Monday, December 30, 2013

လှမ်းလာခဲ့ပါ ဒို့ရဲ့နာဂရိုးရာ နှစ်သစ်ကူးပွဲတော်




မုံရွာ ဒီဇင်ဘာ ၃၀

ပြည်ထောင်စုဘွား နာဂတိုင်းရင်းသားများသည် မြန်မာနိုင်ငံ အနောက်မြောက်ဒေသ စစ်ကိုင်းတိုင်း ဒေသကြီး အတွင်းရှိ ခန္တီးမြို့နယ်၊ ဟုမ္မလင်းမြို့နယ်၊ လေရှီးမြို့နယ်၊ လဟယ်မြို့နယ်နှင့် နန်းယွန်းမြို့နယ်များတွင် နေထိုင်ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ (အထက်ပိုင်း) နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့တွင် နာဂရိုးရာ နှစ်သစ်ကူးပွဲတော်ကို ဇန်နဝါရီလ (၁၃) ရက်မှ (၁၅) ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

နာဂရိုးရာ နှစ်သစ်ကူး ပွဲတော်သည် နာဂလူမျိုးတို့ အထွတ်အမြတ်ထားသည့် ပွဲတော်တစ်ခု ဖြစ်သည်။ နှစ်သစ်ကူးပွဲတော်သို့ နိုင်ငံတော်အကြီးအကဲများ၊ အနယ်နယ်ရပ်မှ လေ့လာလိုသည့် ပုဂ္ဂိုလ်များ၊ နိုင်ငံခြား ခရီးသွားများ၊ ဒေသခံတိုင်းရင်းသား/တိုင်းရင်းသူများအခြား စိတ်ပါဝင်စားသူများ လာရောက် ကြတယ်လို့ သိရပါတယ်။

မိုးရာသီဆိုလျှင် လဟယ်နှင့် လေရှီးမြို့များမှ ခန္တီးမြို့သို့ ဆိုင်ကယ်ဖြင့် သွားရောက်လျှင် အသွားတစ် ကြောင်းလျှင် ကျပ် ၄ သောင်းပေးရပြီး အသွားအပြန် ကျပ် ၈၀၀၀၀ ပေးရကြောင်း သိရသည်။

နာဂပွဲတော်သို့ သွားရောက်လိုသူများသည် လေကြောင်းမှ သွားလိုပါက ခန္တီးမြို့အထိ လေယာဉ်ဖြင့် သွားရောက်နိုင်ပြီး ခန္တီးမြို့မှတဆင့် နန်းယွန်းမြို့သို့ ဆက်လက်သွားရောက်ရမည် ဖြစ်သည်။

အကယ်၍ ရေကြောင်းမှ သွား ရောက်မည် ဆိုပါက မုံရွာမြို့မှ ခန္တီးမြို့အထိ ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် အမြန်ရေယာဉ်ဖြင့် သွားရောက် ၍ ခန္တီးမြို့မှ တဆင့် နန်းယွန်းမြို့သို့ ဆက်လက်သွားရောက်ရမည် ဖြစ်သည်။

MOI Webportal Myanmar

ရွေးကောက်ပွဲစနစ် ပြင်ဆင်ပါက မြန်မာ့နိုင်ငံရေး အကျပ်အတည်း လွတ်မြောက်နိုင်ဖွယ်ရှိဟု လာရီဒိုင်းမွန်းဆို


ရန်ကုန်၊ ဒီဇင်ဘာ ၂၉

ဘက်စုံ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ ဖော်ဆောင်နေသည် ဆိုသော မြန်မာနိုင်ငံအနေနှင့် လက်ရှိ ကျင့်သုံးနေသော ရွေးကောက်ပွဲ စနစ် ပြင်ဆင်နိုင်ပါက လတ်တလော ကြုံတွေ့နေရသည့် နိုင်ငံရေး အကျပ်အတည်းများမှ လွတ်မြောက်နိုင်ဖွယ် ရှိကြောင်း မြန်မာ့အရေး လေ့လာသုံးသပ်သူ နိုင်ငံရေးသိပ္ပံ ပါမောက္ခ လာရီဒိုင်းမွန်းက ပြောကြားသည်။

ရန်ကုန်မြို့ Orchid ဟိုတယ်၌ ဒီဇင်ဘာလ ၂၉ ရက်နေ့က ပြုလုပ်သည့် “မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး နိုင်ငံရေးပဋိညာဉ် မရှိခြင်း အန္တရာယ်” အမည်ရှိ ဟောပြော ဆွေးနွေးပွဲတွင် အမေရိကန်ပြည်ထောင်စု စတန်းဖို့စ် တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ ပါမောက္ခတစ်ဦး ဖြစ်သူ လာရီဒိုင်းမွန်းက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

အခြေခံဥပဒေတွင် တပ်မတော်က ကျောထောက်နောက်ခံ ပြုထားသည့် ပါတီကို အကာအကွယ် ပေးနိုင်မည့် အချက်အလက်များ ထည့်သွင်း ထားခြင်းကြောင့် မြန်မာနိုင်ငံရေး အကျပ်အတည်းများ ပေါ်လာနိုင်ကြောင်း ၎င်းကဆိုသည်။

အဆိုပါ အချက်များသည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ဝင်ခဲ့သည့် ယခင်အစိုးရ ခေါင်းဆောင်များ ပါဝင်သော တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီကဲ့သို့ မဲအပြတ်အသတ်ဖြင့် ရှုံးနိမ့်မည်ကို ကြိုတင် ကာကွယ်သည့် အနေနှင့် အခြေခံဥပဒေတွင် ထည့်သွင်း ရေးဆွဲ ထားခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
“အုပ်စိုးသူနဲ့ အတိုက်အခံအကြား နှစ်ဖက် အပြန်အလှန် ယုံကြည်မှုရဖို့နဲ့ လက်ရှိကြုံနေတဲ့ နိုင်ငံရေး အကျပ်အတည်းက လွတ်ဖို့ ရွေးကောက်ပွဲစနစ်ကို အချိုးကျ ကိုယ်စားပြုစနစ် (PR) သို့ ပြောင်းလဲကျင့် သုံးခြင်းက အဖြေတစ်ခု ဖြစ်နိုင်ပါတယ်” ဟု လာရီဒိုင်းမွန်းက ရှင်းပြသည်။

ရွေးကောက်ပွဲစနစ်တွင် PR ကို ကျင့်သုံးခြင်းမှာ ဒီမိုကရေစီ နည်းလမ်းတကျ ဖြစ်စေရေး အကောင်းဆုံး နည်းလမ်းတစ်ရပ် ဖြစ်သော်လည်း မြန်မာနိုင်ငံ၏ လက်ရှိ အကူးအပြောင်း ကာလတွင် ဦးစားပေး အနေနှင့် သတ်မှတ်ရန် သင့် မသင့်ကို ဝိုင်းဝန်း စဉ်းစားရန် လိုအပ်မည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ငံလင်းက ပြောကြားသည်။

မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲစနစ်ကို ပြောင်းလဲ ကျင့်သုံးရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က လွှတ်တော်သို့ တင်ပြခဲ့သော်လည်း လွှတ်တော်က အခြေခံဥပဒေ ပြင်ဆင်သည့် အချိန်မှသာ ရွေးကောက်ပွဲစနစ် ပြင်ဆင်ရန် ဆုံးဖြတ်ခဲ့သောကြောင့် ၂၀၁၅ ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲစနစ် ပြောင်းလဲ ကျင့်သုံးတော့မည် မဟုတ်ကြောင်း ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားထားသည်။

သို့သော် မြန်မာနိုင်ငံအတွက် လာမည့် ရွေးကောက်ပွဲများမှာ အချိန် ၂ နှစ် ခန့် လိုအပ်နေသေးပြီး ရွေးကောက်ပွဲစနစ် ပြောင်းလဲ ကျင့်သုံးခြင်းမှာ အခြေခံဥပဒေ ပြင်ဆင်ခြင်းကဲ့သို့ ရှုပ်ထွေးမှုများ မရှိနိုင်သဖြင့် စဉ်းစားသင့်ကြောင်း ပါမောက္ခ လာရီဒိုင်းမွန်းက ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ကြုံတွေ့နေသည့် အခြေခံဥပဒေ အကျပ်အတည်း အပါအဝင်၊ ဘာသာရေး၊ လူမျိုးရေးဆိုင်ရာ တင်းမာမှုများနှင့် အပြောင်းအလဲများ ရပ်တန့်နေခြင်းကို စိုးရိမ်မိကြောင်း၊ သို့သော် အခြေခံဥပဒေကို ပြင်ဆင်ခြင်း မပြုလျှင်ပင် ရွေးကောက်ပွဲကို သပိတ်မမှောက်ဟု ဒေါ်အောင်ဆန်း စုကြည်၏ NLD ပါတီက ဆုံးဖြတ်ခြင်းမှာ ကောင်းမွန်သော နည်းလမ်းတစ်ခု ဖြစ်ကြောင်း ၎င်းကဆိုသည်။

Journal of Democracy ကို ဦးဆောင် တည်ထောင်ခဲ့သူ ပါမောက္ခ လာရီဒိုင်းမွန်းသည် မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံ အသီးသီး၏ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး ဖြစ်စဉ်များကို အထူးပြု လေ့လာသူ တစ်ဦးဖြစ်ပြီး ဒီမိုကရေစီ ကျမ်းစာအုပ် ၃၀ ကျော်ကို တည်းဖြတ် ထုတ်ဝေထားကာ လက်တွေ့ကျပြီး အပြုသဘော ဆောင်သည့် ထောက်ပြဝေဖန်မှု များကြောင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်နေသည့် အစိုးရများနှင့် အတိုက်အခံများ၏ အထူးဂရုပြုမှု ရရှိထားသူလည်း ဖြစ်သည်။

The Voice Weekly

AIDS က စိုးရိမ်စရာမဟုတ် သတိထားရမယ့် အခြေအနေတော့ဖြစ်

မြန်မာနိုင်ငံမှာ အေအိုင်ဒီအက်စ် ရောဂါဖြစ်စေတဲ့ အိခ်ျအိုင်ဗွီပိုး ကူးစက်ခံထားရသူ ပြီးခဲ့တဲ့ နှစ်တုန်းက ၂ သိန်းလောက်ရှိပြီး အဲ့ဒီအထဲမှာ ရောဂါပိုးကို ထိန်းထားနိုင်တဲ့ အေအာတီ ဆေးကြွေးဖို့ လိုအပ်နေသူ ၁ သိန်း ၂ သောင်းရှိတယ်လို့ ကျန်းမာရေး ပြုစုစောင့်ရှောက် အကူအညီပေးသူတွေက ပြောပါတယ်။

လက်ရှိမှာ လူနာရှင် ဦးရေ ၆ သောင်းကျော်ကိုပဲ အေအာတီ ဆေးပေးနိုင်သေးတဲ့တွက် နောက်ထပ် ၅ သောင်းကျော်ကို အေအာတီ ဆေးပေးဖို့ လိုနေပါတယ်။ လာမယ့်နှစ် ၂ဝ၁၄ ခုနှစ်အတွင်းမှာ ဆေးပေးရမယ့်သူ ၅ သောင်းကျော်လုံးကို ဆေးပေးနိုင်မှာမဟုတ်သေးလို့ ဆိုပါတယ်။

အရင်တုန်းက မြန်မာနိုင်ငံဟာ ပိတ်ဆို့ အရေးယူ ခံထားရတာကြောင့် အေအိုင်ဒီအက်စ် ရောဂါ တိုက်ဖျက်ရေး ဆိုင်ရာ စီမံကိန်း လုပ်ဆောင်မှုနဲ့ ရံပုံငွေတွေကို အန်ဂျီအိုတွေ လက်ထဲကနေ ဖြန့်ဝေ လုပ်ကိုင် ပေးနေရတာ ဖြစ်တယ်။ အခုနောက်ပိုင်းတော့ အစိုးရကသာ အားလုံးကို တိုက်ရိုက် ချုပ်ကိုင် လုပ်ဆောင်သွားတော့မှာ ဖြစ်တယ်လို့ Marie Stopes international မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာစစ်နိုင် က ပြောပါတယ်။

အခု အချိန်မှာတော့ နိုင်ငံတကာ အန်ဂျီအိုတွေ ဖြစ်တဲ့ ဂလိုဘယ်ဖန်း၊ နယ်စည်းမခြား ဆေးကုသရေး အဖွဲ့နဲ့ တခြား အိုင်အန်ဂျီအိုတွေက အိတ်ခ်ျအိုင်ဗီ တိုက်ဖျက်ရေးကို လုပ်ဆောင်ပေးနေတယ်လို့ သူက ရှင်းပြပါတယ်။၂၀၁၅ မှာ အစိုးရကဘဲ ၈၀ ရာခိုင်နှုန်းလောက်ကို ချုပ်ကိုင်သွားတော့မှာလို့ သူက ဆိုပါတယ်။

လက်ရှိမှာ ဝေဒနာရှင် အရေအတွက် လျော့ကျလာပြီး လူနာအသစ် ရောဂါ ရှိနေတဲ့ သူတွေရဲ့ နှုန်းလည်း ကျလာတယ်လို့ သူက ပြောပါတယ်။ အဓိကကတော့ သွေးလှူရှင်တွေ၊ လိင်တူ ဆက်ဆံသူတွေ၊ တီဗီ ဝေဒနာရှင်တွေ၊ ပြည့်တန်ဆာတွေနဲ့ ကိုယ်ဝန်ဆောင်တွေဘဲ ဖြစ်တယ်လို့ သူက ဆိုပါတယ်။ ဒါကြောင့် အခုအနေအထားမှာ စိုးရိမ်စရာ မဟုတ်ပေမယ့် သတိတော့ ထားရမယ်လို့ သူက ပြောပါတယ်။

No comments: