Friday, July 4, 2014

အချစ်ဦးအကြောင်း




မြေးဦးရတာတောင်အချစ်ဦးကို မမေ့ဆိုတဲ့ စကားရှိပါတယ်။ အချစ်ဦးဟာ လူတစ်ယောက်အတွက် အရမ်းကိုအရေးပါတဲ့လူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံများမှာလည်း အချစ်ဦးဟာ လူသားတိုင်းအတွက် လွယ်လင့်တကူမေ့ဖျောက်လို့မရတဲ့အတိတ်စာမျက်နှာတစ်ရွက် အဖြစ်တင်စားထားကြပါတယ်။ လူတစ်ယောက်ဟာအကြိမ်ပေါင်းများစွာ ချစ်နိုင်ပေမယ့် သုတ်သုတ်သုတ်သုတ်နဲ့ကတိုက်ကရိုက်လေး ပြေးသွားတဲ့အချစ်ဦးလောက် နှလုံးသားပေါ်ထင်ကျန်နိုင်စွမ်းမရှိပါဘူး။ မြေမခသလို နှင်းမကျသေးတဲ့ သစ်ရွက်နုနုလေးအပေါ် ပထမဆုံး ကျသွားတဲ့ နှင်းစက်လေးလိုအချစ်ဦးဟာ လူတစ်ယောက်အတွက် အရမ်းကိုအဓိပ္ပာယ်ရှိလှပါတယ်။ ဂျော့ဘားနတ်ရှောကတော့ အချစ်ဦး ဟာ မိုက်ရူးနည်းနည်းဆန်ပြီး သိချင်၊စပ်စုချင်စိတ်များတဲ့အချစ်လို့ဆိုထားပါတယ်။ ဘင်ဂျမင် ဒစ္စရေလီကတော့ အချစ်ဦးရဲ့အ၀ိဇ္ဇာ အမှောင်ထုလောက် မဆုံးနိုင်တဲ့အမှောင်ထု မရှိနိုင်တော့ဘူးတဲ့။

အချစ်ဦးပွင့်ချိန်
အချစ်ဦးဟာ ဖူးနုစအသက်အရွယ်မှာ ဖူးပွင့်လာတဲ့အချစ်တစ်ခုဖြစ်ပြီး လူတစ်ယောက်ရဲ့ဘ၀နဲ့နေထိုင်မှုအပေါ်များစွာသက်ရောက် လွှမ်းမိုးမှုရှိပါတယ်။ သေတဲ့အထိစွဲမြဲတဲ့အမှတ်တရအဖြစ် ပါရှိသွားလေ့ရှိပါတယ်။ အချစ်ဦးဟာ အများစုအတွက် ဆယ်ကျော်သက် အရွယ်မှာ ဖူးပွင့်လေ့ရှိကြပေမယ့် သက်လတ်ပိုင်း၊ နှောင်းပိုင်းမှာလည်း ဖူးပွင့်လေ့ရှိပါတယ်။ ဒါကြောင့်အချစ်ဦးဟာ အသက်အပေါ် မူတည်ပြီး ဖူးပွင့်တဲ့ပန်းတစ်ပွင့်တော့မဟုတ်ပါ။

အချစ်ဦးတို့ဖူးပွင့်သောအခါ လူတစ်ယောက်ဟာ လက်ရှိပကတိအနေအထားကနေကင်းလွတ်သွားတတ်ပါတယ်။ ဖူးပွင့်ချိန်ကာလပြီးဆုံး သွားတဲ့အထိ ချိုမြိန်တဲ့ပျော်ရွှင်မှုလေးကို ပေးစွမ်းတတ်ပါတယ်။ ဒါကြောင့်လည်း အချစ်ဦးကိုမြေးဦးရတာတောင် မမေ့၊ ရည်းစားဦးသား ဦးရတာတောင် မမေ့ဆိုတဲ့ စကားတွေပေါ်ထွန်းလာခဲ့တာဖြစ်ပါတယ်။ ဒီစကားဟာ လက်ရှိချစ်သူအပေါ်ယိုယွင်းတဲ့သစ္စာရယ်လို့ သမုတ် လို့မရပါဘူး။

အချစ်ဦးသက်တမ်း
အချစ်ဦးဟာ ဖူးပွင့်ချိန်သာယာသလောက် သက်တမ်းရင့်ရင့်ဖူးပွင့်တဲ့ပန်းတစ်ပွင့်တော့ မဟုတ်ပါ။ များသောအားဖြင့် အချစ်ဦးဟာ ဖူးပွင့်ချိန် တိုတောင်းလွန်းလှပါတယ်။ လေပြည်နုထွေး ရုတ်တရက်တိုက်ခတ်သွားသလို ခံစားရစေပါတယ်။ အချစ်နဲ့ပတ်သက်ပြီး အချစ်ဦးမှ ဒီခံစားချက်ကို ခံစားရတာမဟုတ်ပါဘူး။ အချစ်ရေးနဲ့ပတ်သက်ပြီး လူတိုင်းဟာ မိမိကိုယ်ကိုမိမိ အချစ်ကံကောင်းတယ်လို့ ထင်နေလေ့ရှိပါတယ်။ အမှန်တကယ်တော့ တကယ့်အချစ်ကံကောင်းတဲ့သူ ရာခိုင်နှုန်းဟာ ငါးရာခိုင်နှုန်းပဲရှိတယ်ဆိုတာ လေ့လာတွေ့ရှိ ရပါတယ်။ အချစ်ဦးနဲ့လမ်းခွဲခဲ့ရတဲ့နည်းပေါ်မူတည်ပြီး လူတစ်ယောက်ရဲ့ဘ၀မှာ အချစ်ဦးအတွက် အမှတ်တရတွေဟာကွဲပြားသွားပါ တယ်။ အချစ်ဦးနဲ့ချစ်ရေစက်မဆုံခဲ့တဲ့သူတွေအတွက် နာကျင်မှုထက် စိတ်ရှုပ်ထွေးမှုကို ဘ၀နှောင်းပိုင်းကာလတစ်လျှောက် ပိုခံစားရ လေ့ရှိပါတယ်။

အချစ်ဦးပေးသောဆု(သို့)ဒဏ်ရာ
အများစုအတွက် အချစ်ဦးဟာ သာယာပျော်ရွှင်ဖွယ်ဖြစ်ခဲ့ပေမယ့် အချစ်ဦးတိုင်း အချစ်ကံကောင်းကြတာတော့မဟုတ်ပါဘူး။ တချို့သူ တွေအတွက် လွန်စွာနာကျင်ခါးသက်ဖွယ်ရာ အတွေ့အကြုံတွေကို ပေးစွမ်းစေပါတယ်။ အစကတည်းက မိုးကြိုးမိခဲ့ရသလိုဖြစ်စေပါ တယ်။ တစ်ဖက်သက်အချစ်နဲ့ ချစ်ခဲ့ရတာတွေရှိခဲ့သလို တခြားတစ်ယောက်အပေါ် သစ္စာဖောက်သွားတဲ့အဖြစ်ကိုရင်ဝယ်ပိုက်ခဲ့ရတာတွေ လည်းရှိပါတယ်။ ဒီလိုအနေအထားမျိုးမှာ အချစ်ဦးဟာနောက်နောင် အချစ်နဲ့ပတ်သက်ပြီး မခံစား၊ မပတ်သက်ချင်တော့တဲ့အထိ နာကျင် ခံစားမှုကိုဖြစ်စေပါတယ်။ ဒါကြောင့် အချစ်ဦးဟာ လူတစ်ယောက်အတွက် အရမ်းအရေးကြီးတယ်လို့ဆိုရခြင်းပဲဖြစ်ပါတယ်။

ဘယ်လိုအနေအထားမျိုးပဲဖြစ်ဖြစ် အချစ်ဦးနဲ့ပတ်သက်ပြီးရရှိခံစားမှုဟာ ဘ၀တစ်လျှောက်လုံးအတွက် အရမ်းအရေးကြီးတဲ့အတွေ့ အကြုံ တစ်ရပ်အဖြစ် ဦးနှောက်ထဲမှာသာမက ရင်ဘတ်ထဲမှာပါ မှတ်တမ်းဝင်သွားစေပါတယ်။ အချစ်ဦးနဲ့ကြုံဆုံခဲ့ရတဲ့ အနေအထားပေါ်မူ တည်ပြီး လူတစ်ယောက်ဟာ ဘ၀အတွက် သင်ခန်းစာတွေကိုရှာမှီးသင်ယူနိုင်ပါတယ်။ နောက်ပြီး အချစ်ဦးကြောင့် လူတစ်ယောက်ဟာ ရင့်ကျက်တည်ငြိမ်လာနိုင်ပါတယ်။ အချစ်ဦးနဲ့ပတ်သက်ပြီး ရရှိတဲ့ အပြစ်ကင်းစင်မှု၊ ချိုမြိန်မှုတို့ဟာ နောက်ရရှိလာမယ့်ချစ်သူတွေမှာ တွေ့ရှိရမှာ မဟုတ်ပါဘူး။

အချစ်ဦးကို မေ့သင့်၊ မမေ့သင့်
လူမှုတွေးခေါ်ပညာရှင်တွေအနေနဲ့ အချစ်ဦးဟာ လူတ်စယောက်အတွက် မေ့သင့်၊ မမေ့သင့်ကိစ္စကို လူသားတွေအတွက် တာဝန်ယူခေါင်းစားပြီး အဖြေထုတ်ခဲ့ကြရာမှာ အချစ်ဦးဟာ လူတစ်ယောက်ရဲ့ဘ၀မှာ အချစ်ရေးနဲ့ပတ်သက်ပြီး အဟန့်အတား ဖြစ်စေနိုင်တာမို့ မေ့ဖျောက်သင့်တယ်လို့ အဖြေရှာခဲ့ကြပါတယ်။ အချစ်ရေးမှာ ပျော်ရွှင်ချင်တယ်ဆိုရင် ကိုယ်ကြုံခဲ့ရတဲ့ အချစ်ဦး အကြောင်းကို မေ့ဖျောက်ပစ်ထားဖို့ပါပဲ။ လူသားတွေအတွက် ပထမဆုံးကြုံတွေ့ရတဲ့အချစ်ဟာ တကယ့်အချစ်စစ်မဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။ အချစ်ရေးမှာ သာယာပျော်ရွှင်မှုရဖို့အတွက် လူတစ်ယောက်ဟာ လိင်ဖောက်ပြားမှုရှောင်ရှားရမှာဖြစ်သလို အချစ်ဦးနဲ့ ပတ်သက်ပြီး အဖြစ်အပျက်များကိုလည်း မေ့ဖျောက်ပစ်ခဲ့ရမှာဖြစ်ပါတယ်။ နို့မဟုတ်ပါက လက်ရှိအချစ်ရေးအပေါ် ထိခိုက်လာနိုင်ပါ တယ်။ အချစ်ဦးနဲ့ပတ်သက်ပြီး အမှတ်တရအဖြစ်အပျက်တွေကို မေ့ဖျောက်ပစ်နိုင်ပါမှ နောက်နောင်ကြုံတွေ့ရမယ့်အချစ်သစ်မှာ သာယာပျော်ရွှင်မှုအပြည့်ရရှိမှာဖြစ်ပါတယ်။

သစ်ပင်မှန်လျှင် အမြစ်နဲ့မကင်းသလို လူမှန်ရင်လည်း အချစ်နဲ့မကင်းကြတဲ့လူသားတွေအတွက် အချစ်ဦးဟာလည်း ရင်ဘတ်ဆူးစူးတဲ့ အထိ သက်ရောက်စိုးမိုးနိုင်ပါတယ်။ ဒီအချစ်ဦးအကြောင်းတဆိတ်မြည်းကြည့်ရင်း မေတ္တာဝေဖြာပြီး ချစ်သက်လျာနဲ့ ဖူးစာဆုံရပါစေသား လို့ ဆုမွန်ကောင်းလေး တောင်းလိုက်ရပါတယ်။

နွေဦးအိမ် (အတွဲ ၃ အမှတ် ၃ ဧပြီ ၂၀၁၁ - 8 Days Journal)

No comments: