Saturday, July 12, 2014

ဖုန်း application မှ လိင်ဆက်ဆံဖက် ရှာဖွေသူများအကြား ရောဂါကူးစက်မှုများလာ



လုံးဝပျောက်ကင်းသည်အထိ ကုသမှု ခံယူထားသည့် အမေရိကန် ကလေးငယ် တစ်ဦးတွင် HIV ပိုး ပြန်လည်တွေ့ရှိ
 စောစီးစွာ ကုသမှု ခံယူခွင့် ရခဲ့သဖြင့် မွေးရာပါ HIV ပိုး ပျောက်ကင်းခဲ့သည့် အမေရိကန် မိန်းကလေးငယ် တစ်ဦးတွင် အဆိုပါပိုး တစ်ကျော့ပြန် တွေ့ရှိခဲ့ကြောင်း ပညာရှင်များက အတည်ပြု ပြောကြားခဲ့သည်။

မစ္စစ္စပီမှ မိန်းကလေးငယ် တစ်ဦးသည် မွေးဖွားစဉ် ကတည်းက HIV ပိုး ကူးစက်ခံရကြောင်း သိရှိထားသည့်အတွက် စောစီးစွာ ကုသစောင့်ရှောက်မှု ခံယူခွင့် ရရှိခဲ့သည်။ မတ်လအတွင်းက မိန်းကလေးငယ်တွင် HIV ပိုး လုံးဝ မရှိတော့ကြောင်း ဆရာဝန်များက အတည်ပြုခဲ့ဖူးသည်။

သို့သော်လည်း အသက်(၄) နှစ် ရှိနေပြီဖြစ်သည့် မိန်းကလေးကို ပြီးခဲ့သည့် သီတင်းပတ်က ပြန်လည်ဆေးစစ်ကြည့်ရာ HIV ပိုး ပြန်လည် တွယ်ကပ်နေကြောင်း တွေ့ရှိခဲ့သည်။ ဓာတ်မတည့်မှုနှင့် ရောဂါပိုး ကူးစက်မှုဆိုင်ရာ ရောဂါများ ဌာနမှ ဒေါက်တာ အန်သိုနီ ဖော်စီက “ရလဒ်ကတော့ စိတ်ပျက်စရာ ကောင်းခဲ့တာ အမှန်ပဲ။ ဒါပေမဲ့ ဒီဖြစ်ရပ်ကို အခြေခံပြီး နောက်ထပ် HIV ဆိုင်ရာ လေ့လာမှုတွေမှာ ထည့်သွင်းတွက်ချက်ဖို့ စံနှုန်းတစ်ခု ရရှိလာပါတယ်”ဟု ဆိုသည်။

၎င်းက “ကျွန်တော်တို့ အနေနဲ့ ဒီဖြစ်ရပ်ကို ကြိုးစားအဖြေရှာ လေ့လာနေပါတယ်။ လိုအပ်မယ်ဆိုရင် HIV ရောဂါပိုး ကုသမှုနဲ့ ပတ်သက်တဲ့ လုပ်ငန်းစဉ်တွေမှာ အပြောင်းအလဲတွေ လုပ်ဆောင်သွားမှာပါ” ဟုလည်း ပြောကြားသွားသည်။ ဆရာဝန်များက HIV ပိုး ရှိနေသည့် ကလေးငယ်တစ်ဦးကို မွေးဖွားပြီး နာရီပိုင်းအတွင်း ကုသမှု ပေးခြင်းဖြင့် ရောဂါပိုးကို ချုပ်ထိန်းနိုင်မည်ဟု ယူဆထားခဲ့သော်လည်း ယခုဖြစ်ရပ်မှာမူ ကွဲပြားသော အခြေအနေသို့ ဦးတည်ခဲ့ခြင်း ဖြစ်သည်။

ဆရာဝန်များက မစ္စစ္စပီမလေးဟု ချစ်စနိုး အမည်ပေးထားသည့် မိန်းကလေး၏ မိခင်သည် မီးမဖွားမီ ကိုယ်ဝန်ဆောင်နေစဉ် အတောအတွင်း HIV ရောဂါပိုးအတွက် ကုသမှု ခံယူခြင်း မရှိခဲ့ဘဲ မိန်းကလေး မွေးဖွားလာပြီး နာရီ အနည်းငယ်တွင်မှ စတင်ကုသမှု ပေးခဲ့ခြင်းဟု သိရှိရသည်။

Ref: BBC


ဖုန်း application မှ လိင်ဆက်ဆံဖက် ရှာဖွေသူများအကြား ရောဂါကူးစက်မှုများလာ

အမျိုးသားအချင်းချင်း လိင်ဆက်ဆံမှု ပြုလုပ်သူများအနက်  မိမိတို့ လိင်ဆက်ဆံဖက်ကို ဖုန်း application များမှတစ်ဆင့် ရှာဖွေသူများသည် လူချင်းတွေ့ဆုံ၍ဖြစ်စေ၊ လူမှုကွန်ယက်များမှဖြစ်စေ ရှာဖွေသူများထက် လိင်မှတစ်ဆင့် ကူးစက်ရောဂါများ ပိုမိုကူးစက်ခံနေရကြောင်း သုတေသနတစ်ခုအရ သိရသည်။

အင်တာနက် အသုံးပြုမှုနှင့် လူမှုကွန်ယက်များ ကြီးထွားလာမှုကြောင့် လူတစ်ဦးနှင့်တစ်ဦး ဆက်သွယ်ရန် လွယ်ကူလာပြီး ဆက်သွယ်စရာ သီးသန့် ဖုန်း application များ ထွက်ပေါ်လာသည်အထိ ချဲ့ထွင်လာကြသည်။ ၎င်းင်းတို့ အထဲတွင် လူတစ်ဦးချင်း၏ တည်နေရာကို ကိုယ်တိုင်ဖော်ပြထားနိုင်ပြီး အခြားသူများကို ဖိတ်ခေါ်နိုင်သည့် ပထ၀ီလူမှုကွန်ရက် (geosocial networ king – GSN) application များလည်း ထွက်ပေါ် လာလျက်ရှိသည်။ Grindr၊ Scruff၊ Recon အစရှိသည့် GSN application များကို အမျိုးသားအချင်းချင်း လိင်ဆက်ဆံသူများအကြား အမည်မဖော်လိုသူ အမျိုးသားအချင်းချင်း တွေ့ဆုံနိုင်ရန် အများဆုံးအသုံး ပြုကြသည်။

၂၀၁၁ သြဂုတ်လမှ ၂၀၁၃ ဇန်န၀ါရီလအတွင်း HIV ကင်းစင်သော အမျိုးသားအချင်းချင်း လိင်ဆက်ဆံသူ (၇၁၈၄) ဦးထံမှ သတင်းအချက်အလက်များကို အင်တာဗျူး ပြုလုပ်၍ စုဆောင်းခဲ့သည်။  (၃၄) ရာခိုင်နှုန်းမှာ လူချင်းတွေ့ဆုံ၍ အချိန်းအချက်ပြုလုပ်ကြပြီး (၃၀) ရာခိုင်နှုန်းမှာ လူချင်းတွေ့သည့်နည်းနှင့် အင်တာနက်မှ ဆက်သွယ်နည်းနှစ်မျိုးစလုံး အသုံးပြုကြသည်။ (၃၆) ရာခိုင်နှုန်းမှာ ဖုန်း application များအသုံးပြု၍ ဆက်သွယ်ကြသည်။

၎င်းတို့အနက် ဖုန်း application များ အသုံးပြုဆက်သွယ်သူများသည် အခြားသူများထက် ဂနိုရောဂါကူးစက်ခံရမှု (၂၃) ရာခိုင် နှုန်း ပိုမိုများပြားပြီး chlamydia ပိုးကူးစက်ခံရမှု (၃၅) ရာခိုင်နှုန်း ပိုမိုများပြားသည်ကို တွေ့ရသည်။ ဖုန်း application များသည် အထူးသဖြင့် အသက် (၄၀) အောက် အမျိုးသားအချင်းချင်း လိင်ဆက်ဆံသူများ အကြား ပိုမိုရေပန်းစားသည်ကို တွေ့ရပြီး လူဖြူများနှင့် အာရှနွယ်ဖွားများ ပိုမိုအသုံးပြုကြသည်။

ဖုန်း application များသည် အခြားနည်းလမ်းများထက် အသုံးပြုရ ပိုမိုလွယ်ကူခြင်းကြောင့် ဖုန်း application သုံးသည့် အမျိုးသားများအကြား တွေ့ဆုံမှု အကြိမ်ရေ ပိုမိုနိုင်ပြီး လူပေါင်းစုံနှင့်တွေ့ ဆုံနိုင်ရန် အခွင့်အလမ်း ပိုများခြင်းကြောင့် ရောဂါကူးစက်မှု ပိုများခြင်း ဖြစ်နိုင်ကြောင်း သုတေသီများက ယူဆကြသည်။

ဇော်ကို
Ref:NMD

No comments: