Friday, December 6, 2013

AIDS တိုက်ဖျက်ရေး ခွဲခြားဆက်ဆံမှု ဖျောက်ဖို့လို



 ဒေါ်အောင်ဆန်းစုကြည်နှင့် UNAIDS တို့ HIV/ AIDS ရောဂါသည်များကို ခွဲခြားမှု ကင်းစင်ရေး တောင်းဆို  
 ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလသမဂ္ဂ၏ အေအိုင်ဒီအက်စ်ရောဂါ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ် UNAIDS တို့ ပူးပေါင်းပြီး ကမ္ဘာပေါ်တွင် အေအိုင်ဒီအက်စ် ရောဂါသည်များကို ခွဲခြားဆက်ဆံမှု ကင်းစင် ရေးအတွက် ကမ္ဘာ့အေအိုင် ဒီအက်စ်နေ့ဖြစ်သည့် ဒီဇင်ဘာ ၁ ရက်က တောင်းဆိုလိုက်သည်။

သြစတြေးလျနိုင်ငံ၊ မဲဘုန်းမြို့တွင် ကျင်းပသော ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့တွင် ကမ္ဘာလုံးဆိုင်ရာ ခွဲခြား ဆက်ဆံမှု ကင်းစင်ရေး ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နှင့် UNAIDS အမှုဆောင် ဒါရိုက်တာ Michel Sidibe တို့က “ခွဲခြားမှု ကင်းစင်ရေး လှုပ်ရှားမှု” ကို ကြေညာခဲ့ပြီး အထက်ပါအတိုင်း တောင်းဆို လိုက်ခြင်း ဖြစ်သည်။

အစီအစဉ်အရ ၂၀၁၄ ခုနှစ် မတ်လ ၁ ရက်ကို “ခွဲခြားမှုများ ကင်းစင်ရေးနေ့” အဖြစ် သတ်မှတ်မည်ဖြစ်ပြီး၊ အမှတ်တံဆိပ်အဖြစ် လိပ်ပြာကို သင်္ကေတအဖြစ် အသုံးပြုသွားမည် ဖြစ်သည်။

“ကျွန်မ ယုံကြည်ပါတယ်၊ ကမ္ဘာပေါ်မှာ လူတိုင်းပွင့်လန်းနိုင်ပါတယ်။ ဘယ်လိုလူမျိုးတွေ ဖြစ်ပါစေ ဂုဏ် သိက္ခာရှိတဲ့ ဘ၀တွေ လျှောက်လှမ်းနိုင်တဲ့ အခြေအနေတွေ ရှိရပါမယ်၊ စိတ်တွေဖွင့်ထားဖို့၊ လက်တွေ ကမ်းလှမ်းထားဖို့၊ မတူမှု ခွဲခြားတာတွေ ကင်းစင်စေဖို့ လူတိုင်းကို ပြောချင်ပါတယ်” ဟု ဒေါ်အောင်ဆန်း စုကြည်က ဆိုသည်။

တစ်ဖက်တွင်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခုခံအားကျဆင်းမှု ကူးစက်ရောဂါကာကွယ်ရေးနှင့် ပြုစုစောင့်ရှောက်ရေးစင်တာ (NHAPCC) မှ HIV ပိုး ကူးစက်ခံရသူများအပေါ် လူအခွင့်အရေး ချိုးဖောက် ခံရမှု ရပ်ဆိုင်းပေးရန် အပါအ၀င် အချက်လေးချက်အား တောင်းဆိုသည့် ကြေညာချက်အား ဒီဇင်ဘာ ၁ ရက် နေ့စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သေးသည်။
ကမ္ဘာပေါ်တွင် အေအိုင်ဒီအက်စ် ရောဂါခံစားရသူများကို ခွဲခြားဆက်ဆံများ ရှိနေပြီး၊ ရောဂါရှိနေသူ ခုနစ် ဦးတွင် တစ်ဦးသည် ကျန်းမာရေးစောင့်ရှောက်မှု ခံစားခွင့်များမှ ငြင်းပယ်ခံနေရပြီး၊ ဆယ်ဦးတွင် တစ်ဦး မှာ သူတို့၏ ရောဂါကြောင့် အလုပ်လုပ်ပိုင်ခွင့်များ ဆုံးရှုံးနေရသည်။

ဒေါ်အောင်ဆန်းစုကြည်က လူထု ကြေညာချက်တွင် “ စိတ်တွေဖွင့်ထား၊ လက်ကမ်းကြိုဆို၊ ခွဲခြားမှုကင်း စင်ရေးဆီ ချီတက်ကြစို့” ဟု ဆိုခဲ့သည်။

မဇ္ဈိမ - ဒေါ်အောင်ဆန်းစုကြည်နှင့် UNAIDS တို့ HIV/ AIDS ရောဂါသည်များကို ခွဲခြားမှု ကင်းစင်ရေး တောင်းဆို 

AIDS တိုက်ဖျက်ရေး ခွဲခြားဆက်ဆံမှု ဖျောက်ဖို့လို
 ကမ္ဘာ့အေအိုင်ဒီအက်စ်ရောဂါ တိုက်ဖျက်ရေးနေ့ လမ်းလျှောက်ပွဲကို ဒီကနေ့မနက်ပိုင်းက ထိုင်း မြန်မာနယ်စပ် မဲဆောက်မြို့မှာ ကျင်းပရာ မြန်မာနိုင်ငံသား ၁၀၀၀ ကျော်က ရဲစခန်းဝင်းကနေ မြို့လယ်လမ်းအတိုင်း မယ်တော်ဆေးခန်းကို ချီတက်ခဲ့ကြပါတယ်။
HIV /AIDS နဲ့ပတ်သက်တဲ့ ပညာပေး လက်ကမ်းစာစောင်တွေနဲ့ ကွန်ဒုံတွေဖြန့်ဝေခဲ့ပြီး ပိုစတာတွေ ဒိုးပတ်ဝိုင်း သံချပ်ဝိုင်းစတဲ့ ပုံစံမျိုးစုံနဲ့ လူထုကို အသိပေးလှုပ်ရှားခဲ့ကြတာဖြစ်ပါတယ်။ ကမ္ဘာ့အေအိုက်ဒီအက်စ်ရောဂါ တိုက်ဖျက်ရေးနေ့ အခမ်းအနားကိုတော့ မယ်တော်ဆေးခန်းဝင်းအတွင်းမှာ ပြုလုပ်ခဲ့ပြီး တက်ရောက်လာတဲ့ HIV ပိုးကူးဆက်ခံထားရသူတစ်ဦးက HIV ပိုးကူးစက်တာကို ကာကွယ်တားဆီးကြမယ်ဆိုရင် ခွဲခြားဆက်ဆံမှုပပျောက်ဖို့လိုကြောင်း အခုလိုပြောပါတယ်။

"ကျနော်တို့ HIV ကို ထိရောက်စွာ ကာကွယ်တားဆီးချင်တယ်ဆိုရင်တော့ ခွဲခြားဆက်ဆံမှုကို ပပျောက်ဖို့ လိုပါတယ်၊ အထူးသဖြင့်တော့ လိင်တူဆက်ဆံသူ ဂေး၊ လက်စ်ဘီရန်နဲ့ sex worker တွေကို ညီတူညီမျှ ဆက်ဆံပေးဖို့လိုပါတယ်၊ ဒါမှ သူတို့နဲ့ ရင်းရင်းနီးနီး နှစ်သိမ့်ဆွေးနွေးမှု ပြုနိုင်မှာဖြစ်ပြီး HIV ကာကွယ် တားဆီး တဲ့နေရာမှာ ပူးပေါင်းပါဝင်လာမှာဖြစ်ပါတယ်၊ နောက်ပြီး HIV ပိုးကူးစက်ခံရသူတွေအတွက် ARV ဆေးရနေပါပြီ ဆရာဝန်တွေ ညွှန်ကြားတဲ့အတိုင်း တိတိကျကျ လိုက်နာမယ်ဆိုရင် ကျနော်တို့တွေဟာ ထူးခြားတဲ့ မျှော်လင့်ချက်နဲ့ အနာဂတ်ကို ရင်ဆိုင်လာနိုင်မှာပါ"။ မိသားစုနဲ့ ပတ်ဝန်းကျင်က ပစ်ပယ်မှာ စိုးရိမ်ပြီး ဆေးစစ် မခံပဲ နေရင်းကနေ ပိုပြီးပြန့်ပွားလာတယ်လို့ ဒေါက်တာလွဏ်းဆွေ က ခုလိုပြောကြားခဲ့ပါတယ်။

"တကယ် ကိုယ့်ကိုယ်ကို HIV ရှိတယ်လို့ သံသယရှိတဲ့သူတွေကလည်း ကြောက်ပြီးတော့ပေါ့နော် ဒီပတ်ဝန်းကျင်က ကိုယ့်ကို စွန့်ပယ်မှာစိုးပြီးတော့ လာပြီးတော့ ဆေးစစ်ခံတာတို့ ဘာတို့ မလုပ်ရဲဘဲနဲ့ ပုန်းရှိုးကွယ်ရှိုးနေရင်းကနေ ပိုပြီးတော့ ရောဂါတွေက ပြန့်ပွားလာတယ် လို့သိရပါတယ်၊ အဲ့ဒါကြောင့်မို့လို့ သက်ဆိုင်ရာ ဆရာဝန်ကြီးတွေက ကုရာနတ္ထိဆေးမရှိ မုချသေမည်တို့၊ ဘယ်သူမပြုမိမိမှု ကိုယ့်ထိုက်နဲ့ကိုယ့်ကံ ခံပေတော့လို့ ဆိုတာမျိုးတွေ မပြောကြဖို့ အားလုံးကို မေတ္တာရပ်ခံတာကို ကျနော်တို့က ဖတ်ရရှုရပါတယ်"

ဒီနေ့ကျရောက်တဲ့ ကမ္ဘာ့အေအိုင်ဒီအက်စ်ရောဂါ တိုက်ဖျက်ရေးနေ့ ဆောင်ပုဒ်ကတော့ Getting to Zeroဖြစ်ပြီး HIV ပိုးကူးစက်မှု သုံည ခွဲခြားနှိမ်ချဆက်ဆံမှု သုံည၊ AIDS နဲ့ ဆက်စပ်သေဆုံးမှု သုံည အထိကျဆင်းဖို့ ရည်ရွယ်ထားတဲ့ ဆောင်ပုဒ်ဖြစ်ပါတယ်။ AIDS ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ ကာတွန်း၊ စာစီစာကုံးနဲ့ ကဗျာပြိုင်ပွဲတွေလည်း မယ်တော်ဆေးခန်းက ကမကထပြုပြီး ကျောင်းသူကျောင်းသားတွေကို စာမူဖိတ်ခေါ် ပြိုင်ပွဲပြုလုပ်ပေးခဲ့ပါတယ်။

ဒီကနေ့ လမ်းလျှောက်ချီတက်ပွဲနဲ့ အခမ်းအနားကို CDC၊ SAW အထက်တန်းကျောင်းက ကျောင်းသူကျောင်းသားတွေ world Vision အပါအ၀င် ကျန်းမာရေးပညာပေးရေး အစီအစဉ်တွေ လုပ်ဆောင်နေတဲ့ NGO အဖွဲ့အစည်းတွေ၊ လူထုအခြေပြုအဖွဲ့အစည်းတွေနဲ့ ကျန်းမာရေးလုပ်သားတွေ ပူးပေါင်းပါဝင်ခဲ့ပါတယ်။

RFA - AIDS တိုက်ဖျက်ရေး ခွဲခြားဆက်ဆံမှု ဖျောက်ဖို့လို 

ရခိုင်ပြည်နယ်မှာ HIV/AIDS အကြောင်း အသိပညာပေး ဟောပြော
  ရခိုင်ပြည်နယ် အမျိုးသမီးရေးရာ အဖွဲ့မှ ကြီးမှူးပြီး (HIV/AIDS) ရောဂါအကြောင်း သိကောင်းစရာများ အသိပညာပေး ဟောပြောပွဲကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများနဲ့ ရွာကြီးမြောက် ရပ်ကွက်ရှိ ရပ်ကွက်နေ ပြည်သူများကို ဒီဇင်ဘာ (၅) ရက် နံနက်ပိုင်းက ကျင်းပခဲ့ပါတယ်။

ရခိုင်ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ညိုညိုဝေလွင်က အဖွင့်အမှာစကား ပြောကြား ခဲ့ပြီး မြို့နယ် ကျန်းမာရေး ဦးစီဌာနမှူး ဒေါက်တာ ကျော့သာစိန်က (HIV) ရောဂါပိုး ဖြစ်ပွား ရခြင်း အကြောင်းအရာများ၊ (HIV) မဖြစ်အောင် နေထိုင်ရမယ့် အကြောင်းအရာများ၊ (AIDS) ရောဂါ ဖြစ်ပွားနေသူတွေကို ကူညီ စောင့်ရှောက်ဖို့ အတွက် သိကောင်းစရာတွေကို ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး ဟောပြောခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ဆက်လက်ပြီး နံနက် (၁၁) နာရီ အချိန်မှာ ရွာကြီးမြောက် ရပ်ကွက် ဓမ္မရုံမှာလည်း ရပ်ကွက်တွင်း ပြည်သူတွေကို (HIV,AIDS) အကြောင်း အသိပညာပေး ဟောပြောခဲ့ကြတယ်လို့ သတင်းရရှိပါသည်။

Skynet - ရခိုင်ပြည်နယ်မှာ HIV,AIDS အကြောင်း အသိပညာပေး ဟောပြော

No comments: