Monday, May 25, 2015

တိုင်းပြည်တစ်ပြည်ရဲ့ အိုင်ဒန်တစ်တီ – ဆောင်းဝင်းလတ်




ရပ်ကွက်ထဲမှာ ညဥ့်နက်သန်းခေါင် တစ်လမ်းဝင်တစ်လမ်း ထွက်၊ ခွေးဟောင်သံ ခွေးအူသံ တညံညံ တစီစီကြား ထဲမှာ ဟိုခြံထဲဝင်၊ ဒီအိမ်ရှေ့ရပ်၊ တံခါးတွေကို တ၀ုန်းဝုန်းတဒိုင်းဒိုင်း ထုနှက်ပြီး “ဗျို့ … အိမ်ရှင်တို့ …အိမ်ရှင်တို့ ဧည့်စာရင်း စစ်မယ်လို့” ဗျို့ အော်ဟစ်ခိုင်းတာတွေ၊ ဧည့်စာရင်း စစ်တဲ့အဖွဲ့ထဲမှာ လိုက်ပါခိုင်းနေတာတွေ ဟာ မောင်ဖြူနဲ့မောင်ညိုတို့ရဲ့ ကိုယ်ပိုင်အရည်အသွေး အရည်အချင်း Identity တွေနဲ့ လုံးဝဆန့်ကျင်ဘက်ဖြစ်နေ …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ပန်းချီ၊ ပန်းပု၊ ဂီတ၊ သဘင်၊ ရုပ်ရှင်အနု သုခုမနဲ့ သက်ဆိုင်တဲ့ လစဉ်ထုတ် မဂ္ဂဇင်း တစ်စောင် ပေါ်ပေါက်ခဲ့ဖူးပါ တယ်။ အနုပညာရှင်တွေ ကို တွေ့ဆုံပြီးသူတို့ရဲ့ အနုပညာတွေ၊ သူတို့ရဲ့ အနုပညာအယူအဆ အတွေးအခေါ် တွေ အကြောင်းကို ဆောင်းပါးတွေရေးဖို့ အဲဒီမဂ္ဂဇင်းအယ်ဒီတာအဖွဲ့ အတွက် တတ်နိုင်တဲ့ဘက်က ကျွန်တော် ပံ့ပိုးကူညီ ရေးသားပေးခဲ့ဖူးပါတယ်။ နယ်ဒေသတွေကိုလည်း မကြာခဏခရီးထွက်ပြီး ရပ်ဝေးကအနုပညာ ရှင် တွေကို သွားရောက်တွေ့ဆုံရင်း ဆောင်းပါးတွေရေးခဲ့ဖူးပါတယ်။ တစ်ခါမှာတော့ လူငယ်ပန်းချီ ဆရာ တစ် ယောက်နဲ့ တွေ့ဆုံခွင့်ရခဲ့ပါတယ်။

အဲ့ဒီတုန်းက န.၀.တစစ်အစိုးရနဲ့ န.အ.ဖ စစ်အစိုးရ လက်ထက်ထုံးစံအတိုင်း စာနယ်ဇင်းလောကကို ဖိနှိပ် ကန့်သတ် ချုပ်ချယ်မှု တွေများပြားတဲ့ စာပေစိစစ်ရေးဒဏ်ကို အလူးအလဲခံနေကြရတဲ့ အချိန်ဖြစ်တဲ့ အတွက် မဂ္ဂဇင်းစာမျက်နှာမှာ လူငယ်ပန်းချီ ဆရာရဲ့ လောကအမြင်အတွေး တချို့ကို ရေးသားဖော်ပြချင်ပါရက်နဲ့ ချန် လှန်ထားခဲ့ရတာ နှမြောစရာပါ။ မှတ်မိနေပါသေးတယ်။ အဲ့ဒီတုန်းက ပန်းချီအယူအဆတွေ အကြောင်း စကား စပ်မိနေကြရင်း လူငယ် ပန်းချီဆရာက၊ လူတွေရဲ့ ရွေးချယ်ပိုင်ခွင့် တချို့ပျောက်ဆုံးနေရတဲ့ စစ်အာဏာရှင် တွေရဲ့ ဖိနှိပ်ကန့်သတ်ဘောင် ခတ်ထားခံရမှုတွေ အကြောင်းပြောသလို အဲဒီအာဏာ ရှင်တွေကြီးစိုး မင်းမူနေ သမျှကာလပတ်လုံးမှာ တိုင်းပြည်မှာရှိတဲ့ လူတစ်ဦးချင်းစီရဲ့ ကိုယ်ပိုင် Identity တွေဟာလည်း ၀မ်းနည်း စရာ ကောင်းလောက်အောင် ပျောက် ဆုံး နေရဦးမှာပဲဆိုတာ ပြောလာပါတယ်။…

လူတစ်ယောက်ရဲ့ Identity ဆိုတာမှာ သူဟာ ဘယ်သူလဲ။ သူဟာဘာလဲ ဆိုတာအဓိက ကျပါတယ်။ လူငယ် ပန်းချီဆရာက ကျွန်တော့်ကို ဥပမာပေးပြီး ပြောသွားတာ စိတ်ဝင်စားဖို့လည်းကာင်းသလို ၀မ်းနည်းဖို့ လည်း ကောင်းပါတယ်။ ဥပမာအားဖြင့် သူပြောပြသွားတာက ကျွန်တော်တို့တိုင်း ပြည်မှာ ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင် တစ် ယောက်ဆိုပါတော့။ သူ့ရဲ့ Identity က ကြက်ခြေနီသူနာပြုဖြစ်တယ်။ သူ့နာမည် ကမောင်ဖြူဆိုပါတော့။ မောင်ဖြူရဲ့ အလုပ် ဟာမွန်မြတ်တယ်။ အရေးပေါ် ထိခိုက်ဒဏ် ရာရတဲ့ လူနာတွေ ကို မောင်ဖြူက ကူညီ စောင့် ရှောက်တယ်။ သူတတ်ကျွမ်းတဲ့ကြက် ခြေနီရှေးဦး သူနာပြုနည်းအရ လူနာတွေကို ကြိုတင်ကယ်ဆယ်ပြုစု စောင့်ရှောက် မှု ပေးတယ်။ နောက်တစ်ခါ မောင်ညိုဆိုပါတော့။ မောင်ညိုက ရပ်ရွာနဲ့ မြို့ကြီးပြကြီး တွေမှာ မီး ဘေးကာကွယ်ရေးအတွက် သူတတ်ကျွမ်းတဲ့ မီးငြှိမ်းသတ် အတတ်ပညာ ရပ်တွေကို ယုံကြည်သက်ဝင်ပြီး ပြည်သူလူထုကို ကူညီကယ်ဆယ် ကာကွယ်စောင့် ရှောက်နေတဲ့ မီးသတ်တပ်ဖွဲ့ဝင် တစ်ယောက် ဖြစ်တယ်။

ဒါပင်မဲ့ မြန်မာနိုင်ငံမှာတော့ ကြက်ခြေနီတပ်ဖွဲ့ဝင် မောင်ဖြူနဲ့ မီးသတ် တပ်ဖွဲ့ဝင်မောင်ညိုတို့ကို သူတို့ရဲ့ ကိုယ်ပိုင် Identity တွေ ကနေပြီး သွေဖည်သွားအောင်၊ ပျောက်ပျက်သွားအောင်၊ စစ်အစိုးရ စစ် အာဏာ ပိုင်တွေကနေပြီး ကြိုးကိုင်အသုံး ချနေကြတာ ၀မ်းနည်းစရာကောင်းတဲ့ အကြောင်း လူငယ်ပန်းချီ ဆရာက ကျွန်တော့်ကို ပြောပြတယ်။ တကယ်တော့ ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်မောင်ဖြူဆိုတဲ့ လူတစ် ယောက်ရဲ့ Identity နဲ့ မီးသတ်တပ်ဖွဲ့ မောင်ညိုဆိုတဲ့လူတစ်ယောက်ရဲ့ Identity ဟာ၊ တိုင်းပြည်နိုင်ငံအ၀န်း မှာ““ အထက်တန်းကျ”” လှတဲ့ Identity တွေပဲဖြစ်တယ်။

ဒါပေမဲ့ အာဏာပိုင်တွေက သူတို့၂ယောက် ကိုဘယ်လို ခိုင်းစေအသုံးချနေလဲဆိုတော့ ရပ်ကွက်ထဲမှာ ညဥ့် နက်သန်းခေါင် တစ်လမ်းဝင်တစ်လမ်းထွက်၊ ခွေးဟောင်သံ ခွေးအူသံ တညံညံတစီစီကြားထဲမှာဟို ခြံထဲဝင်၊ ဒီအိမ်ရှေ့ရပ်၊ တံခါးတွေကို တ၀ုန်းဝုန်း တဒိုင်းဒိုင်းထုနှက်ပြီး””ဗျို့… အိမ်ရှင် တို့ …အိမ်ရှင်တို့ ဧည့်စာရင်း စစ်မယ် လို့”” ဗျို့ အော်ဟစ်ခိုင်းတာတွေ၊ ဧည့်စာရင်း စစ်တဲ့အဖွဲ့ထဲမှာ လိုက်ပါခိုင်းနေတာတွေဟာ မောင်ဖြူနဲ့ မောင်ညိုတို့ရဲ့ ကိုယ်ပိုင်အရည်အသွေး အရည်အချင်း Identity တွေနဲ့ လုံးဝဆန့်ကျင် ဘက်ဖြစ်နေတဲ့ အ ကြောင်း ပန်းချီဆရာလေးက ကျွန်တော့်ကို ပြောပြပါတယ်။ ထိုနည်းတူစွာပဲ။

တစ်ခါ တစ်ခါ တချို့မြို့နယ် တွေက အာဏာပိုင် ရုံးအဖွဲ့အစည်းတွေဟာ လူသွားလမ်း၊ ကား၊ စက်ဘီး၊ ဆိုက် ကယ်၊ ဆိုက်ကား၊ မြင်းလှည်း သွားတဲ့လမ်းဘေးဝဲယာ တစ် လျှောက်လမ်းပိတ်ဆို့ လုမတတ်ဈေးရောင်း နေကြ တဲ့လမ်းဘေးဈေးသည်တွေကိုအသံ ချဲ့စက်နဲ့ အော်ဟစ်ပြီး ဖယ်ရှားရှင်းလင်း ခိုင်းတဲ့ နေရာမျိုးမှာ လည်း မောင် ဖြူဆိုတဲ့ ကြက်ခြေနီတပ်ဖွဲ့ဝင်နဲ့ မောင်ညိုဆိုတဲ့ မီးသတ်တပ်ဖွဲ့ဝင်လိုမျိုး တပ်ဖွဲ့ဝင်တွေကို သူတို့ရဲ့ အဓိက အတတ်ပညာ၊ သူတို့ရဲ့မွန် မြတ်အထက်တန်းကျလှတဲ့ ဦးတည်ရည် ရွယ်ချက်၊ သူတို့ရဲ့ ပင်မ အလုပ်အကိုင် Identity တွေကနေသွေဖည် ပျောက်ကွယ် သွားအောင် ချုပ်ကိုင်ခိုင်းစေနေတာတွေဟာ သဘာဝတရားနဲ့ သွေ ဖယ်မှုပဲလို့ လူငယ်ပန်းချီဆရာလေးက ပြောပြပါတယ်။

သူဆိုလိုတာက လယ်သမားဟာ စိတ်အေးချမ်းသာစွာနဲ့ သူ့ရဲ့လယ်လုပ်ငန်းခွင်ထဲမှာပဲ မွေ့လျော်ခွင့်ရှိရမယ်။ အလုပ်သမားဟာ သူရသင့်ရထိုက်တဲ့ လုပ်အားခငွေနဲ့ သူ့ရဲ့ လုပ်ငန်းခွင် ထဲမှာ ဘေးအန္တရာယ်ကင်းရှင်း ကျန်း မာစွာ လုပ်ကိုင်ခွင့်ရှိနေရမယ်။ထိုနည်း တူရဟန်းရှင်လူ ပြည်သူကျောင်းသား ကျောင်းသူတိုင်းဟာလည်း ကိုယ့် ရဲ့ ကိုယ်ပိုင် Identity အရ ဆန္ဒနဲ့မျှော်မှန်းချက် ပြည့်ပြည့်၀၀ တစ်ဦးချင်း အခွင့်အရေးမျှမျှ တတနဲ့ဘ၀ကို တည်ဖွဲ့နိုင်ကြရမယ်။ ပန်းချီ ဆရာဟာ သူ့ပန်းချီခံစားမှု၊ သူ့အနုပညာကို သူ့အတွေးကို လွတ်လပ်စွာ ဘယ် သူ့ရဲ့ ချုပ်ကိုင်ဖိနှိပ်ထားဆီးမှုရဲ့အောက်မှာမှ မရှိစေရဘဲ တွေးခေါ် ခံစားပုံဖော်ဖန်တီးနိုင်ခွင့် ရှိနေရမယ်။ ဒါကို ပန်းချီဆရာလေး က ပြောပြခဲ့တာပါ။

လူတွေနဲ့သူတို့ရဲ့ ကိုယ်ပိုင် အဆင့်အတန်းတွေကို ရောထွေးချင် တိုင်းလည်း ရောထွေးလို့မရနိုင်တဲ့ သဘောပါ ပဲ။ ဥပမာ ရဲတပ်ဖွဲ့ဆိုပါတော့ သူ့မှာလည်း သူ့အစဉ်အလာ အရရှိပြီးသားပါ။ ၁၇ ရာစုနဲ့ ၁၈ရာစု နှစ်တွေတုန်း က အင်္ဂလန်နိုင်ငံမှာ ဆိုရင် အသက်အရွယ် အိုမင်းတဲ့သူတွေက လက်ဆွဲမှန်အိမ်တွေကိုင်ပြီး ညဘက်ကင်း လှည့်ထွက်ခဲ့ရတဲ့ခေတ် ဖြစ်ခဲ့ဖူးတယ်။ အမေရိကတိုက်မှာ ကျတော့ နယ်ပယ်သစ် တွေစပြီး တည်ထောင်ခါ စ ခေတ်တုန်းကဆိုရင်၊ ယောက်ျား တိုင်းဟာ ကိုယ့်ရဲ့ အိမ်ထောင်စုကို တာဝန်ယူကာ ကွယ် စောင့်ရှောက် ရတဲ့ ခေတ်ဖြစ်ခဲ့ဖူးတယ်။ ဥရောပတိုက်မှာရှိတဲ့ နိုင်ငံတွေမှာတော့ အဲဒီအင်္ဂလန်နဲ့ အမေရိကန်က ခေတ်တွေ ထက် စောပြီး ရဲအဖွဲ့ဆို တာရှိခဲ့တယ်။

ဒါပေမဲ့အုပ်ချုပ်တဲ့ မင်းဧကရာဇ်တွေရဲ့ လက်ပါးစေအဆင့်လောက်ပဲ ရှိခဲ့ပါတယ်။ ရောမဘုရင်ဂတ်စတပ်လက် ထက်၊ ပြင်သစ်က စစ်ဘုရင်တွေဖြစ်တဲ့ ၁၄ ဆက်မြောက်လူဝီနဲ့ နပိုလီယန် လက်ထက်မှာ ဖွဲ့စည်းခဲ့တဲ့ ရဲတပ် ဖွဲ့ဟာ ဘုရင်တွေက ခိုင်းတဲ့အတိုင်း လူထုဆီက အခွန်တွေကောက်ရသလို ဘုရင်တွေရဲ့ မတရားဖိနှိပ်မှုကို ဆန့်ကျင်တဲ့ နိုင်ငံရေးသမားတွေကို ဖမ်းဆီးညှဉ်းဆဲရတဲ့အလုပ်တွေပဲ လုပ်ခဲ့ကြရတယ်။ ၁၈၂၉ ခုနှစ်မှာတော့ အင်္ဂလန်နိုင်ငံက နန်းရင်းဝန် ““ဆာရောဘတ်ပီး””ဟာ ခေတ်မီရဲ အဖွဲ့ဖွဲ့ဖို့ ပါလီမန်လွှတ်တော်ကို တင်ပြပါ တယ်။ လူထုက ကန့်ကွက်ပါတယ်။

လွတ်လပ်မှုနဲ့ လူ့အခွင့်အရေးကို ဖိနှိပ်တဲ့ပြင်သစ် နိုင်ငံက ရဲအဖွဲ့လိုဖြစ်မှာစိုးရိမ်ပြီး လူထုက ကန့်ကွက်ကြ တာပါ။ လူထုကို ရှင်းပြတော့မှ လူထုက လက်ခံတာနဲ့ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တော်ရဲတပ်ဖွဲ့ကို ဖွဲ့စည်းခွင့် ရခဲ့ပါ တယ်။ ၁၉၂၀ ခုနှစ်မှာ အမျိုးသမီးရဲတပ်ဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။ အင်္ဂလန်နဲ့ ဝေလနယ်တွေမှာ ရဲတပ်ဖွဲ့ သင်တန်းကျောင်းတွေ ဖွင့်ခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ လည်း ရဲအဖွဲ့ကိုစနစ်တကျဖွဲ့စည်းခဲ့သလို ဥရောပတိုက် ကနိုင်ငံတွေကတော့ ပြင်သစ် ရဲအဖွဲ့ရဲ့စနစ်ကို နည်းယူပြီးဖွဲ့စည်းခဲ့တယ်။ ၁၉၂၀ခုနှစ်မတိုင်ခင် ကတော့ ကနေဒါနိုင်ငံမှာ အနောက်မြောက် မြင်စီးရဲအဖွဲ့ကို စပြီး ဖွဲ့ခဲ့သလိုနောက်ပိုင်းမှာ ကနေဒါနိုင်ငံ မြင်း စီးရဲတပ်ဖွဲ့ရယ်လို့ တိုးချဲ့ဖွဲ့စည်းခဲ့ပါတယ်။

မြန်မာနိုင်ငံက ရဲတပ်ဖွဲ့ဟာလည်း လွတ်လပ်ရေး မရခင်ကတည်းက အင်္ဂလန်နိုင်ငံရဲ့ ရဲအဖွဲ့ဖွဲ့စည်းပုံ စနစ်ကို အခြေခံပြီးဖွဲ့ခဲ့ရာက တစ်စတစ်စ ရဲအတတ်သင် ကျောင်းတွေ၊ ဌာနတွေ၊တပ်ဖွဲ့တွေကို တိုးချဲ့လာခဲ့တာ ဖြစ် တယ်လို့ သိရပါတယ်။ အရင်တုန်းက အင်္ဂလိပ်စကားလုံး Police ကို အသံလှယ် ပြီး““ပုလိပ်””လို့၊ ““ပုလိပ် အဖွဲ့”” လို့ခေါ်ခဲ့ပေ မယ့် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးတဲ့အခါ မြန်မာစာကို ရုံးသုံးဘာသာအနေနဲ့ပြဋ္ဌာန်း လိုက်အခါမှာ ရဲအဖွဲ့ဆိုပြီးခေါ်ခဲ့ပါတယ်။ တော်လှန်ရေးကောင်စီ စစ်အစိုးရလက်ထက် စက်တင်ဘာ ၁ ရက်၊ ၁၉၆၄ မှာတော့ ပြည်သူ့ရဲတပ်ဖွဲ့ဆိုပြီးနာမည် ပြောင်းခဲ့ပြန်ပါတယ်။

အခု ကြားနေရပြန်တာကတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့တဲ့။ ဘယ်နိုင်ငံ ဘယ်တိုင်းပြည်က ရဲတပ်ဖွဲ့မဆို တရား ဥပဒေကိုရိုသေလေးစားရပါ တယ်။ ပြည်သူ လူထုရဲ့ အသက်အိုးအိမ် စည်းစိမ်လုံခြုံမှုကို ဆောင်ရွက်ရတဲ့ အလုပ်က ရဲတပ်ဖွဲ့ဝင်တိုင်းရဲ့ အလုပ်ဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ Identity အရပြောရရင် သူဟာဘယ် သူလဲ၊ မောင်ဘဆိုပါတော့ မောင်ဘ ဘာအလုပ် လုပ်လဲ၊ သူဟာရဲတပ်ဖွဲ့ဝင် တစ်ယောက် ဖြစ်တယ်။ ဒါဟာ သူ့ရဲ Identity ပါပဲ။ သူ့ရဲ့ အလုပ်ဟာပြည်သူလူထုရဲ့ အကျိုးကိုသယ် ပိုးထမ်းဆောင်ပေးဖို့ သာဖြစ်ပါ တယ်။ ဆင်းရဲကျပ် တည်းနွမ်းပါးစုတ်ပြတ်မွဲတေနေ တဲ့ မြန်မာပြည်သူ လူထုအများစုကို မတရား၊ ရိုက်နှက် အကြမ်းဖက် ချေမှုန်းဖို့ မဟုတ်တာ သူ့ရဲ့အဆင့်အတန်းမြင့်မားလှတဲ့ ကိုယ်ကျင့်သိက္ခာဖြစ်ပါတယ်။

သူ့ရဲ့ အဆင့်အတန်းမြင့်မားလှတဲ့ ကိုယ်ကျင့်သိက်္ခဖြစ်ပါ တယ်။ ဒီလိုမှမဟုတ်ရင်တော့ ကိုယ့်ရဲ့ ကိုယ်ပိုင် Identity တွေ ပျောက်ဆုံးပျက် ပြယ်ပြီး သူတစ်ပါးအုပ်စိုးသူလူတန်းစား အာဏာရှင် အကြိုက် ခါးပိုက်ဆောင် ဘ၀ အထိနိမ့်ကျသွားနိုင်ပါတယ်။ အုပ်စိုးသူလူ တန်းစားရာထူးစည်းစိမ်တည်မြဲရေးအတွက် ကြိုးပမ်းဆောင် ရွက်နေရတဲ့ ဘ၀နဲ့ အဆင့် လောက်မှာပဲ ဆင်ခြင်တုံတရားနည်းပါး၊ ပညာဉာဏ်နည်းပါးလွန်းသူ လူတစ် ယောက်ရဲ့ အဆင့်လောက်မှာပဲ ကိန်းသေ““Constant”” ဖြစ်နေမှာသေချာပါတယ်။ ဒီလိုပါပဲ တိုင်း ပြည်တစ် ပြည်မှာလည်း ဒီတိုင်းပြည်ဟာ ဘာလဲ၊ ဘာတိုင်းပြည်လဲ၊ လူထုအပေါ်မှာ ဘယ်လိုစံနစ်နဲ့ စီမံအုပ်ချုပ်နေတဲ့ တိုင်းပြည်လဲဆိုတဲ့ တိုင်းပြည်တစ်ပြည်ရဲ့ Identity ရှိပါတယ်။ အသိနဲ့သတိ တရားလက်ကိုင် ထားနိုင်ကြပါ စေကြောင်းဗျာ။ ။

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

No comments: