Thursday, March 8, 2018

ဆီးချိုသောက်ဆေးများအကြောင်း

ပါမောက္ခသန်းသန်းအေး
------------------------------------


ဆီးချိုသွေးချိုရောဂါဖြစ်ပြီဆိုရင် လူနာတွေ အစားလျှော့စားမယ်၊ အချိုတွေ လျှော့စားမယ်၊ အဆီတွေ လျှော့စားမယ်။ ဒါ့အပြင် ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းတွေလည်း လုပ်မယ် . . စသဖြင့် လူနာတွေ နားလည်သလောက်၊ ကြားဖူးသလောက် လိုက်လုပ်နေကြတာဟာ အလွန်ကောင်းတဲ့ တွေ့ရှိချက်တစ်ခုပါပဲ။
တချို့ကတော့ အချိုရှောင်ရုံနဲ့ သွေးတွေ မချိုတော့ဘူးလို့ ထင်မြင်ယူဆပြီး ဆေးကုမခံတော့ဘဲ၊ ဒီအတိုင်း အချိုမစားတော့ဘဲ နေကောင်းသရွေ့ နေနေကြတာကိုလည်း တွေ့ဖူးပါတယ်။ ခက်တာက ဆီးချိုသွေးချိုလူနာတွေမှာ အပေါ်ယံကြည့်လိုက်ရင် ဆေးမကုလည်း ဒီပုံလောက်ပဲ၊ ဆေးကုနေတဲ့ သူတွေမှာလည်း ဒီပုံလောက်ပဲ ထင်ရတာဟာ တကယ်တော့ နောက်ဆက်တွဲရောဂါ ဝေဒနာတွေ စပေါ်လာတဲ့နေ့တွေ ရှေ့ကို အများကြီး စောပြီးရောက်ရှိလာမှာကို လူနာတွေမသိကြလို့ပဲ ဖြစ်ပါတယ်။ ဒါဟာ အလွန်အရေးကြီးတဲ့ အချက်တစ်ခုပါပဲ။ တကယ်တော့ ဝေဒနာမရှိပေမဲ့ သွေးချိုထိန်းနိုင်ဖို့ အလွန်အရေးကြီးပါတယ်။ သွေးချိုရောဂါရှိမှန်းသိတဲ့နေ့ကစပြီး အမြန်ဆုံး ထိရောက်အောင် သွေးချိုချဖို့လိုပါတယ်။ အချိန်ဆွဲလေ ပိုထိခိုက်လေပဲဖြစ်ပါတယ်။
ဒီလိုထိရောက်တဲ့ သွေးချိုမှတ်တွေ ရောက်ရှိအောင် သွေးချိုကျဆေးတွေကို အသုံးပြုရပါတယ်။ အစားရှောင်ရုံနဲ့ မရနိုင်ပါဘူး။ ဒီတစ်ပတ်မှာတော့ ဆီးချိုစားဆေးတွေက ဘယ်လိုအသုံးဝင်ပြီး ဘယ်နှမျိုးရှိသလဲ၊ ဒီဆေးတွေက ဘာကြောင့် မျိုးစုံအောင် ရှိနေတာလဲဆိုတာကို ရှင်းပြပါမယ်။

ဆီးချိုစားဆေး အမျိုးမျိုးရှိတဲ့အနက် လောလောဆယ် မြန်မာနိုင်ငံမှာ ရရှိနိုင်တဲ့ ဆေးအုပ်စု ပေါင်း ငါးမျိုးရှိပါတယ်။
ဘာလို့ ဒီလို ဆေးအုပ်စုငါးမျိုး ရှိရသလဲဆိုတော့ သွေးချိုများလာစေတဲ့ အခြေခံအကြောင်းရင်းတွေ အမျိုးမျိုးပေါ် မူတည်ပြီး ဆေးမျိုးစုံ ဖော်ထုတ်ခဲ့ကြလို့ ဖြစ်ပါတယ်။

ပုံကိုကြည့်ပြီး ရှင်းပြရင် ပိုလွယ်ပါတယ်။

အကြောင်းရင်း(၁)
မုန့်ချိုအိတ်ကနေ အင်ဆူလင်လုံလောက်အောင် ထုတ်မပေးတဲ့အတွက် သွေးထဲမှာ အချိုဓာတ်(ဂလူးကိုစ့်)တွေ များရတာ ဖြစ်ပါတယ်။

ဆေးအုပ်စု(၁) Sulphonylurea (SU)
ဒီဆေးအုပ်စုက ဆေးတွေဟာ အင်ဆူလင် ပိုထွက်စေအောင် တွန်းအားပေးတဲ့ ဆေးတွေဖြစ်ပါတယ်။ ဒီအုပ်စုမှာပါတဲ့ ဆေးတွေကတော့-
(က) Gliclazide ရိုးရိုးနဲ့ MR ဆိုပြီး နှစ်မျိုးရှိပါတယ်။ ဈေးကွက်ထဲမှ ရောင်းချနေတဲ့ ဆေးနာမည်တွေကတော့ ဥပမာ - Clibite 80, Sunglizide 80, Diabend 80, Reclide 80, Diamicron MR 30/60, Diabend MR 30/60, Reclide MR 30/60 တို့ပဲဖြစ်ပါတယ်။

MR ဆိုတဲ့သဘောက Modified Release ဆိုတဲ့ ပြုပြင်ဖန်တီးမှုကြောင့် ဆေးကို နံနက်မှာ တစ်ကြိမ်တည်း သောက်လိုက်ရုံနဲ့ ဆေးအားကို တဖြည်းဖြည်း တစ်နေ့လုံးအတွက် ထိရောက်စေလို့ အကြိမ်ကြိမ် ပြန်သောက်နေစရာမလိုပါဘူး။ ဆေးသောက်ဖို့ မေ့တတ်သူတွေ အတွက် အထူးသင့်လျော်ပါတယ်။

MR မပါတဲ့ ဆေးတွေကလည်း အလားတူ အကျိုးရရှိပါတယ်။ ဒါပေမဲ့ ဆေးအာနိသင် တိုပါတယ်။ ဒါကြောင့် အနည်းဆုံး နှစ်ကြိမ်တော့ ခွဲသောက်ရပါမယ်။

 ဘယ်အချိန်သောက်ရမလဲဆိုတာ ရှင်းပြပါမယ်။ ဒီဆေးတွေက မုန့်ချိုအိတ်ရှိ ဘီတာကလပ်စည်းတွေဆီကို ရှေ့ပြေးအနေနဲ့ အရင်ရောက်သွားရပါမယ်။ ဒါမှ စားတော့မယ့် အစာမှ သွေးထဲရောက် ရှိလာမယ့် အချိုဓာတ်တွေအတွက် အင်ဆူလင်ကို အချိန်ကိုက် ထုတ်ပေးထားနိုင်ဖို့ နှိုးဆော်ပေးရမှာ ဖြစ်ပါတယ်။ ဒါကြောင့် အစာမစားမီ ၁၅ မိနစ်မှ ၃၀ မိနစ်ခန့် ကြိုသောက်ထားရမှာ ဖြစ်ပါတယ်။

တခြား (SU) အင်ဆူလင် ပိုထွက်အောင် လှုံ့ဆော်ပေးတဲ့ ဆေးတွေကတော့- Glimepride 2mg နဲ့ 4mg ဥပမာ- Ameryl, Glimepiride Denk, Glypride, GP2, Euglim, Getryl, Orinase, Glemaz စသဖြင့် တံဆိပ်များစွာရှိကြပြီး၊ Glipizide 5mg ဆိုရင် Minidiab, Glutrol တံဆိပ် အနေနဲ့ရှိပါတယ်။ ဒီဆေးတွေအားလုံးဟာ နာမည်ကွဲလွဲပေမဲ့ လုပ်ဆောင်ချက်တူကြတဲ့ အုပ်စုတစ်ခုထဲက ဆေးတွေပဲ ဖြစ်ကြပါတယ်။

အထူးသတိပြုရမှာကတော့ တူတဲ့ ဆေးအုပ်စုတစ်စုတည်းက ဆေးအချင်းချင်း ရောပြီးသုံးရင် ဘာမှအကျိုးပိုမထူးနိုင်ပါဘူး။

အကြောင်းရင်း (၂) နှင့် (၃)
Insulin Resistance ရှိတဲ့သူ၊ အထူးသဖြင့် အဝလွန်သူတွေမှာ အင်ဆူလင် တွန်းခံမှု များတာကြောင့် အင်ဆူလင် ပိုပြီး လိုအပ်ပါတယ်။
ဥပမာ-ထမင်းနှစ်ပန်းကန်စားမှ တင်းတိမ်တဲ့သူကို သူများစားသလို တစ်ပန်းကန်ပဲ ကျွေးရင် သူ့အဖို့ မလုံလောက်သလိုပါပဲ။ သူများထက် အင်ဆူလင် ပိုလိုအပ်လို့ မလုံလောက်တာ ဖြစ်ပါတယ်။ ဒါကြောင့် ပြန်ပိန်သွားရင် အင်ဆူလင် လိုအပ်ချက်နည်းပြီး ဆီးချို ပိုကောင်းလာ တတ်ပါတယ်။

ဆေးအုပ်စု(၂)  (၃) Metformin နှင့် Pioglitazone ဆေးများ
အကြောင်း (၂) နဲ့ (၃)ကို လျော့နည်းသွားစေတဲ့ ဆေးအုပ်စုတွေ ဖြစ်ပါတယ်။ ဒီဆေးအုပ်စု ကတော့ အင်ဆူလင်များများမလိုဘဲ အလုပ်ဖြစ်လာအောင် (Insulin Resistance နည်း အောင်) ပြုလုပ်ပေးနိုင်တဲ့ ဆေးတွေဖြစ်ပါတယ်။ ဒီဆေးတွေကတော့ မက်ဖော်မင် (Metformin) ဆိုတဲ့ ဆေးနဲ့ ပိုင်အိုဂလစ်တာဇုံး (Pioglitazone) ဆိုတဲ့ ဆေးတွေပဲ ဖြစ်ပါတယ်။ ဒီဆေးတွေ သုံးရင် အသည်းကနေ အချိုဓာတ်တွေ ပြန်လွှတ်ပေးတာကို တားဆီးထားနိုင်တဲ့ အတွက် နံနက်စောစောမှာ များနေတဲ့ သွေးတွင်းအချိုဓာတ်ကို အထူးကျစေပါတယ်။

ဒီဆေးတွေကို ဆေးအုပ်စု(၁) SU တွေနဲ့ တွဲပြီးသုံးရင် ပိုပြီး အစွမ်းထက်ပါတယ်။ လုပ်ဆောင်တဲ့ ရှုထောင့်မတူကြလို့ လိုက်ဖက်ပါတယ်။ တစ်ခုမနိုင်မှ တစ်ခုလာတွဲကြတာရှိသလို နှစ်မျိုးပေါင်းပြီး တစ်ပြိုင်တည်း စသုံးကြတာတွေလည်း ရှိကြပါတယ်။

ဒီဆေးအုပ်စုက ဘယ်အချိန်မှာပဲ သောက်သောက် နေ့စဉ်အချိန်မှန်မှန် သောက်ရင် ရပါတယ်။ အစာမစားမီပဲ ဖြစ်ဖြစ်၊ စားပြီးစမှာပဲဖြစ်ဖြစ် သောက်နိုင်ပါတယ်။ တကယ်လို့ ဆေးမစား မီသောက်ကြည့်လို့ ဗိုက်အောင့်တာ၊ လေပွတာရှိရင် စားပြီး ပြောင်းသောက်လိုက်ပါ။

မက်ဖော်မင်ရဲ့ ဆိုးကျိုးတစ်ခုကတော့ လေပွ၊ ဗိုက်အောင့်၊ ဝမ်းပျက်တတ်တာတစ်ခုပါပဲ။ အစားပျက်တာက လူနာရှင်တွေ မကြိုက်ပေမဲ့ ဆရာဝန်က ကြိုက်ပါတယ်။ ရောဂါအတွက် အကျိုးရှိလို့ပါ။ ကျောက်ကပ်ပျက်စေတဲ့ ဆိုးကျိုးမရှိပါဘူး။

ပိုင်အိုဂလစ်တာဇုံးအုပ်စု ဥပမာ ပိုင်အိုဂလစ်(Pioglit) နဲ့ ပိုင်အိုးဇ် (Pioz)၊ ဇိုးလစ်ဒ် (Zolid)၊ ဂလီဇွန်း (Glizone) တွေက ထိရောက်ပေမယ့် ဝလာမယ်၊ စားကောင်းမယ်၊ တချို့ လူနာတွေမှာ နည်းနည်းဖောတောတောဖြစ်လာမယ် . . စတဲ့ မကြိုက်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိပါတယ်။ ကောင်းကျိုးနဲ့ ဆိုးကျိုးကိုယှဉ်ပြီး အားသာတဲ့ဘက်ကို ကြည့်သုံးရမှာ ဖြစ်ပါတယ်။ မက်ဖော်မင်နဲ့ ပိုင်အိုဂလစ်တာဇုံး တွဲပြီး သုံးရင် ပိုပြီးပြည့်စုံပါတယ်။ ဆေးနှစ်မျိုးမှာရှိတဲ့ ဆိုးကျိုးတွေကိုလည်း အချင်းချင်းပြန်ထောက်ထား၊ ထိန်းထားစေပါတယ်။ ဥပမာ- မက်ဖော်မင် သောက်ရင် အစာမစားချင်ဘူး၊ ပိုင်အိုဂလစ်တာဇုံးသောက်ရင် အစာစားချင်တယ်။ မက်ဖော်မင် က ပိန်စေတယ်၊ ပိုင်အိုဂလစ်တာဇုံးက ဝစေတယ်။

အကြောင်းရင်း (၄)
စားလိုက်တဲ့ ကစီဓာတ်အားလုံးဟာ အူထဲရောက်သွားရင် ဂလူးကို့စ်သကြားဓာတ်တွေ ဖြစ်သွားပါတယ်။ အစာမြန်မြန်စားတဲ့သူ၊ အစာမြန်မြန်ကြေလွယ်သူတွေမှာ သွေးတွင်း အချိုဓာတ်တက်နှုန်း ပိုမြန်တတ်ပါတယ်။ ဒါကြောင့် ထမင်း ဒါမှမဟုတ် အစာကို ဖြည်းဖြည်းချင်းစားရင် အချိုတက်နှေးပါတယ်။ တချို့လူတွေမှာ အစာစားပြီး နှစ်နာရီမှာ စစ်တဲ့ ဆီးချိုတွေ သိပ်မြင့်နေပြီး နံနက်စောစော မစားခင်အဖြေက သိပ်မဆိုးတာ တွေ့ရတတ်ပါတယ်။

ဆေးအုပ်စု (၄) Alpha Glucosidase Inhibitor
ဒီဆေးတွေက အူထဲမှာ အချိုဓာတ်စုပ်ယူနှုန်း နှေးစေတဲ့ဆေးတွေ ဖြစ်ပါတယ်။ ဈေးကွက်မှာရှိတဲ့ ဆေးကတော့ Acarbose နဲ့ Voglibose တွေပါပဲ။ အများသိကြတဲ့ ဆေးနာမည် တွေကတော့ ဂလူကိုဘေး(Glucobay)၊ ဒိုင်ယာဘို့စ် (Diabose) နဲ့ ဗိုလီဘို့စ် (Volibose) စတာ တို့ဖြစ်ကြပါတယ်။ အစာစားပြီးချိန်မှာ သွေးတွင်းအချိုဓာတ်တက်တာ လျော့နည်းစေပါတယ်။ ဆေးကို ဘယ်အချိန်မှာ သောက်လို့ အကောင်းဆုံးလဲဆိုတော့ (စားတဲ့ အစာတွေနဲ့ ဆေးကို အစာအိမ်နဲ့ အူထဲမှာ ရောနှောသွားစေလိုတဲ့အတွက်) အစာစားတာနဲ့ ဆေးသောက်လိုက်ရပါမယ်။ ထမင်းတစ်လုတ် စားပြီးတာနဲ့ ဆေးသောက်လိုက်လို့ ရပါတယ်။

အကြောင်းရင်း (၅)
နောက်ဆုံးမှာ ဆီးချိုသွေးချိုဖြစ်စေတဲ့၊ ဆိုးစေတဲ့အကြောင်းရင်း တစ်ခု တွေ့ရှိလာပါတယ်။ အဲ့ဒါကတော့ အင်ဆူလင်နဲ့ အမြဲတွဲဖက်ပြီး တန်ပြန်ဆန့်ကျင်နေတဲ့ ဂလူကာဂွန် (Glucagon) ဟော်မုန်းဓာတ်ဖြစ်ပါတယ်။

ဆီးချိုရှိတဲ့သူတွေမှာ အင်ဆူလင်ကနည်းလို့ သွေးထဲက အချိုဓာတ်တွေကို အသုံးမပြုနိုင်တော့ဘဲ သွေးထဲမှာ အချိုဓာတ်တွေ များလာတာဖြစ်ပါတယ်။ တခြားတစ်ဖက်မှာလည်း ဂလူးကာဂွန်များနေတာကြောင့် မလိုအပ်ဘဲ အချိုဓာတ်တွေကို အသည်းက မသိမ်းထားဘဲ ထပ်ထုတ်လွှတ်ပေးနေပြန်ပါတယ်။ (လူကောင်း)အင်ဆူလင် မရှိရတဲ့အထဲ (လူဆိုး)ဂလူကာဂွန်ကလည်းများနေတာကြောင့် ဒုက္ခ နှစ်ပြန် ကဲသွားတာနဲ့တူလှပါတယ်။ ဒါကို တန်ပြန်ပြုပြင်ပေးနိုင်တဲ့ ဟော်မုန်းကတော့ အူမှ ထွက်တဲ့ဟော်မုန်း (Gut Hormone)GLP တွေပဲဖြစ်ပါတယ်။

ဆေးအုပ်စု(၅) DPP 4 Inhibitors နှင့် GLP-1 analogue များ
ဒီလို GLP ကို များစေတဲ့ဆေးကတော့ DPP4 inhibitors တစ်ခုဖြစ်တဲ့ Sitagliptin တွေပဲ ဖြစ်ပါတယ်။ ဒီဆေးအုပ်စုမှာ တခြားဆေးတွေရှိပေမဲ့ မှတ်သားရတာ မရှုပ်ထွေးရအောင် ချန်ထားပါတယ်။ ဒီ Sitagliptin တွေကတော့ ဈေးကွက်ထဲမှာ ဂျနူးဗီးယား(Januvia) က မူလ (Original) ဆေးပါ။ တခြားရရှိနိုင်တဲ့ အလားတူ ဆေးအမည်တွေကတော့ ထရီးဗီးယား(Trevia)၊ စစ်တာဂလစ် (Sitaglit)၊ စစ်ဂလီတာ (Siglita)၊ ဇီဂလစ်(Ziglip)၊ စစ်တာ(Sita) စသဖြင့်တွေ့ရမှာဖြစ်ပါတယ်။ ဒီဆေးတွေရဲ့ အားသာချက်ကတော့ ဒီဆေးတစ်မျိုးတည်းသုံးရင် သွေးတွင်းအချိုဓာတ်အကျလွန်တာ၊ ခန္ဓာကိုယ် ဝစေတာ မရှိပါဘူး။ ဒါပေမဲ့ တခြားဆေး SU အုပ်စုတွေ နဲ့သုံးရင်တော့ SU ကြောင့် သွေးတွင်း အချိုဓာတ်ပိုကျနိုင်ပါတယ်။ ဆေးက တစ်နေ့မှာ ၁၀ဝ မီလီဂရမ် ၁ကြိမ် ဒါမှမဟုတ် ၅၀ မီလီဂရမ် ၂ ကြိမ်လဲ သုံးလို့ရပါတယ်။ ထပ်တိုးသောက်လို့ မရပါဘူး။

အကြောင်းရင်း(၆)
ဆီးချိုသွေးချိုရောဂါရှိတဲ့ သူတွေမှာ သွေးချိုတွေများလွန်းတဲ့အတွက် ဆီးထဲမှာ လျှံထွက် လာပြီး ဆီးချိုတာကိုလည်း ဖြစ်စေပါတယ်။ ဒါပေမဲ့ ဒီသွေးတွင်း အချိုဓာတ်တွေကို ဆီးထဲမှာ အတိုင်းအတာ တစ်ခုလောက်ထိပဲ စွန့်ပစ်နိုင်ပါတယ်။ သွေးထဲက အချိုဓာတ်တွေ ကျသွားစေနိုင်လောက်တဲ့ အစွမ်းမရှိပါဘူး။ ဆီးထဲမှာ အချိုဓာတ်(ဂလူးကို့စ်)တွေ များများသာ စွန့်ပစ်နိုင်ရင် သွေးထဲက အချိုဓာတ်တွေ လျော့ကျသွားမှာဖြစ်ပါတယ်။

ဆေးအုပ်စု(၆) SGLT-2 Inhibitors
ဒီလိုသွေးထဲမှာပိုနေတဲ့ သကြားဓာတ်တွေကို ဆီးထဲကနေ စွန့်ထုတ်ပစ်လိုက်နိုင်ရင်၊ ဒါမှမဟုတ် ဒီထွက်ပေါက်ကို သုံးပြီး အချိုဓာတ်တွေ စွန့်ပစ်လိုက်နိုင်ရင် သွေးထဲမှာ အန္တရာယ်ပေးမယ့် အချိုဓာတ်တွေကိုလျော့အောင် လုပ်လို့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် SGLT-2 လို့ခေါ်တဲ့ ဆေး အုပ်စုတစ်စု ပေါ်ပေါက်လာရတာပဲ ဖြစ်ပါတယ်။ ဒီဆေးမျိုး မြန်မာနိုင်ငံမှာ မရရှိသေးပေမဲ့ တခြားနိုင်ငံတွေမှာ သုံးနေကြပါပြီ။ မှတ်သားဖွယ်ရာအဖြစ် တင်ပြရတာပဲဖြစ်ပါတယ်။

သွေးချိုဘာကြောင့် များနေရသလဲဆိုတဲ့ အကြောင်းရင်းတွေပေါ်မူတည်ပြီး ဒီအချက်တွေကို ပြုပြင်ပြောင်းလဲ ပေးလိုက်တာကြောင့် သွေးချိုကျစေတဲ့ ဆေးမျိုးစုံ ရှိလာရတာဖြစ်ပါတယ်။

ဒီဆေးတွေကို ဘယ်လိုပေါင်းစပ်ပြီး ဘယ်သူ့အတွက် ဘယ်ဆေးကို ဦးစားပေးပြီး သုံးသင့်သလဲဆိုတာ သိဖို့လိုပါတယ်။ ဒါတွေကို လူတစ်ဦးချင်းအလိုက် မတူတဲ့အတွက် မိမိရဲ့ဆရာဝန် ညွှန်ကြားမှုကိုသာ ခံယူလိုက်နာပြီး သုံးသင့်ပါတယ်။

“ဆီးချိုသောက်ဆေးတွေက ကျောက်ကပ်ကို ပျက်စီးစေတယ်. .” ဆိုတဲ့ အယူအဆတွေ ရှိနေလို့ ဆက်လက်ရှင်းပြလိုပါတယ်။ ဒါဟာ ပညာပေးရာမှာ မှားယွင်းပြောဆို ရေးသားမိသူတွေ ရှိခဲ့တဲ့အတွက် သော်လည်းကောင်း၊ လူနာတွေအချင်းချင်း အသိချင်း ဖလှယ်ကြရာမှလည်းကောင်း လူအများကြားမှာ ပျံ့နှံ့သွားတာဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်လို့ လူနာတစ်ဦးနဲ့တွေ့ဆုံ ရပုံလေးကို တင်ပြလိုက်ရပါတယ်။

အသက် ၆၀ အရွယ်ရှိ ဒေါ်သိန်းကတော့ ဝါးခယ်မက လူနာဖြစ်ပါတယ်။ သူ့ရဲ့ ကျောက်ကပ် အားနည်းနေလို့ မြို့တက်လာရတာပဲဖြစ်ပါတယ်။

“ကျန်းမာရေးစစ်ဆေးလိုက်တော့ ကျွန်မကျောက်ကပ်တွေ ပျက်နေပြီပြောလို့လာပြတာပါ။ ဒီမက်ဖော်မင်တွေ တောက်လျှောက်သောက်နေတာ ၁၀ နှစ် ရှိပြီ၊ မက်ဖော်မင်စွဲသောက်မိလို့ ကျောက်ကပ်ပျက်တာလို့လည်း မိတ်ဆွေတွေက ပြောကြတယ်။ ကျွန်မရဲ့ မိသားစုဆရာဝန် ကလည်း ဒီမက်ဖော်မင်ကို ဆက်မသောက်ဖို့ ညွှန်ကြားပြီး တခြားဆေးတွေ ပေးလိုက်တယ်။ ဒီလို မှန်းမသိလို့ သောက်နေမိတာဆရာမရယ်” လို့ ဒေါ်သိန်းက ပြောပါတယ်။
“ဒေါ်သိန်းက ဆီးချိုရောဂါဖြစ်ပြီးတာ ၁၀ နှစ်ကြာပြီဆိုတော့ ဘယ်နှခါကျန်းမာရေး စစ်ဆေးခဲ့ဖူးပြီလဲ၊ ဆီးချိုမှန်မှန် စစ်ထားသလား၊ ဆီးချိုအမှတ်တွေကော ကောင်းရဲ့လား” လို့ ဆရာမက မေးလိုက်တော့-
“ကျွန်မရဲ့ ကျန်းမာရေးစစ်ဆေးတာ ဒီတစ်ခါပဲရှိသေးတယ်။ အခု စစ်တော့မှ မက်ဖော်မင်ကြောင့် ကျောက်ကပ်ပျက်တာ သိရတော့တယ်” လို့ပြန်ဖြေပါတယ်။

“ဒီလိုမဟုတ်သေးပါဘူး၊ ဘယ်ဆီးချိုဆေးကမှ ကျောက်ကပ်မပျက်စေပါဘူး၊ ဒေါ်သိန်းရဲ့ သွေးချိုက အရမ်းများနေပြီး နှစ်ပေါင်းကြာလာတော့ ကျောက်ကပ်ထိခိုက်သွားတာပါ၊ ဒီလိုမဖြစ်ရအောင် သွေးချိုအမှတ်တွေကို ထိရောက်တဲ့ ဘောင်အတွင်းရောက်အောင် ချရမယ်။ ဒီလို ကျရောက်အောင် ဆီးချိုသောက်ဆေးတွေကို ချိန်ညှိပေးရမယ်။ ဒါကြောင့် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေနဲ့ တိုင်ပင်ရမယ်။ ဆီးချိုလူနာတွေက အများအားဖြင့် အစပိုင်းမှာ ဘာဝေဒနာမှမခံစားရတော့ ဘာဆေးမှ မသောက်တာတောင် အပြင်ပန်းအားဖြင့် ကောင်းနေသလိုရှိကြတာ၊ သွေးချိုအဖြေကိုပဲ ကြည့်ပြီး ဆေးပြင်နေရမှာ”

ဆရာမပြောလိုက်တော့ ဒေါ်သိန်းက အံ့အားသင့်သွားပါတယ်။
“ဟင် . . ဒါဆို ဒီမက်ဖော်မင်က ကျွန်မကျောက်ကပ်ကို ပျက်စေတာ မဟုတ်ဘူးပေါ့”

“ဆီးချိုဖြစ်သူတိုင်းလိုလို မက်ဖော်မင်သောက်နေကြတော့ သောက်သူတိုင်း ကျောက်ကပ်မပျက်ပါဘူး၊ ကျောက်ကပ်ပျက်သူအားလုံးက ဆီးချိုများနေလို့ပါ၊ ဆီးချိုများသူအားလုံးကလည်း မက်ဖော်မင်သောက်မနေပါဘူး၊ မက်ဖော်မင်က သူ့ဘာသာသူ နေတာပါ”

“ဒီလိုလား . . ဒါဆိုရင် ကျွန်မရဲ့ဆရာဝန်က ကျွန်မသောက်လက်စ မက်ဖော်မင်ကို ဘာလို့ ပြန်ဖြတ်ဖို့ ညွှန်ရတာလဲ ဆရာမ၊ ဒီဆေးကြောင့် ကျွန်မကျောက်ကပ် ပိုပျက်သွားမှာစိုးလို့ မဟုတ်ဘူးလား”

“အင်း . . ဒေါ်သိန်းအထင်မှားမယ်ဆိုရင်လည်း မှားနိုင်တာပါပဲ၊ တကယ်က ဒီလိုပါ . . ဒေါ်သိန်းရဲ့ ခရီယာတနင်း(Creatinine) က ၃၀ဝ မိုက်ခရိုမိုးလ် ရှိနေပါတယ်။ ၁၅၀ မိုက်ခရို မိုးလ်ထက် ကျော်ရင် မက်ဖော်မင်ဆေးကို မသောက်သင့်ဘူးလို့ သတ်မှတ်ထားတာကြောင့် ပြန်ရပ်ခိုင်းတာပါ . .တကယ်တော့ ဒီလို ကျောက်ကပ်ပျက်ပြီး လူနာတွေမှာ မက်ဖော်မင် ဆက်သုံးနေမိရင် တစ်ခါတစ်ရံ သွေးထဲမှာ လက်တစ်အက်စစ်ဓာတ်(Lactic acid)တွေက ကျောက်ကပ်ကနေ မစွန့်ထုတ်နိုင်လို့ များလာတဲ့ ပြဿနာ ရှိနိုင်ပါတယ်။ ကျောက်ကပ်ကောင်းတဲ့သူတွေမှာတော့ စိတ်ချလက်ချ သုံးလို့ရပါတယ်”

“ဒါဆို ကျွန်မ ကျောက်ကပ်ပိုမပျက်စီးအောင် ဆရာမ ဆေးတွေချိန်ပြီး သွေးချိုညှိပေးပါနော်၊ အစားထိန်းတာအပြင် ဆေးတွေလည်း မှန်မှန်သောက်ပါတော့မယ်”


မှတ်ချက်
---------------
(၁) ဆီးချိုရောဂါအမျိုးအစား (၂)တွေမှာ ဆီးချိုကို ထိထိရောက်ရောက် ထိန်းထားနိုင်ဖို့ စားဆေးတွေ သောက်သုံးရပါမယ်။

(၂) လူနာရဲ့အခြေခံအချက်များဖြစ်တဲ့ အသက်၊ တခြားရောဂါ၊ ပိန်တာ၊ ဝတာ စတဲ့အချက် အလက်တွေပေါ်မူတည်ပြီး လက်တွေ့ရွေးချယ်တာ၊ ပေါင်းစပ်တာတွေ ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။

(၃) နှစ်ကြာလာလေ၊ သောက်ဆေး တိုးလာရလေပဲ ဖြစ်ပါတယ်။ ဆေးမတိုးရင် သွေးချိုနဲ့ နောက်ဆက်တွဲရောဂါ တိုးလာမှာဖြစ်ပါတယ်။

(၄) ကျောက်ကပ်ပျက်တာက ဆီးချိုမြင့်တာ နှစ်တွေကြာလို့ဖြစ်ရပြီး မက်ဖော်မင်ကြောင့် မဟုတ်ပါဘူး။ ခရီယာတနင်း (Creatinine) ကောင်းရင် စိတ်ချလက်ချသုံးလို့ရပါတယ်။

(၅) သွေးချိုမထိန်းနိုင်တာကို ဆီးချိုသောက်ဆေးတွေ ပေါင်းချင်တိုင်း ပေါင်းသောက်နေပြီး အင်ဆူလင်ထိုးရမယ့်အချိန်မှာ မထိုးမိဘဲ အချိန်တွေမဖြုန်းသင့်ကြောင်းကိုလည်း မှာကြားလိုပါတယ်။

Credit: ပါမောက္ခသန်းသန်းအေး၏ ကျွန်မနှင့် ဆီးချိုလူနာများစာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။

No comments: