Friday, February 13, 2015

Kokang ကိုးကန့်၊ တရုပ်နဲ့ မြန်မာစစ်တပ်

ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့တဝိုက်မှာ ဖုန်ကြားရှင်ဦးဆောင်တဲ့ လက်နက်ကိုင်အဖွဲ့နဲ့ အစိုးရတပ်မတော်တို့ တိုက်ပွဲတွေကြောင့် ဖေဖော်ဝါရီလ ၉ ရက်နေ့မှ ယနေ့အထိ တိုက်ပွဲဖြစ်စဉ်ပေါင်း ၁၃ ကြိမ် ဖြစ်ပွားခဲ့ပြီး၊ လက်နက်ကြီး ပစ်ကူတွေနဲ့ လေကြောင်းပစ်ကူ ၅ ကြိမ် ဆောင်ရွက်ခဲ့ရကြောင်း၊ ဖြစ်စဉ်တလျှောက် တပ်မတော်မှ အရာရှိ ၅ဦး၊ စစ်သည် ၄၂ ဦး အသက်ပေးလှူခဲ့ပြီး၊ အရာရှိ ၁၁ ဦး စစ်သည် ၆၂ ဦး ဒဏ်ရာရရှိကာ မော်တော်ယာဉ် ၅ စီး ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ မြန်မာအစိုးရကနေ မနေ့ကသတင်း ထုတ်ပြန်ပါတယ်။

ကိုးကန့်အဖွဲ့ဆိုတာ National Democratic Alliance Army (NDAA) အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ ဖြစ်တယ်။ Eastern Shan State Army (ESSA) ရှမ်းပြည်အရှေ့ပိုင်းတပ်ဖွဲ့လို့လည်းခေါ်တယ်။ Mongla Army မိုင်းလမ် တပ်ဖွဲ့ လို့လည်း ခေါ်တယ်။ Kokang Democracy Party (KDP) က နိုင်ငံရေးပါတီဖြစ်တယ်။ ၁၉၈၉ မှာ မြန်မာစစ်အစိုးရနဲ့ အပစ်ရပ်ခဲ့တယ်။

မိုင်းလမ်ဒေသမှာ ၁၉၆ဝ ကျော်ကတည်းက လက်နက်ကိုင်အဖွဲ့တွေကကြီးစိုးထားခဲ့တယ်။ ဘိန်းစိုက်ပျိုး၊ ထုတ်လုပ်၊ ချက်လုပ်၊ ရောင်းဝယ်ရာဒေသဖြစ်တယ်။ ၁၉၆၈ ကတည်းကနေခဲ့တဲ့ မြန်မာပြည်ကွန်မြူနစ်ပါတီအောက်ကနေ ၁၂-၃-၁၉၉၈ မှာ ခွဲထွက်ပြီး NDAA ကို Phone Kyar Shin (Peng Jia Sheng) ဖုန်ကြားရှင်က ဦးဆောင်ခဲ့တယ်။ Peng Jiafu ပန်ကြားဖူးက သူ့ညီဖြစ်တယ်။ အင်အား ၁၅ဝဝ-၂ဝဝဝ ရှိခဲ့တယ်။ နောက်ပိုင်းမှာ Methamphetamine စိတ်ကြွဆေးပါ ထုတ်လုပ်လာတယ်။ အပစ်ရပ်ရေးလုပ်ပြီးနောက်မှာ သူတို့အဖွဲ့ရော မြန်မာစစ်တပ် (စစ်ထောက်လှမ်းရေး) အတွက်ပါ ဘိန်းနဲ့ ဘိန်းဖြူလုပ်ငန်းကနေ အကျိုးအမြတ်တွေ အများကြီး ရခဲ့ကြတယ်။ နောက်ပိုင်းမှာ ဘယ်သူတွေ အကျိုးအမြတ်တွေ ရနေကြသလည်း။

၂ဝဝ၈ ခုမှာ United Wa State Army (UWSA) ဝပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲက Mong Pawk ဒေသကိုစွန့်ဘို့ ဆန့်ကျင်ခဲ့တာဟာ မောင်းလားမှာရှိတဲ့ သူ့မဟာမိတ် NDAA နဲ့ဆက်နေတာကို ပြတ်တောက်သွားမှာစိုးရိမ်လို့ဖြစ်တယ်။ ၂ဝဝ၉ သြဂုတ်လမှာ ကိုးကန့်အဖွဲ့နဲ့ မြန်မာစစ်တပ်တိုက်ပွဲတွေဖြစ်ခဲ့ပြီး၊ အခုတခါ ၂ဝ၁၅ ဖေဖေါ်ဝါရီလဆန်းမှာ ထပ်ဖြစ်နေပါတယ်။

တရုပ်နဲ့ မြန်မာ လွတ်လပ်ရေးမရကြခင်မှာ အင်္ဂလိပ်ကကြီးစိုးထားခဲ့တယ်။ ၁၈၉၄ အင်္ဂလိပ်-တရုတ် နယ်နမိတ်စာချုပ်အရ မိုင်းလမ်နဲ့ ကျိုင်းဟုံကို တရုပ်ကိုပေးလိုက်တယ်။ ဒါပေမဲ့ တရုတ်အနေနဲ့ အဲဒီနယ်နှစ်နယ်ကို အင်္ဂလိပ်မသိဘဲ နိုင်ငံခြား တိုင်းပြည်ကို မလွှဲပေးရဘူး။ ဒါပေမဲ့ တရုတ်ဘက်က ၁၉၈၅၊ ဇွန်မှာ ကျိုင်းဟုံနယ်တစိတ်တပိုင်းကို ပြင်သစ်ကို ပေးလိုက်တယ်။ အဲဒီအတွက် အင်္ဂလိပ်က လျော်ကြေးတောင်းတယ်။ တရုတ်က ကိုးကန့် နဲ့ သိန္ဒီနယ်နဲ့ ထိစပ်နေတဲ့ နယ်အချို့ကို ပြန်ပေးတော့ ကိုးကန့်က မြန်မာပြည်၊ မြောက်သိန္ဒီနယ်ထဲမှာ ထည့်ထားလိုက်တယ်။

လွတ်လပ်ရေးပေးခါနီး ၁၉၄၇၊ ဧပြီမှာ တောင်တန်းဒေသများ စုံစမ်းစစ်ဆေးရေးကော်မတီက မေမြန်းစုံစမ်းမှုတွေ လုပ်တဲ့အခါ ကိုးကန့်ကိုယ်စားလှယ်အဖြစ် မြို့စားရဲ့သားတွေဖြစ်တဲ့ ယန်ချေ့ယီနဲ့ ယန်ကျန့်ဆန်တို့ တက်ရောက်ကြတယ်။ အဲဒီဖြေဆိုချက်တွေထဲမှာ ကိုးကန့်ဟာ လွတ်လပ်တဲ့ဒေသတစ်ခု ဖြစ်တယ်၊ ဒေသတွင်း လွတ်လပ်ခွင့်အပြည့်အဝရရင် ရှမ်းပြည်နဲ့ပေါင်းမယ်။ မရရင်မပေါင်းဘူး။ တရုတ်က ဝါဒဖြန့်ပြီး သူတို့နဲ့ပေါင်းဖို့ပြောတယ်။ ကိုးကန့်တွေက ဒေသရဲ့ လွတ်လပ်ခွင့်ကို အပြည့်အဝပေးတဲ့ ဘယ်နိုင်ငံနဲ့မဆိုပေါင်းဖို့ အဆင်သင့်ရှိတယ်။ အဲဒီအချိန်တုန်းက ကိုးကန့်မှာ လူဦးရေ ၄ဝ၈ဝ၄ ရှိတဲ့အထဲမှာ တရုတ်လူမျိုး ၃၃၄၇၄ ဦး၊ ပလောင် ၃၂၂၄၊ ရှမ်း ၁၄ဝ၅၊ လီဆူး ၇၂ဝ၊ မြောင်လူမျိုး ၆၄၉၊ ကချင် ၆ဝဝ နဲ့ ရှမ်းတရုတ် ၉၆ ဦးရှိခဲ့တယ်။

မြန်မာပြည်မှာ ကိုးကန့်မဟုတ်တဲ့ ဟန်တရုပ်လူမျိုးတွေလည်းနေထိုင်နေတယ်။ Yunnan Mandarin ယူနန် မန်ဒရင်စကား၊ Hokkien ဟောက်ကိန်စကား၊ Cantonese ကန်တုန်စကား၊ Hakka ဟားကားစကား နဲ့ Hainanese စကားပြောသူတွေ ဖြစ်ကြတယ်။ ၁၉၉ဝ နောက်ပိုင်း မြန်မာပြည်ထဲကိုတရားမဝင် ဝင်လာတဲ့တရုပ်လူမျိုးဦးရေ စုစုပေါင်း ၂ သန်းရှိနေပြီလို့ ခန့်မှန်းထားတယ်။ ၂ဝ၁၂ အကောင်းဆုံးခန့်မှန်းချက်တခုက ၁့၆ သန်းလို့ ဆိုပါတယ်။

Kokang ကိုးကန့်လူမျိုးကို တရုပ်လို Pinyin ပင်းယင်လို့ခေါ်တယ်။ Mandarin မန်ဒရင် တရုပ်စကားပြော Han Chinese ဟန်တရုပ်တွေ ဖြစ်ကြတယ်။ အပစ်ရပ်စဲရေးနောက်မှာ ကိုးကန့်အထူးဒေသ (၁) လို့ခေါ်လာတယ်။ ၁၉၉၇ ခန့်မှန်းချက်အရ ကိုးကန့်တွေထဲမှာ ယူနန်ကနေ ဝင်လာသူ တရုပ် ၃ဝ-၄ဝ% ရှိမယ်။ မူရင်းကိုးကန့်တွေက တရုပ်သွေးပါပြီး၊ ရှမ်းပြည် မြောက်ပိုင်းမှာ ၁၈ ရာစုကတည်းက နေထိုင်ကြတယ်။ ၁၇ ရာစုဝက်လောက်တုံးက Yang clan ယန်းအနွယ်တွေဟာ ယူနန်ကနေ ရှင်းပြည်နယ်ထဲဝင်လာကြတာဖြစ်တယ်။ အဲဒီကတည်းက ကိုးကန့်လို့ခေါ်တယ်။ အဲဒီဒေသကို ၁၉၆ဝ ကနေ ၁၉၆၈ အထိ (ဗပက) ကကြီးစိုးနေခဲ့တယ်။ နာမည်ကြီးကိုးကန့်ခေါင်းဆောင်တွေကတော့ Olive Yang အောလစ်ဖ်ယန်း၊ Sao Edward Yang Kyein Tsai စဝ် အက်းဝပ် ယန်း ကျန် စီ နဲ့ Lo Hsing Han လောစစ်ဟန်တို့ ဖြစ်ကြတယ်။

လောစစ်ဟန် (၁၉၃ဝ-၂ဝ၁၃) ဟာ ဘိန်းဘုရင်လို့နာမည်တွင်ခဲ့တယ်။ စီးပွါးရေးလုပ်ငန်းတွေကို ကိုးကန့်ဒေသနဲ့ စင်္ကာပူမှာလုပ်ခဲ့တယ်။ ၁၉၇၃ မှာ ထိုင်းအစိုးရက ဖမ်းမိတာကို မြန်မာစစ်အစိုးရကို လွှဲပေးလိုက်တယ်။ သူ့ကို နိုင်ငံတော် သစ္စာဖေါက်မှုနဲ့ (SSA) ရှမ်းပြည်တပ်မတော်နဲ့ ဆက်စပ်မှုကြောင့်ဖြစ်တယ်။ ၁၉၈ဝ မှာ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာတယ်။

၁၉၈၉ မှာ ကိုးကန့်နဲ့ ဝတပ်တွေ ဗကပ ကနေခွဲထွက်တော့ စစ်ထောက်လှမ်းရေး ဗခ ခင်ညွန့်က လောစစ်ဟန်ကို အသုံးချဘို့လုပ်လာတယ်။ လက်နက်နဲ့ငြိမ်းချမ်းရေး လဲတယ်ဆိုတာနဲ့ လောစစ်ဟန်ကို စီးပွါးရေးလုပ်ခွင့်ပေးတာကို အလဲအလှယ် လုပ်ကြတယ်။ လောစစ်ဟန်က လွန်ခဲ့တဲ့ ၁၅ နှစ်က Khun Sa ခွန်ဆာလို ဘိန်ဘုရင်ဘွဲ့ ရလာအောင် လုပ်နိုင်ခဲ့တယ်။

၅-၆၁၉၉၂ မှာ Asia World Company အေရှားဝါးကုမ္ပဏီကိုထောင်တယ်။ ဒီကုမ္ပဏီဟာ တရုပ်-မြန်မာဓါတ်ငွေပိုက်လိုင်း၊ ကျောက်ဖြူဆိပ်ကမ်း၊ မြစ်ဆုံစီမံကိန်းတွေမှာလုပ်နေတယ်။ သူ့သား Steven Law စတီဗင်လော ခေါ် ထွန်းမြင့်နိုင်က ၁၉၉၆ မှာ စင်္ကာပူအမျိုးသမီး Cecilia Ng ကိုယူပြီး ဆောက်လုပ်ရေးနဲ့ စွမ်းအင်ကဏ္ဍကိုဝင်လုပ်တယ်။ Asia World Co Ltd., Asia World Port Management, Asia World Industries Ltd., Asia Lite, Kokang Singapore Pte Ltd., Golden Aaron Pte Ltd. တွေဟာ လက်ခွဲစီးပွါးရေးလုပ်ငန်းတွေဖြစ်တယ်။

နေပြည်တော်တည်ဆောက်ရေးမှာ Htoo Group of Companies ထူးကုမ္ပဏီများအုပ်စုနဲ့အတူ လုက်ကိုင်ခွင့်ရခဲ့တယ်။ ပုသိမ်ငွေဆောင်၊ ရန်ကုန်လေဆိပ်၊ နေပြည်တော်လေဆိပ်၊ ရန်ကုန်ကွန်ဒိုမီနီယမ်တွေ၊ လမ်းမကြီးတွေ၊ ပဲခူးတိုင်း ၂၇ မြို့နယ်လျှပ်စစ်မီး၊ တိုက်ဂါးဘီယာ၊ စက္ကူစက်၊ စားအုန်းဆီစက်၊ စတဲ့စီးပွါးရေးလုပ်ငန်းကြီးတွေကိုပါလုပ်ကိုင်ခွင့်ရခဲ့တယ်။

The Observer အဆိုအရ စတီဗင်လောကနေ ဗခမက သန်းရွှေသမီး မင်္ဂလာဆောင်ကို ကူညီခဲ့တယ်။ စတီဗင်လောဟာ လက်ရှိသမ္မတ ဦးသိန်းစိန်ရဲ့ တရုပ်ပြည် ပထမဆုံး တရားဝင် ခရီးမှာ အတူပါသွားခဲ့တယ်။ (ကိုးကန့်၊ တရုပ်နဲ့ စစ်တပ်) ထဲက စစ်တပ်ဆိုတာ ဗခက ခင်ညွန်၊ ဗခမက သန်းရွှေနဲ့ ဗခက သိန်းစိန် (သမတ) တို့ဖြစ်ကြပါတယ်။


၁၂-၂-၂ဝ၁၅

No comments: