Thursday, July 3, 2014

လုပ်ငန်းခွင်နဲ့ အေအိုင်ဒီအက်စ် (အမေးအဖြေ)


 
မေး။    ။ အိတ်ခ်ျအိုင်ဗွီပိုး ရှိသူနဲ့ အတူတူ အလုပ်လုပ်ရင် အန္တရယ် ရှိနိုင်ပါသလား။
ဖြေ။    ။ အတူတူ အလုပ်လုပ်လို့ ရောဂါပိုးကူးဖို့ အန္တရာယ် မရှိပါဘူး။ စက်ရုံတစ်ခုတည်း၊ ရုံးဌာန၊ စာသင်ကျောင်း တစ်ခုတည်းမှာ အလုပ်အတူတူလုပ်ရင်း ရောဂါမကူးနိုင်ပါဘူး။

မေး။    ။ ဘာဖြစ်လို့ အလုပ်အတူတူ လုပ်ရင်ရောဂါမကူး နိုင်ပါတာလဲ။
ဖြေ။    ။ လုပ်ငန်းခွင်မှာအလုပ်လုပ်ရင်းရောဂါပိုးပါတဲ့ သွေး၊ လိင်အင်္ဂါထွက် အရည်တွေနဲ့ ထိတွေ့ ကူးစက်ဖို့ဆိုတာ အလွန်ခဲယဉ်းပါတယ်။

မေး။    ။ စက်ရုံထဲမှာ တေစ်ယောက်နဲ့ တစ်ယောက် နီးနီး ကပ်ကပ်နေပြီး အလုပ်လုပ်ရတာမျိုးဆိုရင်ကော မစိုးရိမ်ရဘူးလား။
ဖြေ။    ။ ဒါလည်း ကူးစက်ဖို့ အန္တရာယ် မရှိပါဘူး။ နီးနီးကပ်ကပ် အလုပ်အတူလုပ်ရပြီး အသားချင်းထိရုံနဲ့ မကူးပါဘူး။ ချွေးကနေ တဆင့် မကူးနိုင်ပါဘူး။ ဖန်ခွက်တစ်ခုတည်းနဲ့ ရေအတူသောက်တာ၊ ထမင်းအတူထိုင်စားတာ၊ အိမ်သာအတူတူသုံးတာတွေဟာလည်း ရောဂါကူးနိုင်တဲ့ အပြုအမှုတွေ မဟုတ်ပါဘူး။

မေး။    ။ လုပ်ငန်းခွင်မှာ အလုပ်လုပ်ရင်း ရောဂါအကူးခံနိုင်ဖွယ်ရှိတဲ့ လူတွေက ဘယ်လိုလူမျိုးတွေ ဖြစ်နိုင်ပါသလဲ။
ဖြေ။    ။ ရောဂါပိုးပါတဲ့ သွေးတွေကို ကိုင်တွယ်ရတဲ့ ကျန်းမာရေးဝန်ထမ်းတွေမှာ ကူးစက်ခံရဖို့ အန္တရာယ်ရှိပါတယ်။ ဆရာဝန်၊ သူနာပြု၊ သွားဆရာဝန်၊ ဓာတ်ခွဲခန်းဝန်ထမ်းတွေ၊ ဝမ်းဆွဲ ဆရာမတွေလည်း ပါပါမယ်။ ကျန်းမာရေးဝန်ထမ်းတွေ ရောဂါပိုး မကူးအောင် လိုက်နာရမယ့် အခြေခံကာကွယ်မှုတွေကို လိုက်နာကျင့်သုံးမယ် ဆိုရင် ရောဂါပိုး ကူးစက်မယ့် အန္တရာယ်က လွတ်ကင်းကြမှာပါ။

မေး။    ။ တကယ်လို့ အလုပ်သမား တစ်ယောက်မှာ အိတ်ခ်ျအိုင်ဗွီပိုး ရှိနေရင် သူ့ကို အလုပ်ဆက်လုပ်ခွင့်ပေးသင့်ပါသလား
ဖြေ။    ။ လုပ်ခွင့်ပေးသင့်ပါတယ်။ အလုပ်သမား တစ်ယောက်မှာ အိတ်ခ်ျအိုင်ဗွီပိုး ရှိနေပေမယ့် ကျန်းမာသန်းစွမ်းတယ်၊ အလုပ်လုပ်နိုင်တယ်ဆိုရင် အလုပ်လုပ်ခွင့်ပြုသင့်ပါတယ်။ အေအိုင်ဒီအက်စ်နဲ့ ဆက်နွယ်တဲ့ ရောဂါတွေ ဖြစ်လာခဲ့ရင်လည်းပဲ အခြား ရောဂါဖြစ်တတ်တဲ့ အလုပ်သမားတွေလိုပဲ ရသင့်တဲ့ တန်းတူခံစားခွင့်တွေ ပေးသင့်ပါတယ်။ အိတ်ခ်ျအိုင်ဗွီပိုးရှိနေလို့ အလုပ်ထုတ်ပြစ်တာ မဖြစ်သင့်ပါဘူး။

မေး။    ။ ဆရာဝန်တွေမှာရော အေအိုင်ဒီအက်စ် ရောဂါ ဖြစ်နိုင်ပါသလား။
ဖြေ။    ။ လူတန်းစားမရွေး ဖြစ်နိုင်ပါတယ်။ ဆရာဝန်တွေမှာလည်း ဖြစ်နိုင်ပါတယ်။ ဆေးရုံစောင့် အလုပ်သမားလည်း ဖြစ်နိုင်ပါတယ်။ အားကစားသမားတွေမှာလည်း ဖြစ်နိုင်ပါတယ်။ ရာထူး၊ အဆင့်အတန်းနဲ့ မဆိုင်ပါဘူး။ ဆင်းရဲချမ်းသာနဲ့ မဆိုင်ပါဘူး။ အေအိုင်ဒီအက်စ် ရောဂါဖြစ်တာဟာ လူတစ်ယောက်ရဲ့ အမူအကျင့်နဲ့ပဲ ဆိုင်ပါတယ်။ ရောဂါပိုးရှိတဲ့သူနဲ့ လိင်ဆက်ဆံရင်၊ ဆေးထိုးအပ်ဆေးထိုးပြွန်တွေကို မျှဝေသုံးရင်၊ ဒါမှ မဟုတ်ရောဂါပိုး ရှတဲ့သွေးကို အသွင်းခံရရင် မည်သူမဆို ရောဂါပိုး ကူးစက်ပြီး အေအိုင်ဒီအက်စ် ရောဂါဖြစ်လာပါမယ်။

မေး။    ။ ကျန်းမာရေးဝန်ထမ်းများ (အထူးသဖြင့် သူနာပြုများဟာ) အလုပ်လုပ်င်း အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ရန် သေချာနိုင်ပါသလား။
ဖြေ။    ။ သာမန်အနေအထားအရတော့ ကူးစက်နိုင်တဲ့ အန္တရာယ်နည်းပါတယ်။ ကျန်းမာရေး ဝန်ထမ်းတွေအနေနဲ့ လူနာကို ပြုစုကုသရင်း အိတ်ခ်ျအိုင်ဗွီပိုး ပါတဲ့သွေး (သို့မဟုတ်) သွေးစွန်းနေတဲ့ အရည်တွေနဲ့ ထိမိတတ်ပါတယ်။ ထိမိတဲ့ နေရာမှာ အရေပြားပွန်းပဲ့ ရှထားတဲ့ပွန်းပဲ့ဒဏ်ရာ မရှိရင် ဘာမှ မဖြစ်နိုင်ပါဘူး။ အက်ကွဲနေတဲ့ အနာရှိရင်တော့ ကးစက်နိုင်ပါတယ်။ အိတ်ခ်ျအိုင်ဗွီပိုး ရှိနေတဲ့ လူနာကို ဆေးထိုးသွေးဖောက်တဲ့အခါ သုံးစွဲပြီးတဲ့ အပ်နဲ့ကျန်းမာရေး ဝန်ထမ်းတွေကို မတော်တဆ ထိုးမိတတ်ပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေ အလုပ်လုပ်ရင်း အိတ်ခ်ျအိုင်ဗွီပိုး အပါအဝင် တခြားရောဂါပိုးတွေ မကူးအောင် လိုက်နာရမယ့် အခြေခံကာကွယ်မှုတွေ ရှိပါတယ်။ အဲဒါတွေကို အမြဲတမ်းကျင့် သုံးမယ်ဆိုရင် ကူးစက်မှာကို မစိုးရိမ်ရတော့ပါဘူး။

 ခရီးသွားလာမှုနဲ့ အေအိုင်ဒီအက်စ်

မေး။    ။ ပြည်တွင်းပြည်ပ ခရီးသွားလာတဲ့ သူတွေဟာ အေအိုင်ဒီအက်စ် ရောဂါဖြစ်မှာကို ပူပန်သင့်ပါသလား။
ဖြေ။    ။ ဒီနေ့ဒီအချိန်အခါမှာ ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းမှာ အိတ်ခ်ျအိုင်ဗွီပိုး ရောက်ရှိလို့ နေပါပြီ။ ဒါကြောင့် ခရီသွားများဟာ အေအိုင်ဒီအက်စ် အကြောင်းသိထားသင့်ပါတယ်။ အိတ်ခ်ျအိုင်ဗွီပိုး ကူးမကူးဆိုတာ နေရာဒေသနဲ့ မဆိုင်ပါဘူး။ လူတစ်ယောက်ရဲ့ အပြုအမူပေါ်မှာပဲ ဆိုပါတယ်။ ခရီးသွားသွား၊ ကိုယ့်အိမ်မှာပဲနေနေ၊ အေအိုင်ဒီအက်စ်ရော၈ါ မဖြစ်အောင် ရှောင်ရမယ့် အပြုအမူကတော့ အတူတူပဲ ဖြစ်ပါတယ်။ ရောဂါရနိုင်တဲ့ အပြုအမူတွေကို မရှောင်နိုင်သူတွေကတော့ ရောဂါရမှာပါပဲ။

မေး။    ။ ခရီးသွား တစ်ယောက်ဟာ အေအိုင်ဒီအက်စ် အဖြစ်များတဲ့ ဒေသကို ရောက်ဖူးရုံနဲ့ ရောဂါပိုး ကူးစက်လာနိုင်ပါသလား။
ဖြေ။    ။ မကူးစက်နိုင်ပါဘူး။ အိတ်ခ်ျအိုင်ဗွီပိုးဟာ သာမန်လှုပ်ရှားသွားလာတာကနေ မကူးနိုင်ပါဘူး။ အစားအစာ၊ ရေ၊ လေ၊ ပိုးမွှားများ၊ ပတ်ဝန်းကျင်မှာ ရှိတဲ့ အသုံးအဆောင် ပစ္စည်းတွေကနေတဆင့် မကူးစက်နိုင်ပါဘူး။

မေး။    ။ ခရီးသွားတစ်ယောက်ဟာ ဘယ်လို နည်းနဲ့ အိတ်ခ်ျအိုင်ဗွီပိုး ရနိုင်ပါသလဲ။
ဖြေ။    ။ ခရီးသွား တစ်ယောက်ဟာ ကိုယ်ရောက်တဲ့ နေရာဒေသ အသစ်မှာ ရောဂါပိုး ရနိုင်တဲ့ အပြုအမှုတွေ လုပ်ရင် ရောဂါပိုး ကူးစက်လာမှာ ဖြစ်ပါတယ်။ ကဓိကကတော့ ရောဂါပိုး ရှိတဲ့ သူတစ်ယောက်နဲ့ အကာအကွယ်မပါဘဲ လိင်ဆက်ဆံမိရာက ကူးကြတာပါ။ ခရီးသွားလို့ နေရာအသစ် ရောက်တဲ့ အခါ လူမှုရေး အထိန်းအကွပ်တွေ မရှိတော့ပါဘူး။ ပတ်ဝန်းကျင်မှာလည်း မျက်နှာစိမ်းတွေချည်းပဲ။ စိတ်လက်ပေါ့ပါး လွတ်လပ်ပြီး သောက်စားပျော်ပါးတတ်ကြ ပါတယ်။ ကိုယ့်အရပ်ဒေသမှာ လူသိမှာစိုးလို့ မလုပ်ဖြစ်တဲ့ အပြုအမှုတွေကို လွယ်လွယ်လုပ်ဖြစ်သွားတယ်။ ကိုယ့်လုပ်ရပ်ကြောင့် ရောဂါပိုး ကူးလာတာပါ။ ဒါကြောင့် ခရီးသွားလာတဲ့ သူတွေ အချို့ဟာ ပြန်လာရင် ရောဂါပိုးပါ လက်ဆောင်ပါလာတတ်ကြပါတယ်။ ခရီးသွားတိုင်း ရောဂါရမယ်လို့ မဆိုလိုပါဘူး။ ကိုယ့်ရဲ့ အပြုအမူပေါ်မှာ မူတည်ပါတယ်။

မေး။    ။ ခရီးသွားလာရင်း လိင်ဆက်ဆံရာကနေတဆင့် အိတ်ခ်ျအိုင်ဗွီပိုး မကူးအောင် ဘယ်လို ကာကွယ်ရပါမလဲ။
ဖြေ။    ။ လိင်ဆက်ဆံရာကနေ တဆင့် ရောဂါပိုး မကူးအောင် ကာကွယ်ရမယ့် နည်းလမ်းတွေကို သိလည်း သိ၊ လိုက်လည်း လိုက်နာမယ်ဆိုရင် ရောဂါကို ကာကွယ်နိုင်ပါပြီ။ ခရီးသွားတွေမှာ ဘာဖြစ်တတ်သလဲဆိုတော့ ရောဂါကူးနိုမယ့် နည်းလမ်းတွေ ကြာဖူးတယ်။ သိတယ်။ နားလည်တယ်။ ဒါပေမယ့် ကိုယ်လုပ်လိုက်တဲ့ အပြုအမူကို ရော၈ါရနိုင်မယ့် အပြုအမူလို့ မထင်ကြပါဘူး။ ဥပမာ ပြောရရင် အပျော်အပါး လိုက်စားရင်း ရောဂါကူးမယ်ဆိုတာ သိကြပါတယ်။ ခရီးထွက်လို့ ကြုံတုန်းကြိုက်တုန်း ပျော်ပါးမိတာကို အပျော်အပါး လိုက်စားတာလို့ မသတ်မှတ်ကြပါဘူး။ တစ်ယောက်တည်းနဲ့ပဲ ဆက်ဆံတာ၊ လိင်ဆက်ဆံဖက်များသူ၊ လိင်အဖော်များတဲ့ သူမှာပဲ ရောဂါကူးတာ၊ တို့က တစ်ယောက်တည်းနဲ့ပဲ ဆက်ဆံတာမို့ ရောဂါ မကူးနိုင်ဘူးလို့ ယူဆကြပါတယ်။

အမှန်တော့ တစ်နှစ်မှ တစ်ခါဆက်ဆံလည်း အန္တရာယ်ရှိတာပါပဲ။ တစ်ခါတလေ ဆက်ဆံလည်း အန္တရယ်ရှိတာပါပဲ။ တစ်သက်မှ တစ်ခါ အကြောင်း မသိတဲ့သူတစ်ယောက်နဲ့ ကွန်ဒုံးမသုံးဘဲ ဆက်ဆံမိရင်တောင် ကူးဖို့ အလားအလာ ရှိတယ်ဆိုတာ ခရီးသွားတွေ သိထားသင့်ပါတယ်။ လူတစ်ယောက်ရဲ့ ရုပ်ရည်ကို ကြည့်ပြီး အိတ်ခ်ျအိုင်ဗွီပိုး ရှိမရှိ မသိနိုင်ဘူးဆိုတဲ့ အချက်ကို အမြဲသတိရဖို့ လိုပါတယ်။ ဒါကြောင့် ခရီးသွားတွေအနေနဲ့ ဘယ်နေရာ ဘယ်အချိန်အခါမှာမဆို ဖြစ်နိုင်ရင် လိင်မပျော်ပါးပါနဲ့။ ပျော်ပါးမယ်ဆိုရင်လည်း ကွန်ဒုံးကို စနစ်တကျ သုံးစွဲပါ။

မေး။    ။ နိုင်ငံခြား ပြန်တွေမှာ အိတ်ခ်ျအိုင်ဗွီပိုး ပါတတ်တယ်ဆိုတာ ဟုတ်ပါသလား။
ဖြေ။    ။ အိတ်ခ်ျအိုင်ဗွီပိုး ရှိမရှိဆိုတာ လူတစ်ယောက်ရဲ့ အပြုအမူနဲ့ပဲ သက်ဆိုင်ပါတယ်။ နိုင်ငံခြားမှာနေနေ၊ ကိုယ့်ပြည်တွင်းမှာပဲ နေနေ ရောဂါကူးနိုင်တဲ့ နည်းလမ်းတွေ၊ အပြုအမှုတွေက အတူတူပါပဲ။ မြန်မာပြည်မှာ ၁၉၈၈ ခုနှစ်က အိတ်ခ်ျအိုင်ဗွီပိုးကို နိုင်ငံခြားပြန် သင်္ဘောသား တစ်ယောက်မှာ စတွေ့ခဲ့လို့ တစ်ချို့နိုင်ငံခြား ပြန်တွေမှာမှ အိတ်ခ်ျအိုင်ဗွီပိုး ရှိတယ်လို့ ထင်ကြပါတယ်။ ဒီထင်မြင်ချက်ဟာ အခုလုံးဝ မမှန်တော့ပါဘူး။ နိုင်ငံခြားပြန် ယောက်ျားကတဆင့် သူတို့ ဇနီးသည်တွေဆီကို ကူးစက်ပါမယ်။ နိုင်ငံခြားကပြန်လာတဲ့ ပြည့်တန်ဆာ အမျိုးသမီးတွေ ဆီကနေ အခြားယောက်ျားတွေကို ကူးစက်ပါမယ်။ ခုအချိန်မှာ နိုင်ငံခြားပြန်မှ မဟုတ်တော့ပါဘူး။ ကိုယ့်အရပ်ကိုယ့်ဒေသမှာလည်း အိတ်ခ်ျအိုင်ဗွီပိုး ရောက်ရှိနေပြီး သာမန်အရပ်သား အချင်းချင်း ကူးစက်နေကြပါပြီ။

ကျန်းမာရေး ဦးစီးဌာနနှင့် ကမ္ဘာ့ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (မြန်မာ) တို့ ပူးပေါင်းထုတ်ဝေသော “HIV/AIDS အမေးအဖြေများ” ဟု အမည်ရသော စာအုပ်မှ ပြန်လည် ရေးသား ဖော်ပြထားခြင်း ဖြစ်ပါသည်။

No comments: