Tuesday, November 3, 2015

ကိုယ်အလေးချိန်တိုး ၀ဖြိုးခြင်းနဲ့ပတ်သက်သော သတင်းများ

နံနက်စောစော ထမင်းရည်သောက်ခြင်းဖြင့် ပိန်စေနိုင်


နံနက်စောစောစားသောက်သော အစာအဟာရသည် လူကိုခွန်အားဖြစ်စေပြီး ဝဖြိုးစေနိုင်သည်။ ငယ် စဉ်အခါတွင် ခွန်အားပြည့်ဖြိုးပြီး ထွားကျိုင်းစေရန်၊ မှတ်ဉာဏ်၊ ထိုးထွင်းဉာဏ်ရင့်သန်စေရန်အတွက် နံနက်စာကို သားငါး၊ အသီးအရွက် အစုံပါအောင်ကျွေးသင့်သည်။ အနောက်တိုင်း သုတေသီများ၏ နောက်ဆုံးတွေ့ရှိချက်အရ ကြက်ဥကိုပင် နေ့စဉ်တစ်လုံး၊ အနှစ်ပါစားသုံးခြင်းဖြင့် ကိုယ်ခံအားပို၍ ကောင်းပြီး ရောဂါကူးစက်မှုများကိုပင် ခံနိုင်ရည်ရှိစေနိုင်သည်ဟု ဆိုသည်။

သို့သော် အသက် (၄၀) ကျော်လာသောအခါ လိုအပ်သည်ထက်ပိုပြီး ဝဖြိုးလာသောအခါ သွေးစစ် ကြည့်၍ အဆီဓာတ်များလာသောအခါ ကျန်းမာရေးအတွက် နံနက်စာအဟာရကို လျှော့စားသင့်သည်။ ဖြစ်နိုင်လျှင် အဆီအသားတွဲနေသော အစာများကိုရှောင်သင့်သည်။ ထမင်းစားလျှင်လည်း ဆန်စေးကို ရှောင်ပြီး ဆန်ကြမ်းကိုစားလျှင် ဆီးချို၊ သွေးတိုးရောဂါဘေးမှ ကင်းဝေးနိုင်သည်။ ထမင်းကိုတစ်ဝကြီး မစားတော့ပဲ ပန်းကန်ပြားတစ်ချပ်၏ လေးပုံတစ်ပုံသာစားလျှင် အဝလွန်ခြင်းမှ ကာကွယ်နိုင်ပေသည်။

ကျန်းမာရေးကောင်းပြီး အသက်ရှည်ကြသော ရှေးမြန်မာများ၏ နံနက်စာအဟာရမှာ ထမင်းရည်ပင် ဖြစ်သည်။ ထမင်းချက်လျှင် မြေအိုးနှင့်ချက်ကြသည်။ ထမင်းရည်ငှဲ့ပြီးသောအခါ မြေစလောင်းဖုံးအချွန် အတွင်းသို့ မောက်တက်လာသော ထမင်းဦးပေါင်းကို ဘုရားဆွမ်းတော်တင်ကြသည်။ ယခုခေတ်လူ ငယ်များမှာ ထမင်းဦးပေါင်းကို မမြင်ဖူးကြတော့ပေ။ ဒန်အိုး၊ ထမင်းပေါင်းအိုးတို့ဖြင့် ချက်ကြသဖြင့် ဦး ပေါင်းကို မမြင်ဖူးကြခြင်းဖြစ်သည်။ ထမင်းဦးပေါင်းသည် အလွန်မွှေးသည်။ အချို့ကရဟန်းသံဃာများ လောင်းလှူသောအခါ ဆွမ်းနံ့မွှေးစေရန် ဆွမ်းမွှေးရွက်ပေါ် အရွက်တစ်မျိုးကို ထည့်ချက်လေ့ရှိသည်။ ထမင်းဦးပေါင်း၏ရနံ့မှာ မြေအိုးဖြင့်ချက်သောကြောင့် မြေသင်းရနံ့ရသည်ဟု ဆိုနိုင်သည်။ ထိုမြေသင်း နံ့သည် ပထဝီဓာတ်ဖြစ်သဖြင့် လူကိုကျန်းမာစေသည်ဟု ရှေးလူကြီးများက ဆိုကြသည်။

“ဦးပေါင်းကိုတဲ့ ဆွမ်းတော်တင် သံလွင်လွင်ကြေးစည်တီးတယ် . . . ထွန်းတဲ့ဆီမီး” ဟူသော ရှေးက ဖတ်စာအုပ်တွင်ပါသော ကဗျာထဲမှ ထမင်းဦးပေါင်းပျောက်သွားသည့်နည်းတူ ထမင်းရည်သောက် သည့် မြန်မာ့ဓလေ့မှာလည်း ပျောက်ကွယ်သွားချိန်တွင် ထမင်းရည်၏ အဆီကျပိန်စေနိုင်သော ကောင်းကျိုးတစ်ခုကို တင်ပြလိုပါသည်။

ရှေးမြန်မာကလေးများသည် အာဟာရအဖြစ် ထမင်းရည်ကို ဆားခတ်ပြီးသောက်ကြသည့် ဓလေ့ရှိ သည်။ လူကြီးများကလည်း ဆွမ်းချက်သောအခါ ဦးစွာပွက်လာသော ထမင်းရည်ကို သွန်ချပစ်ရမည့် အစား ငှဲ့ယူထားပြီးဆေးဖက်ဝင်အဖြစ် သောက်သုံးလေ့ရှိကြသည်ဟု ရှေးမြန်မာ့ဓလေ့များအကြောင်း ရေးသားချက်တွင် ဖတ်ရှူရဖူးသည်။

ထမင်းပေါင်းဦးရည် (ထမင်းရည်) သောက်သုံးခြင်းဖြင့် ဝသောသူကို ပိန်စေနိုင်သည်ဟု ရှေးနှစ်ပေါင်း (၁၀၀) ကျော်က “ဘေသဇ္ဇ မဉ္ဇူသာ” ဆေးကျမ်းကြီးတွင် ဖော်ပြပါရှိသည်။ မင်းတုန်းမင်း တရားကြီး လက်ထက်တော်က အိန္ဒိယမှယူလာသောဆေးကျမ်းကို ဟိန္ဒီစာတတ်သော ဘင်္ဂလားဆရာတော်ကြီး ကဘာသာပြန်ခဲ့သော ဆေးကျမ်းကြီးဖြစ်သည်။ တိုင်းရင်းဆေးသမားတော်များ လက်ဆွဲထားရသော ဆေးကျမ်းဖြစ်သည်။

ဤဆေးကျမ်းကြီးတွင် ဝသူကိုပိန်စေနိုင်သောအချက် (၂) ချက်ကို ဖော်ပြထားသည်။

(၁) နံနက်စောစော . . . မဓုယုတံ . . . ပျားရည်နှင့်ရောသောရေကို သေဝိတံ မှီဝဲသုံးဆောင်မူ၊ ထုလ္လနာသနံ အလွန်ဝခြင်းကို ဖျက်ဆီးတတ်၏။

(၂) မန္နဿထမင်း၏ ဥဏှံပူနွေးသော . . . မဏ္ဍံဝါရသာဦးရည်ကိုလည်း၊ ဝိပံ ပီဝန္တော သောက် သော သူသည် ကိသတနု ပိန်သောကိုယ်ရှိသည် . . . ဘဝေဖြစ်၏ဟု အတိအလင်းရေးသားဖော်ပြ ထားသည်ကို ဖတ်ရှုလေ့လာရပါသည်။ ယခုခေတ်တွင် ထမင်းပေါင်းအိုးများဖြင့် အလွယ်တကူခလုတ် နှိပ်ပြီးချက်နိုင်သောကြောင့် ထမင်းဦးပေါင်းရည်ရယူရန် အခက်အခဲရှိနိုင်ပါသည်။ အကယ်၍ရယူလို လျှင် ထမင်းပေါင်းအိုးဖြင့်ချက်ရာတွင် ရေအနည်းငယ် ပိုထည့်ချက်ပါ။ ထမင်းကျက်၍ မနှပ်မီအဖုံးဖွင့် ၍ ဇွန်းဖြင့် လက်ဖက်ရည်ပန်းကန်နှစ်လုံးစာမျှ ထမင်းရည်ကို ခပ်ယူပါ။ နေ့စဉ်ရက်ဆက်၊ နံနက်စော စော တစ်လခွဲခန့် သောက်သုံးကြည့်ပါက အမှန်ပင်ဝမ်းဗိုက်ချပ်ပြီး ပိန်စေနိုင်ကြောင်း လက်တွေ့ကျင့် သုံးဖူးသူများမှ ပြောပြပါသည်။ အဆီကျပိန်စေနိုင်သော လွယ်ကူသည့်နည်းလမ်းဖြစ်သဖြင့် စမ်း သောက်ကြည့်ကြစေလိုသည်။

ငယ်စဉ်ကသင်ကြားရသော မြန်မာရာဇဝင်တွင် သာလွန်မင်းတရားသည် ဆင်စီးပြီး တိုင်းခန်းလှည့် လည်လာစဉ် ဆင်းရဲသားများနေထိုင်ရာ ဇနပုဒ်ရွာတွင် သူဆင်းရဲမတစ်ဦးသည် အပေါ်ဝတ်မပါ ထဘီ ရင်လျားဖြင့် မြေအိုးဖြင့်ချက်သော ထမင်းရည်ကို လမ်းပေါ်သို့ငှဲ့ချနေသည်နှင့် တိုးတော့သည်။ သာ လွန်မင်းကြီးသည် ထိုဆင်းရဲသူမကို ခေါ်ယူပြီးလျှင် “ဟယ် . . . သူမိုက်မ၊ သင်သည်အဖိုးတန်သော ထမင်းရည်ကို အဘယ်အတွက်ကြောင့် လမ်းပေါ်သို့ အချည်းအနှီးသွန်ငှဲ့ပစ်လေသနည်း။ အမှန်မူ ဤ ထမင်းရည်အာဟာရကို သင်၏ကလေးငယ်များ အဆာပြေအဖြစ် တိုက်ကျွေး၍ရသည်။ အိမ်တွင်မွေး ထားသော ခွေးသော်လည်း တိုက်ကျွေး၍ရနိုင်သည်။ နောင်တွင် ဤသို့ပြမူသူများကို ပြစ်ဒဏ်ခတ် မည်” ဟု ဆုံးမတော်မူခဲ့သည်ဟု ဖတ်ရှုရဖူးပါသည်။

ထမင်းချက်ရာတွင် ရှေးအခါက မြေထမင်းအိုးဖြင့် အရည်ငှဲ့ချက်လေ့ရှိသည်။ မြေစလောင်းဖုံးထပ်ချွန် တွင် နူးနပ်နေသောထမင်းကို ဦးပေါင်းဟုခေါ်သည်။ မြန်မာလူမျိုးတို့သည် ဗုဒ္ဓဘာသာဝင်များဖြစ်ကြသ ဖြင့် ထိုထမင်းဦးပေါင်းကို ဆွမ်းတော်တင်လေ့ရှိကြသည်။ မြေအိုးမှ သံ၊ သတ္တု၊ ဒန်အိုးများ ခေတ် ပြောင်းသွားသောအခါ ဦးပေါင်းဟူ၍မရှိတော့။ ယခုခေတ်အခါတွင် လျှပ်စစ်ဖြင့် ခလုပ်နှိပ်ပြီးချက်သော ထမင်းအိုးများသာ မြို့ကြီးများတွင် အသုံးပြုကြသဖြင့် ထမင်းရည်ငှဲ့ချက်သော ဓလေ့မှာပျောက်ကွယ် သလောက်ဖြစ်သွားခဲ့လေပြီ။

ရှေးက ထမင်းချက်ရာမှ ငှဲ့၍ရသောထမင်းရည်ကို ဆားခပ်ပြီး ကလေးသူငယ်များကို အာဟာရအဖြစ် အဆာပြေတိုက်ကျွေးရုံသာမက လူကြီးများအစာကြေစေရန်နှင့် လေပူကျစေရန် တိုက်ကျွေးကြသည်။ လေပူကြောင့် ပါးစောင်၊ ခံတွင်းနှင့်လျှာများတွင် အနာများ၊ အပူကန်ဖုများထွက်လျှင် ထမင်းရည်ပူပူကို ဆားခတ်ပြီးတိုက်ပါက ပျောက်ကင်းနိုင်သည်။ ခြေထောက်ရေစိုသော မိုးတွင်းကာလတွင် အထက်သို့ အပူကန်သောအနာသည် ပို၍ဖြစ်လေ့ရှိသည်။

ယောမြို့စားအတွင်းဝန် ဦးဘိုးလှိုင်ပြုစုသော ဥတုဘောဇနသင်္ဂဟကျမ်းတွင် ဖော်ပြထားသည်မှာ ထမင်းရည်သည် အစာကိုများစွာစားနိုင်စေ၏။ ဆီးကိုရွှင်စေတတ်၏။ သွေးကိုပွားစေတတ်၏။ အဖျား ကိုနိုင်၏။ သလိပ်သည်းခြေကိုနိုင်၏။ အသက်ကို ရှည်စေတတ်၏။ ဤသို့ ဂုဏ်ရှစ်ပါးရှိ၏။ ထိုထမင်း ရည်တွင် သင်္ဘောချင်းမှုန့်နှင့် သိန္ဓောခတ်၍သောက်လျှင် ဝမ်းမီးတောက်စေ၏။ အစာကိုကြေစေတတ် ၏။

တစ်နည်း . . . ထမင်းရည်သည် ဝမ်းချုပ်၏။ ကြေလွယ်၏။ အေး၏။ ဝမ်းမီးကို တောက်စေတတ်၏။ ရသအစရှိသော ဓာတ်ခုနှစ်ပါးတို့ကို ညီညွတ်စေတတ်၏။ အဖျားကိုနိုင်၏။ သောက်လျှင် ဝလွယ်၏။ အားကိုဖြစ်စေတတ်၏။ ထမင်းရည်တွင် ပိတ်ချင်းမှုန့်၊ သင်္ဘောချင်းခြောက်မှုန့်ခပ်သောက်လျှင် လေကို လည်စေတတ်၏။ အစာကိုကြေစေ၏ဟု ထပ်မံဖွင့်ဆိုထားသည်ကို တွေ့ရပြန်သည်။

စာမေးပွဲဖြေချိန်ရောက်တိုင်း လျှာနှင့်ပါးစပ်တွင် အနီစက်ကဲ့သို့ အနာများထွက်လေ့ရှိသော သမီးငယ် တစ်ဦးကိုထမင်းနှင့် ဟင်းအပူအစပ်များ မကျွေးဘဲနံနက်စောစော ထမင်းချက်၍ ထမင်းရည်ငှဲ့ပြီး တိုက် ကျွေးသောအခါ အနာများသက်သာလာသည်ကို တွေ့ရပါသည်။

ထမင်းရည်သည် ဆန်ပြုနှင့်မတူ၊ အအေးခံထားလျှင် အချဉ်ပေါက်လွယ်သဖြင့် ငှဲ့ပြီးပူတုန်းအချိန်တွင် တိုက်ကျွေးရန်သင့်သည်။ ဆားအသင့်အတင့်ခတ်ပြီးမှတိုက်လျှင် အရသာရှိပြီး လေကြေစေသည်။ လေကိုအောက်သို့ သက်စေနိုင်သည်။ အေးမှတိုက်ကျွေးလျှင် လေချဉ်ကိုအထက်သို့ ပြန်တက်စေနိုင် သည်ကို သတိပြုဖို့လိုသည်။

အနောက်တိုင်းအာဟာရ သုတေသီများက ထမင်းရည်ငှဲ့ချက်လျှင် အာဟာရဓာတ်များ ဗီတာမင် ဘီ (၂) ကဲ့သို့ဓာတ်များပါသွားပြီး ဆုံးရှုံးနိုင်သည်ဟုဆိုသော်လည်း နောက်ပိုင်းဆီးချိုနှင့်ပတ်သက်သော သုတေသနပြုမှုများက ထမင်းရည်ငှဲ့ချက်သော ထမင်းကိုစားသူထက် ထမင်းရည်ခန်းချက်စားသူက ပို၍ဆီးချိုရောဂါဖြစ်စေနိုင်သည်ဟု ဆိုသည်။ ထမင်းရည်ငှဲ့ချက်ခြင်းဖြင့် ဆီးချို သွေးချိုရောဂါကာကွယ် မှုကို အထောက်အကူဖြစ်နိုင်ပေသည်။ ။

ကြေးမုံသတင်းစာ



ထမင်း မစားခင် ရေသောက်ပြီး ဝိတ် ၃ ပေါင် ချပေးနိုင် 


ဗြိတိန်နိုင်ငံမှ ကျန်းမာရေး ဆိုင်ရာ လေ့လာ စောင့်ကြည့်ရေး ဆရာဝန်များရဲ့ စမ်းသပ် ဖော်ထုတ်ချက်အရ ရေသောက်ခြင်းဟာ ဝိတ်ကျစေကြောင်း ဆိုပါတယ်။ ဝိတ်ကျစေရန် သောက်ရန် အညွန်းက ဒီလိုပါ။


ထမင်းစား ခါနီးတိုင်းမှာ 500ml (မီလီလီတာ) ပမာဏ ရှိတဲ့ ဖန်ခွက် တစ်ခွက်စာ ရေကို အရင် သောက်ရန် ဖြစ်ပါတယ်။ ယင်းကဲ့သို့ ရေပမာဏ သောက်ပြီးတော့ ထမင်းစားတဲ့အခါ ၁၂ ပတ် ကြာတော့ ဝိတ်ချတဲ့အခါ ဝိတ်က ၂.၈၇ ပေါင် (၃ပေါင် နီးပါး) ကျတာကို သွားတွေ့ရပါတယ်။

စုစုပေါင်း လူပေါင်း ၄၀ ကျော်ကို ယင်းကဲ့သို့ နေထိုင် စားသောက်ရန် စီမံ စောင့်ကြည့်ခဲ့ခြင်း ဖြစ်ပြီး ပျမ်းမျှ ယူထားခြင်းပါ။ အချို့ဆိုရင် ၃ ပေါင်မက ဝိတ်ကျသွားပါတယ်။ အခြား ၄၀ ဦးကိုတော့ ထမင်း မစားခင် ရေ မသောက်စေပဲ စားစေတဲ့အခါ အခြား အားကစားလည်း မလုပ်တာကြောင့် ဝိတ် ပိုတောင် တက်လာ ပါတယ်။

ဒါကြောင့်မို့ ထမင်း မစားခင် ရေတစ်ဖန်ခွက် သောက်ခြင်းဟာ ဝိတ်ကျရန် အင်မတန် အထောက်အကူ ပြုစေပါတယ်။ စုစုပေါင်း ၁၂ ပတ်တာ ကာလအတွင်း ၃ ပေါင်နီးပါး ကျတာကြောင့် ရှေ့ဆက် ဆက်ပြီး သောက်တဲ့ အလေ့အထ ကို ပြုလုပ်ခြင်းကြောင့် ပိုလို့ ကျလာနိုင်ကြောင်း ရေးသားဖော်ပြထားပါတယ်။

အောင်ခမ်း (ရိုးရာလေး)


တစ်လအတွင်း သကြားနှင့်အရက်ရှောင်ပါက ကိုယ်အလေးချိန်နှင့်၊ အဆီ သိသိသာသာကျ


သကြားမှာ မကောင်းတဲ့သက်ရောက်မှုတွေရှိတယ်ဆိုတာနဲ့ သကြားကို ကျွန်တော်တို့ရဲ့နေ့စဉ်အစာကနေ ဘာကြောင့် လုံးဝရှောင်သင့်တယ်ဆိုတာကို ကျွန်တော်တို့အားလုံး ကြားဖူးကြပြီးဖြစ်ပါတယ်။

သကြားရှောင်တဲ့အတွက် ဘယ်လိုသိသာတဲ့ပြောင်းလဲမှုတွေဖြစ်လာတယ်ဆိုတာကို ဒက်ရှ်လူမျိုး Sacha Harland က သက်သေပြခဲ့ပါတယ်။ သူဟာ တစ်လကြာ သကြားနဲ့ အရက် ကိုရှောင်ပြီး နေထိုင်ခဲ့ပါတယ်။ သူ့ရဲ့ စိတ်ခံစားမှုအတိုင်းအတာနဲ့ စိတ်ချမ်းသာမှုရလဒ်တွေကို ဗီဒီယိုဖိုင်ကနေတဆင့် မြင်တွေ့နိုင်ပါတယ်။ စိတ်ချမ်းသာစရာ ရလဒ်တွေက ဘာတွေလဲဆိုတော့ ကိုယ်အလေးချိန် ၁၀ပေါင်ကျသွားပြီး သွေးပေါင်ချိန်၊ သွေးအတွင်း သကြားဓာတ်နဲ့အဆီဓာတ် တွေ သိသိသာသာလျော့ကျသွားတာပဲဖြစ်ပါတယ်။

“ကျွန်တော် အံ့အားသင့်ဆုံးအချက်က ခန္ဓာကိုယ်စနစ်ထဲကို သကြားဓာတ်ပြန်ပေးလိုက်တဲ့အချိန်မှာ ကျွန်တော့်ခန္ဓာကိုယ်က ပြောင်းပြန်တုံ့ပြန်မှုတွေပေးတော့တာပဲ။ သကြားပြန်စစားတဲ့ တစ်ပတ်ခွဲကြာအချိန်အတွင်းမှာ arrhythmia (နှလုံးဖောက်) တာ နှစ်ကြိမ်ဖြစ်ခဲ့တယ်။” လို့ တစ်လကြာ သကြားနဲ့အရက်ရှောင်ပြီး စမ်းသပ်ခံခဲ့တဲ့ ဟော်လန်သား Hague ကပြောခဲ့ပါတယ်။ 

“ကျွန်တော်က တော်ရုံနဲ့အိပ်မပျော်တဲ့ ရောဂါရှိခဲ့တယ်။ မနက် ၃နာရီ (ဒါမှမဟုတ်) ၄နာရီလောက်ထိကို အိပ်လို့မရတာ။ ဒါလည်းစိတ်ဝင်စားဖို့ကောင်းတယ်။ ကျွန်တော့်ခန္ဓာကိုယ်က သကြားနဲ့ မရင်းနှီးတော့ဘူး။ မူးယစ်ဆေးလိုကို ဖြစ်လာတာ။” လို့ သူကထက်ပြောပါတယ်။

သူဟာ အစမှာ အခက်အခဲရှိနိုင်ပေမဲ့ တစ်လတာဖြတ်ကျော်ပြီးရင် ရမယ့်ရလဒ်အတွက် မျှော်မှန်းပြီး စားသောက်နေထိုင်ခဲ့ကြပါတယ်။ ဘီယာရှောင်ရတယ်၊ အရက်ရှောင်ရတယ်၊ ဟမ်ဘာကာမစားရဘူး၊ အကြိုက်ဆုံးနံနက်စာဖြစ်တဲ့ မြေပဲယိုကိုတောင် ရှောင်ခဲ့ရပါတယ်။ တစ်ပတ်နှစ်ပတ်၊ ကြာတဲ့အခါမှာ ကျင့်သားရလာပြီး အေးဆေးဖြစ်သွားကြပါတယ်။ တစ်လကုန်ခါနီးမှာတော့ ပိုမိုလွယ်ကူလာပြီး အင်အားလည်းပိုရှိလာပါတယ်။ ရုပ်ပိုင်းဆိုင်ရာ အခြေခံတည်ဆောက်ပုံမှာတင် တော်တော် ထူးထူးခြားခြားဖြစ်သွားပါတယ်။ သွေးပေါင်ချိန်ဟာ 135/75 ကနေ 125/75 ကိုပြောင်းသွားခဲ့ပါတယ်။ သွေးတွင်းအဆီဓာတ်ဟာလည်း 4.6 ကနေ 4 အထိကျသွားပါတယ်။

သူနဲ့ပတ်သက်တဲ့ ဥပမာအချက်လေးတွေ ကြားပြီးပြီဆိုတော့ ကျွန်တော်တို့အနေနဲ့ ကြိုးစားမယ်ဆိုရင်လည်း မပိုဘူးဆိုရင်တောင် အလားတူရလဒ်မျိုးကို ပိုင်ဆိုင်နိုင်မှာပါ။

( Skyler )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thihtoolwin.com

Ref:Daily Mail

ပိန်စေဖို့ အစာအိမ်ခွဲစိတ်သူများ သေကြောင်းကြံစည်မှု အန္တရာယ်ပိုများနေ


Gastric bypass လို့ခေါ်တဲ့ အစာအိမ်ခွဲစိတ်မှု ပြုခဲ့တဲ့ လူနာတွေဟာ ခွဲစိတ်မှုပြုပြီးနောက်ပိုင်း ကိုယ့်ကိုကိုယ် အနာတရဖြစ်စေတဲ့ အန္တရာယ်ပိုများလာတယ်လို့ စစ်တမ်းတစ်ရပ်အရ သိရပါတယ်။ Gastric bypass ဆိုတာကတော့ အစာအိမ်နဲ့ အူတွေရဲ့ ၀င်ဆံ့မှုပမာဏကိုချုံ့ပြီး အစာအိမ်ကိုသေးစေတာပါ။ ကိုယ်အလေးချိန်ကျချင်တဲ့သူတွေက ဒီလိုခွဲစိတ်မှုမျိုးကို ပြုလုပ်ကြပါတယ်။

ပေါမောက္ခ Junaid Bhatti ဦးဆောင်တဲ့ သုတေသီတွေဟာ ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့မှာရှိတဲ့ Sunnybrook သုတေသနတက္ကသိုလ်ကနေ အမျိုးသမီးဦးရေပေါင်း ၈၈၁၄ ပါဝင်တဲ့ အုပ်စုတစ်စုကို လေ့လာမှုတွေပြုခဲ့ပါတယ်။ အစာအိမ်ခွဲစိတ်မှုပြုခဲ့တဲ့ ၄င်းအမျိုးသမီးလူနာတွေဟာ ခွဲစိတ်မှုပြုပြီး ၃ ဒဿမ ၆၃နှစ်ကြာမြင့်တဲ့အခါမှာ လူနာတစ်ထောင်လျှင် ကိုယ့်ကိုကိုယ်အနာတရဖြစ်စေသူပမာဏဟာ ၂ ဒဿမ ၃၃ရာခိုင်နှုန်းမြင့်တက်လာတာကို တွေ့ရှိခဲ့ရပါတယ်။

ခွဲစိတ်မှုပြုပြီးနောက် ကိုယ့်ကိုကိုယ်အနာတရဖြစ်စေခဲ့သူတွေထဲမှာ ကျေးလက်နေ၊ ၀င်ငွေနည်းတဲ့ အသက် ၃၅နှစ်ကျော် အမျိုးသမီးတွေလူနာတွေက အများဆုံးတယ်လို့ သုတေသီတွေက ဆိုပါတယ်။

Gastric bypass ခွဲစိတ်မှုပြုခဲ့သူတွေဟာ သာမန်လူထုနဲ့ယှဉ်ရင် သေကြောင်းကြံစည်မှုနှုန်း ၄ဆကျော်မြင့်တက်နေတာပါ။ ဒါကြောင့် ဒီလူနာတွေကို အနီးကပ်စောင့်ကြည့်စစ်ဆေးမှုတွေပြုစေဖို့ တွန်းအားဖြစ်စေခဲ့တာပါလို့ မီချီဂန်တက္ကသိုလ်မှ ပါမောက္ခ Carol Lindsay-Westphal ကပြောပါတယ်။ ပိန်စေဖို့အတွက် အစာအိမ်ခွဲစိတ်မှုဟာ သာမန်မဟုတ်တော့တာတော့ သေချာပါတယ်။ တတ်နိုင်သလောက် ကုသဖို့ကိုလည်း ပေါမောက္ခဆရာဝန်တွေက ကြိုးစားဆောင်ရွက်နေပါတယ်။

ခွဲစိတ်မှုပြုပြီးတဲ့ကာလမှာ ဘာလို့များ ကိုယ့်ကိုကိုယ် အနာတရဖြစ်စေတဲ့ အပြုအမူတွေများလာလဲဆိုတာကို နားလည်ဖို့အတွက် ပိုအားထုတ်ဖို့လိုလာပြီဆိုတာ ဒီရှာဖွေတွေ့ရှိမှုတွေက ဖော်ပြနေပါတယ်။ ဒီအန္တရာယ်တွေကို ဘယ်လိုတားဆီးနိုင်မယ်ဆိုတာကိုလည်း နားလည်အောင်လုပ်ရမှာပါ လို့ သုတေသီတွေက နိဂုံးချုပ်ပြောသွားပါတယ်။

( Skyler )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thihtoolwin.com

အိပ်ချိန်နောက်ကျတာနဲ့အမျှ ကိုယ်အလေးချိန်တိုးတိုးလာ


အိပ်ချိန်နောက်ကျတာနဲ့ ကိုယ်အလေးချိန်တိုးတာနဲ့ ကြားမှာ ဆက်စပ်မှုရှိတယ်လို့ သုတေသနသစ်တစ်ရပ် က ဆိုပါတယ်။

သုတေသီတွေဟာ ဆယ်ကျော်သက်ပေါင်း ၃၃၄၂ ယောက်ကို ၁၉၉၆ခုနှစ်ကနေစပြီး လေ့လာမှုတွေပြုခဲ့ပါတယ်။ ထိုနှစ်တွေမှာ သူတို့အားလုံးဟာ ပုံမှန်အိပ်ချိန်၊ အသင့်အစားအစာစားသုံးမှု၊ လေ့ကျင့်ခန်း၊ တီဗွီကြည့်ချိန် စတဲ့အချက်အလက်တွေကို အစီရင်တင်ခဲ့ပါတယ်။ သိပ္ပံပညာရှင်တွေဟာ အင်တာဗျူးတစ်ခုချင်းစီအတွက် ကိုယ်အလေးချိန်ညွှန်ကိန်းကို တွက် ထုတ်ခဲ့ကြပါတယ်။

 အသက်၊ လိင်၊ လူမျိုး၊ တိုင်းရင်းသား၊ လူမူစီးပွားရေးအခြေအနေ စတဲ့အချက်အလက်တွေနဲ့ တွက်ထုတ်ပြီးတဲ့နောက်မှာတော့ တစ်နာရီနောက်ကျပြီးအိပ်တာနဲ့ B.M.I. ၂မှတ်တိုးလာတာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
အိပ်ချိန် ၈နာရီပြည့်တဲ့သူတွေမှာတောင် ထိရောက်မှုက သိသာပါတယ်။ တီဗွီမကြည့်သူတွေ၊ လေ့ကျင့်ခန်းမလုပ်သူတွေမှာတော့ ထိရောက်မှုမရှိပေမဲ့ အသင့်စားအစားအစာစားတဲ့သူတွေမှာတော့ ထိရောက်မှုရှိပါတယ်။

“ပထမဆုံး၊ ဘာကြောင့် ဒီလိုဆက်စပ်မှုမျိုးဖြစ်တာပါလဲ။ နောက်ကျတဲ့ထိ မအိပ်ရင် ဇီဝဖြစ်စဉ်ပြောင်းလဲသွားလို့ပါလား။ ဒုတိယတစ်ချက်က၊ အိပ်ချိန်အပိုင်းအခြား ပြောင်းသွားလို့ပါလား။ စားကျင့်ကိုပြောင်းပြီး အလေးချိန်ပြောင်းလဲမှုကို ပြောင်းလဲနိုင်ပါသလား။” လို့ ဘွဲ့ယူကျောင်းသူတစ်ယောက်က မေးခွန်းထုတ်ခဲ့ပါတယ်။

သူတို့ရဲ့ လေ့လာမှုမှာ ကန့်သတ်ချက်တွေရှိပါတယ်လို့ သိပ္ပံပညာရှင်တွေက ပြန်ကြားခဲ့ပါတယ်။ သူတို့ရဲ့ အိပ်စက်မှု အချက်အလက်တွေက ကိုယ်တိုင်အစီရင်ခံစာတွေပေါ် မူတည်ကြောင်းနဲ့ အစားအစာ အချက်အလက်အပြည့်အစုံကို မရရှိကြောင်း ပြောပါတယ်။

( Skyler )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thihtoolwin.com

Ref:NewYork Times

No comments: