Wednesday, December 11, 2013

ကြက်သားလုံးကြော် - ငါးပေါင်းသံပရာ - ကြက်သားချဉ်စပ်ဟင်းရည် - အစိမ်းကြော်

X’masရာသီဆိုတော့သူငယ်ချင်း မိတ်ဆွေ မိသားစုတွေ ပေါင်းစုံကြတဲ့အခါသာမယဖြစ်ကြမယ်ထင်ပါတယ်။ ဒီတော့ ခါတိုင်းတင်သလိုအသားဟင်းတစ်ခွက်၊ အရံဟင်းတစ်ခွက်၊ပြီးတော့ အသီးအရွက်တစ်ခွက် စတာကိုတင်တာမျိုးမဟုတ်ဘဲတခြားဖွယ်ဖွယ်ရာရာတစ်ခွက် လည်းပါမှကောင်းမယ်နော်။

ကြက်သားတွေကိုလုံးပြီးကြော်မယ်၊ ကြော်လို့ပိုတဲ့အသားအနည်းငယ်ကိုချဉ်စပ်ဟင်းရည်ချက်မယ်၊ အစိမ်းကြော်တစ်ခွက်၊ပြီးတော့ စပါယ်ရှယ်အနေနဲ့ ငါးပေါင်းသံပရာတစ်ခွက်ထပ်ထည့်လိုက်မယ်ဘယ်လိုလဲ သူငယ်ချင်းတို့။ အားလုံးဟင်းအမယ်တွေကို ရခိုင်တွေ ချက်သလို ဆီနည်းနည်းလေးပဲထည့်မယ်လေရခိုင်ချက်ပေါ့။

ကြက်သားလုံးကြော်
ပါဝင်သည့်ပစ္စည်းများ


ကြက်ရင်အုံ(အရိုးလွတ်) ၂၀ကျပ်သား၊ ဂျုံမှုန့် ၅ကျပ်သားခန့်၊ကြက်ဥ ၂လုံး၊ ဆား အနည်းငယ်၊ ကြက်သားမှုန့် အနည်းငယ်၊ တရုတ်မဆလာ၊ပဲငံပြာရည်(သို့) ခရုဆီလက်ဖက်စားဇွန်းတစ်ဇွန်း၊ ဂျင်းနုနု လက်နှစ်သစ်၊ သကြား လက်ဖက်စားဇွန်း ၂ ဇွန်း၊ ကြက်သွန်ဖြူ၂ ဥ၊ ဆီ ၅ကျပ်သား

ပြင်ဆင်ချက်ပြုတ်နည်း
-       ကြက်ရင်အုံကိုရေစင်အောင်ဆေး နုတ်နုတ်စဉ်းပြီး ကြိတ်စက်ထဲထည့်ကြိတ်ပါ။ ကြိတ်စက်မရှိပါက စဥ့်နှီတုံးပေါ်တွင်စဉ်းကောလုပ်ပါ။
-       ဆား၊ကြက်သားမှုန့်ထည့်ပါ။ ချင်းကိုထောင်းပြီး ကြက်သားထဲ အရည်ညှစ်ချပါ။ ကြက်သွန်ဖြူ ညက်အောင်ထောင်းထည့်ပါ။
-       ဒန်ဇလုံတစ်ခုတွင်ကြက်သား၊ ဂျုံမှုန့်၊ဆား၊သကြား၊ကြက်သားမှုန့်၊ ခရုဆီ ထည့်ပြီး ရောနယ်ပါ။ တရုတ်မဆလာထည့်ပါ။
-       သမသွားပြီဆိုလျှင်ကြက်ဥ ၂လုံး အကာရည် ထည့်နယ်ပါ။ ၁၅မိနစ်ခန့်နှပ်ထားပါ။ ဒယ်အိုးကို ဖင်ပူအောင်တည်ပါ။ဒယ်အိုးဖင်ပူလျှင် ဆီထည့်ပါ။
-       ဆီကျက်လျှင်နှစ်သက်သည့် အရွယ်အလုံးလေးများလုံးပြီး ဆီအိုးထဲထည့်ပါ။ မီးကို သတိပြုပါ။ မီးများလျှင်အကျက်မညီဘဲ တူးသွားတတ်ပါသည်။ တူဖြင့် လှန်ပေးပါ။
-       ကျက်လျှင်မ ဆယ်ပြီး ဆန်ခါတစ်ခုထဲ ထည့်ထားပါ။
-       ကြက်သားလုံးကြော်နှင့်စားမည့် အချဉ်ရည်ကို ကိုယ်တိုင်စီမံပါ။

အချဉ်ရည်ပြုလုပ်ရန်

ပါဝင်သည့်ပစ္စည်းများ
-       ကြက်သွန်ဖြူ၂ဥ၊ ငရုတ်သီးစိမ်း ၂တောင့်၊ ငရုတ်သီးခြောက် ၁တောင့်၊ ချင်း လက်တစ်ဆစ်၊ ဆား၊ဟင်းခတ်မှုန့်လက်ဖက်စားဇွန်းတစ်ဝက်၊ ရှောက်သီး ၁ စိတ်၊ နံနံပင် ၂ပင်

အချဉ်ရည်ပြုလုပ်နည်း
-       ငရုတ်သီးစိမ်း၊ခြောက်တို့ကိုရေဆေးပြီး ထောင်းပါ။ ကြက်သွန်ဖြူကို အခွံခွာပြီး ထောင်းပါ။ ချင်းရေဆေးပြီး ထည့်ထောင်းပါ။ဆား၊ဟင်းခတ်မှုန့် ထည့်ပါ။ ရေနွေးနည်းနည်း ထည့်ပါ။ အချဉ်ညှစ်ထည့်ပါ။ နံနံပင် ထည့်ပါ။
-       လွယ်လွယ်ကူကူနှင့်ကျန်းမာရေးနှင့်လည်း ညီညွတ်ပြီး ခံတွင်းတွေ့စေပါသည်။

ကြက်သားချဉ်စပ်ဟင်းရည်သောက်


ပါဝင်သည့်ပစ္စည်းများ
-       ကြက်အရိုးအသား၁၅ကျပ်သား၊ ပန်းပွင့်(ဂေါ်ဖီ) ၅ကျပ်သား၊ မုန်ညင်းထုပ် ၁၀ကျပ်သား၊ စပါးလင် ၂ပင်၊ ငရုတ်သီးစိမ်းရှည်၅တောင့်၊ နံနံပင် ၅ ပင်၊ ကြက်သွန်ဖြူ ၂ဥ၊ ကြက်သွန်နီဥကြီး ၂ဥ၊ ချင်း လက်၁ဆစ်၊ ရှောက်သီးတစ်ခြမ်း၊ ဟင်းခတ်မှုန့် စားပွဲဇွန်း ၂ဇွန်း၊ ဆား စားပွဲဇွန်း ၁ဇွန်း၊ ပဲငံပြာရည်အငန်စားပွဲဇွန်း ၁ ဇွန်း၊ ကြက်ဥ ၁ လုံး၊ ရှမ်းနံနံ ၃ပင်၊ ခရမ်းချဉ်သီး ၁ လုံး။

ပြင်ဆင်ချက်ပြုတ်နည်း
-       ကြက်သားကိုရေဆေး၍ အနေတော်တုံးပါ။ ဆားဟင်းခတ်မှုန့် ထည့်နယ်ပါ။ ဒန်အိုးထဲ ရေနို့ဆီ ၂လုံးခန့်ထည့်၍ငံပြာရည် ၁ဇွန်းထည့်ပြီး ကြက်သားပြုတ်ပါ။
-       ရေနွေးပွက်ပွက်ဆူလာလျှင်စပါးလင်ကို လက်သုံးလုံးခန့်ဖြတ်ပြီး ဓားပြားရိုက်ထည့်ပါ။ ငရုတ်သီးစိမ်း ၂ခြမ်းခြမ်းထည့်ပါ။ချင်းထုထည့်ပါ။ ကြက်သွန်ဖြူ ဓားပြားရိုက်ထည့်ပါ။ ကြက်သွန်နီ လေးခြမ်းခြမ်းပြီးထည့်ပါ။ခရမ်းချဉ်သီး အစေ့ထုတ် လေးစိတ်စိတ်ပြီး ထည့်ပါ။
-       ပန်းပွင့်ကိုလက်မခန့်လှီးပါ။ မုန့်ညင်းကိုလည်း လက်၂ဆစ်ခန့်လှီးပြီးရေဆေးပါ။
-       ပွက်ပွက်ဆူနေသောအိုးထဲသို့ မုန့်ညင်းနှင့် ဂေါ်ဖီပွင့်ထည့်ပါ။ အပေါ့အငန်မြည်းပါ။ အနေတော်ဖြစ်ပါက ကြက်ဥဖောက်ထည့်ပါ။ရှမ်းနံနံ၊ နံနံပင် ကြိုက်ရာထည့်ပါ။
-       ဟင်းပွဲပြင်မှသံပရာရည် (သို့) ရှောက်ရည်ဆမ်းပါ။

အစိမ်းကြော်(သို့) ကန်စွန်းရွက်ကြော်


-       ကန်စွန်းရွက်(တရုတ်ကန်စွန်း) - ၂ စည်း(အရွက်၊အရိုးသပ်သပ်စီခြွေပြီးရေဆေးထားရန်)၊ ကြက်သွန်ဖြူ(ဥကြီး)- ၁၀မြွာ (ဓားပြားရိုက်ထားပါ)၊ ဆား၊သကြား အနည်းငယ်စီ၊ ပဲဆီမွှေး ၅ကျပ်သား။

-       အ၀ကျယ်ကျယ်ဒယ်အိုးထဲမှာ ဆီပူပေးပြီးရင် ကြက်သွန်ဖြူကို ဆီသတ်ပါ။ ကြက်သွန်များ ရွှေဝါရောင်သန်းလာရင်ကန်စွန်းအရိုးကို အရင်ထည့်ပါ။ ခဏနေမှ အရွက်များထည့်ပြီး ဆား၊သကြားတို့ကိုထည့်၍ သမအောင်မွှေပေးပြီးရင်အဖုံးခဏအုပ်ထားပါ။ ၁ မိနစ်ခန့်နေရင် အထက်အောက် နှံ့စပ်အောင်မွှေပြီးလျှင် အရသာအနေတော်ဆိုရင်မီးဖိုပေါ်မှချလိုက်ပါ။ ကြက်သွန်ဖြူရနံ့လေး သင်းနေတဲ့ ကန်စွန်းရွက်ကြော် ပူပူစိမ်းစိမ်းလေးကိုသုံးဆောင်ပါ။

ငါးပေါင်းသံပရာ(သို့) ငါးသံပရာပေါင်း


ပါဝင်သည့်ပစ္စည်းများ
-       ငါးဖိန်းမ(သို့)ကကတစ်     ၆၀ကျပ်သားခန့် ၁ကောင်၊ ရှမ်းနံနံ ၆ပင်၊ပင်စိမ်း ၁၀ပင်၊ သံပရာသီး ၂လုံး၊ ဟင်းခတ်မှုန့် အနည်းငယ်၊ ကော်မှုန့် လက်ဖက်စားဇွန်းနှစ်ဇွန်း၊ ကြက်သွန်ဖြူ ၃ဥ၊ ချင်း လက်နှစ်ဆစ်ခန့်၊ စပါးလင် ၅ပင်၊ ငရုတ်သီးစိမ်း(အနီရောင်)၅ တောင့်။

ပြင်ဆင်ချက်ပြုတ်နည်း
-       ငါးကိုအကြေးခွံစင်အောင်ခြစ်ပြီး အမြီးတစ်ဝက်ဖြတ်လိုက်ပါ။ နှုတ်သီးနည်းနည်းပိုင်းပြီး ပါးဟက်များကိုဖယ်ထုတ်ပါ။ ဗိုက်ခွဲပြီး ဗိုက်ထဲက အူများကို စင်အောင်ထုတ်ပါ။ ၀မ်းဗိုက်ကို အခါးဓာတ်မရှိအောင်သတိပြုပြီး ရေဆေးပါ။
-       စပါးလင်၂ပင်ကို ဓားပြားရိုက်ပြီး ငါးပါစပ်အတွင်းမှတစ်ဆင့် ဗိုက်ထဲဝင်အောင်သွင်းပါ။ ဓားဖြင့်သုံးမွှန်းခန့်မွှန်းပါ။
-       ထုထောင်းထားသောချင်း၊ကြက်သွန်၊စပါးလင်တို့နှင့်အတူ ဆား၊ဟင်းခတ်မှုန့်ရောပြီး နာနာနယ်ပါ။ (၁၅မိနစ်ခန့်နှပ်ထားပါ)
-       ဟင်းပေါင်းအိုးထဲ(၁၅မိနစ်ခန့်ပေါင်းပါ)။
-       ငရုတ်သီးစိမ်း(စပါးလင်)အရည်ကြက်သွန်ဖြူ မြေ့မြေ့လှီးပါ။ ရှမ်းနံနံ၊ပင်စိမ်းကိုလည်း မြေ့မြေ့ပါအောင်လှီးထားပါ။
-       ငါးပြုတ်ရည်ထဲသို့လှီးထားသော ပစ္စည်းများထည့်၍ မပြတ်မွှေပါ။
-       ကော်မှုန့်လက်ဖက်စား၁ဇွန်းရေဖျော်ထားပါ။
-       ဆား၊ဟင်းခတ်မှုန့်ထည့်၍အနေတော်လျှင် သံပရာရည် ကော်မှုန့်ရည်ထည့်ပါ။
-       ငါးကိုလှပသော ပန်းကန်ပြားထဲ ထည့်ပြင်ပါ။ စပါးလင်အပင်လေးများ ပါးစပ်ထဲမှ ထွက်နေပါစေ။ ငါးပေါ်ကိုအချဉ်ရည် လောင်းချပါ။ ဘေးတစ်ဖက် တစ်ချက်မှ ငရုတ်သီးစိမ်း၊သံပရာသီးစိတ်များနှင့် လှပအောင်ပြင်ဆင်ပါ။
-       ပူပူနွေးနွေးစားသုံးပါ။

(မြင်ရတာကတော့ ပုဂံပြားလှလှထဲမှာစပါးလင်နှစ်ပင်ကိုက်ထားတဲ့ ငါးပေါင်းကိုထည့်ထားပြီး ဘေးပတ်လည်မှာ သံပရာသီး ခပ်ပါးပါးလှီးထားတာတွေကိုလှပအောင်စီထည့်ပြီး အလှဆင်ထားပါတယ်။)

No comments: