Thursday, February 26, 2015

ငါးကင်မွှေးမွှေးလေး - ကန်စွန်းပြည်ကြီးငါးသုပ် - ကဏန်းသားသီးစုံကြော် - စွန်တန်ဟင်းချို




ဘယ်ဘ၀က ရေစက်မှန်းကိုမသိပါဘူး ပင်လယ်စာဆိုရင် အခြားဟင်းတွေထက်ပိုပြီး မက်စက်တယ်။ 

ဒါကလည်း တောင်ပေါ်ဒေသဖွားမို့ ထင်ပါရဲ့။ ရန်ကုန်သား ကျွန်တော့်သူငယ်ချင်းကတော့ အသက်အရွယ်ရောက်မှ တောင်ပေါ်ဒေသမှာသွားရောက်နေထိုင်တာကြောင့် ပင်လယ်စာတွေကို လွမ်းပါသတဲ့။ ဒါကြောင့် ဒီတစ်ပတ်တော့ ပင်လယ်ထွက်သားငါးတွေကို ဟင်းအတွဲအစပ်ချက်ပြုတ်နိုင်ကြစေဖို့ လေ့လာလိုက်ပါတယ်။ မလုလုရဲ့ Blog ကနေ ဟင်းချက်နည်းလေးတွေ ကူးယူထားပါတယ်ခင်ဗျ။

ငါးကင်မွှေးမွှေး(ယိုးဒယား ငါးခဲပတ်ကင်)
ငါးကင်နည်းအမျိုးမျိုးရှိတဲ့အထဲက ငါးကိုခဲပတ်စက္ကူနဲ့ပတ်ပြီးကင်တဲ့ ယိုးဒယားကင်နည်းကိုကူးထည့်ပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
ကကတစ်ငါး - ၃၀ သားတစ်ကောင်၊ရှမ်းနံနံ - အနည်းငယ်၊ နံနံပင် - အနည်းငယ်၊ ကြက်သွန်ဖြူ - သုံးလုံး၊ ရှောက်သီး - တစ်ခြမ်း၊ ပင်စိမ်း - အနည်းငယ်၊ ခနောမှုန့် (Knorr) - လက်ဖက်ရည်ဇွန်း တစ်ဇွန်း၊ ငရုတ်သီးစိမ်း - အနည်းငယ်၊ ချင်း - နှစ်ကျပ်သား၊ ပုစွန် ငံပြာရည် - ဟင်းစားဇွန်းတစ်ဇွန်း၊ ခေါင်းစိမ်းငံပြာရည် - ဟင်းစားဇွန်းတစ်ဇွန်း၊ ခရုဆီ - အနည်းငယ်၊ ခဲပတ်စက္ကူ (၂၀" x ၂၀") - တစ်ရွက်

ပြင်ဆင်ချက်ပြုတ်နည်း
ငါးကို အကြေးခွံခွာ ရေဆေးသန့်စင် ပြီးဓားဖြင့်မွှန်းရပါမည်။ ရှမ်းနံနံ၊ ငရုတ်သီးစိမ်း၊ ပင်စိမ်း၊ နံနံပင်၊ ကြက်သွန်ဖြူ၊ ခနောမှုန့်၊ ချင်း၊ ရှောက်သီး၊ ပုစွန်ငံပြာရည်၊ ခေါင်းစိမ်းငံပြာရည်၊ ခရုဆီတို့ကို ရောကြိတ်ပါ။ ကြိတ်ပြီးသား အစာကြိတ်ဖတ်များကို စောစောကမွှန်း ထားသော ငါး၏အတွင်းထဲသို့ သိပ်ထည့်ရပါမည်။ ထို့နောက် ခဲပတ်စက္ကူဖြင့် လိပ်ပြီး မီးဖြင့် အကျက်ညီအောင် ကင်ရပါမည်။ ကင်ပြီးနောက် စားလို့ကောင်းတဲ့ ငါးခဲပတ်ကင်ကို ပျော်ပျော်ရွှင်ရွှင်သုံးဆောင်နိုင်ပါပြီ။

ကန်စွန်းပြည်ကြီးငါးသုပ်
ကန်စွန်းရွက်နှင့် ပြည်ကြီးငါးကိုသုပ်စားကြမယ်လေ။ ကန်စွန်းရွက်သီးသန့် ပြည်ကြီးငါးသီးသန့်သုပ်စားတတ်ကြပေမယ့် ဒီတစ်ခါတော့ ရောသုပ်စားကြမယ်။

လိုအပ်သောပစ္စည်းများ
ပြည်ကြီးငါး (သန့်စင်ပြီးသား) ၂၀၀ ဂရမ်၊ ပုစွန်အကောင်လတ် ၂၀၀ ဂရမ်၊ ကန်စွန်းညွန့် ၂၀၀ ဂရမ်၊ ငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း၊ ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ဇွန်း၊ သကြားလက်ဖက်ရည်ဇွန်း ၁ဇွန်း၊ အချိုမှုန့်အနည်းငယ်၊ ကြက်သွန်ဖြူ ၂မြွှာ (ခြစ်ပြီးသား)၊ သံပရာသီး ၃ လုံး၊ ခရမ်းချဉ်သီး ၁ လုံး၊ ငရုတ်သီးစိမ်း ၅တောင့်။

ပြင်ဆင်ပြုလုပ်ပုံ
ပြည်ကြီးငါးကို သန့်စင်ပြီး လက်မ၀က်ခန့်အရှည်များဖြစ်အောင် ဖြတ်ထား၊ ပုစွန် အကောင်လေးတွေနှင့်အတူ ကန်စွန်းညွန့်လေးတွေကို လည်း သေချာသန့်စင်ထားလိုက်ပါ။ ငရုတ်သီးစိမ်းတောင့်တွေကိုလည်း ပါးပါးလှီး၊ ကြက်သွန်ဖြူကို ခြစ်ထား၊ အချိုမှုန့်အနည်းငယ်ကို တော့ ကျန်းမာရေးအတွက်ရှောင်မယ်ဆိုရင် မထည့်ပါနှင့်။
ငရုတ်သီး၊ငံပြာရည်၊ပဲငံပြာရည်၊ သကြားတို့ကို ရောမွှေပြီး ၁၅မိနစ်တည်ရပါတယ်။ ဒယ်အိုးထဲ ဆီထည့်ပြီး မီးပူပေးပါ။ မီးအသင့် အတင့်ဖြင့် ကြက်သွန်ဖြူဆီချက် ချက်ပြီး ခပ်ထားလိုက်ပါတယ်။ ဒယ်အိုးထဲ ပြည်ကြီးငါးနှင့် ပုစွန်များကို ထည့်ပြီး ၂ မိနစ်မှ ၃ မိနစ်ခန့် မွှေ၊ ပြီးတော့ ငရုတ်သီး/ငံပြာရည်အမွှေတို့ကိုပါထည့်မွှေပြီး သီးသန့်ပန်းကန်တစ်ခုမှာ ဖယ်ထားလိုက်ပါတယ်။ ပြည်ကြီးငါး၊ ပုစွန်တို့ကို ကန်စွန်းရွက်ထည့်၊ ကြက်သွန်ဖြူဆီချက်နှင့် သံပရာရည်ထည့်ကာ ရောနယ်။ ပြည်ကြီးငါးပုစွန်ကန်စွန်းရွက်သုပ်ရပါပြီ။

ကဏန်းသားသီးစုံကြော်
ဒီတစ်ခါတော့ ကဏန်းသားသီးစုံကြော်တဲ့နေရာမှာ ပါဝင်ပစ္စည်းတွေကိုတော့ ကိုယ့်စိတ်မှန်းနဲ့သာအတိုင်းအတာလုပ်ကြပေတော့ဗျို့ မလုလုက ထည့်မရေးပေးထားဘူး။

လိုအပ်တာလေးတွေက - baby corn လေးတွေ၊ မုန်လာဥနီ၊ ရွှေပဲသီး၊ပဲပိုးတီ၊ ကြက်သွန်ဖြူ၊နီ၊ ပဲငံပြာရည်အကြည်၊ 
ဆား၊သကြား၊ ဟင်းခပ်မှုန့်နဲ့ ဆီတို့ပါနော်။ ကဏန်းအသားဘူးကတော့ စူပါမားကတ်တွေမှာရတတ်တော့ ရယ်ဒီလုပ်ထားပြီးသား ကဏန်းအသားတစ် ခုချင်းကို အုပ်ထားတဲ့ ပလတ်စတစ်ကိုခွာပြီး အရွယ်အနေတော်လေးတွေဖြစ်အောင် လှီးထားပေးပါ။ မုန်လာဥနီကို အခွံနွှာ၊ ရေဆေးပြီး ပန်းပွင့်ဖော်လှီးတာက လှီး၊ ခပ်ရှည်ရှည် မျှင်မျှင်လေးတွေ ဖြစ်အောင်လှီးပေးပါ။ ပြောင်းဖူးပေါက်စကိုတာ့ ရေဆေးပြီး ခပ်စွေစွေလေးတွေ လှီး၊ရွှေပဲသီးတွေကိုလည်း ဘေးအမျှင်တွေသင်ထား ရေဆေးပြီး ရေစစ်ထား၊ပြီးတော့ လက်တစ်လုံးအရွယ်လောက်လေးတွေလှီးထား၊ပဲပိုးတီကိုတော့ ရေဆေးပြီး အလျားလိုက် ထက်ခြမ်းခြမ်း၊ ကြက်သွန်ဖြူနီတို့ကို အခွံခွာပြီး ရေဆေး ကြက်သွန်နီ လေးစိတ်ထိုး၊ ကြက်သွန်ဖြူကို ဓားပြားရိုက်ပေးထားပါ။

အားလုံးအသင့်ဆိုရင် - မီးဖိုပေါ် ဒယ်အိုးတင် ဆီထည့် ဆီကျက်လျှင် ကြက်သွန်ဖြူ နီတို့ကိုထည့်ပြီး ဆီချက်ချက်ပါ။ ကြက်သွန်စိမ်းနံ့ပျောက်ပြီး နွမ်းလာတာနဲ့တပြိုင်နက် ကဏန်းသားတွေကိုထည့်ပြီး ကြော်ပေးပါ။ ပြီးရင် လှီးထားတဲ့ ပြောင်းဖူးပေါက်စကို ထည့်ပြီးမွှေ၊ တစ်မိနစ်လောက်နေရင် ပဲပိုးတီကိုထည့်ပြီး ဆက်ကြော်၊ ပြီးရင် မုန်လာဥနီကိုထည့်ပြီး နှံ့အောင် ကြော်ပေးပါ။ နောက်ဆုံးတော့ ရွှေပဲသီးကိုထည့်ပြီးကြော်ပါ။ ပြီးရင် အငန်အတွက် ပဲငံပြာရည်အကြည်နည်းနည်း၊ဆား၊သကြားနဲ့ ဟင်းခပ်မှုန့်အနည်းငယ်ထည့်ပြီး အသီးအရွက်အသားအကုန်နှံ့အောင်မွှေပေးပါ။ ပြီးရင် အပေါ့အငန်မြည်းပြီး ဟင်းအိုချလိုက်ရုံပါပဲ။

စွန်တန်ဟင်းရည်
စွန်တန်ခြောက် - သံပရာသီးလုံးခန့် (ကိုယ့်စိတ်ကြိုက်ပေါ်မူတည်ပြီးထည့်)၊ကြက်ပြုတ်ရည် - နို့ဆီဘူး ၄ဘူး၊ကြက်သွန်ဖြူ - ၁၀မြွှာ (မညက်တညက် ထုထောင်းထားပါ)၊ချင်း - လက်တစ်ဆစ် (မညက်တညက် ထုထောင်းထားပါ)၊ဆား၊ သကြား - အနည်းငယ်၊ ငရုတ်သီးစိမ်း - ၁၀တောင့် (အညှာခြွေ ရေဆေးပြီး ထက်ခြမ်းခြမ်းပါ)

ဟင်းရည်ချက်မည့်အိုးထဲတွင် ကြက်သားပြုတ်ရည်၊ စွန်တန်၊ ကြက်သွန်ဖြူ၊ ချင်း၊ဆား၊သကြား၊ငရုတ်သီးစိမ်း အားလုံးထည့်ပြီး ပွက်ပွက် ဆူတဲ့အထိ တည်ပါ။ ဟင်းရည်ပွက်လာပြီဆိုရင် အရသာမြည်း၍ အိမ်သားများစိတ်ကြိုက်ဖြစ်ပြီဆိုရင် ချိုချဉ်စပ်အရသာလေးနဲ့ စွန်တန် ဟင်းရည်ကို ပူပူလေး သုံးဆောင်ပါ။ 

ဟင်းအတွဲအစပ်ကတော့ ဘယ်လိုနေတယ်မသိဘူး ကျွန်တော်ကြိုက်သလိုတွဲစပ်ပစ်လိုက်တာပါ။ ဟင်းချက်နည်းအတော်များများကို ထပ်မံဖတ်ကြည့်ချင်သေးတယ်ဆိုရင်တော့ http://lulucooking.blogspot.com ကိုသွားလိုက်ပါနော်။

No comments: