Monday, November 2, 2015

အနီ နှင့် အစိမ်း ကြားက ကွာခြားချက်များ




၂၀၁၅ ရွေးကောက်ပွဲက ရက်ပိုင်းမျှသာလိုတော့သည်။ မြန်မာနိုင်ငံတွင် ပါတီများမှိုလိုပေါက်ခွင့်ပြုထားသည့် အနေအထားကို ဖန်တီးထားသော်လည်း ရွေးကောက်ပွဲတွင် အဓိက ယှဉ်ပြိုင်ဘက် ပါတီ ၂ ခုသာရှိပါသည်။ အားလုံးသိကြသည့် အတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှင့် ပြည်ထောင်စုကြံခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီတို့ဖြစ်ကြပါသည်။ လူထုက ဒီ-ချုပ် နှင့် ကြံ့ဖွံ့ ဟုအတိုကောက် ခေါ်ကြပါသည်။ ယခု၂၀၁၅ အဓိက ပြိုင်ဘက်ပါတီ နှစ်ခု အတွက် အမည်သစ်တိုးလာသည်။ အနီ နှင့် အစိမ်းပါတဲ့။

သည် အမည်သစ်ရလာခြင်းမှာ အောက်တိုဘာ ၁၀ ရက်နေ့တွင် သုဝဏ္ဏမြို့ဦးစေတီနား၌ ပြုလုပ်သည့် ပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲဆိုင်ရာ ဟောပြောပွဲ၌ ပြည်ခိုင်ဖြိုးပါတီမှ ဗဟိုအလုပ်အမှုဆောင်တဦးက ပြောခဲ့သောစကားများကြောင့် ပေါ်ထွက်လာခြင်းဖြစ်သည်။
ရွေးကောက်ပွဲတွင် သက်ဆိုင်ရာပါတီများက မိမိပါတီမဲရရှိရေး အတွက် မဲဆန္ဒရှင်လူထုကို စည်းရုံးမဲဆွယ်မှုများပြုရပါသည်။ ဟောပြောသူများ၏ ဟောပြောချက်များမှ တဆင့် ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်တို့၏ ဥာဏ်ပညာ အတိမ်အနက်၊ ပါတီက လုပ်ဆောင်မည့် လမ်းစဉ်၊ တိုင်းပြည်နှင့် လူမျိုးအတွက် ကိုယ်စားပြုမည့်သူ ဟုတ်၊ မဟုတ် နားထောင်အကဲဖြတ်နေသည့် လူထုက ဆုံးဖြတ်ကြပါသည်။ မဲဆွယ်ရာတွင် တဖက်နှင့် တဖက် ပုတ်ခတ်ဟောပြောခြင်းရှိသကဲ့သို့၊ တဖက်သား၏ ပျော့ကွက်ဟာကွက်များကို ထောက်ပြကာ၊ မိမိ သာ လုပ်ပိုင်ခွင့်ရခဲ့လျှင် ဖြည့်ဆည်းပေးမည်ဟု ဟောပြောမဲဆွယ်ခြင်းများလည်းရှိပါသည်။ တနည်းအားဖြင့် မဲဆန္ဒရှင်လူထုအတွက် လုပ်ဆောင်ပေးမည့်အရာများကို ကတိပေးရခြင်းဖြစ်ပါသည်။

ကိုယ်စားလှယ်လောင်းများ စတင်ဟောပြောခွင့် မရမီကပင်၊ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲ ပညာပေးဟောပြောပွဲများပြုလုပ်ခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ပွဲတိုင်း ပရိတ်သတ် ကြိတ်ကြိတ်တိုးလာရောက်ကြသည်။ ဒေါ်အောင်ဆန်းစုကြည်သည် မဲဆွယ်ခွင့် ရသည်ရက်မှစ၍ တနေရာပြီးတနေရာ မြန်မာပြည်တဝန်း တရစပ်သွားရောက်ဟောပြောတော့သည်။ သွားရောက်သည့် နေရာတိုင်း၊ ဟောပြောသည့်ပွဲတိုင်း ပရိသတ် သောင်းချီ၊ သိန်းချီတက်ရောက်လာကြသည်။

ဒေါ်အောင်ဆန်းစုကြည်ဟောပြောပွဲများတွင်၊ ဘာမျှမကျွေးမွေး၊ မည်သည့် ပစ္စည်းမျှပေးဝေခြင်း မရှိ။ ရေတပေါက်ပင် မတိုက်။ သို့သော် လူထုက အုံနှင့်ကျင်းနှင့် လာရောက်နားထောင်ကြသည်။ ဒေါ်အောင်ဆန်းစုကြည်ဟောပြောမှုများကို လူအများစိတ်ဝင်စားကြသည်။ တန်ဖိုးထားကြသည်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း၊ ဟောပြောနိုင်စွမ်းရှိသည်။ ဟောပြောမှုပိုင်နိုင်သည်။ တဖက်ပါတီက ပွဲဦးထွက်လာသူက ဗိုလ်ချုပ်ဟောင်းဝေလွင်ဖြစ်သည်။ သူက မီးရရှိရေး ငွေလှုသည်။ သူ၏ တပ်မတော်အမှုထမ်းရာဇဝင်ကို ဟောပြောသည်။ သူကို ကျိန်းသေမဲထည့်ပါ မပြော။ သူ့ကိုထည့်သွင်းစဉ်းစားရန်သာပြောသည်။ သူအရွေးမခံရပါက တရားဘာဝနာပွားမည်ဟု ထည့်ပြောသွားသည်။ နောက်နေ့တွင် စိတ်ပုတီးကမ်းပေးနေသော ကာတွန်းများ၊ တရားအားထုတ်ရန် အခန်းပြင်ထားပါပြီအဘ ဆိုသော ကာတွန်းများတက်လာသည်။ ပြည်သူက နားပါတော့ဟု ချက်ခြင်းပြန်ဖြေခြင်းဖြစ်သည်။

နေပြည်တော်ကောင်စီနေရာတွင်၊ ဒုတိယမြောက် မဲဆွယ်ရန်ထွက်လာသူက၊ လယ်သမားများကို ထမင်းတနပ်လျှော့စားပါ ပြောမိသဖြင့် နာမည်ကျော်ခဲ့သည့် ဝန်ကြီးဖြစ်ပါသည်။ သူက မိသားစုအစုံအလင်ဖြင့် ပွဲထွက်လာသည်။ သူသည် လူပုံအလယ်သို့ ယခုကဲ့သို့ မိစုံဖစုံထွက်လာနိုင်သူဖြစ်ကြောင်း ပြောခြင်းဖြင့်၊ သွယ်ဝှိုက်သောနည်းနှင့် ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်လိုက်သည်။ လာရောက်သော ပရိသတ်ထဲမှ တဦးကထ၍ “ ဝန်ကြီူ၏ဇနီးအမည်ဖြင့် သိမ်းထားသော မြေကွက်ကိစ္စ “ ထမေးမြန်းသည်။ သည်တွင် မဲဆွယ်ပွဲ တဝက်တပျက်နှင့် ရပ်လိုက်ရတော့သည်။

ထိုနောက် ဟင်္သာတနယ်တွင် လက်ရှိပြည်ခိုင်ဖြိုးပါတီ၏ ပူးတွဲပါတီဥက္ကဋ္ဌ ရာထူးယူထားသူက မဲဆွယ်ပွဲတွင် “ အိုဘားမား နှစ်ခါလာတော့၊ နှစ်ခါ အနမ်းခံရတာပေါ့ “ ဟုပြောလိုက်သည့် စကားက၊ ချက်ခြင်း ဖွဘုတ်တွင် တက်လာသည်။ ဝင်ရောက်ဖတ်ရှုသူ သိန်းကျော်ပြီး၊ တသောင်းသုံးထောင်ကျော်က နှုတ်လွန်ကြူးသူ ပူးတွဲပါတီဥက္ကဋ္ဌ ကို တုန့်ပြန်အပြစ်တင်သော စာများတက်လာတော့သည်။ တချို့ရေးသားချက်များက ပြင်းထန်လှသည်။ တုန့်ပြန်သူများထဲတွင် ရခိုင်ခေါင်းဆောင် ဒေါက်တာအေးမောင်လိုလူမျိုးများပင်ပါဝင်လာသည်။ ပူးတွဲဥက္ကဋ္ဌ ကြီးကား၊ အမှတ်တမဲ့ ပြောမိတာပါဟုသာ ဖြေရှင်းနိုင်တော့သည်။

ဤသို့ဤပုံ အာဏာရပါတီနှင့် အတိုက်အခံပါတီ တဖက်က လူထုထောက်ခံမှု အုံနှင့်ကျင်းနှင့်ရနေပြီး၊ တဖက်က လူထုကို ဒန်ပေါက်ပြခေါ်ရ၊ ပုဆိုး၊ ထမီကမ်းခေါ်ရ၊ ငွေ ငါးထောင်၊ တသောင်းပေးခေါ်ရ ဖြစ်နေသည့်တိုင် လူမများ၊ ပွဲမစည်ခြင်းအပေါ် အစိမ်းခေါင်းဆောင်တချို့သည်းမခံနိုင်ဘဲ၊ ပေါက်ကွဲကြခြင်းဖြစ်သည်။

ပူးတွဲဥက္ကဋ္ဌ၏ နှစ်ခါလာ နှစ်ခါနမ်း ဂယက်ရိုက်ကောင်းတုန်း၊ သူ့ထက်သူ လူစွမ်းကောင်းပေါ်ထွက်လာပြန်သည်။ ယင်းကား သုဝဏ္ဏကွင်း အစိမ်းတို့ဟောပြောပွဲတွင် “ အာဇာနည်ကုန်းကို ဗုံးခွဲတာ ဇင်ဘိုတို့ပါ “ သီချင်းရွတ်ပြသည့်၊ အစိမ်းဗဟိုကော်မီတီဝင်၏ အရုပ်ဆိုးလှသော အပြောနှင့်လုပ်ရပ်ဖြစ်ပါသည်။ သူက အနီရောင်ကို သွေးနှင့်ပမာပြ ပြောလိုခြင်းကို ရိုးရိုးပြောလျှင် ကိစ္စမရှိပါ။ ယခုကဲ့သို့ မိမိ နိုင်ငံ၏ ဂုဏ်ထူးဆောင်ဧည့်သည် တောင်ကိုရီးယား သမ္မတ နှင့် အဖွဲ့လာရောက်စဉ်၊ ထိုအဖွဲ့က အာဇာနည်ဗိမာန်သို့သွားရောက် ပန်းခွေချအလေးပြုခိုက် မြောက်ကိုရီးယားများက ဗုံးခွဲသတ်ဖြတ်ခြင်း နှင့် နှိုင်းယှဉ်ပြောဆိုသွားမှုက အလွန်အကျည်းတန်၊ ရုပ်ပျက်လှပါသည်။

ပြောင်းလဲချိန်တန်ပြီဟု အနီပါတီက ပြောနေခြင်းအပေါ် အနာပေါ် တုတ်ကျဘိသကဲ့နာနေခြင်းကိုလည်း၊ မဖုံးဖိနိုင်။ ၈၈ အရေးတော်ပုံကြောင့်ပဲ၊ ဒီမိုစနစ်သို့ပြောင်းပြောင်း၊ အနားယူစာဖတ်နေသည်ဆိုသော စစ်ခေါင်းဆောင်ကပဲ စေတနာ ဗရပွနှင့်ပေးခဲ့သည် ဖြစ်စေ၊ သည်စနစ်နှင့် လျှောက်လှမ်းတော့မည်ဟု၊ ပြည်တွင်းပြည်ပ သို့ကတိပြုထားပြီးဖြစ်ပါသည်။
ဒီမိုကရေစီ စနစ်ကျင့်သုံးပြီဆိုလျှင်၊ ဒီမိုကရေစီက ပြဋ္ဌာန်းချက်များကို လိုက်နာရမည်သာဖြစ်ပါသည်။ မလွဲမရှောင်သာ၍ ဒီမိုကရေစီအရိပ်ခိုလျက်၊ စည်းကမ်းရှိသောဒီမိုကရေစီဟု ခေါင်းစဉ်တတ်ကာ၊ မစို့မပို့ ဒီမိုကရေစီကို ပေးထားခြင်းကြောင့်၊ အနီပါတီက ပြည်သူလိုချင်နေသည့် အလုံးစုံပြောင်းလဲရေး ဖော်ဆောင်ပေးမည် ပြောဆိုစည်းရုံးခြင်းကို၊ လူထုဆန္ဒနှင့်ထပ်တူပါဟု၊ အုံနှင့်ကျင်းနှင့် ထွက်လာသော ပြည်သူက ပြန်တုန့်ပြန်ပြခြင်းဖြစ်ပါသည်။

အစိမ်းခေါင်းဆောင်တချို့က အနီနှင့်ပြည်သူ လက်တွဲညီနေမှု၏ အကြောင်းရင်းကိုမျှ မမြင်နိုင်ဘဲ၊ တုန်လှုပ်ခြောက်ခြားမှုကို၊ နှစ်ခါလာ နှစ်ခါနမ်း၊ အာဇာနည်ကုန်းဗုံးခွဲတာ ဇင်ဘိုပါ၊ စသဖြင့် မထော်မနှမ်းတုန့်ပြန် တိုက်ခိုက်လာကြသည်။ ပြည်သူက အစိမ်းခေါင်းဆောင်များ၏ အသိဥာဏ်တိမ်လှသည်။ အောက်တန်းကျလှသည် ဟု ရေးကြ၊ ပြောကြ၊ မှတ်ချက်ချကြသည်။
အစိမ်းခေါင်းဆောင် လေးငါးယောက်၏ မထော်မနှမ်း အပြောများကြောင့်၊ လူထုက အစိမ်းပါတီကို ပိုအထင်သေးလာသည်။ သည်လိုလူတွေ ခေါင်းဆောင်နေခဲ့လို့ တိုင်းပြည်ဒီလိုဖြစ်ခဲ့တာကိုးဟု ဆိုသူကဆို၊ ဒီလိုလူတွေ ဆက်အုပ်ချုပ်မယ်ဆိုရင်၊ ဆိုက္ကားသမားကို တက်အုပ်ချုပ်ခိုင်းတာကမှ တော်ဦးမယ် ဆိုသူဆိုနှင့်သည်ရက်ပိုင်းအတွင်းမှာပင် အစိမ်းပါတီအပေါ်ထောက်ခံမှု ဒလဟောကျဆင်းသွားသည်။
အစိမ်းခေါင်းဆောင်များ မထော်မနှမ်းပြောလာသမျှများအနက်၊ ဗဟိုကော်မတီဝင် အစိမ်း၏ ပြောစကားများက အဆိုးဝါးဆုံးဖြစ်ပါသည်။ ဗဟိုကော်မတီဝင်တဦးတွင် ဒီမိုကရေစီ စံချိန်စံညွှန်းများကို နားမလည်ဘဲ၊ လူမိုက်စကားပြောသည်ဟု မှတ်ချက်ချကြသည်။ အချိုပေါ်သကာလာမလောင်းနဲ့ ပြောစကားက ဒီမိုကရေစီကို နားမလည်ကြောင်းပြသနေပါသည်။ ဒီမိုကရေစီကျင့်စဉ်အရ၊ ယခင်အစိုးရ မပြီးပြတ်ခဲ့သော အလုပ်များကို၊ နောက်အစိုးရက ဆက်အကောင်အထည်ဖော်ရခြင်းသည်၊ ဒီမိုကရေစီကျင့်စဉ်ပင်ဖြစ်ပါသည်။

သည်မျှပင်နားမလည်ဘဲ၊ ငါ့အဘ ပေးခဲ့တဲ့ ဒီမိုကရေစီ၊ ငါတို့ပဲ ဆက်လုပ်မှာ၊ ဘယ်သူမှဝင်မလာနဲ့ အဓိပ္ပာယ်သက်ရောက်သော စကားများပြောထွက်ခြင်းက အစိမ်းပါတီအတွက် အနှုတ်လက္ခာများရစေခဲ့ပါသည်။ ထို့ပြင် မိမိနိုင်ငံသို့လာသည့် ဧည့်သည်၏ လုံခြုံရေးကို၊ မိမိနိုင်ငံက တာဝန်မယူနိုင်၍ ခမျာများ၊ နိုင်ငံတော်အဆင့် ဧည့်သည်ဖြစ်စေကာမူ၊ အာဇာနည်ကုန်းလို မြန်မာနိုင်ငံ၏ နေရာထူး၊ နေရာမြတ်၌ လွယ်လင့်တကူ ဗုံးခွဲ လုပ်ကြံခံရသည်ကို၊ ရှက်ရမည့်အစား၊ အနီခေါင်းဆောင်ကို လုပ်ကြံမည်ဟု ဆိုနေကြောင်း၊ အဓိပ္ပာယ်ကောက်ယူစေနိုင်သည့်၊ နမိတ်ပြစကားများ ပြောထွက်ခြင်းက၊ အာဏာလက်လွှတ်ရမည်ကို မည်မျှတုန်လှုပ်ခြောက်ခြားနေကြောင်း၊ တိုင်းပြည်နှင့် လူထုကို အထုပ်ဖြေပြလိုက်ခြင်းဖြစ်ပါသည်။

မည်သို့ဖြစ်စေ၊ မည်သည့်အခြေအနေရောက်သည်ဖြစ်စေ၊ အနီခေါင်းဆောင်က လူထုကို ဒီမိုကရေစီဆိုတာ ဘာလဲ သင်ပြလာသည်မှာ ကြာခဲ့ပြီ။ အနီပါတီ၏ အာဘော်ဖြစ်သော ဒီလှိုင်းစာစောင်တွင် “ ဒီစကား’’ အမည်ဖြင့် အနီခေါင်းဆောင်ရေးသားနေသော ဆောင်းပါးများက ဒီမိုကရေစီအကြောင်း လူထုကို ပြောပြနေခြင်းဖြစ်သည်။ ယခု လက်တွေ့ကွင်းဆင်းဟောပြောခြင်းဖြစ်သည်။
ဒီလှိုင်းစာစောင်သည်၊ စတင်ထုတ်ဝေချိန်က သိန်းချီရိုက်နှိပ်ရပြီး၊ လက်ရှိ စောင်ရေ လေးသောင်းခန့်ဖြန့်ချိနေရသည့် စာစောင်ဖြစ်သည်။ ထိုစာစောင်၏ ပျံ့နှုံ့နှုန်းက မဲဆောက်၊ ချင်းမိုင်၊ အိန္ဒိယ- မြန်မာနယ်စပ် အထိပျံနှုံ့သည့် စာစောင်ဖြစ်သည်။

အစိမ်းပါတီက ထုတ်ဝေနေသည့် နေ့စဉ်သတင်းစာ၊ ဂျာနယ်များ လူထုအကြား မည်မျှပေါက်ရောက်ကြောင်း၊ အစိမ်းများ အသိဆုံးဖြစ်ပေသည်။ အနီက လူထုဘာလိုအပ်နေသနည်း၊ လေ့လာ၍ အမှန်တကယ် အချိန်မဆွဲဘဲ၊ အပေး အယူနည်း မသုံးဘဲ ဆောင်ရွက်ပေးမည်ဟု၊ ဘာပစ္စည်းမျှ မပေးဝေဘဲ မဲတောင်းနေသည်။ အာဏာလက်ရှိပါတီ အနေဖြင့် ဒုတိယသက်တမ်းဆက်လိုပါက၊ ပြည်သူကို ရိုးရိုးသားသား အလွဲများကို လွဲခဲ့သည့်အတိုင်း၊ ပြုပြင်ရမည့် အချက်များကို အာဏာရှိစဉ်သက်တမ်းအတွင်း မဆောင်ရွက်ခဲ့နိုင်သည့် အကြောင်းရင်များကို ပွင့်ပွင့်လင်းလင်း ဝန်ခံပြီး၊ လာမည့် ငါးနှစ်သက်တမ်း ခရီးဆက်ခွင့်ကို တောင်းခံရမည်ဖြစ်သည်။ ထိုသို့ မဲမတောင်းဘဲ၊ ငါတို့ပေးခဲ့တဲ့ ဒီမိုကရေစီ၊ ငါတို့သာ ဆက်ဖော်ဆောင်ခွင့်ရှိသည်ဆိုသော အပြောများ၊ အပြများက အစိမ်းအတွက် မဲတိုးစေမည့်မဟုတ်ဘဲ၊ အနီဘက်သို့ မဲများတွန်းပို့ပေးနေခြင်းသာဖြစ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်ကား၊ မည်သည့် အတားအဆီးရှိစေကာမူ၊ သွားစရာရှိသည့်နေရာသွားမည်၊ ပြောစရာရှိသည်ကို ပြောမည်ဟု အလုပ်ဖြင့်ပြသနေပါသည်။ ပျားအုံပမာ ထွက်လာသော လူထုကြား၊ နီးကပ်စွာ သွားလာနေသည်။ အကယ်၍ ယခုအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်ကို မည်သူကပဲ အန္တရာယ်ပြုသည်ဖြစ်စေ၊ လူထုက အစိမ်းဟု စွပ်စွဲကြမည်ဖြစ်ပါသည်။
ထိုသို့ စွပ်စွဲစေaသာ အကြောင်းကလည်း၊ အာဇာနည်ကုန်းဗုံးဖောက်တာ ဇင်ဘိုတို့ပါ စကားကြောင့်ဆိုသည်ကို သတိချပ်လျက်၊ အစိမ်းခေါင်းဆောင်များ၊ ဒီမိုကရေစီကျင့်စဉ် အကြောင်း ပြန်လေ့လာသင့်ပါသည်။ ဒီမိုကရေစီ စနစ်အရ လူထုက ပေးအပ်မည့် အဆုံးအဖြတ်ကို ကြည်ကြည်သာသာ လက်ခံရန် ပြင်ဆင်ကြချိန်တန်ပါပြီ။

ခင်နှင်းဦး

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

No comments: