Tuesday, May 26, 2015

AIDS နဲ့သေဆုံးသူတွေအတွက် ဘာသာကြီး ၄ ခု ဆုတောင်းပြု




HIV ဗိုင်းရပ်စ်ပိုး ကူးစက်မှုကို ခုခံကာကွယ်နိုင်မယ့် မော်လီကျူအသစ် ရှာဖွေတွေ့ရှိ

 AIDS ရောဂါဆိုးဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုး ကူးစက်မှုကို ခုခံကာကွယ်ပေးနိုင်တဲ့ မော်လီကျုအသစ်တစ်ခုကို သိပ္ပံ ပညာရှင်တွေ ကြိုးစားရှာဖွေ တွေ့ရှိခဲ့ပြီ ဖြစ်ပါတယ်။ အဲဒီရှာဖွေမှုဟာ လူနာတွေအတွက်သာမက ကာကွယ်ဆေးအတွက်လည်း အလားအလာကောင်းတဲ့ ကုသထုံး အသစ်တစ်ခုဖြစ်ပါတယ်။

AIDS ရောဂါဆိုးဖြစ်စေတဲ့ လူ့ကိုယ် ခံအားကျဆင်းစေတဲ့ ဗိုင်းရပ်စ်ပိုး တိုက်ဖျက်ချေမှုန်းရာမှာ ထိရောက်တဲ့ ကာကွယ်ဆေး တစ်လက် ဖြစ်မြောက်လာဖို့ သုတေသနပညာရှင်တွေဟာ နှစ်ပေါင်း ၃၀ ကြာ ကြိုးစားခဲ့ကြ ပါတယ်။ ရောဂါကူးစက်ခံနေရတဲ့ လူ့ခန္ဓာမှ HIV ရောဂါပိုးအားမောင်းထုတ် ကုသရန် အတွက်လည်း နည်းလမ်း ရှာနေကြပါတယ်။ ဒါပေမဲ့ အခုထိတော့ ထာဝရဖြစ်တည် ပွားများလာတဲ့ ဗိုင်းရပ်စ်ပိုး လွတ်မြောက်နေဆဲပါ။ အခုတော့ မျိုးရိုးဗီဇကုသထုံးနဲ့ ဆင်တဲ့ သို့မဟုတ် ပြောင်းလဲထားတဲ့ လုပ်နည်းကိုင်နည်းကို အသုံးပြုပြီး HIV ကူးစက်မှုကို တားဆီးဖို့နည်းလမ်းတစ်ခုကို ဖော်ထုတ် လိုက်ပြီဟု Scripps သုတေသန တက္ကသိုလ်နဲ့ အခြားတက္ကသိုလ်တွေအဖွဲ့ မှ ပြောကြားလိုက်ပါတယ်။

ပုံမှန် အားဖြင့် HIV ဟာ ကလပ်စည်းများနဲ့ ဖွဲ့စည်းထားတဲ့ အာရုံကြောနှစ်ခုမှ ခန္ဓာကိုယ်အတွင်းသို့ ကျူးကျော်ဝင် ရောက် လာပါတယ်။ သိပ္ပံပညာရှင်တွေ ဖန်တီးထားတဲ့ အသစ်အသားဓါတ်ဟာ ဗိုင်းရပ်စ်ပိုးဝင်ရောက်ရှင်သန် နေ ထိုင်တဲ့ အာရုံကြောနှစ်ခု အပေါက်တွေကို ၀င်ပေါက်မရှိအောင် တားဆီးပိတ်ပင်ပေးပါတယ်။ အာရုံကြော နှစ်ခုမှာဗိုင်းရပ်စ် တွယ်ကပ်နေတဲ့အတွက် eCD4-IG လို့ခေါ်တဲ့ အသားဓါတ်ဟာ ဗိုင်းရပ်စ်ပိုးကို နှိမ်နှင်းနိုင်တဲ့ အခြားအစွမ်းရှိ ပဋိပစ္စည်းတွေကနေ စွမ်းဆောင်ပေးတာထက်ကို HIV အန္တရာယ်ကို တားဆီးကာကွယ်ပေးပါတယ်လို့ သုတေသနပြုသူတွေက ပြောကြားခဲ့ပါတယ်။
သုတေသနပြုလုပ်မှုကို သဘာဝဂျာနယ်မှ ဗုဒ္ဓဟူးနေ့က အင်တာနက်မှာ အများသိစေဖို့ ထုတ်လွင့်ခဲ့ပါတယ်။ 

အဲဒီအသားဓါတ်ဟာ ရာနှုန်းပြည့်ထိ ရောက်မှုရှိ ပါတယ်လို့ အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် ဂျူပီတာမြို့ရှိ Scripps သုတေသန တက္ကသိုလ မှ ကူးစက်ရောဂါပါမောက္ခနဲ့ စမ်းသပ်မှုကို ဦးဆောင်ဦးရွက်ပြုလုပ်သူ Michael Farzan ကပြောကြားခဲ့ပါ တယ်။ အခုထိ ၀င်ရောက်လာတဲ့ ရောဂါပိုးကို အထိရောက်ဆုံး တားဆီးပေးတဲ့ ဆေးတစ်လက် ဆိုတာမေးစရာ မလိုတော့ပါဘူး။

Ref:foxnews


မူးယစ်ဆေးဝါးကို တားဆီးဖို့ အဆိုတင် ဆွေးနွေးခဲ့ပြီးဖြစ်တယ်ဆိုတဲ့ ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဆွတ်နောင်နှင့် တွေ့ဆုံခြင်း

ကချင်ပြည်နယ် ဗန်းမော်ခရိုင်အတွင်း မူးယစ်ဆေးဝါး အကြောထိုးသွင်းသူများ၏ ၅၀ ရာခိုင်နှုန်းမှာ HIV ကူးစက်ခြင်းကို ခံနေရပြီဖြစ်သည့်အတွက် မူးယစ်ဆေးဝါး ကာကွယ်တိုက်ဖျက်ရေးတင်မကဘဲ မူးယစ် ဆေးဝါး သုံးဆွဲမှုမှတဆင့် ကူးစက်သည့် HIV ပိုးကို ကာကွယ်ရန်လည်း အရေးကြီးနေပြီဖြစ်သည်။

ထိုသို့ကာကွယ်ရန်မှာ ပြည်သူများ ရွေးချယ်ထားသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ အခန်းကဏ္ဍမှာလည်း လွန်စွာအရေးကြီးလှသောကြောင့် ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး ပညာရေး၊ ကျန်းမာရေး၊ စည်ပင်သာယာရေးနှင့် စည်းရုံးရေး ဆိုင်ရာကော်မတီရဲ့ ဥက္ကဌဖြစ်သူ ဦးဆွတ်နောင်နှင့် တွေ့ဆုံစဉ် ပြည်နယ်အရေး အတွက် ဆောင်ရွက်နေပုံများကို ၎င်း၏ ဖြေဆိုချက်များမှ ကောက်နုတ်ဖော်ပြလိုက်ပါသည်။

မေး။   ။ ကချင်ပြည်နယ်မှာ မူးယစ်ဆေးဝါးသုံးစွဲသူ များနေပြီး သုံးစွဲသူတွေကလည်း လူငယ်တွေ ပိုများလာ တယ်။ အကြော(ဆေး)ထဲကို မူးယစ်ဆေးထိုးသွင်းနေသူတွေရဲ့ ၅၀ ရာခိုင်နှုန်းကလည်း HIV ရှိနေပြီဆိုတာ ဆရာဝန်စစ်တမ်းအရ သိလာရပြီဆိုတော့ ဘာ့ကြောင့်ဖြစ်တာလဲ။ ဘယ်လိုတားဆီးကြမလဲ။
ဖြေ။     ။ ကချင်တပြည်နယ်လုံး အတိုင်းအတာနဲ့ ပြောမယ်ဆိုရင် မြန်မာပြည်မြောက်ဖျားမှာ နယ်စပ်မျဉ်းတွေ ရှိနေတယ်။ နယ်နမိတ်ချင်းထိစပ်နေတဲ့ တရုတ်နိုင်ငံက မှောင်ခိုလုပ်ငန်းတွေ တော်တော်များများရှိနေတယ်။ ပစ္စည်းတွေ သွင်းနေတယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ဘူး။ မှောင်ခိုလုပ်ငန်းတွေရှိလာတော့ မှောင်ခိုလုပ်ငန်းနဲ့ တွဲပြီး မူးယစ်ဆေးဝါးတွေ ပါလာတယ်။ တရုတ်နယ်စပ်နဲ့လည်း ၄၈ မိုင် လောက်ပဲ ဝေးတဲ့နေရာဆိုတော့မှောင်ခို လုပ်ငန်းတွေ ၀င်လို့ထွက်လို့ အကောင်းဆုံးနေရာလည်း ဖြစ်နေတယ်။ ဒါကြောင့် ပစ္စည်းတွေလည်းများတယ်။ သုံးစွဲသူလည်း များနေတယ်လို့ ပြောလို့ရတယ်။

မေး။   ။ မူးယစ်ဆေးဝါးသုံးစွဲသူတွေမှာ HIV ပိုးတွဲပြီး ပါလာနေတယ်။ ကူးစက်သူအရေအတွက်တွေများလာ တယ်။ ပြီးတော့ မူးယစ်ဆေးဝါးသုံးစွဲနေသူအချို့မှာ အတန်းပညာအားနည်းနေတာကိုလည်း တွေ့ရတယ်။ သူ့မိသားစုမှာလည်း ဆေးသုံးစွဲရာက ကူးစက်နိုင်တဲ့ ရောဂါဆိုင်ရာ အသိပညာလည်း အားနည်းနေတာကို တွေ့ရတယ်။ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ဒီကိစ္စရပ်တွေကို ဘယ်လို ဖြေရှင်းဖို့ ရှိသလဲ။ ဘယ်အပိုင်းမှာ ဖြည့်ဆည်းဖို့ရှိပါသလဲ။
ဖြေ။     ။ လွှတ်တော်ကိုယ်စားလှယ်ဆိုတာ ပြည်သူ့အတွက် ဆောင်ရွက်နေတာ။ ပြည်သူငိုရင် လွှတ်တော် ကိုယ်စားလှယ်က လိုက်ငိုပေးရမယ်။ သူတို့ပျော်ရင် လိုက်ပြီးပျော်ဖို့ပါ။ အခုသားသမီးတွေ မူးယစ်ဆေးဝါး သုံးစွဲပြီး မိဘတွေ ဒုက္ခရောက်နေတဲ့အချိန်မှာ လေးလေးတို့က အမျိုးမျိုးနည်းလမ်းပေါင်းစုံနဲ့ တိုက်ဖျက်ပေး ရမယ်။ ပထမတစ်ချက်က လွှတ်တော်မှာ ဒီမူးယစ်ဆေးဝါးကို ပြည်သူလူထုပူးပေါင်းပါဝင်တဲ့ ကော်မတီဖြစ် အောင် ရပ်ကျေးအထိဆင်းပြီး ဆိုင်ရာဒေသအာဏာပိုင်တွေ ပူးပေါင်းပြီး မူးယစ်ဆေးဝါးကို တားဆီးဖို့ အဆိုတင် ဆွေးနွေးပြီး လုပ်ဆောင်ခဲ့ပြီးဖြစ်တယ်။ လွှတ်တော်ကနေ ရပ်ကျေးအဆင့်အထိ လက်လှမ်းမှီရာ ဒေသတွေမှာ လူမှုရေးအသင်းအဖွဲ့နဲ့ မူးယစ်ဆေးဝါးတားဆီးနိုမ်နင်းရေးအဖွဲ့တွေက သက်ဆိုင်ရာရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး တားဆီးကာကွယ်ဆောင်ရွက်နေတာတွေ လုပ်နေတယ်။ တော်တော်များများလည်း အောင်မြင်ပါ တယ်။ နောက်တစ်ခုက အသိပညာပေးအပိုင်းမှာ ကိုယ့်ဒေသအတွင်းမှာ မူးယစ်ဆေးဝါးသုံးစွဲလို့ လူညွန့် တုံးစေတယ် လူငယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုမှာ လူသားအရင်းအမြစ်ကိုသွားပြီး ထိခိုက်စေတယ်ဆိုပြီးတော့ ဟောပြောမှုလေးတွေ လုပ်ဖြစ်ပါတယ်။

မေး။   ။ ဒီမှာ ကော်မတီတွေကနေ ဆောင်ရွက်နေတာတွေရှိနေပေမယ့် မူးယစ်ဆေးဝါးအကြောတွင်း ထိုးသွင်း ရာကနေ HIV ကူးစက်နှုန်းက မြင့်တက်နေတာဟာ မူးယစ်သုံးစွဲမှု လျော့ကျရေးကို တိုက်ဖျက်မှုတွေပဲ လုပ်နေပြီး  ကူးစက်နိုင်တဲ့ ရောဂါဆိုင်ရာ ကိစ္စရပ်တွေကို အသိပညာပေးတဲ့အပိုင်းတွေမှာ အားနည်းခဲ့တယ်လို့ ပြောလို့ရပါ သလား။
ဖြေ။     ။ ဒီဘက်က ပြည်နယ်ဖွံ့ဖြိုးမှုအားနည်းတယ်။ ပညာပေးအားနည်းနေတဲ့ အပိုင်းလည်းပါတယ်။ တာဝန်အရ ကြည့်မယ်ဆိုရင်လည်း အသိပညာပေးဟောပြောပွဲတွေကတော့ အတော်များများ လုပ်ပေးဖို့ လိုတယ်ဆိုတာလည်း လက်ခံပါတယ်။ ဒေသအခြေအနေကို မူတည်ပြီး ဟောပြောပွဲလုပ်သင့်တဲ့ နေရာမျိုး တွေမှာ မလုပ်ပေးနိုင်တာလဲ တော်တော်များများရှိပါတယ်။ နောက်တစ်ခုက ဒေသမှာ  အသိပညာပိုင်း အတန်းပညာပိုင်း အားနည်းတာလဲပါတယ်။ မူးယစ်ဆေးဝါးကို သုံးစွဲခြင်းအားဖြင့် ဘယ်လိုအကျိုးယုတ်နိုင်သလဲ သုံးစွဲတဲ့သူတွေ ဘာရောဂါတွေ ရလာနိုင်သလဲ HIV ရလာနိုင်တယ်ဆိုတာ တော်တော်များများက မသိထားတဲ့ အပိုင်းတွေ ပါနေတယ်။ တစ်ခါသုံးအပ်တွေ ဘယ်လိုသုံးမလဲပေါ့။ ခြုံပြီးပြောရရင် အသိပညာပေးအားနည်းလို့ လွယ်လွယ်ကူကူနဲ့ သုံးစွဲကြတယ်။ ဒီတော့ဖြစ်ချင်တာကို ပြောရမယ်ဆိုရင် မြို့နယ်တိုင်းမှာ မူးယစ်ဆေးဝါဖြတ် တဲ့ ဆေးရုံးမျိုး၊ မူးယစ်ဆေးဝါးကြိုတင်ကာကွယ်ဖို့ အသိပညာပေးတဲ့အဖွဲ့တွေ များများဟောပြောပေးဖို့ ဆေးဖြတ်ချင် တဲ့သူတွေရှိလာရင်လည်း ကိုယ့်မြို့နယ်အတွင်းမှာ ဖြတ်ချင်ပေမယ့် လက်လှမ်းမမှီဘူး။ ပြီးရင် မူးယစ်ဆေးဝါး ဖြတ်ဖို့ သွားပြီးမှတ်ပုံတင်တဲ့အခါ ဖမ်းဆီးမလားဆိုတဲ့ အသိပညာတွေ အတန်းပညာတွေ နည်းတော့ ဒါတွေကို နားမလည်ကြတော့ မြို့နယ်တိုင်းမှာ မူးယစ်ဆေးဝါးဖြတ်ဆေးရုံနဲ့ အသိပညာပေးလေး တွေ ရှိခဲ့မယ်ဆိုလို့ရှိရင် မူးယစ်ဆေးဝါးသုံးစွဲသူတွေအတွက် အများကြီးအထောက်အကူပြုလိမ့်မယ်လို့ ထင်ပါတယ်။

မေး။   ။ မူးယစ်သုံးစွဲတဲ့ အပိုင်းမှာ ကလေးငယ်တွေ ပညာရေးပိုင်းအားနည်းနေတယ် ပြီးတော့ HIV ပိုး ကူးစက်နှုန်းလည်း များနေတယ်ဆိုတော့ ကလေးငယ်တွေ အချိန်မတန်ခင် ကျောင်းမထွက်အောင် မိဘနဲ့ ပညာရေးပိုင်းကို ဆွေးနွေးဖို့ရှိသလား။ မူးယစ်ဆေးသုံးဆွဲတာကနေ HIV ပျံ့နှံ့တာလျော့ကျဖို့ ပညာရေးကို ဘယ်လိုတိုးမြင့်ကြမလဲပေါ့။
ဖြေ။     ။ ဒီအပိုင်းမှာ စီးပွားရေးပိုင်းနဲ့ စားဝတ်နေရေးပိုင်းကို ချိတ်ဆက်ပြီးတော့မှ လေးလေးဆွေးနွေးရမယ်။ ဒီဒေသတွေမှာ လွယ်လွယ်ရှာပြီး လွယ်လွယ်ရတယ်ဆိုတဲ့ စိတ်မျိုး ကလေးရော မိဘတွေမှာပါရှိကြတယ်။ လေးလေးတစ်ခုပြောပြမယ် မှောင်ခိုသစ်လုပ်ငန်းရှိတယ်။ ဖားကန့်ဘက်ဆို တွင်းထွက်ရှိတယ်ပေါ့လေ။ သွားကျင်မယ်ဆိုရင် သူတို့အတွက် လုံလောက်တဲ့ စရိတ်စကလေးရတာပေါ့။ ဒါကို အားကိုးပြီးတော့ ကျောင်း မတက်ရင်၊ စာမတတ်ရင်လည်း ငါတို့စားဝတ်နေရေးဖြေရှင်းလို့ရတယ်ဆိုပြီးတော့ အတွေးအခေါ်မျိုးက မိဘ တွေမှာရော ကလေးတွေမှာပါ ၀င်လာခဲ့တယ်။ ဒါက ရေတိုဖြေရှင်းတာပါ။ ရေရှည်အတွက်ကတော့ အတွေး အခေါ်တွေ၊ အတန်းပညာတွေ၊ အရေအချင်းတွေ လိုလာပါတယ်။ အတွေးအခေါ်မြင့်ဖို့ဆိုတဲ့ နေရာမှာ လူသား အရင်းမြစ်ဖွံ့ဖြိုးမှာ မူးယစ်ဆေးဝါး တိုက်ဖျက်ဖို့ အောင်မြင်မယ်။ လူသားရင်းမြစ်ကို ဖွံ့ဖြိုးအောင် မလုပ်နိုင်သေး သရွေ့ ဒီဒေသမှာ မူးယစ်ဆေးဝါးကို အားပေးသလိုများဖြစ်နေသလားလို့ ထင်ပါတယ်။

မေး။   ။ အရွယ်ငယ်ကတည်းက မူးယစ်းဆေးဝါးကာကွယ်ရေး လျှော့ချရေးကို ပြောပြသလို မူးယစ်းဆေးဝါး ကြောင့် ကူးစက်နိုင်တဲ့ရောဂါတွေအကြောင်းကိုလည်း အချိန်ပိုင်းတစ်ခုအဖြစ် ထည့်သွင်းပြီးတော့ ဘာသာရပ် တစ်ခုဖြစ် သင်ကြားပေးမယ်ဆိုရင် ထိရောက်လာမလားပေါ့။ ဒါကိုရော တောင်းဆိုတိုက်တွန်းသွားဖို့ ရှိပါ သလား။
ဖြေ။     ။ ဒါက သိပ်ကိုကောင်းတဲ့ ကိစ္စပါ။ ပညာရေးမူဝါဒပိုင်းဖြစ်လို့ ဒါကိုမဆွေးနွေးတာပါ။ နိုင်ငံတော်က မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီးတော့မှ ကလေးတွေဟာ ကျောင်းနေတဲ့အရွယ်သိမှတ်တတ်တဲ့ အရွယ်ကနေ မူးယစ်းဆေးဝါးကို ဘယ်လိုကာကွယ်ရမလဲ သုံးစွဲခြင်းအားဖြင့် ဘာဖြစ်မယ်ဆိုတာမျိုးကို သင်ရိုးညွှန်းတမ်း ကနေတဆင့် ထည့်သွင်းပေးမယ်ဆို သိပ်ကောင်းပါတယ်။ လေးလေးတို့အနေနဲ့လည်း သင်ရိုးညွှန်းတမ်း ပိုင်းမှာ ထည့်ပြီးဆွဲခြင်းအားဖြင့် နောက်ဆုံး စာဖတ်တတ်တဲ့ ၂ တန်း ၃ တန်းလောက်က ကလေးတွေရဲ့ သင်ရိုးညွှန်း တမ်းမှာ ထည့်သွင်းဆွဲမယ်ဆိုရင် ခုနှစ်တန်း ရှစ်တန်းလောက်ဆို မူးယစ်ဆေးဝါးကို လုံးဝ နားလည် သွားပြီး ရှောင်ရှားနိုင်မယ်လို့ ထင်ပါတယ်။ ဒါက လုပ်သင့်တဲ့ ကိစ္စပါ။

မေး။   ။ ကချင်ပြည်နယ်မှာ မူးယစ်ဆေးဝါးသုံးစွဲမှု လျှော့ကျဖို့အတွက် အလုပ်အကိုင်အခွင့်အလမ်းက ဘယ်လောက် အထိ အကျိုးသက်ရောက်မှုရှိသလဲ။ ဘယ်လောက်အထိ ဆက်စပ်နေသလဲ။
ဖြေ။     ။ ဆက်စပ်တယ်လို့ ပြောလို့ရတယ်။ ကလေးတွေ လူငယ်တွေဆိုတာ စူးစမ်းချင်တာ။ သူတို့စူးစမ်းမှု တစ်ခုကို ရမယ်ဆိုရင် ဥပမာကျောင်းပြီးလို့ ဘွဲ့ရမယ် ဘွဲ့ကိုအသုံးချမယ် အလုပ်အကိုင်အခွင့်အလမ်းများ ရခဲ့မယ်ဆိုရင် ပြင်ပမှာ အချိန်ဖြုန်းမယ့်အကြောင်းအရာတွေ နည်းပါးသွားမယ်။ နည်းသွားရင် မလိုလားအပ်တဲ့ ဘေးက ၀င်လာတဲ့ ကိစ္စတွေကို မထိတွေ့တော့ဘူး။ လုပ်ငန်းထဲဝင်လာတဲ့ ကလေးငယ်က သူ့ကိုတော်ရုံတန်ရုံ ဖျက်ဆီးဖို့ ခက်ပါတယ်။ နေ့စဉ်လုပ်ငန်းကရှိနေတော့ အာရုံစိုက်မှုက တခြားဘက်ကို နည်းသွားတယ်။ ဒီမှာ တော့ ကျောင်းသာပြီးသွားလို့ ဘွဲ့သာရသွားမယ် အလုပ်မရှိဘူးဆိုရင် စူးစမ်းချင်တဲ့စိတ်က မကောင်းတဲ့ ကိစ္စ ဘက်ကို ရောက်သွားတာပဲ။ မကောင်းတာနဲ့ သွားပေါင်းမိရင် မကောင်းတာပဲဖြစ်သွားမှာကိုး။ နိုင်ငံတော်က လည်း ကျောင်းပြီးသွားတာနဲ့ လုပ်ငန်းခွင်ကို ၀င်နိုင်အောင် လုပ်ပေးဆောင်ရွက်ပေးနိုင်တယ်ဆိုရင် မူးယစ်ဆေး ၀ါးကိုလည်း ထိန်းကျောင်းပြီးသားဖြစ်သွားမယ်

မေး။   ။ ကချင်ပြည်နယ်အစိုးရကို အလုပ်အကိုင်၊ ပညာရေးသင်ရိုးညွှန်းတမ်းတွေထဲ မူးယစ်ဆေးဝါဆိုင်ရာ ကိစ္စရပ်တွေ ထည့်သွင်းဖို့၊ တခြားမူးယစ်ဆေးဝါးလျှော့ချဖို့ကို တိုက်တွန်းဖူးတာမျိုးရှိလား၊ ရှိခဲ့ရင် ပြည်နယ် အစိုးရရဲ့ တုံ့ပြန်မှုကို ပြောပြပေးပါ။
ဖြေ။     ။ ၂ ချက်တော့ ဖြေလို့ရတယ်။ တစ်ချက်က မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ မေးခွန်းလည်း မေးပြီး အဆိုလည်းတင်သွင်းတယ်။ အဆိုလည်း အောင်ပါတယ်။ မူးယစ်ဆေးဝါးကြောင့် တိုင်းပြည်ကို ဘယ်လောက်အထိ ထိခိုက်နစ်နာနေတယ်ဆိုတာကို လွှတ်တော်မှာ အကြိမ်ကြိမ်ဆွေးနွေးခဲ့ပြီး ဖြစ်ပါတယ်။ နောက်ပြီး အလုပ်အကိုင်အပိုင်းကိုတော့ ပြီးခဲ့တဲ့ လွှတ်တော်မှာ ကျောင်းသူကျောင်းသားတွေ ကျောင်းပြီးတာနဲ့ တပြိုင်နက် လုပ်ငန်းခွင်ဝင်နိုင်ဖို့ကို တိုက်တွန်းခဲ့တာပါ။ ဥပမာ နည်းပညာတက္ကသိုလ်ပြီးတဲ့ ကလေးတစ် ယောက်ဟာ ကျောင်းပြီးတာနဲ့တပြိုင်နက် လုပ်ငန်းခွင်ဝင်ဖို့ အသင့်ဖြစ်နေသင့်တယ်။ ကျောင်းပြီးတဲ့ ကလေးတွေမှာ လုပ်ငန်းခွင်ဝင်ဖို့ အသင့်မဖြစ်တာကို တွေ့ရတယ်။ လက်တွေ့ပိုင်းအားနည်းချက် သင်ထောက်ကူ အားနည်းချက်တွေရှိနေတယ်။ ပြည်နယ်အစိုးရကတော့ အလုပ်အကိုင်အခွင့်အလမ်းနဲ့ ပတ်သက်ပြီး အတတ်နိုင်ဆုံး ပြည်ထောင်စုအစိုးရကို ဆက်လက်တင်ပြပေးသွားမယ်လို့ ဆိုပါတယ်။

မေး။   ။ ကချင်ပြည်နယ်မှာ မူးယစ်ဆေးသုံးစွဲမှု လျော့ကျဖို့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ တာဝန်က ဘယ်အတိုင်းအတာအထိ အရေးကြီးသလဲ။ ဘယ်လိုတာဝန်တွေ ယူပေးရမလဲဆိုတာဖြေပေးပါ။
ဖြေ။     ။ လွှတ်တော်ကိုယ်စားလှယ်ဆိုတာ ပြည်သူက ယုံကြည်လို့ တာဝန်ပေးထားတာပါ။ ဒါက မွေးရာပါရတဲ့ အခွင့်အရေးမဟုတ်ပါဘူး။ ပြည်သူကပဲပေးတာပါ။ ပြည်သူကပေးတဲ့ တာဝန်ဖြစ်တဲ့အတွက် ပြည်သူရဲ့ အခက်အခဲ ပြဿနာကို တတ်နိုင်သလောက် ကိုယ်ကျိုးစွန့်ပြီး ဆောင်ရွက်ပေးရမယ်ဆိုတဲ့ အတွေးဟာ ကိုယ်စားလှယ်တိုင်းမှာရှိရပါမယ်။ လေးလေးအနေနဲ့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ကိုယ့်မိဘပြည်သူတွေ ခံစားနေရတဲ့ အခက်အခဲတွေကို သိရှိနားလည်ခံစားပြီး ဖြေရှင်းပေးရမှာပါ။ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ကိုယ့်ဒေသတွေမှာလည်း တားဆီးနှိမ်နင်းရေးကို လုပ်ဆောင်နေပါတယ်။ လူငယ်တွေလည်း မူးယစ်ဆေးဝါး ဖြတ်နိုင်ဖို့အတွက် အကုန်အကျခံပြီး ဖြတ်နိုင်တယ်ဆို လာပြီးပြော ဖြတ်ပေးမယ်နေရာတွေကို ပို့ပေးမယ်။ ဘယ်သူမှ မဖမ်းပါဘူးဆိုတာကို ပြောထားတယ်။ အခုတော့လည်း သူ့အသိစိတ်ဓါတ်နဲ့ ဖြတ်တာလဲ ရှိသလို တချို့ကလည်းဖြတ်ပေးတဲ့ နေရာကို သွားပြီးဖြတ်ကြတာလဲရှိပါတယ်။ နောက်တပိုင်းက ဥပဒေပိုင်းဆိုင်ရာပေါ့ နည်းနည်းလေး မိတာပဲဖြစ်ဖြစ် များများသုံးလို့ မိတာပဲဖြစ်ဖြစ် ပြစ်ဒဏ်က ရှိတာပဲ။ ဆိုလိုချင်တာက ကလေး တစ်ယောက်က မူးယစ်ဆေးဝါးသုံးစွဲမိတယ်ဆိုရင် ဒီကလေးကဖြတ်ချင်တဲ့ စိတ်ရှိတယ်။ တကယ်လည်း ဖြတ်မယ်ပေါ့။ အဲ့ဒီအချိန်မှာ ဖမ်းမိမယ်ပေါ့။ ဒါဆို ဒီကလေးကို ပြန်လည်ပြုစုပျိုးထောင်ရင်းနဲ့ အသိပညာ ပေးလိုက်ခြင်းအားဖြင့် ကောင်းသွားမှာဖြစ်တယ်။ ဒါပေမယ့် ဥပဒေရေးရာမှာကြတော့ နည်းနည်းဖြစ်ဖြစ် များများ ဖြစ်ဖြစ် အရေးယူမှာပဲ။ ဒီလိုဆိုတော့ ၁၆ နှစ်လောက် ကလေးတစ်ယောက်က မူးယစ်နည်းနည်းလေးနဲ့ ၇ နှစ်လောက်ကျသွားမယ်ဆိုရင် သူ့ဘ၀က ဒီပြစ်ဒဏ်နဲ့ ဆုံးသွားပြီပေါ့။ ပြန်လည်ထူထောင်ရေးမှာ သူ့အတွက် သိပ် မထိရောက်တော့ဘူး။ ဒီတော့ ဥပဒေကို ဘယ်လို ပြင်ဆင်နိုင်မလဲ။ တကယ်ကလေးတစ်ယောက်က တစ်ခါပဲ သုံးပြီး အဖမ်းခံရ။ သူ့ကို ထောင်ချ လိုက်လို့ရှိရင် ဘ၀ဆုံးသွားနိုင်သလားဆိုတာကို မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ ဥပဒေတွေကို သုံးသပ်ပေးဖို့ပေါ့လေ။ ဒါကို ဘယ်လိုပြုပြင်လိုက်ရင် ပိုကောင်းမလဲဒါကိုလည်း လွှတ်တော်အမတ်တွေ စဉ်းစားရမယ်။
ဟုတ်ကဲ့ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်။

မြစ်မခ  - မူးယစ်ဆေးဝါးကို တားဆီးဖို့ အဆိုတင် ဆွေးနွေးခဲ့ပြီးဖြစ်တယ်ဆိုတဲ့ ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဆွတ်နောင်နှင့် တွေ့ဆုံခြင်း 

AIDS နဲ့သေဆုံးသူတွေအတွက် ဘာသာကြီး ၄ ခု ဆုတောင်းပြု
 AIDS ရောဂါနဲ့ ကွယ်လွန်သူတွေအတွက် ဗုဒ္ဓဘာသာ၊ ဟိန္ဒူ၊ ခရစ်ယာန်၊ မွတ်စလင် ဘာသာကြီး ၄ ခုလုံးက လူတွေပူးပေါင်းပြီး ဖယောင်းတိုင်မီးထွန်း ဆုတောင်းပွဲကို မေ ၂၄ က စိမ်းလန်းစိုပြေမှာ ပြုလုပ်ခဲ့ကြပါတယ်။
HIV/AIDS ကူးစက်ခံရသူ ရောဂါသည်တွေအတွက် လူမှုရေးပိုင်းဆိုင်ရာ နစ်နာမှုတွေ လျော့နည်းသွားအောင် ကျင်းပတာဖြစ်ပြီး ကူးစက်ပြန့်ပွားမှု လျော့နည်းအောင် လူတိုင်းကိုယ်စီမှာ တာဝန်ရှိတယ်လို့ ဒေါက်တာ စစ်နိုင်က ပြောပါတယ်။ ရောဂါ ကူးစက်ခံရသူတွေအတွက် ဆေးဝါးတွေ လက်လှမ်းမီသလောက် ရရှိဖို့၊ အသိပညာပေးမှုနဲ့ ဥပဒေပိုင်းဆိုင်ရာတွေကိုတော့ အစိုးရမှာ လုပ်ပေးဖို့ တာဝန်ရှိတယ်လို့ ဆိုပါတယ်။

HIVနဲ့ ပတ်သက်တဲ့ လူမှုကွန်ရက်တွေနဲ့ ရောဂါဝေဒနာခံစားရဖူးသူတွေ ပူးပေါင်းလုပ်ဆောင်တဲ့ ဒီဆုတောင်းပွဲဟာ AIDS ရောဂါကြောင့် ကွယ်လွန်သူတွေအတွက်သာ မဟုတ်ဘဲ လက်ရှိ ရောဂါကူးစက်ခံထားရသူတို့ရဲ့ ဘဝတွေချောမွေ့ဖို့ကိုလည်း ရည်ရွယ်တာဖြစ်တယ်လို့ ဆိုပါတယ်။

လူသားတိုင်း သေဆုံးကြမှာဖြစ်လို့ ဒီရောဂါနဲ့ကွယ်လွန်တာဟာလည်း အထူးအဆန်းမဟုတ်သလို သေဆုံးခဲ့သူတွေအတွက် လာရောက်ဆုတောင်းခွင့်ရတာ အတိုင်းမသိဝမ်းသာတယ်လို့ Martina က ပြောပါတယ်။ လက်ရှိရောဂါခံစားနေရသူတွေကိုလည်း စိတ်ဓာတ်ကျပြီး အားငယ်မနေကြဖို့ တိုက်တွန်းလိုက်ပါတယ်။

No comments: