Monday, November 23, 2015

ကလေးသူငယ် နှိပ်စက်ညှဉ်းပန်းမှုနှင့် ပြည်သူ့အသံ




People Voice

နိုဝင်ဘာ ၁၉ ရက်က အွန်လိုင်းတွင် ပျံ့နှံ့ခဲ့သည့် အိမ်အကူကလေးငယ်ကို ကိုယ်လုံးတီးနှင့် ကြိုးတုပ်ကာနှိပ်စက်နေသည့် ဓာတ်ပုံနှင့် အကြောင်းအရာမှာ လူအများဒေါသဖြစ်ဖွယ်ရာဖြစ်ခဲ့သည်။ အိမ်အကူကလေးငယ်များ၊ လမ်းလေးကလေးများ၊ မိဘမဲ့ကလေးများနှိပ်စက်ခံရသည့် အခြေအနေမှာ ယခုမှဖြစ်ပေါ်လာခြင်းမဟုတ်ဘဲ လူမသိလိုက်ရဘဲ နှိပ်စက်ခံနေရသည့် ကလေးငယ်အများအပြားရှိနေဆဲဖြစ်သည်။ ယခုဖြစ်ရပ်ကမူ ကလေးငယ်များအရွယ်နှင့် မမျှတစွာ နှိပ်စက်ခံနေရသည့် အခြေအနေများကို လှစ်ဟပြသကဲ့သို့ ဖြစ်ပေါ်လာခဲ့သည့်အတွက် ယင်းဖြစ်ရပ်များနှင့်ပတ်သက်၍ ပြည်သူများ၏ အမြင်များကို စုစည်းဖော်ပြလိုက်ပါသည်။

မချောချော
(ကုမ္ပဏီဝန်ထမ်း)
ကိုယ့်ဆီမှာ ခြောက်လလောက် အိမ်ဖော်လုပ်ဖူးတဲ့သူကို နာမည်၊ နေရပ် လိပ်စာအပြည့်အစုံ၊ တချို့တွေဆို မှတ်ပုံတင်တောင်ကူးထားတဲ့ခေတ်ပါ။ အရာရှိပိုင်းမှာ ရာထူးကြီးကြီးအနေအထားမှာရှိတဲ့အိမ်က ၂နှစ်လောက် ကိုယ့်အိမ်မှာ အိမ်ဖော်လုပ်နေတဲ့သူရဲ့အကြောင်းကို မသိဘူးဆိုတာဖြစ် နိုင်ပါ့မလား။ နောက်တစ်ခုက ကလေးတွေညှဉ်းပန်းနှိပ်စက်ခံရတာ၊ လိင် ပိုင်းဆိုင်ရာအနိုင်ကျင့်ခံရတာတွေက မကြာခဏဖြစ်နေတယ်ဆိုတော့ ဥ ပဒေအရ လူ့အဖွဲ့အစည်းအရ ကာကွယ်ပေးမှုက ဘာအားနည်းချက်တွေ ရှိနေလဲ။ ပြီးတော့ သူ့အဒေါ်မို့လို့ သူ့တူမကို သူရိုက်တာပဲဆိုတိုင်းအိမ်ရှင် တွေက နင်တော်တော့လို့ကိုယ်ချင်းစာစိတ်နဲ့ တစ်ခွန်းမတားဘူးလား။ သူတို့အမှုပတ်မှာစိုးလို့ မသိဘူးဆိုပြီး ဘူးခါတာပဲဖြစ်မှာပါ။ ကလေးတွေညှဉ်းပန်းနှိပ်စက်ခံရတာ၊ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရတာ အများစုက အခြေခံ လူတန်းစားတွေပါ။ ငွေများ တရားနိုင်၊ အာဏာများတရားနိုင်ဖြစ်နေတဲ့ အားနည်းချက်ကို တဖြည်းဖြည်းနဲ့ ဖယ်ရှားနိုင်ရင် ပိုကောင်းလာလိမ့်မယ်လို့ ယူဆမိပါတယ်။ ဒီလိုအိမ်အကူ လုပ်ကိုင်

ကြတဲ့ ကလေးသူငယ်တွေ၊ အရွယ်ရောက်မိန်းကလေးတွေကို ကူညီမယ့်သူတွေဘက်ကနေ သေသေချာချာကူညီပေးမယ့် ခိုင်မာတဲ့အဖွဲ့အစည်းတစ်ခုရှိသင့်တယ်လို့ အကြံပြုချင်ပါတယ်။ ပြီးတော့ အိမ်အကူ လုပ်မယ့်သူတွေအတွက် အဲဒီအဖွဲ့အစည်းက လုပ်ပေးမယ့်အလုပ်သမား ကတ်လိုမျိုးရှိရင်ကောင်းမယ်။

မခင်စန္ဒာထွန်း
(သရုပ်ပြဆရာမ)
ကလေးသူငယ်တွေကို ညှဉ်းပန်းနှိပ်စက်တာကတော့ မကောင်းဘူး။ လူ သားချင်းစာနာပေးရမယ်။ ငါအလုပ်ရှင်၊ ငါ့လက်အောက်ငယ်သားငါ လုပ်ချင်သလိုလုပ်မယ်ဆိုတာတော့ လက်မခံပါဘူး။ မိဘတွေတောင်မှ သားသမီးတွေကို ဒါငါ့သားသမီးပဲဆိုပြီး လုပ်ချင်တာလုပ်လို့မရပါဘူး။ ကလေးတွေရဲ့ စိတ်ကအရမ်းနူးညံ့ဖြူစင်တယ်။ သူတို့လေးတွေ အမှားလုပ်မိရင်တောင် လူကြီးတွေအနေနဲ့ ပြုပြင်ပေးရမယ်၊ ဆုံးမပေးရမယ်။ ဥပဒေအရ ကာကွယ်ပေးမှုတွေလည်း လိုအပ်တယ်။ ဥပဒေကသာ မဟုတ်တာလုပ်တဲ့သူကို  အပြစ်သတ်မှတ်ပေးနိုင်ပြီး စီရင်ပေးနိုင်တာမို့ပါ။ အိမ်ဖော်တွေ ကလေးတွေ ရိုက်နှက်နှိပ်စက်ခံရတာတွေရယ်ပဲ မဟုတ်ဘူး။ ကျောင်းက ဆရာ၊ ဆရာမတွေအနေနဲ့ ဘောင်ကျော်တဲ့ ကိုယ်ထိလက်ရောက်ကျူးလွန်မှုမျိုး၊ နှိပ်စက်မှုမျိုးဆို ပုဒ်မထားပြီး စိစစ်အရေးယူသင့်တယ်။ ကလေးဆိုတာမျိုးက နိုင်ငံတော်ရဲ့အရေးကြီးတဲ့ တာဝန်တွေထမ်းဆောင်ပေးနိုင်တဲ့ မျိုးဆက်သစ်လူငယ်တွေမို့ ကလေးတွေကို စောင့်ရှောက်ကာ ကွယ်မှုတွေ ပြဋ္ဌာန်းပေးသင့်ပါတယ်။ တစ်နည်းပြောရရင် လူလူချင်းညှဉ်းပန်းနှိပ်စက်မှု၊ ကြီးနိုင်ငယ်ညှဉ်း၊ ရက်စက်စွာပြုမူမှုတွေကို ဥပဒေအရ ထိထိရောက်ရောက်အရေးယူဆောင်ရွက်သင့်ပါတယ်။


ဦးစိုပြေ
(ရန်ကုန်မြို့၊ လှိုင်မြို့နယ်)
ကလေးတွေအပေါ် ညှဉ်းပန်းနှိပ်စက်နေတယ်ဆိုတာ လုံးဝမဖြစ်သင့်တော့ဘူး။ ကလေးဆိုတာ နိုင်ငံရဲ့ အနာဂတ်ပါ။ ကလေးသူငယ်တွေ  ဒီလိုငယ်ရွယ်တဲ့အချိန်မှာ နှိပ်စက်ခံရရင် စိတ်ဒဏ်ရာရနိုင်ပါတယ်။ အဲ့ ဒီကလေးက နိုင်ငံတော်အတွက် တာဝန်ထမ်းဆောင်ဖို့ဆိုတာ မလွယ်တော့ဘူး။ ကလေးသူငယ်တွေအပေါ်ကာကွယ်ဖို့ဆိုတာကလည်း လူတစ် ဦးချင်းစီမှာတာဝန်ရှိတယ်။ အခုက ကလေးသူငယ်မှ မဟုတ်ဘူး။ လူမှု အသိုင်းအ၀ိုင်းကို ထိရောက်တဲ့လုံခြုံမှုမပေးနိုင်တာကြာလှပြီ။ National Securityအရမ်းအားနည်းတယ်။ အဓိကကတော့ လူမှုဝန်ထမ်း ၀န်ကြီးဌာနမှာ Security Borad ဆိုတာရှိပေမယ့်လည်းထိရောက်တဲ့အလုပ်လုပ်မှုတွေမတွေ့ရဘူး။ လူမှုအသိုင်းအ၀ိုင်းတစ်ခုကိုတောင် Securityမပေးနိုင်မှတော့ ကလေးသူငယ်တွေအတွက် ပိုဆိုးတာပေါ့။ အဓိကကတော့ တရား ဥပဒေစိုးမိုးမှုအရမ်းအားနည်းနေတာပဲ။ လူမှုပတ်ဝန်းကျင်မှာ ဘယ်ဟာ တွေက ကလေးသူငယ်အခွင့်အရေးချိုးဖောက်နေတယ်ဆိုတာလည်းသိ ဖို့လိုအပ်တယ်။ အစိုးရအနေနဲ့က လူတစ်ဦးချင်းစီအပေါ် ကလေးသူငယ် နဲ့ ပတ်သက်တဲ့ အခွင့်အရေးကို ကိုယ်တိုင်လည်းသိအောင်လုပ်သင့်သ လိုလူ့အဖွဲ့အစည်းကိုလည်း သိအောင်လုပ်သင့်ပါတယ်။ ကလေးသူငယ် အဖွဲ့အစည်းတွေအနေနဲ့လည်း အသက်မပြည့်ဘဲ ကလေးအလုပ်သမား  ပေါများမှုအပေါ် အစိုးရကို ထိထိရောက်ရောက်ဖိအားပေးတာမျိုးတွေ လုပ်ဆောင်သင့်တယ်။


မနွေးယဉ်မင်းအောင်
(ကျောင်းသူ)
ဒီကိစ္စက ကလေးသူငယ် ညှဉ်းပန်းနှိပ်စက်မှုမြောက်တယ်။ ဒီကိစ္စက ငွေများတရားနိုင်ဆိုတဲ့ ခေတ်ကြီးမှာ ဒီကလေးမလေး မတရားခံရတဲ့ကိစ္စက ပျောက်ကွယ်သွားမှာစိုးတယ်။ အခုဟာက ရွယ်တူကလေးတစ်ယောက်ရဲ့ ရှေ့မှာ ရိုးရိုးတန်းတန်းရိုက်တာတောင်မဟုတ်ဘဲ နှိပ်စက်ခံနေရတာ အ ရှက်ရော၊အကြောက်ရော၊ အားငယ်မှုပါခံစားသွားရမယ်။ ဒီလိုမျိုးက ကလေးတစ်ယောက်ကို မိဘကတောင် အဲဒီလိုလုပ်ခွင့်မရှိဘူးလေ။ ဒီတော့ဒီကိစ္စကိုအမှန်ပေါ်ပေါက်စေချင်တာပဲ။ ဒီမှာဥပဒေကတော့  အားလုံးလည်းသိတဲ့အတိုင်းပဲ ဘာမှတာဝန်ယူမှုမရှိဘူးလေ။ ဥပဒေတွေသာ ပြ ဋ္ဌာန်းထားတာ။ တကယ်တမ်းကျတော့ ဘာမှမလုပ်ပေးနိုင်တာဆိုတော့ ဥပဒေက လိုအပ်ချက်တွေအများကြီးပဲ။ လူ့အဖွဲ့အစည်းကကျတော့ အ သိ ဉာဏ်အားနည်းခြင်း၊ ရှက်ခြင်း၊ ကြောက်ခြင်း၊ ဆင်းရဲခြင်းတွေကြောင့် လို့ထင်တာပဲ။ အကြံပြုချက်အနေနဲ့ပြောရရင်မူလတန်းအရွယ်ကလေးက အလုပ်မလုပ်ရဘူးတို့၊ ကျောင်းမတက်မနေရတို့မျိုးပေါ့။ အိမ်အကူ၊ ပွဲစားတို့လိုဟာမျိုးကိုလည်း ဥပဒေက တင်းတင်းကျပ်ကျပ်ကိုင်တွယ်တာ ပေါ့။ စည်းကမ်းပဲဖြစ်ဖြစ် အဲဒီလိုတွေလုပ်မှရမယ်ထင်တယ်။ မှောင်ခို ရှာပေးလို့မရအောင် အေဂျင်စီသော်လည်းကောင်း တရားဝင်ဖွင့်ခိုင်းပြီး တော့ စည်းကမ်းနဲ့ပေါ့။ အဲဒီလိုဆို အလုပ်လုပ်မယ့်သူတွေအတွက်လည်း အာမခံချက်တစ်ခုခုရှိမယ်ထင်တယ်။


ဒေါ်သန်းမြင့်အောင်
(ရန်ကုန်နာရေးကူညီမှုအသင်းဒုဥက္ကဋ္ဌ/ မိဘမဲ့ကလေးကူညီစောင့်ရှောက်ပေးနေသူ)
ဗဟန်းမှာဖြစ်တဲ့ကိစ္စဆိုရင် ကလေးသူငယ်အခွင့်အရေးကို ချိုးဖောက်တာ ပါပဲ။ ကလေးတစ်ယောက်နဲ့ မတန်တဲ့ အပြစ်ပေးမှုကို မလုပ်သင့်ဘူး။ ဒီ ကိစ္စကို ပထမဆုံးရှုတ်ချတယ်။ ဒီလိုဖြစ်စဉ်မျိုးတွေကို အစိုးရက ထိထိရောက်ရောက်ကိုင်တွယ်ဖြေရှင်းပေးသင့်တယ်။ ကလေးသူငယ်အခွင့်အရေး ဥပဒေကို တိတိကျကျကျင့်သုံးသင့်တယ်။ လူမှုရေးအဖွဲ့အစည်းတွေအ နေနဲ့လည်း ဒီလိုဖြစ်စဉ်တွေကို စုံစမ်းဖော်ထုတ်ပြီး စောင့်ရှောက်ကူညီမှု တွေပိုပြီးလုပ်ဆောင်ဖို့လိုလာတာတွေ့ရတယ်။ နောက်တစ်ချက်က ကလေးမိဘတွေကိုပြောချင်တာ မိသားစုစားဝတ်နေရေးဘယ်လောက်ကြုံကြုံ ကိုယ့်သားသမီးကို သူများအိမ်မှာ အခိုင်းအစေအဖြစ် ခိုင်းစေတာမျိုးကို ရှောင်သင့်တယ်။ အလုပ်ရှင်က ကလေးတစ်ယောက်လုပ်အားကို ယူပြီး ခိုင်းစေမယ်ဆိုရင်တော့ အဲဒီကလေးရဲ့လုပ်အားနဲ့ မမျှတာမျိုးတွေမယူသင့်ဘူး။ ကလေးသူငယ်ဥပဒေကို လေးစားလိုက်နာဖို့ တာဝန်အများကြီးရှိတယ်။


ထွန်းထက်ဝင်း
(Computer Developer)
အခုတလော ကလေးတွေနှိပ်စက်ခံနေရတာ ဖေ့စ်ဘွတ်ခ်ပေါ်မှာ တွေ့ နေရတိုင်း အာဏာပိုင်တာဝန်ရှိသူတချို့နဲ့၊ ပိုက်ဆံရှိသူ အများစုဖြစ် နေကြတယ်။ လူတွေမေ့လောက်ချိန်ဆို ဒီအမှုက ဘယ်လိုဖြစ်သွားမှန်း တောင်မသိဘူး။ ကလေးသူငယ်တွေအတွက် မြန်မာနိုင်ငံဥပဒေနဲ့ တာ ၀န်ရှိသူတွေ အချိန်မီတားဆီးဆောင်ရွက်သင့်တဲ့အချိန်ပါ။ ဘာတွေအား နည်းနေသလဲဆိုတော့ ဥပဒေဆိုတာ စာရွက်ပေါ်မှာ ရေးထားတာလို့ပဲ မြင်တယ်။ လက်တွေ့မှာ ကျွန်တော်တွေ့ရသလောက် လုံးဝလိုက်နာမှု အားနည်းနေတယ်။ ပြီးတော့ ထိရောက်တဲ့အပြစ်ပေးမှုမရှိသေးဘူးလို့ပဲ မြင်တယ်။ တကယ့်လက်တွေ့အကောင်အထည်ဖော်မယ့် ဥပဒေကိုပဲ ရေးဆွဲပြီး အားလုံးနားလည်လိုက်နာနိုင်အောင် ပညာပေးမှုတွေများများ  လုပ်ပေးပါ။ ပညာအရည်အချင်းတွေမြင့်လာအောင် အခုကလေးတွေကို ပညာရေးအလေးပေးပြီး သင်ပေးပါလို့ တောင်းဆိုချင်ပါတယ်ဗျာ။


မမေသဇင်ဦး
(HR ၀န်ထမ်း−မဇ္ဈိမမီဒီယာ)
ကလေးငယ်(မိန်းကလေး)တစ်ယောက်ကို ကိုယ်လုံးတီးချွတ်ရိုက်နှက်ဆုံးမတာလုံးဝမဖြစ်သင့်ဘူး။ ဆုံးမတာခေါင်းစဉ်တပ်ပြီး ကလေးငယ်ရဲ့ ဘ၀ အညွန့်ကျိုးအောင်မလုပ်သင့်ဘူး။ ကလေးသူငယ်ဥပဒေပြဋ္ဌာန်းတာလူ တွေအရမ်းအသိနည်းတယ်။ နယ်တွေ၊ ဆင်းရဲတဲ့မိသားစုတွေမှာ ကလေး တွေက ဓားစာခံဖြစ်နေတယ်။ အမြင်မတော်လို့ ပတ်ဝန်းကျင်က တိုင်ရင် တောင် လူကြီးအိမ်မို့၊ ဘာမို့၊ညာမို့တွေကို ၀င်မစစ်ရဲတာတွေ၊ ပိုက်ဆံနဲ့ ဖုံးလိုက်တာတွေကိုတကယ်လက်တွေ့ကျကျဥပဒေနဲ့အညီတိတိကျကျ အရေးယူစေချင်တယ်။ ဆင်းရဲလို့ မဖြစ်သာလို့ ကလေးတွေအလုပ်လုပ် မယ်ဆိုရင် အသက်အရွယ်ဘယ်လောက်ကစလုပ်ရမယ်ဆိုတာမျိုးဥပဒေ ထုတ်သင့်တယ်။ ကလေးငယ်တွေရဲ့ အနာဂတ်တွေက တိုင်းပြည်ရဲ့ တိုး တက်မှုလမ်းကြောင်းပါ။ ဒီအချိန်မှာ ကလေးသူငယ်ဥပဒေတွေကို လူ တိုင်းနားလည်အောင်ထုတ်ပြန်ပြီး  အမှန်တကယ် အသက်ဝင်တဲ့ ဥပဒေ ဖြစ်အောင် စံနမူနာပြသင့်ပါတယ်။


မသင်းသင်းလှိုင်
(အိမ်ရှင်မ)
ဗဟန်းမှာဖြစ်သွားတဲ့ ကလေးလေးကို နှိပ်စက်တဲ့ကိစ္စကတော့ မကောင်း ဘူး။ အမှုမှန်ပေါ်အောင်လုပ်ပေးစေချင်တယ်။ ဒီလိုဖြစ်ရတာကလည်း အဓိကကစီးပွားရေးကြောင့်ပဲ။ မိသားစုစားဝတ်နေရေးအဆင်မပြေတော့ သားသမီးတွေဒုက္ခရောက်တယ်။ ကျွန်မလည်း မိခင်တစ်ယောက်ဆို တော့ အိမ်အကူအဖြစ်လွှတ်လိုက်တဲ့မိဘတွေကိုလည်း အပြစ်မတင်ချင် ဘူး။ သူတို့လည်း စားဝတ်နေရေးမပြေလည်လို့သာ လွှတ်ရတာ။ ဒီလို ညှဉ်းပန်းနှိပ်စက်ခံရတာ၊ အနိုင်ကျင့်ခံရတာတွေအတွက်ဥပဒေကတော့ လိုအပ်တယ်လို့ထင်တယ်။ ဒါပေမဲ့ အခုထိ ထိရောက်တဲ့ အရေးယူမှုမှမ လုပ်ကြတာ။ လိင်ပိုင်းဆိုင်ရာကိစ္စဆိုလည်း အခုထိ ထိရောက်အောင် ဥပဒေမလုပ်သေးဘူး။ ကျွန်မတို့ရပ်ကွက်ထဲမှာတောင် အသက်(၁၈)နှစ် အရွယ် ရခိုင်မလေးကို အိမ်ရှင်ကစော်ကားလို့ ထွက်ပြေးတဲ့ကိစ္စဖြစ်နေ တယ်။ ရဲတိုင်ထားတယ်ဆိုပေမယ့် ဘာမှမလုပ်ပေးသေးဘူး။ ဒီတော့မေး ချင်တာက ဗိုလ်မှူးသားသမီးတွေသာဆို အခုလိုလုပ်ကြမလား။ ဒါမျိုးကိုမ လိုချင်ဘူး။ အမှန်တရားပဲလိုချင်တာ။ အိမ်အကူဆိုတာ ပိုက်ဆံမရှိလို့ သူများအိမ်မှာ အိမ်ဖော်လုပ်ရတာ။ မလုံခြုံတဲ့အိမ်ရောက်သွားတာများတယ်။ ဒီတော့ အကြံပြုချင်တာက ကြီးနိုင်ငယ်ညှဉ်းမလုပ်စေချင်ဘူး။ ဒီ လိုမျိုးတွေဖြစ်လာရင်လည်း ထိရောက်တဲ့အရေးယူမှုလုပ်ပေးစေချင်တယ်။


ကိုအောင်ရဲဇော်
(ပရဟိတလုပ်ကိုင်သူ)
ကလေးတစ်ယောက်ကို လူကြီးက ကြိုးတုပ်ညှဉ်းပန်းနှိပ်စက်တာက တော့ ဘယ်လိုမှ မလုပ်သင့်ပါဘူး။ အခုပြီးခဲ့တဲ့ ရက်ပိုင်းက အွန်လိုင်းပေါ် ပျံ့နှံ့လာတာဆိုရင် အချိန်တိုအတွင်းလူသိသွားပြီး သက်ဆိုင်ရာက တာဝန်ယူဖြေရှင်းပေးတာကောင်းတယ်။ ဖြေရှင်းရာမှာလည်း ထိထိရောက်ရောက်ဖြစ်စေချင်ပါတယ်။ နောက်ပိုင်းမှာ ဒါမျိုးအလားတူဖြစ်ရပ်တွေထပ်မဖြစ်ပေါ်လာအောင်အထိပါ။ ကလေးသူငယ်တွေ ညှဉ်းပန်းနှိပ်စက်ခံရတာမှာလည်း အဖွဲ့အစည်းတွေအရ ကာကွယ်မှုတွေ၊ အားနည်းချက်တွေရှိနေသေးတယ်လို့ ထင်ပါတယ်။ ပွဲစားတွေကတစ်ဆင့် ရွာဘက်တွေကနေ အိမ်အကူလုပ်ကြရတဲ့ ကလေးတွေအတွက်လည်း လုံခြုံတဲ့အလုပ်အကိုင်နဲ့ ပတ်ဝန်းကျင်တွေရှိစေချင်ပါတယ်။ ဒါကြောင့်ကလေးသူငယ် အဖွဲ့အစည်းတွေနဲ့ အစိုးရဘက်ကလည်း သေသေချာချာလုပ်ဆောင်ပေးကြဖို့ လိုအပ်မယ်ထင်ပါတယ်။


ကိုတင်မောင်ဦး
(တောင်ဥက္ကလာပမြို့နယ်)
အဓိကအနေနဲ့ ကိုယ်ချင်းစာစိတ်နဲ့ဆိုင်တယ်လို့ မြင်တယ်။ ဗဟန်းက ကလေးကိစ္စမှာဆိုရင် အဲဒီရိုက်တဲ့သူက သူ့ရဲ့အဒေါ်လို့သိရပေမယ့် အ ကယ်၍ အဲဒီကလေးနေရာမှာ သူ့ဝမ်းနဲ့လွယ်ပြီး မွေးထားတဲ့ကလေးဆို ဘယ်လိုလုပ်မလဲပေါ့။ အဲဒီအချက်ကို သိချင်တယ်။ ဒါကတော့ ကျူးလွန် သူတွေရဲ့ အပြစ်လည်းပါသလို မိဘအုပ်ထိန်းသူတွေအနေနဲ့လည်း ကိုယ့် ကလေးငယ်တွေရဲ့အခြေအနေကို မျက်ခြည်မပြတ်စောင့်ကြည့်ဖို့လိုမယ်ထင်တယ်။ ပြဿနာတစ်ခုခုဖြစ်လာရင် အလွယ်တကူအကြောင်းကြား အကူအညီ တောင်းနိုင်မယ့်နေရာတွေကို အလုပ်လုပ်မယ့်သူတွေ သိထားသင့်တယ်။ ပြီးတော့ ဒီလိုမျိုးကိစ္စတွေကို ဘယ်သူကအရေးယူဖြေရှင်းပေးမလဲဆိုတာ ရောပေါ့။ အရပ်ဘက်လူမှုအဖွဲ့ကိုရော၊ အစိုးရကိုရော တိုက်တွန်းချင်တာက  ဒီလိုကိစ္စမျိုးတွေကို ကာကွယ်ပေးပါတယ်ဆိုတာကို အသိပညာတွေ ဖြန့်ဝေပေးစေချင်တယ်။


မခင်မျိုးသက်
(ကုမ္ပဏီဝန်ထမ်း)
မလုပ်သင့်တဲ့ကိစ္စပေါ့နော်။ လူစိတ်ရှိတဲ့လူတစ်ယောက်ကအဲဒီလိုမလုပ် ဘူးလေ။ လူစိတ်ဆိုတာထက် စာနာစိတ်ရှိတဲ့သူက မလုပ်ဘူးလေ။ အဓိက က မိဘရဲ့ကာကွယ်စောင့်ရှောက်မှုကတော့ နံပါတ်(၁)ပေါ့။ မိဘနဲ့ ဝေး ကွာနေတဲ့(ဒါမှမဟုတ်)မိဘမရှိတော့တဲ့ ကလေးတွေအတွက်တော့ ပတ် ၀န်းကျင်ရဲ့ စောင့်ရှောက်မှုအများကြီးလိုအပ်တယ်။ ကလေးသွားချင် တိုင်း လွှတ်လို့မရဘူးလေ။ ကိုယ်ယုံကြည်စိတ်ချရတဲ့သူတောင်မှ ကိုယ့် သားသမီးနဲ့ပတ်သက်လာရင် ဘာမှယုံလို့မရဘူး။ လူနေမှုအဆင့်အတန်း နိမ့်ကျလို့ မိဘနှစ်ပါးစလုံးအပြင်ထွက်ပြီးအလုပ်လုပ်နေရရင် ဖြစ်တတ်ပါ တယ်။ နောက်ပြီး ယုံကြည်မှုလွန်ကဲတာလည်းပါတယ်။ ပတ်ဝန်းကျင်က လူတွေကို ယုံကြည်မှုလွန်ကဲရင်လည်းဖြစ်တတ်ပါတယ်။ အဓိကကမိဘ အုပ်ထိန်းမှုနဲ့ အများကြီးသက်ဆိုင်ပါတယ်။ ဒုတိယကတော့ လူနေမှုအ  ဆင့်အတန်းပေါ့။ အဓိကကတော့ ကျောင်းနေရမယ့်အရွယ်မှာ မဖြစ်မ နေကျောင်းစာသင်နိုင်ဖို့ လုပ်ပေးရမယ်။ ကလေးငယ်တွေကို ဘာအလုပ် မှ မခိုင်းသင့်ပါဘူး။ ကလေးတွေကို အလုပ်မလုပ်ခိုင်းသင့်ဘူး။


မနီနီလွင်
(Electrical Engineer)
ဒီလိုကိစ္စတွေက တိုင်းပြည်မှာလူတန်းစားမညီမျှလို့ဖြစ်ရတာ။ ပြောချင် တာက ဆင်းရဲတဲ့လက်လုပ်လက်စားတွေများလာလို့ ဒီလိုကိစ္စတွေဖြစ် တာ။ ရန်ကုန်မှာဖြစ်တဲ့ဟာကလည်း အဲဒီအထဲမှာ ပိုက်ဆံရှိခရိုနီတွေပေါ တယ်။ ဒါတောင် ဖော်တဲ့သူရှိလို့သာပေါ်တာ။ ဖော်တဲ့သူမရှိဘဲ ဘ၀ပျက် နေရတဲ့ ကလေးသူငယ်တွေအများကြီးရှိတယ်။ ဒီလိုဖြစ်စဉ်တွေအတွက် Activity တွေအသက်ဝင်လာရင် ပိုကောင်းမယ်။ အဓိကက လူတွေမှာကိုယ်ချင်းစာတရားချို့တဲ့လာလို့ပဲ။ ချို့တဲ့နေတဲ့ ကိုယ်ချင်းစာတရားကို အရင်ပြင်ကြရင် ကျန်တာ minor caseဖြစ်သွားပြီ။ ဥပဒေနဲ့ ပတ်သက်လို့ တချို့ဥပဒေတွေ၊ တချို့အဖွဲ့အစည်းတွေက အိပ်ပျော်ကောင်းလည်းအိပ်ပျော်နေလိမ့်မယ်။ ဒါမှမဟုတ် လိုအပ်ချက်တွေများလွန်းလို့ လူတန်းစေ့လိုက်ပြီး မကာကွယ်နိုင်တာလည်းဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ကျွန်မအကြံပြု ချင်တာကတော့ အိပ်ပျော်နေတဲ့လူတချို့ကို နှိုးပါ။ စာအုပ်တချို့ကိုအသက်သွင်းပါ။


No comments: