Sunday, May 24, 2015

ရွှေတိဂုံနှင့် သမိုင်းဝင်ခေါင်းလောင်းများ




ဗုဒ္ဓဘာသာဝင်တို့၏ ဘာသာရေးအထွတ်အမြတ် တစ်ခုဖြစ်သည့် ဆံတော်ရှင် ရွှေတိဂုံစေတီတော် သည် ကမ္ဘာ့အလယ်တွင် မြန်မာနိုင်ငံ၏ထင်ရှားသော သင်္ကေတတစ်ခုအဖြစ် နှစ်ကာလရှည်ကြာစွာကပင် တင့်တယ်စွာ ရပ်တည်လျက်ရှိနေပေသည်။

ပြည်တွင်းနေ ပြည်သူများသာမက နိုင်ငံရပ်ခြားမှ မြန်မာနိုင်ငံသို့လာရောက်ကြသည့် ဗုဒ္ဓဘာသာဝင် များနှင့် ဗုဒ္ဓဘာသာဝင်မဟုတ်သူများသည်လည်း ရန်ကုန်မြို့သို့ရောက်ရှိလာကြလျှင် ရွှေတိဂုံစေတီတော် သို့ သွားရောက်ဖူးမြော်လည်ပတ်ကြမြဲဖြစ်သည်။ နိုင်ငံတော်ဧည့်သည်တော်များမှအစ သာမန်ခရီးသွား များအဆုံး ရွှေတိဂုံစေတီသို့ နေ့စဉ်လာရောက်လည်ပတ် ဖူးမြော်လျက်ရှိနေကြသည်ကို အထူးပြောဖွယ်မလို တော့ပါချေ။

လွန်ခဲ့သောနှစ်ပေါင်း ၂၆ဝဝ ကျော်က တည်ထား ခဲ့သည့် ရွှေတိဂုံစေတီတော်သည် ခေတ်အဆက်ဆက်၊ မင်းအဆက်ဆက်၊ သမိုင်းစဉ်တစ်လျှောက် အုပ်ချုပ်သူ များနှင့် ရဟန်းရှင်လူများ၏ ပြုပြင်၊ ဆောက်လုပ် လှူဒါန်းမှုများကြောင့် သမိုင်းတန်ဖိုးမဖြတ်နိုင်သည့် ယဉ်ကျေးမှုလက်ရာများစွာဖြင့် ပြည့်လျှမ်းလျက်ရှိနေ ပေသည်။ များပြားလှသော သာသနိကအဆောက်အအုံ များ၊ စေတီတော်များ၊ ဗုဒ္ဓရုပ်ပွားတော်များ၊ ယဉ်ကျေး မှု အထိမ်းအမှတ်များနှင့် အနုပညာလက်ရာများသည် ရွှေတိဂုံစေတီတော်သို့ လာရောက်ကြသူများအတွက် ကြည့်၍မကုန်နိုင်အောင် များပြားလှသည်။

သဒ္ဓါတရားထက်သန်ကြသော မြန်မာလူမျိုးတို့ သည် အလှူဒါနများကို နည်းမျိုးစုံပြုလုပ်လေ့ရှိကြရာ တောင်ပေါ်မြေပြန့်နေရာအနှံ့တွင် မြတ်ဗုဒ္ဓကို ရည် မှန်းပူဇော်နိုင်ကြစေရန် စေတီတော်များကို တည်ထား ကိုးကွယ်လေ့ရှိကြသည်။ ထိုသို့တည်ထားကိုးကွယ် ကြသည့် စေတီတော်တိုင်း၏အထွတ်တွင် ထီးတော်များ တင်လှူကာ ခေါင်းလောင်းငယ်များချိတ်ဆွဲ ပူဇော်လေ့ ရှိကြသည်။ ထီးတော်မှလှုပ်ခတ်နေသော ခေါင်းလောင်း ငယ်များ၏ ဆည်းလည်းသံများကြောင့် စေတီဝန်းကျင် တွင် ဘုရားရိပ်၊ တရားရိပ်၏ ငြိမ်းချမ်းသောအာရုံကို ရရှိနိုင်ကြပေသည်။

မြန်မာလူမျိုးများသည် ဘုရားစေတီများတွင် ခေါင်းလောင်းကို အသွင်သဏ္ဌာန်နှစ်မျိုး လှူဒါန်း ပူဇော်လေ့ရှိကြသည်။ စေတီတော်၏ထီးတော်များ တွင် ခေါင်းလောင်းငယ်လေးများကို ဆည်းလည်း များအဖြစ် ချိတ်ဆွဲပူဇော်ကြသကဲ့သို့ ကြီးမားသော ခေါင်းလောင်းများ သွန်းလောင်းကာ စေတီတော် ပရိဝုဏ်များအတွင်း သင့်လျော်ရာနေရာများတွင် ချိတ်ဆွဲထားလေ့လည်းရှိကြပေသည်။ ဘုရားဖူးလာ ကြသည့် ဗုဒ္ဓဘာသာဝင်များသည် စေတီတော်ရင်ပြင် တွင် ချိတ်ဆွဲထားလေ့ရှိသော ခေါင်းလောင်းများကို ထိုးနှက်ကာ ထွက်ပေါ်လာသည့် ခေါင်းလောင်းသံကို ကြည်နူးစွာနှစ်ခြိုက်လေ့ရှိကြသည်။

မြန်မာနိုင်ငံ၏ အထင်ကရ ရွှေတိဂုံစေတီတော် ရင်ပြင်ပေါ်တွင် ချိတ်ဆွဲပူဇော်ထားသည့် ခေါင်းလောင်း ပေါင်း ၃၅ လုံးခန့်ရှိသည့်အနက် စဥ့်ကူးမင်းခေါင်း လောင်းတော်နှင့် သာယာဝတီမင်းခေါင်းလောင်းတော် တို့သည် မြန်မာ့သမိုင်းကို ဖော်ညွှန်းသည့်ထင်ရှား သော ယဉ်ကျေးမှုအထောက်အထားများ ဖြစ်ကြသည်။ ယင်းခေါင်းလောင်းများသည် ထေရဝါဒဗုဒ္ဓသာသနာ တော်ကို ချီးမြှောက်ခဲ့ကြသည့် မြန်မာရှင်ဘုရင်များ၏ စေတနာ၊ သဒ္ဓါတရားများကို ရည်ညွှန်းဖော်ပြနေကြပေ သည်။ စဥ့်ကူးမင်းခေါင်းလောင်းသည် စေတီတော်မြတ် ၏ ရာဟုထောင့် (အနောက်မြောက်)တွင် တည်ရှိပြီး သာယာဝတီမင်းခေါင်းလောင်းကို တနင်္ဂနွေထောင့် (အရှေ့မြောက်) တွင် ချိတ်ဆွဲထားသည်။

စဥ့်ကူးမင်းခေါင်းလောင်းဟု အမည်တွင်နေသည့် ခေါင်းလောင်းသည် စဥ့်ကူးမင်း ( ခရစ်နှစ် ၁၇၇၆-၁၇၈၂)၏ ဖခင်ဖြစ်သူ ဆင်ဖြူရှင်မင်း( ခရစ်နှစ် ၁၇၆၃-၁၇၇၆) လက်ထက်၊ မြန်မာသက္ကရာဇ် ၁၁၃၆ ခုနှစ် (ခရစ်နှစ်၁၇၇၄)တွင် စတင်သွန်းလုပ်ခဲ့သည့် ခေါင်း လောင်းဖြစ်သည်။ ဖခင်ဆင်ဖြူရှင်မင်း မကွယ်လွန်မီ နှစ်နှစ်ခန့်တွင် သွန်းလောင်းခဲ့သဖြင့် မပြီးစီးခဲ့သော ထို ခေါင်းလောင်းကို သားဖြစ်သူစဥ့်ကူးမင်းက ဆက်လက် သွန်းလောင်းလှူဒါန်းခဲ့သဖြင့် စဥ့်ကူးမင်းခေါင်းလောင်း တော်ဟု အမည်တွင်ခဲ့သည်။ အလွန်သာယာသော အသံထွက်ရှိသဖြင့် ''မဟာဃဏ္ဍ '' ခေါင်းလောင်းတော် ဟု ဘွဲ့အမည်သမုတ်ကာ မြန်မာသက္ကရာဇ် ၁၁၄ဝ ပြည့်နှစ် တပို့တွဲလဆန်း ၁ ရက်နေ့ (ခရစ်နှစ် ၁၇၇၉ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်)တွင် ရွှေတိဂုံစေတီတော်ရင်ပြင် ရာဟုထောင့်တွင် ချိတ်ဆွဲပူဇော်ခဲ့သည်။ ကြေးပိဿာချိန် ၁၅၅၅၅ ပိဿာ၊ ခေတ်အတိုင်းအတာအားဖြင့် အလေး ချိန် ၂၅ တန်၊ အမြင့် ၁၁ ပေ သုံးလက်မ၊ ခေါင်းလောင်း အဝ ခုနစ်ပေခြောက်လက်မ၊ ခေါင်းလောင်းအဝ နှုတ်ခမ်း လုံးပတ် ၂၂ ပေ ခြောက်လက်မခန့်ရှိပြီး ကြေးထုတစ်ပေ ရှစ်လက်မဖြစ်သည်။

ယင်းအချက်အလက်များကို စဥ့်ကူးမင်းခေါင်းလောင်း တော် ကမ္ပည်းစာကြောင်းရေ ၁ဝ တွင်-

''ဤခေါင်းလောင်းကြီးကို ထို၍ နတ်ရွာမက်ဖိုဆု ကို ခံန်ယူသဖြင့် သဒ္ဒဒါနပူဇ္ဇော်စိမ်သောငှာ သာသနာ တော် နှစ်ထောင်သုံရာ နှစ်ဆယ့်နှစ်နှစ် သက္ကရာဇ် ၁၁၄ဝ တပိုတွဲလဆန်း ၁ ရက် ၄ နေ့ ညဥ့် ၃ ချက်တီး ကျော် ဟံသာတနက္ခတ်မွန်တည် တူရာသီမြတရင် ဓနုရာသီ ၅ နဝင်ကြိုက်သော ကောင်မြတ်သော မင်္ဂလာကြက်သရေရှိသောအခါ၌ ပိဿာ ၁၅၅၅၅ ရှိသော ကြေးတို့ဖြင့် အချင်း ၅င်္ အရပ် ၇င့်္ ၂ိ လုမ်ပတ် ၁၅င်္ အထူ ၂ိရှိသော ခေါင်းလောင်းကြီးကို သွန်းစေ၍ ဆံတော်ရှင်စေတီတော်မြတ်အား ပူဇော်တော်မူသည်။'' ဟု ရေးထိုးထားပေသည်။

စဥ့်ကူးမင်းသည် ခေါင်းလောင်းတော်ကြီးကို လှူဒါန်း ခဲ့သည့်အပြင် ရွှေတိဂုံစေတီအား ရွှေသင်္ကန်းများ ကပ်လှူ ခဲ့ပြီး စေတီတော်ရင်ပြင်မုခ်လေးခု၌ ဗုဒ္ဓရုပ်ပွားတော် လေးဆူကိုလည်း လှူဒါန်းခဲ့ပေသည်။

စဥ့်ကူးမင်း၏ ဖခင်ဖြစ်သူ ဆင်ဖြူရှင်မင်းသည် မိမိ၏ ကိုယ်အလေးချိန် ၄၇ ပိဿာနှင့် ၃၅ ကျပ်သား (ပေါင် ၁၇ဝ)နှင့် ညီမျှသော ရွှေများကို မျက်ပါးခတ်စေ ပြီး စေတီတော်ကြီးအား ဆပ်သွားဖူးမှ ဖိနပ်တော်အထိ ရွှေသင်္ကန်း ကပ်လှူခဲ့သည်။ ဆင်ဖြူရှင်မင်းကြီးသည် ရွှေတိဂုံစေတီတော်ကို ဥာဏ်တော်အမြင့် ၃၂၆ ပေ အထိမြှင့်ပြီး မြန်မာသက္ကရာဇ် ၁၁၃၆ ခုနှစ် (ခရစ်နှစ် ၁၇၇၅ ခုနှစ် မတ်လ ၁၅ ရက်) နေ့တွင် ထီးတော် အသစ်တင်လှူခဲ့သည်။ စေတီတော်ရင်ပြင်တွင်ချိတ်ဆွဲ ရန် သွန်းလောင်းခဲ့သည့် ခေါင်းလောင်းကြီးသည် ထီးတော် အသစ်တင်လှူချိန်တွင် မပြီးစီးသေးသဖြင့် ဆက်လက် သွန်းလောင်းရန် တာဝန်ပေးအပ်ထားခဲ့မှုကို ''ကြေးစင် အချိန် တစ်သောင်းငါးထောင်ငါးရာ ငါးဆယ်ပိဿာ အကျပ် ငါးဆယ်ရှိသော ခေါင်းလောင်းတော်ကြီး မပြီး မပြေသည်ကိုလည်း ပြီးပြေအောင်သွန်းလုပ်ရမည်ဟု ပန်းတဉ်းဝန် ပညာဒေဝကို ထားတော်မူခဲ့၍ လုပ်ဆောင် ရသည်''ဟု ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီး တွင် မှတ်တမ်းပြုထားသည်။

စဥ့်ကူးမင်း ခေါင်းလောင်းတွင် ကမ္ပည်းစာကြောင်း ရေ ၁၂ ကြောင်းရှိသည်။ စဥ့်ကူးမင်းခေါင်းလောင်း တော်ကြီး၏ ပုစွန်တုပ်ကွေးတစ်ဖက်စီတွင် နဂါးရုပ် များကို ထုလုပ်ထားသည်။ ပေါင်းကိုင်းအလယ်တွင် နတ်သားရုပ်ရှိပြီး အောက်ဘက်တွင် ခြင်္သေ့ရုပ်များကို တစ်ဖက်လျှင်တစ်ကောင်စီ ခြံရံထားသည်။ ယင်း၏ ဘေးတစ်ဖက်တွင် နတ်သားရုပ်နှင့် အခြားတစ်ဖက်တွင် နတ်သမီးရုပ်များကို ခြံရံထားသည်။ ခေါင်းလောင်း ကိုယ်ထည်ပေါ်တွင် အင်းကွက်များရေးထိုးထားသည် ကိုလည်း မြင်ကြရပေသည်။ စဥ့်ကူးမင်းခေါင်းလောင်း တော်သည် ၁၈၂၄ ခုနှစ် မတ်လ ၅ ရက်နေ့တွင် စတင် ခဲ့သော ပထမ အင်္ဂလိပ် -မြန်မာစစ်ပွဲဖြစ်ပွားနေချိန် အထိ အမိုးအကာမရှိသေးဘဲ ရွှေတိဂုံစေတီတော်ရင်ပြင် ပေါ်တွင် တန်းပစ်ထားသော ကျွန်းတိုင်ကြီးနှစ်တိုင် အလယ်တွင် ချိတ်ဆွဲတည်ရှိနေခဲ့သည်။

၁၈၂၄ ခုနှစ် မေလ ၁၂ ရက်နေ့တွင် အင်္ဂလိပ်တို့ သည် ရွှေတိဂုံကုန်းတော်ကို သိမ်းယူခဲ့ကြကာ စေတီ ရင်ပြင်တော်မှ စဥ့်ကူးမင်းခေါင်းလောင်းကို အင်္ဂလန် နိုင်ငံသို့ ပို့ဆောင်သွားရန်သယ်ယူခဲ့ကြသည်။ ဗြိတိသျှ တို့သည် ခေါင်းလောင်းကြီးအား သင်္ဘောတစ်စင်းပေါ် တင်ဆောင်မောင်းနှင်သွားခဲ့ကြသည်။ သို့သော်လည်း စဥ့်ကူးမင်းခေါင်းလောင်းတင်ဆောင်သွားသည့် သင်္ဘော သည် ခေါင်းလောင်းကြီး၏လေးလံသော အလေးချိန် ကြောင့် တိမ်းစောင်းသွားခဲ့သဖြင့် ခေါင်းလောင်းကြီး သည် ရန်ကုန်မြို့မှ သင်္ဘောမထွက်ခွာနိုင်မီ လှိုင်မြစ် အတွင်းသို့ ကျဆင်းခဲ့ရပေသည်။ ရေအောက်သို့ နစ်မြုပ် သွားသော စဥ့်ကူးမင်းခေါင်းလောင်းအား ဗြိတိသျှ တို့က ပြန်လည်ဆယ်ယူရန် ကြိုးပမ်းခဲ့ကြသော်လည်း အောင်မြင်မှုမရရှိခဲ့ပါချေ။

ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲပြီးဆုံးပြီးနောက် ၁၈၂၆ ခုနှစ် ဒီဇင်ဘာလ ၉ ရက်တွင် မြန်မာတို့သည် ရွှေတိဂုံ စေတီတော်ကို အင်္ဂလိပ်များလက်မှ ပြန်လည်ရရှိခဲ့ သည်။ မြန်မာတို့က လှိုင်မြစ်အတွင်း နစ်မြုပ်နေသည့် အင်္ဂလိပ်တို့ မဆယ်ယူနိုင်ခဲ့သည့် စဥ့်ကူးမင်းခေါင်း လောင်းအား ပြန်လည်ဆယ်ယူနိုင်ခဲ့ကြကာ ၁၈၂၇ ခုနှစ် ဇန်နဝါရီလတွင် ရွှေတိဂုံစေတီတော်ရှိ မူလနေရာ တွင် ပြန်လည်ချိတ်ဆွဲခဲ့ကြသည်။

ယခုအခါတွင် သက်တမ်းနှစ် ၂၅ဝ နီးပါးရှိပြီဖြစ် သည့် စဥ့်ကူးမင်းခေါင်းလောင်းတော်ကြီးအား ရေ ရှည်တည်တံ့စေရန်ရည်ရွယ်လျက် ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့က စတီးလက်ရမ်းများဖြင့် ကာရံထားပေ သည်။ ခေါင်းလောင်းပေါ်တွင် စာများရေးသားခြင်း၊ အရုပ်များရေးခြစ်ခြင်းများနှင့် တီးခတ်ခြင်းများ မပြု နိုင်ကြစေရန် ဖြစ်ပေသည်။

စဥ့်ကူးမင်းသည် ခရစ်နှစ် ၁၇၈၂ ခုနှစ်တွင် ကွယ်လွန်ခဲ့ပြီးနောက် ဗဒုံမင်း( ခရစ်နှစ် ၁၇၈၂-၁၈၁၉) က ထီးနန်းဆက်ခံခဲ့သည်။ ၁၇၈၆ ခုနှစ် ဖေဖော်ဝါရီ လတွင် ဗဒုံမင်းသည် ရွှေတိဂုံစေတီတော်ရင်ပြင်တော် တွင် ကြေးနီအုတ်ြ<ွကပ်မိုး ရွှေဇရပ်တစ်ဆောင်ကို ဆောက်လုပ်လှူဒါန်းခဲ့သည်။ ၁၇၉၅ ခုနှစ် ဧပြီလ တွင် အင်္ဂလိပ်သံတမန် မိုက်ကယ်ဆိုင်းက ရွှေတိဂုံ စေတီတော်မြတ်၏ ခမ်းနားပုံကို မှတ်တမ်းရေးသားခဲ့ သည်။ ထို့အတူ ၁၇၉၆ ခုနှစ်၊ နိုဝင်ဘာလတွင် အင်္ဂလိပ် သံအရာရှိ ဟီရမ်ကောက်ကလည်း ရွှေတိဂုံစေတီ တော်၏ သပ္ပာယ်ပုံကို မှတ်တမ်းတင်ခဲ့သည်။

၁၈၃၇ ခုနှစ်တွင် နန်းတက်ခဲ့သော သာယာဝတီမင်း ( ခရစ်နှစ် ၁၈၃၇-၁၈၄၆) သည် ၁၈၄၁ ခုနှစ်တွင် ဒဂုံ ဆံတော်ရှင် ရွှေတိဂုံစေတီတော်မြတ်ကို ဖူးမြော်ရန်နှင့် ရန်ကုန်မြို့အား ပြင်ဆင်မှုများ ဆောင်ရွက်ရန် နေပြည် တော်အမရပူရမှ ဥက္ကလာပ(ရန်ကုန်)သို့ ရေကြောင်း ကြည်းကြောင်းချီ၍ ပြည်ကြီးမွန်ဖောင်တော်ဖြင့် စုန် ဆင်းခဲ့သည်။ ဖောင်တော်ကို ယခုလမ်းမတော်ဆိပ်ကမ်း အနီးတွင်ရပ်နားပြီး ရွှေတိဂုံစေတီတော်အနောက်ဘက် တွင် ဆောက်လုပ်ထားသည့် ယာယီစံနန်းတော်သို့ ရန်ကုန်ဆိပ်ကမ်းမှ တောင်မြောက်လမ်းဖြောင့်လမ်း အတိုင်း ကြွချီခဲ့သည်။ ဘုရင်မင်းမြတ်ကြွချီရာလမ်း ဖြစ်သဖြင့် ထိုလမ်းကို တော်ဝင်သော လမ်းမဟူသည့် အဓိပ္ပာယ်ဖြင့် လမ်းမတော်ဟု အမည်မှည့်ခေါ်ခဲ့သည်။

သာယာဝတီမင်းသည် ရန်ကုန်တွင်ရှိနေစဉ် အတွင်း ထိုစဉ်က တာဝန်း ၁၈ဝဝ ရှိသော ရန်ကုန်မြို့ ကို တူးဖို့တည်တော်မူခဲ့သည်။ နေပြည်တော် အမရပူရ မှ မျက်ပါးခတ်ခဲ့သည့် စုစုပေါင်းအလေးချိန် ၃၂ ပိဿာခန့်ရှိသည့် ရွှေသင်္ကန်းများကို ရွှေတိဂုံစေတီ တော် ငှက်ပျောဖူးမှ ဖိနပ်တော်အထိ ကပ်လှူခဲ့သည်။ ရွှေတိဂုံစေတီတော်၏ တောက်ဘက်မုခ်ဝတွင် မုဆိုး ထိုင် ထိုင်နေသော ကျောက်ဘီလူးရုပ်နှစ်ရုပ်ကို လှူ ဒါန်းခဲ့သည်။ သာယာဝတီမင်း၏ မိဖုရားဖြစ်သူ နန်းမတော်မမြလေးကလည်း ရွှေတိဂုံစေတီတော် အနောက်ဘက် စောင်းတန်းတော်ကို ဆောက်လုပ် လှူဒါန်းခဲ့သည်။ သာယာဝတီမင်းသည် ရွှေတိဂုံစေတီ တော်ရင်ပြင်တော်တွင် ခေါင်းလောင်းကြီးတစ်ခု ချိတ်ဆွဲလှူဒါန်းရန် ရှေးမဆွကပင် ဆန္ဒပြင်းပြခဲ့ သဖြင့် ၁၂ဝ၃ ခုနှစ် သီတင်းကျွတ်လဆန်း ၁ဝ ရက်နေ့ တွင် ကြီးမားသောခေါင်းလောင်းကြီးတစ်လုံးကို စတင် သွန်းလောင်းခဲ့သည်။ သို့သော်လည်း ထိုနှစ်တပို့တွဲလ ရောက်သည်အထိ ခေါင်းလောင်းတော်ကြေးသွန်းခြင်း လုပ်ငန်းမပြီးစီးခဲ့ချေ။ သာယာဝတီမင်းသည် ရန်ကုန် တွင် ငါးလတာနေထိုင်ခဲ့ပြီး နေပြည်တော်အမရပူရ သို့မပြန်မီ ခေါင်းလောင်းတော်ကြီးအား အပြီးသတ် သွန်းလောင်းရန် ဝန်ထောက်မင်းကြီး မဟာစည်သူ၊ ပန်းတဉ်းဝန်၊ လက်နက်တိုက်ဝန်၊ မင်းကြီးမဟာ မင်းကျော်သင်္ခယာတို့အား တာဝန်ပေးခဲ့သည်။ ကြေး သွန်း၊ ပန်းတဉ်းအမှုထမ်းဦးရေ ၅ဝ ကျော်ခန့်ရှိသည်။

ခေါင်းလောင်းတော်ကြီးအား သုံးနှစ်မျှအချိန် ယူကာ သွန်းလောင်းခဲ့ကြပြီး မြန်မာသက္ကရာဇ် ၁၂ဝ၆ ခုနှစ် တပေါင်းလ (ခရစ်နှစ် ၁၈၄၃ ခုနှစ် ဖေဖော် ဝါရီလ) တွင် ဟံသာဝတီမြို့ဝန်နှင့်အရာရှိများ ကြီး ကြပ်ကာ ပွဲသဘင်စုံလင်စွာဖြင့် ရွှေတိဂုံစေတီတော်သို့ ရေစက်ချလှူဒါန်းခဲ့သည်။ သာယာဝတီမင်းကြီးကား ထိုပွဲသဘင်သို့ မကြွရောက်နိုင်ခဲ့ပါချေ။ ခေါင်းလောင်း တော်ကြီးအား ''မဟာတိသဒ္ဒဃဏ္ဍရာဇာ ''ဟု ဘွဲ့ အမည်တပ်ခဲ့သည်။

သာယာဝတီခေါင်းလောင်းတော်ကြီး၏ အတိုင်း အတာနှင့် အလေးချိန်တို့ကို ကုန်းဘောင်ဆက် မဟာ ရာဇဝင်တွင် ''အရပ်ကိုးတောင်တမိုက်သုံးသစ်၊ အနား လုံးပတ်တဆဲ့ငါးတောင်၊ ခါးစည်းလုံးပတ်တဆဲ့ သုံးတောင်တမိုက်လေးသစ်၊ ထုနှစ်မိုက်လေးသစ်၊ ကြေးစင်ချိန်ပိဿာ နှစ်သောင်းငါးထောင်ကိုးရာ လေးဆယ်၊ ကျပ်လေးဆဲ့ကိုးကျပ်''ဟု ရေးသားဖော်ပြ ထားပါသည်။ (မူရင်းသတ်ပုံအတိုင်းဖြစ်ပါသည်)

သာယာဝတီခေါင်းလောင်းတော်ကြီးတွင် ရေးထိုး ထားသော မှတ်တမ်းကမ္ပည်းစာကြောင်းရေ (၇၉)တွင် ''ဝန်ကြီးမဟာစည်သူ၊ ပန်းတဉ်းဝန်၊ လက်နက်တိုက်ဝန်၊ မင်းကြီးမဟာမင်းကျော်သင်္ခယာတို့ ကြီးကြပ်ဖန်ဆင်း သွန်းလုပ်ကြ၍ ပြီးအောင်မြင်ခြင်းသို့ရောက်သော သဒ္ဒ ဒါနကုသိုလ်တော်ကြေးစေ။ ကျပ်ချိန်ပေါင်း ၂၅၉၄ဝ၄၉ိ'' ဟုလည်းကောင်း၊ စာကြောင်းရေ (၈ဝ) တွင် ''ကိုင်း နရ သီဟခြင်္သေ့လေးစီးနှင့်တကွ အရပ် ၉င်္ ၁ိ ၃ံ။ အချင်း ၅င်္။ လုံးပတ် ၁၅င်္။ အထူ ၂ိ ၄ံ ရှိသော မဟာတိသဒ္ဒဃဏ္ဍ အမည်ရှိသော ခေါင်းလောင်းကြီးကို သွန်းလုပ်ချောမြေ့ စေ၍''ဟုလည်းကောင်း ရေးထိုးထားပေသည်။

သာယာဝတီခေါင်းလောင်းကြီးသည် ယခုခေတ် အတိုင်းအတာအရ အမြင့် ပေ ၂ဝ၊ အဝ ခုနစ်ပေ ခြောက်လက်မ ခန့်ရှိကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီက ၁၉၉၇ ခုနှစ်တွင် ထုတ်ဝေ ခဲ့သော (Shwedagon - Symbol of strength and serenity) စာအုပ်တွင် ဖော်ပြထားပါသည်။ သမိုင်း ပညာရှင် ဆရာကြီး ဒေါက်တာသန်းထွန်းက အနား လုံးပတ် ၂၂ ပေ ခြောက်လက်မ၊ ထု တစ်ပေသုံးလက်မ ရှိကြောင်း ရေးသားခဲ့သည်။

မင်းကွန်းခေါင်းလောင်းသည် မြန်မာနိုင်ငံတွင် အကြီးဆုံးခေါင်းလောင်းဖြစ်ပြီး သာယာဝတီမင်း ခေါင်း လောင်းတော်သည် ဒုတိယအကြီးဆုံးခေါင်းလောင်း ကြီးဖြစ်ပေသည်။ သာယာဝတီမင်းခေါင်းလောင်းသည် အလေးချိန် ၄၂တန်မျှရှိပြီး ရွှေတိဂုံစေတီတော် အရှေ့ မြောက်ထောင့်တွင် ယနေ့တိုင်တွေ့မြင်နေကြရပေသည်။သာယာဝတီခေါင်းလောင်းတော်တွင် ကြောင်းရေ (၁ဝဝ) ခန့် ကမ္ပည်းစာများရေးသားထားရာ စာကြောင်းရေ တစ်မှ (၂၈)အထိကို ပါဠိဘာသာဖြင့် ရေးထိုးထားပြီး ကြောင်းရေ(၂၈) မှ (၁ဝဝ) အထိမှာ ပါဠိမြန်မာပြန်များ ဖြစ်သည်။ ခေါင်းလောင်းကမ္ပည်းစာတွင် မြန်မာသက္ကရာဇ် ၁၁၉၈ ခုနှစ် (ခရစ်နှစ် ၁၈၃၇ ခုနှစ်) တွင် နန်းတက်ခဲ့ သည့် သာယာဝတီမင်းကြီး၏နန်းတက်ချိန်မှစ၍ ပြုခဲ့ သမျှသော ကုသိုလ်ဒါနကောင်းမှုအစုစုကိုလည်း စီကုံး ရေးသားမှတ်တမ်းပြုထားသည်။ ဆုတောင်းနှင့် အမျှဝေ ကိုလည်း ဝေဝေဆာဆာရေးထိုးထားပြီး အချို့နေရာ များတွင် အဆင်တန်ဆာ အင်းကွက်ပုံစံများကို တွေ့မြင် ကြရပေသည်။

စက်ယန္တရားများနှင့် စက်မှုနည်းပညာများ မတိုးတက် သေးမီ လွန်ခဲ့သောနှစ်ပေါင်းနှစ်ရာကျော်အချိန်က လေးလံကြီးမားသော ခေါင်းလောင်းကြီးများကို မြန်မာ တို့ မည်သို့သွန်းလောင်း၊ ချိတ်ဆွဲခဲ့ကြသည်ဆိုသည် ကို တိကျစွာမဖော်ထုတ်နိုင်ကြသေးသော်လည်း မြန်မာ လူမျိုးတို့၏ ကြီးမားသောလုံ့လနှင့်ဇွဲတို့ကြောင့် အံ့မခန်း သောလုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့ကြသည်ဆိုသည့် အချက်ကိုကား ငြင်းနိုင်ဖွယ်မရှိပါချေ။

ဗုဒ္ဓသာသနာတော်ကို လေးမြတ်ကြည်ညိုခဲ့ကြ သည့် မြန်မာရှင်ဘုရင်တို့၏ ထက်သန်သော သဒ္ဓါ တရားများဖြင့် လှူဒါန်းခဲ့ကြသည့် ခေါင်းလောင်းကြီး များဖြစ်ကြသည့် စဥ့်ကူးမင်းခေါင်းလောင်းနှင့် သာယာဝတီမင်း ခေါင်းလောင်းတော်တို့သည် ရွှေတိဂုံ စေတီတော်မြတ်၏သမိုင်းနှင့်ယှဉ်တွဲလျက် နှောင်းလူ တို့ လေ့လာနိုင်သည့် ယဉ်ကျေးမှုတန်ဖိုးများအဖြစ် ထင်ရှားစွာတည်ရှိနေခြင်းသည်ပင်လျှင် ကမ္ဘာ့အလယ် တွင် မြန်မာတို့၏ ဂုဏ်ယူဖွယ်သမိုင်းဂုဏ်ဒြပ်တစ်ရပ် ဖြစ်ပါပေတော့သည်။ ။

No comments: