Friday, February 6, 2015

ကြက်သားကာလသားချက် - မန်ကျည်းရွက်ငါးပိထောင်း - မတ်ပဲဟင်းချို



ကြက်သားဆိုတာ မြန်မာပြည်အနှံ့ဝယ်လို့ရတဲ့အသားဆိုတော့ ဟင်းလျာချက်ပြုတ်ကြတာကလည်း နည်းအဖုံဖုံ၊ ဒါပေမဲ့ ညအခါ ကာလသားတွေ စုပြီးချက်စားတတ်ကြတဲ့ ကာလသားချက်ကတော့ ပေါ်ပြူလာဖြစ်စဲပါ။ သူက ဆီပြန်ဟင်းမဟုတ်ဘဲ ဆီလည်ရည်လည် လို့ပြောရမယ့် ဟင်းရည်ကိုသောက်ဆမ်းလို့ရမယ့်ဟင်းလျာမျိုးဖြစ်ပါတယ်။

မန်းကျည်းရွက်နုကတော့ နွေဦးကာလတွေမှာပေါပေါများများရတတ်ပါတယ်။ အခုကာလကလည်း ဆောင်းအကုန်နွေအကူးဖြစ်တော့ မယ်ဆိုပြန်တာကြောင့် အချို့သောဈေးတွေမှာ မန်းကျည်းရွက်နုတွေကိုရနိုင်ပါပြီ။

မတ်ပဲကိုတော့ များသောအားဖြင့်ကြိတ်ပြီး အကြော်လုပ်စားဖို့သာအားသန်ပေမယ့် ဟင်းချိုအဖြစ်သောက်စားလို့ရပါတယ်။ အရသာလေးက တမျိုးတမည်ပါပဲ။

ကဲ သူငယ်ချင်းတို့ ထမင်းစားမြိန်ကြပါစေ။

ကြက်သားကာလသားချက်နည်း
ပါဝင်သောပစ္စည်းများ

ကြက်တစ်ကောင် ၅၀ကျပ်သား၊ ကြက်သွန်နီ ၅ ဥ၊ ကြက်သွန်ဖြူ ၃ဥ၊ ဆီ ၇ကျပ်သား၊ ငရုတ်သီး ၇တောင့်၊ ချင်း လက် ၁ဆစ်။

ပြင်ဆင်ပုံ
ကြက်ကို မကြီးမငယ်ခုတ်ထစ်ထားပါ။ ချင်း၊ငရုတ်၊ကြက်သွန်ဖြူ၊ ကြက်သွန်နီ စုပေါင်းပြီး ညက်အောင်ထောင်းပါ။ ကြက်အူများကို အတွင်းအပြင်လှန်၍ ရေစင်စွာဆေးပြီး ထုံးရေကြည်ထဲ့ခဏထည့်စိမ်ထားပါ။

ပြုလုပ်နည်းအဆင့်ဆင့်
ဆီ ဆား နှင့်တကွ ငရုတ်ကြက်သွန်ရောထောင်းထားသောအနှစ်တွေကို ခုတ်ထစ်ထားသော ကြက်သား၊ ရေစင်အောင်ပြန်ဆေးထား သော ကြက်အူတို့အား နာနာနယ်ပြီး လုံးချက် ချက်ပါ။
ကြက်သားအနူး အူအနူး ကိုယ်သောက်စားမယ့် ရေအတိုင်းအတာကိုကြည့်ပြီး ရေကိုထည့်ပါ။
ဆီပြန်အောင် မချက်ဘဲ ရေစပ်စပ်နှင့် ပူပူနွေးနွေးချ၍စားပါ။

မန်းကျည်းရွက်ငါးပိထောင်း
ပါဝင်သောပစ္စည်းများ
မန်ကျည်းရွက်နုနု အနည်းငယ်၊ ဆီ/ဆား အနည်းငယ်၊ မျှင်ငါးပိကောင်းကောင်း အနည်းငယ်၊ ငရုတ်သီးပွတောင့် အနည်းငယ်၊ ဟင်းခတ်မှုန့် အနည်းငယ်၊ ကြက်သွန်ဖြူ ၂ လုံး။

ပြင်ဆင်ပုံ
မန်းကျည်းရွက်များကို ခြောက်သွေ့ရုံလေသလပ်ထားပါ။ မျှင်ငါးပိကို မီးကင်ထားပါ။ ငရုတ်သီးပွကို အိုးကင်းတိုက်ပါ။ ငရုတ်ဆုံတွင် ကြက်သွန်ဖြူ၊ မျှင်ငါးပိနှင့် မန်းကျည်းရွက်များကိုရော ထောင်းထားပါ။

ပြုလုပ်နည်းအဆင့်ဆင့်
ထောင်းထားသော ကြက်သွန်ဖြူ၊ မျှင်ငါးပိနှင့် မန်းကျည်းရွက်များထဲသို့ ဟင်းခတ်မှုန့်နှင့် ဆားတို့ကို အနည်းငယ်ထည့်ပါ။
ဆီဆမ်းပြီး အသင့်စားသုံးနိုင်ပါသည်။

မတ်ပဲဟင်းချို
ပါဝင်သောပစ္စည်းများ
မတ်ပဲ ၁၅ကျပ်သား၊ ဆီ ၂ ကျပ်ခွဲသား၊ ပုစွန်ခြောက် အနည်းငယ်၊ ငံပြာရည်/ဟင်းခတ်မှုန့် သင့်ရုံ၊ ကြက်သွန်ဖြူ ၁ဥ၊ ကြက်သွန်နီ ၂လုံး

ပြင်ဆင်ပုံ
မတ်ပဲကို ခဲသလဲရွေး၍ ရေစိမ်ထားပါ။
ကြက်သွန်နီ၊ကြက်သွန်ဖြူနှင့် ပုစွန်ခြောက်တို့ကိုရောထောင်းထားပါ။

ပြုလုပ်နည်းအဆင့်ဆင့်
ဆီအိုးတည်ပါ။ ဆီကျက်လျှင် ကြက်သွန်အနှစ်များထည့်၍ ဆီသတ်ပါ။
ရေစိမ်ထားသော မတ်ပဲများကို ထည့်မွှေပါ။
ငံပြာရည်၊ ဟင်းခတ်မှုန့်တို့ပါထည့်ပါ။
ရေအနေတော်ထည့်၍ မတ်ပဲနူးပြီး ရေဆူသည်အထိ အဖုံးအုပ်၍ တည်ထားပါ။
ကျက်လျှင် အပေါ့၊အငန်မြည်း၍ သုံးဆောင်နိုင်ပါသည်။

No comments: