Monday, August 24, 2015

“တောင်ပြုံးပွဲလည်းနွှဲကြအနော်ရထာမင်းကြီးလည်းအားနာကြ”




မနေ့က နေ့လည်ပိုင်းလောက်မှာ ဆိုင်မှာအမြဲတမ်း အထည်လုပ်နေကြ အသိတစ်ယောက် သူ့ရွှေထည်လေးပြန်လာရောင်းတယ်။ လူချင်းလည်းရင်းနှီးနေတော့ ကျွန်တော်က မ၀င်းမေ ဘာအတွက်များ ငွေလိုနေလို့တုန်းမေးတော့ “တောင်းပြုံးပွဲသွားဖို့ ငွေလို လို့ပါငါ့မောင်ရယ် ဒီနှစ်လုပ်ငန်းကိုင်ငန်းကလည်း သိပ်မကောင်းတော့ အဆင်မပြေပါဘူး လို့ပြန်ဖြေပါတယ်။ ဒါနဲ့ကျွန်တော်ကလည်း မ၀င်းမေရယ် တောင်းပြုံးပွဲသွားဖို့အတွက်နဲ့များ ရွှေရောင်းနေရသေးတယ်။ အဆင်မပြေလည်း မသွားနဲ့ပေါ့ဗျာလို့ ပြောလိုက်တော့ “အောင်းမလေး နှစ်စဉ်သွားပြီး ဆက်သနေတာတောင် ဒီလိုအဆင်မပြေဖြစ်နေတာ မသွားရင်ဒီထက် ပိုဆိုးသွားမှာပေါ့။ မိဘတွေလက်ထက်ကတည်းက နှစ်စဉ်သွားနေကြဆိုတော့ မသွားလို့မဖြစ်ဘူးတဲ့” . . .။ ကျွန်တော့်မှာ ဘာပြန်ပြောရမှန်းမသိအောင် ပါးစပ်အဟောင်းသား ဖြစ်သွားပါတယ် .. . တောင်ပြုန်းပွဲနဲ့ ပတ်သက်ပြီးတော့လည်း ထေရ၀ါဒဗုဒ္ဓဘာသာစစ်စစ်ကို ကိုးကွယ်ပါတယ်ဆိုတဲ့ ကိုယ့်နိုင်ငံရဲ့ လက်ရှိအခြေအနေနဲ့ ချိန်ထိုးစဉ်းစားစရာအတွေးတွေ တသီချည်းပေါ်လာခဲ့ရတယ်။

တောင်ပြုန်းပွဲကို မ၀င်းမေလို တစ်နိုင်ငံလုံးမှလာရောက်ဆင်နွှဲသူဟာ တနှစ်တနှစ် ငါသိန်းအထက်မှာရှိတယ်လို့ သိရပါတယ်။ လူတစ်ယောက်ကို ပျမ်းမျှကုန်ကျစရိတ် စရိတ် ကျပ် ၂ သောင်းကုန်ကျတယ်ဆိုရင် လူဦးရေငါးသိန်းဆိုရင် ကျပ်သန်းပေါင်း တစ်သောင်း လောက်က အနည်းဆုံး စရိတ်အဖြစ်သုံးလိုက်သလိုပါပဲလားလို့တွက်မိတော့ တောင်ပြုန်းပွဲ တစ်ပွဲအတွက် သုံးလိုက်ကြတဲ့ငွေပမာဏအပေါ် တော်တော်လေး ကြက်သီးထသွားတယ်။ အေးလေ ကိုယ်ယုံကြည်ရာ ကိုယ့်ယုံကြည်မှုအတွက်လုပ်ကြတာပဲလို့ စိတ်ထဲတွေးဖြစ်လိုက်တယ်။

အဲဒီအတွေးနဲ့အတူ တစ်ဆက်တည်း ခေါင်းထဲဝင်လာတဲ့ သတင်းတစ်ခုက စောင့်ရှောက်သူမရှိတဲ့ အသက် ၇၈ နှစ်အရွယ်အငြိမ်းစား ကျောင်းဆရာမကြီးနဲ့ အသက် ၈၀ အရွယ် အငြိမ်းစားဗိုလ်ကြီး မောင်နှမနှစ်ယောက်သတင်းလေးပါ။ အသက် ၇၈ နှစ်အဘွားအိုက လေဖြတ်ထားသလို မျက်စေ့လည်းမမြင်ရှာဘူး။ အစ်ကိုဖြစ်သူသေဆုံးသွားတော့ အဘွားအိုဟာ အစ်ကိုဖြစ်သူအလောင်းဘေးမှာပဲ ခွေခွေလေးအဟာရပြတ်လဲကျနေခဲ့တယ်။ အနံ့ထွက်လာလို့ ဘေးပတ်ဝန်းကျင်က ကြည့်တော့မှ အဲ့ဒီအဖြစ်ကိုသိကြရတာ။ ဆည်းဆာရိပ်ဘိုးဘွားရိပ်သာကလာပြီး အဘွားအိုကို ပြုစုစောင့်ရှောက်လိုက်တဲ့အ တွက် အဘွားအိုဟာ အဟာရပြတ်သေအံ့ဆဲဆဲအခြေအနေကနေလွတ်မြောက်ခဲ့ရ တယ်တဲ့။ ဒီလိုပဲ မြောင်းမြမှာ ဆေးကုသစရိတ်မရှိလို့ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတဲ့အဖြစ် ကလည်းရှိခဲ့သေးတယ်လေ။ ဒီဖြစ်ရပ်တွေဟာ နိုင်ငံအနှံ့ဘယ်လောက်ဖြစ်နေကြသလဲ။ အဲ့ဒီလို အကူအညီမဲ့နေတဲ့လူပေါင်းဘယ်လောက်များနေသလဲ။

ကျွန်တော်တို့နိုင်ငံဟာ ထေရ၀ါဒဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည့်တဲ့နိုင်ငံဖြစ်ပေမယ့် ဘာသာတရား၊ နောက် ကိုးကွယ်ယုံကြည်မှုနဲ့ပတ်သတ်ပြီး လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်ပြုထားသောနိုင်ငံဖြစ်လို့ ကျွန်တော်အနေနဲ့လည်း ဘာမှပြောစရာ ဝေဖန်စရာမရှိပါ။ ဒါပေမယ့် မ၀င်းမေပြောသလို မရှိတဲ့ကြားက သွားကို သွားမှရမယ်ဆိုတဲ့အသိယုံကြည်မှုလွန်ကဲတဲ့ အခြေအနေကိုတော့ သတိချပ်စဉ်းစားတာပို ကောင်းမယ်လို့ သုံးသပ်မိပါတယ်။

ကျွန်တော်တို့အားလုံးကိုးကွယ်ယုံကြည်တဲ့ ဗုဒ္ဓဘုရားရှင်ကိုယ်တော်တိုင်က သေရည်အရက်သောက်တာမကောင်းဘူးဆိုပြီး ဟောကြားတားမြစ် ထားတယ်။ အခုက သေရည်သောက်နေတဲ့ နတ်တွေကို ကိုကသွားကိုးကွယ် ပူဇော်ပသနေတယ်။ ဒီတစ်ချက်နဲ့တင် တော်တော်လေး လုံလောက်နေပါပြီ။ ထေရ၀ါဒ ဗုဒ္ဓဘာသာစစ်စစ်ကို ကိုးကွယ်ယုံကြည်ပါတယ်ဆိုတဲ့ ကျွန်တော်တို့ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေ စဉ်းစားကြည့်ဖို့လိုမယ်ထင်ပါတယ်။ ထိုကဲ့ အခြားနတ်များ၊ ဘိုးတော်ဝိဇ္ဇာတွေကို ကိုးကွယ်ခြင်းဟာ သရဏဂုံ ပျက်တယ်လို့လည်း ဆရာတော်ဘုရားများက ဟောကြားတားမြစ်ထားပါတယ်။

တောင်းပြုံးပွဲ သွားလို့ ကုန်ကျမယ့်ငွေတွေကို ဘာသာ သာသနာအတွက်၊လူမူရေး ပရဟိတလုပ်ငန်းတွေ အကူညီလိုအပ်နေတဲ့သူတွေ၊ ဘုရားကျောင်းကန်တွေ ကိုလှူတန်းရင် ဘုရားဟောနဲ့လည်းညီ ကိုယ့်အတွက်လည်း ဒါနဆိုတာပါသွားမှာပဲ။ မဖြစ်မနေတောင်ပြုံးသွားသလို မဖြစ်မနေ သီလဆောက်တည်ရင် သီလလည်းထပ်ရသွားမှာပဲ။ ဆိုလိုတာက အသုံးတည့်စေချင်တာပါ။ အဟာရပြတ်လပ်တဲ့သူ၊ ဆေးမကုနိုင်တဲ့သူတွေကို လှူလိုက်ရတဲ့ ကုသိုလ်ဟာ ဘယ်လောက်များလိုက်မလဲဆိုပြီး တွေးကြည့်စေချင်ရုံလေးပါ။

မြန်မာနိုင်ငံမှာ ငတ်သေတဲ့မသာမရှိပါဘူးလို့ပြောနေကြပေမယ့် ဆေးကုသစရိတ်မတက်နိုင်လို့၊ အိမ်လခစရိတ် အစားအသောက်စရိတ်တွေမတက်နိုင်လို့ ကိုယ့်ကိုကိုယ်သတ်သေတဲ့ မသာတွေကတော့ရှိနေပါပြီ။ ဆင်းရဲမွဲတေလို့ ကျောင်းမတက်နိုင်ပဲ ငယ်ငယ်ရွယ်ရွယ်နဲ့ ကျောင်းထွက်ပြီး အလုပ်လုပ်နေရတဲ့ကလေးလုပ်သားတွေ၊ စစ်ဘေး ကြောင့် အခုချိန်ထိ အိမ်မပြန်နိုင်သေးပဲ ဒုက္ခသည်စခန်းမှာ ဒုက္ခရောက်နေတဲ့ တိုင်းရင်းသား မောင်နှတွေ၊ မိဘမဲ့ ပရဟိတကျောင်းတွေ၊ နေဖို့ကျောတခင်းစာ အသက်ရှင်ဖို့ အတွက်ထမင်းတလုပ်စားရဖို့ ပင်ပန်းဆင်းရဲကြီးစွာ လှုပ်ရှား ရုန်းကန်နေရတဲ့ ပြည်သူတွေအများကြီးပါ။

ယခုတောင်ပြုံးပွဲသွားကြတဲ့သူတွေ အိမ်ကဘုရားကို မနက်တိုင်း ရှိခိုးဖြစ် ဆွမ်းတော်တင်ဖြစ်သလား . . . အိမ်ရှေ့နေ့စဉ်ကြွတဲ့ သံဃာတော်တွေကို နေ့တိုင်းဆွမ်းလောင်းဖြစ်လား တွေးကြည့်မိပါတယ်။ ခရစ်ယာန်ဘာသာဝင်တွေဟာ တနင်္ဂနွေနေ့တိုင်း ချက်စ်ကျောင်းတက်ကြပါတယ်။ အစ္စလာမ်ဘာသာဝင်တွေဟာ သောကြာနေတိုင်း ဗလီတက်ကြပါတယ်။ ကျွန်တော်ဗုဒ္ဓဘာသ၀င်တွေက အခုဝါတွင်းသုံးလတောင် ဥပုဒ်နေ့တိုင်း ဥပုဒ်စောင့်ကြသလားဆိုတာ နှိုင်းယှဉ်စဉ်းစားစေချင်ပါတယ်။ အမျိုးဘာသာထိန်းသိမ်းစောင့်ရှောက်ရေးဆိုပြီး ကြွေးကြော်ကာ မရောင်ရာဆီလူး တလွဲဆံပင်ကောင်းနေရင် အနာဂတ် ဗုဒ္ဓဘာသာ မြန်မာနိုင်ငံအတွက် ရင်လေးစရာပဲဖြစ်ပါတယ်။

တောင်ပြုံးပွဲသွားတဲ့ ကားတွေမှာ သာသနာအလံတပ်ထားတာတွေ၊ ဆရာတော်သံဃာတော်များက ကားခေါင်းခန်းမှာ မိန့်မိန့်ကြီးထိုင် ဒကာ၊ ဒကာမတွေကို တင်ပြီးတောင်ပြုံးနတ်ပွဲ သွားနေကြတာတွေဟာ ထေရ၀ါဒအမြင်နဲ့ကြည့်ရင် အင်မတန် အကြည့်ရဆိုးတဲ့ မြင်ကွင်းတွေပဲဖြစ်ပါတယ်။

နတ်ကိုယုံကြည်ကိုးကွယ်တဲ့ လူတွေကိုကြည့်ရင် အလိုကြီးသူ၊ အကြောက်ကြီးသူ၊ စဉ်းစားဆင်ခြင်ဥာဏ်နည်းပါးသူတွေများပါတယ်။ အထက်ပါ လူတန်းစားများကို အခြေခံထား၍ နတ်များ၊ နတ်ကတော်များကြီးထွား ရှင်သန်နေကြတာပါ။ တောင်ပြုံးနတ်ပွဲမှာ ရွှေဖျင်းကြီး ရွှေဖျင်းလေး နတ်ညီနောင် ရဲ့ အုတ်၂ ချပ်လပ်ဘုရားရဲ့ ဂေါပက အဖွဲ့မှာပါတဲ့ လူတယောက်က . . . သူ့မှာ သားသမီး ၆ ယောက်ရှိပါတယ် တဲ့၊ တနှစ် တနှစ် တောင်ပြုံး နတ်ပွဲကနေ ရတဲ့ ၀င်ငွေက မိသားစု အားလုံး ၈ ယောက် အလုပ်လုပ်စရာ မလိုပဲ ထိုင်စားလို့ရတယ် လောက်ငှတယ် လို့မိတ်ဆွေတစ်ယောက် ပြောပြဖူးပါတယ်။ တောင်ပြုံးနတ်ပွဲကို အကြောင်းပြပြီး ဘယ်သူတွေ အကျိုးအမြတ်ရှိသလဲဆိုတာ စဉ်းစားတွေးခေါ်ကြည့်စေချင်ပါတယ်။ တောင်ပြုံးပွဲမှာ အတို့ခံ အထိခံ အပြောခံကြ၊ ခါးပိုက်နှိက်ခံကြ၊ ၊မူးကြရူးကြ၊ ယာဉ်မတော်တဆမှုတွေဖြစ်လို့၊ ခိုက်ရန်ဖြစ်ပွားလို့ အသက်သေဆုံးရတာတွေလည်း နှစ်စဉ်ဖြစ်ပွားပါတယ်။ NGO အဖွဲ့အစည်း တွေက ကွန်းဒုံးတွေကို ထောင်ချီသောင်းချီဝေရတဲ့ ပွဲတော်ကြီး လည်းဖြစ်သဗျာ။

ဒီလိုပွဲတော်ကြီးကို အစိုးရမင်းများကလည်း အားပေးချီးမြှောက်တယ်။ မီဒီယာသမားများကလည်း တာဝန်ကျေပွန်စွာ တခမ်းတနားဖော်ပြပေးကြပါတယ်။ ထေရ၀ါဒဗုဒ္ဓဘာသာ မြန်မာနိုင်ငံတော်မှာ တရားပွဲကျင်းပဖို့အတွက် အဆင့်ဆင့်ခွင့်ပြုချက်တင်ရပါတယ်။ တရားပွဲတွေကျင်းပခွင့်အပိတ်ခံရ၊ တရားဟောဆရာတော်များ တရားဟောကြားခွင့်အပိတ်ခံရပေမယ့် နတ်ပွဲတွေကို နိုင်ငံနဲ့အ၀ှမ်း စည်စည်ကားကား ကျင်းပဖို့ အစိုးရမင်းများက အားတက်သရော အားပေးချီးမြှောက်ဆောင်ရွက်တယ်။ ပြည်သူများကလည်း အားရ၀မ်းသာ ပါဝင်ဆင်နွှဲကြပါတယ်။ အားလုံးလက်တွဲညီတဲ့ ပွဲတော်ကြီးလို့တောင် ပြောလို့ရပါတယ်။ မြန်မာနိုင်ငံရဲ့ ထေရ၀ါဒဗုဒ္ဓဘာသာကို အုတ်မြစ်ချပေးခဲ့သူ သာသနာတော်ကြီး သန့်ရှင်းစင်ကြယ်အောင် ပြုလုပ်ပေးခဲ့သူ ကျေးဇူးရှင် အနော်ရထာမင်းကြီးရဲ့ ထေရ၀ါဒ ဗုဒ္ဓသာသနာတော်ကြီးဟာ အခုအချိန်မှာ အရောင်မျိုးစုံအဆိုးခံနေရတာကို ၀မ်းနည်းဖွယ်တွေ့မြင်နေရပါတယ် . ..
ဒီတောင်ပြုံးနတ်ပွဲနဲ့ ပတ်သတ်ပြီး ဒီနေ့ထိ သမိုင်းအမှန်ကို ဘယ်သူမှမပြောနိုင်ကြသေးပါဘူး။

ကျွန်တော်ကတော့ ထေရ၀ါဒဗုဒ္ဓဘာသာ ထွန်းကားပြန့်ပွားရေးအတွက် ထေရ၀ါဒလမ်းကြောင်းနဲ့ မကိုက်ညီတာလေးတွေကို စဉ်းစားတွေးခေါ်သုံးသပ်နိုင်စေဖို့ အမုန်းခံပြီး ရေးလိုက်ရပါတယ်။ တိုင်သူပြည်သားအများစုက ဆင်းရဲတွင်းနက်နေချိန်၊ ဒုက္ခရောက်နေလို့ အကူအညီမဲ့သူတွေ များနေတဲ့အချိန် နတ်ပွဲတွေအတွက် ကျပ်သန်းပေါင်း တစ်သောင်းကျော် လောက်နှစ်တိုင်းအကုန်ခံပြီး စည်စည်ကားကား ကျင်းပနေတာတွေမြင်တိုင်း ထေရ၀ါဒ ဗုဒ္ဓဘာသာပြန့်ပွားအောင် သန့်ရှင်းစင်ကြယ်အောင် လုပ်ခဲ့တဲ့ အနော်ရထာမင်းကြီးကို အားနာနေမိတယ်ဗျာ . . .

- ကျော်ကြီး(MDY)

8.8.14 နေ့ထုတ် News Watch ဂျာနယ်တွင်ပါရှိသော ကျွန်တော့်ဆောင်းပါးလေး 

No comments: