယ့် အဲ့ဒီနည်းကတော့ အနော်ခရီးသွားတိုင်း အမြဲလုပ်တဲ့ နည်းလေးပဲ။ ဘယ်သွားသွား ဘယ်လာလာ အဲ့ဒီဒေသက အကုန်လုံးကို မေတ္တာပို့ပြီးသွား၊ လမ်းခရီးအဆင်ပြေတယ်၊ အန္တရယ်ကင်းတယ် ဆိုပြီး အနော့်အမေက အမြဲသတိပေးတယ်။ ကိုယ်ကလည်း သူ့သမီးဆိုတော့ ကိုယ့်အတွက်လည်း သိပ်မခက်ခဲတော့ အမြဲလုပ်ဖြစ်တယ်ပေါ့။ အဲ့လိုနဲ့ပဲ အနော်စိန်တို့ ခရီးတွေ တစ်ခုပြီးတစ်ခု သွားခဲ့သည်ပေါ့ …. 😄😄


ဆိုတော့

ပထမဆုံးအကြိမ် တစ်ယောက်ထဲ ခရီးသွားရမယ့်သူတွေအတွက် ဒီစာစုလေးက အထောက်အကူဖြစ်မယ်လို့ ထင်ပါတယ်။ အနော့်ကို ရေးခိုင်းတဲ့သူတွေလည်း ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

စိတ်သွားတိုင်း ကိုယ်ပါ ခရီးသွားနိုင်ကြပါစေလို့ ဆုတောင်းရင်း
ဆက်လက်တင်ဆက်ပါဦးမယ်
😊😊😊

Credit: Travel By Naw Htike 

No comments: