Thursday, August 13, 2015

မိုးရေစက်တို့နှင့်အတူ စီးမျောလာတတ်သည့် လျှပ်စစ်အန္တရာယ်




ယခုလိုမိုးရာသီ၌ ''အမှတ်တမဲ့မှ အမှတ်တရ'' ဖြစ်ရသည့် လျှပ်စစ်အန္တရာယ်(ဝါ) ဓာတ်လိုက်မှုဘေးမှ ကင်းဝေးစေရေး ရှောင်ရှားနိုင်ရေးတို့အတွက် သတိပေး ရေးသားဖော်ပြလိုပါသည်။

''အရေးကြီးလို့ ပြောတယ်မှတ်ပါ''

''စိုးရိမ်လို့ ရေးတယ်မှတ်ပါ''

လျှပ်စစ်ဓာတ်အားသည် ယနေ့ခေတ် လူတို့အတွက် မရှိမဖြစ်လိုအပ်ချက်တစ်ရပ်အဖြစ် အကျိုးပြုလျက်ရှိ သော်လည်း တစ်ခါတစ်ရံ ဓာတ်အားသုံးစွဲသူတို့၏ ပေါ့ဆမှု၊ လျှပ်စစ်နှင့်ပတ်သက်၍ မကျွမ်းကျင်သူတို့၏ မှားယွင်းတပ်ဆင် ဆက်သွယ်ထားမှု၊ လျှပ်စစ်ဓာတ်အား သုံးပစ္စည်းတို့၏ ချွတ်ယွင်းမှု၊ လေပြင်းတိုက်ခတ်မှုတို့ ကြောင့် လျှပ်စစ်အန္တရာယ် (ဝါ) ဓာတ်လိုက်မှုများ ဖြစ်ကြ ရသည်။

အထူးသဖြင့် မိုးရာသီ၌ လျှပ်စစ်အန္တရာယ်(ဝါ) ဓာတ်လိုက်မှုအန္တရာယ်တို့က ရွာသွန်းလာသော မိုးရေ စက်တို့နှင့်အတူစီးမျောကာ လူတို့ကို ဒုက္ခပေးတတ် သည်။ ဖြစ်လေ့ဖြစ်ထရှိသော လျှပ်စစ်အန္တရာယ်များ အနက် ဓာတ်တိုင်မှ အိမ်သို့သွယ်တန်းထားသည့် အိမ်သွယ်ဆားဗစ်ကြိုးများသည် နေဒဏ်၊ လေဒဏ်၊ မိုးဒဏ်တို့ကို နေ့စဉ်နှင့်အမျှ ခံကြရသဖြင့် နှစ်ကြာသည် နှင့်အမျှ ဆားဗစ်ဝိုင်ယာကြိုးများ၏အပေါ် ကာဗာ (Insulator) များသည် ဆွေးမြည့်အက်ကွဲ တတ်ပါသည်။ ထိုသို့ ဆွေးမြည့်အက်ကွဲနေသည့် ဆားဗစ်ဝိုင်ယာ ကြိုးသည် ခြောက်သွေ့သော အချိန်အခါတွင် လျှပ်စစ် အန္တရာယ် မဖြစ်ပေါ်နိုင်သော်လည်း စိုစွတ်သော မိုး ရာသီတွင် ဆွေးမြည့်အက်ကွဲနေသောနေရာသို့ မိုးရေ များစီးဝင်ပါက ဆားဗစ်ဝိုင်ယာမှ မီးခိုးများထွက်ခြင်း၊ မီးပန်းမီးပွား များထွက်ပေါ်လာခြင်းတို့ ဖြစ်တတ်ပါသည်။ ပို၍ဆိုးသည်မှာ အက်ကွဲပေါက်ပြဲနေသော အိမ်သွယ် ဆားဗစ်ကြိုးသည် ယင်းနှင့် ပူးတွဲချည်နှောင်ထားသော ဝန်ထမ်းကြိုးခေါ် သွပ်ကြိုးနှင့် ထိနေပါက ဝန်ထမ်းကြိုး တစ်လျှောက် လျှပ်စစ်ဓာတ်စီးဝင်နေပြီး ဝန်ထမ်းကြိုးမှ တစ်ဆင့် ဝန်ထမ်းကြိုးချည်နှောင်ထားရာ ဓာတ်တိုင်၊ ဓာတ်တိုင်မှတစ်ဆင့် ဓာတ်တိုင်ထိန်းကြိုး ၄င်းမှတစ်ဆင့် စွတ်စိုနေသော မြေပြင်တစ်လျှောက် လျှပ်စစ်ဓာတ်စီး ဝင်နေမည် (ဝါ)ဓာတ်လိုက်နေမည် ဖြစ်သည်။

ထို့အတူ မိုးကြိုကာလမှစ၍ မိုးရာသီမကုန်မခြင်း မုန်တိုင်းဝင်ရောက်မှု၊ မုန်တိုင်းအဖျားခတ်မှုတို့ကြောင့် လေပြင်းတိုက်ခတ်လေ့ရှိရာ လေဒဏ်၊ မိုးဒဏ်ကြောင့် ကောင်း ကင်ဓာတ်အားလိုင်း (Insulator) ကြိုး များ၊ အိမ်သွယ်ဆားဗစ်ဝိုင်ယာကြိုးများပေါ်သို့ သစ်ကိုင်း ကျိုးကျခြင်း၊ သစ်ပင်ပြိုလဲခြင်း၊ တစ်ခါတစ်ရံ နေအိမ် ဝရန်တာများ၊ တိုက်ခေါင်မိုးများပေါ်၌ ထောင်ထားသော TV အင်တင်နာများ၊ စလောင်းများသည်လည်းကောင်း ကင်ဓာတ်အားလိုင်းကြိုး၊ အိမ်သွယ်ဆားဗစ်ဝိုင်ယာကြိုး များပေါ်သို့ ပြုတ်ကျခြင်း စသည့်အကြောင်းတို့ကြောင့် ဓာတ်ကြိုးများ ပြုတ်ကျတတ်၊ ပြတ်ကျတတ်ပါသည်။ ပြတ်ကျပေါင်းလည်း များလှပါပြီ။

ယခုလည်း ပြတ်ကျဆဲ ဖြစ်ပါသည်။ ပြတ်ကျသော ဓာတ်ကြိုးများသည် ယေဘုယျအားဖြင့် ဓာတ်အားမပိတ် မချင်း လျှပ်စစ်ဓာတ်အားရှိနေသည်ကို သိရှိစေချင်ပါ သည်။ သတိရှိစေချင်ပါသည်။ ကြောက်စေချင်ပါသည်။

ထိုသို့ပြတ်ကျနေသော ဓာတ်ကြိုးများကို ဓာတ်အား မပိတ်မီအချိန်အတွင်း ထိမိ၊ ခိုက်မိ၊ ကိုင်တွယ်မိ၊ တက်နင်းမိပါက ဓာတ်လိုက်မှုဖြစ်ပွားတတ်ပါသည်။

သို့ဖြစ်၍ ကျိုးကျသော သစ်ကိုင်း၊ သစ်ပင်၊ ပြုတ်ကျ သော အင်တာနာတိုင်များ၊ စလောင်းများတို့သည် (over headline) ကောင်းကင်ဓာတ်အားလိုင်းပေါ်တင် နေပါက ကိုယ်တိုင်သော်လည်းကောင်း၊ အခြားသူတစ်ဦး ကိုသော်လည်းကောင်း၊ ဖယ်ရှားစေခြင်း မပြုပါနှင့်။ အလွန်အန္တရာယ်များပါသည်။ သက်ဆိုင်ရာ မြို့နယ် လျှပ်စစ် မန်နေဂျာရုံးများသို့ သတင်းပေးပို့ တိုင်ကြားပြီး သက်ဆိုင်ရာ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ တာဝန်ရှိ သူများ လာရောက်ဖယ်ရှားသည်ကို စောင့်ပါ။

ထိုသို့မဟုတ်ဘဲ ဆန္ဒစော၍ဖြစ်စေ၊ ဘာမှမဖြစ်ပါ ဘူးဟု ပေါ့ပေါ့ဆဆတွေး၍ဖြစ်စေ၊ မိမိကိုယ်တိုင် ရေစိုနေသော ဝါးလုံး၊ ရေစိုနေသော သစ်သားချောင်း၊ သံချောင်း၊ သံပိုက်လုံး၊ စတီးလ်ချောင်းတို့ဖြင့် ဖယ်ရှား ပါက မတော်တဆ ဓာတ်ကြိုးထိမိပြီး ဓာတ်လိုက်ခံရတတ် ပါသည်။ ကျွမ်းကျင် လျှပ်စစ်ဝန်ထမ်းမဟုတ်သော တာဝန်မရှိသူများကိုလည်း စေခိုင်း၍မရပါ။

မည်သည့်အကြောင်းကြောင့်ဖြစ်စေ၊ ဓာတ်ကြိုးပြတ် ကျနေသည်ကို တွေ့မြင်သိရှိသူများက သက်ဆိုင်ရာ မြို့နယ်လျှပ်စစ်ရုံးများသို့ အမြန်သတင်းပေးပို့ အကြောင်း ကြားရန် လိုအပ်ပါသည်။ အကြောင်းကြားချိန် နောက်ကျ သည်နှင့်အမျှ ဓာတ်လိုက်မှုအန္တရာယ် ပိုများပါသည်။

ပြတ်ကျနေသော ဓာတ်ကြိုးများကို သက်ဆိုင်ရာ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ တာဝန်ရှိသူတို့က ဓာတ် အားပိတ်ပြီး လိုအပ်သလို ရှင်းလင်းဖယ်ရှားပေးပါလိမ့် မည်။ တာဝန်ရှိသူတို့ မရောက်လာမီအချိန်အတွင်း ဓာတ်ကြိုးပြတ်အနီးသို့ မသွားကြရန်၊ ပြတ်ကျသော ဓာတ်ကြိုးကိုမကိုင်တွယ်၊ မဖယ်ရှားကြရန် ဓာတ်ကြိုး ပြတ်အနီးတွင် ကလေးများမဆော့၊ မကစားရန် တားဆီး၊ ကာကွယ်ထားဖို့ လိုအပ်ပါသည်။

ပြတ်ကျနေသော ဓာတ်ကြိုးသည် ရေအိုင်၊ ရေခွက်၊ ရေကန်ထဲသို့ကျနေပါက ဓာတ်လိုက်မှုအန္တရာယ် ပိုမိုကြီး မားသဖြင့် ဓာတ်ကြိုးပြတ်ကျနေသော ရေအိုင်၊ ရေဗွက်၊ ရေကန်ထဲသို့ လူသူ၊ ကျွဲ၊ နွား၊ တိရစ္ဆာန်များ မဆင်းမိ အောင် ဖြတ်သန်းခြင်းမပြုမိအောင် သတိပေးတားဆီး ရန်လည်း လိုအပ်ပါသည်။ ရေထဲ၌ လျှပ်စစ်ဓာတ်စီးဝင် ဓာတ်လိုက်နေဟု သိရှိစေချင်ပါသည်။ ညအမှောင် (သို့မဟုတ်) အလင်းရောင်မရှိသော နေရာတွင် ဖြစ်နေ ပါက သတိပေးမီးအိမ်(သို့ မဟုတ်) အမှတ်အသားတစ်ခုခု ထားရှိပေးသင့်ပါသည်။

''အသက်ကို ဉာဏ်စောင့် ဥစ္စာကို ကံစောင့်'' ဟူသောစကားနှင့်အညီ ပြည်သူလူထုအနေဖြင့် လျှပ်စစ် ဗဟုသုတအပါအဝင် အကြားအမြင် အသိတို့ဖြင့် ''မိုးရေ စက်တို့နှင့်အတူ စီးမျောလာတတ်သည့် လျှပ်စစ် အန္တရာယ်''များကို ကြိုတင်ကာကွယ်ရှောင်ရှားနိုင်စေရန် ရည်သန်၍ ရေးသားဖော်ပြလိုက်ရပါသည်။

မောင်မောင်(လျှပ်စစ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

No comments: