Tuesday, November 2, 2010

ငါးဖယ်အဆာသွတ်၊ ကြာဆံဟင်းခါး၊ ရှောက်သီးသုပ်

-->
ထမင်းစားချိန်မရောက်ခင် အဆာလည်းပြေ အရသာလည်းရှိ သရေစာလည်းမကျတဲ့ အဆာပြေစာတစ်ခုခုကိုကိုလုပ်စား ကြရအောင်လား သူငယ်ချင်းတို့ရေ။ အခုအတွဲအစပ်လုပ်ပြထားတာကတော့ လိုက်ဖက်လှတာကိုလူတိုင်းမငြင်းနိုင်ပါဘူး နော်။
အထူးပြောလိုတာက ဟင်းချက်နည်းအတွဲအစပ်များမှာပါတဲ့ အဆာများ(အပေါ့အငံ၊ အချိုအဆိမ့်၊ငရုတ်ကြက်သွန် စသည် များ)ကို မိမိကြိုက်နှစ်သက်သလို ဖြည့်စွက်၍ချက်ပြုတ် နိုင်ပါသည်လို့။ ဘာကြောင့်ဆို လူတစ်ဦးနှင့်တစ်ဦး အကြိုက်ခြင်း မတူနိုင်ဘူးမဟုတ်လား။

ငါးဖယ်အဆာသွတ်အတွက်
ငါးဖယ်ခြစ်           ဆယ့်ငါးကျပ်သား
ဆား                  နည်းနည်း
ကြက်သွန်ဖြူ        နှစ်ဥ
စပါးလင်             တစ်ချောင်း
ဂျင်း                   လက်တစ်ဆစ်
ဆီ                     ငါးကျပ်သား
ကြက်သွန်နီ         နှစ်ဥ
ဂေါ်ဖီရွက်နု          နှစ်ဖတ်
ရှောက်ရွက်နု        ငါးညွန့်
ငရုတ်သီးစိမ်း       ငါးတောင့်
သံပုရာရည်          နည်းနည်း
ငံပြာရည်             တစ်ဇွန်း
ဆား                  နည်းနည်း
အချိုမှုန့်             နည်းနည်း

ငါးဖယ်ခြစ် ဆယ့်ငါးကျပ်သားကို ဆားနည်းနည်း၊ ကြက်သွန်ဖြူနှစ်ဥ၊စပါးလင်တစ်ချောင်း ပါးပါးလှီး၊ ဂျင်းလက်တစ်ဆစ် သေးသေးကို ညက်နေအောင်ထောင်း၊
အားလုံး သမသွားရင် ကျပ်ပြားဝိုင်းလောက် အနေတော်ပြားပြီး ဆီငါးကျပ်သားထဲ ထည့်ကြော်မယ်၊
ငါးဖယ်တွေ ပွပြီး ရွှေဝါရောင်တောက်လာရင် အထက်အောက်လှန်၊ ဆီစစ်ပြီး ဆယ်ထားလိုက်မယ်၊
စားခါနီးရင် ကြက်သွန်နီနှစ်ဥ၊ ဂေါ်ဖီရွက်နုနှစ်ဖတ်၊ ရှောက်ရွက်နု ငါးညွန့်၊ ငရုတ်သီးစိမ်း ငါးတောင့်၊ အားလုံးကို ပါးပါးလှီး၊
သံပုရာရည်နည်းနည်း၊ ငံပြာရည်တစ်ဇွန်း၊ ဆားနည်းနည်း၊ အချိုမှုန့်နည်းနည်းနဲ့ရောနယ်၊
ဒါဆိုရင် ငါးဖယ်ကြော် အဆာသွတ်ဖို့ အဆင်သင့်ဖြစ်ပြီ၊
ငါးဖယ်ကြော်လေးတွေကို နှစ်ခြမ်းခွဲပြီး အလယ်မှာ အဆာကိုညှပ်ထည့်လိုက်ရင် ငါးဖယ်ကြော် အဆာသွတ်ရပြီပေါ့။
အဲဒါကို ပန်းကန်ထဲ စီထည့်၊ နံနံပင်၊ ကြက်သွန်မြိတ်လေးရံလိုက်ရင် စားဖို့အဆင်သင့်ဖြစ်ပြီပေါ့။

ကြာဆံဟင်းခါးအတွက်
ကြက်သားရင်အုပ်တစ်စိတ် တစ်ဆယ်သား
ကြက်သွန်ဖြူ                    တစ်ဥ
ဆား                              နည်းနည်း
ရေ                                နို့ဆီဘူးငါးလုံး
ငံပြာရည်                         နှစ်ဇွန်း
ပဲကြာဆံ                         တစ်ဆယ်သား
မှိုခြောက်ပန်းခြောက်          နှစ်ထုပ်
ငုံးဥပြုတ်                         ဆယ်လုံး
ငရုတ်ကောင်းမှုန့်              နည်းနည်း
ကြက်သွန်မြိတ်                 ပါးပါးလှီး

ကြက်သားရင်အုပ်တစ်စိတ် (ဒါမှမဟုတ်) တစ်ဆယ်သားလောက်ကို ငံပြာရည်၊ ကြက်သွန်ဖြူတစ်ဥ ဓားပြားရိုက်၊ ဆားနည်း နည်းနဲ့ နယ်ပြီးပြုတ်မယ်၊
ကြက်သားနူးရင် ဆယ်၊အသားနွှင်၊အရိုးတွေကို ဟင်းအိုးထဲပြန်ထည့်ပြီး ရေ နို့ဆီဘူးငါးလုံးလောက်ထည့်ပြီး တည်မယ်၊
ပွက်ပွက်ဆူလာရင် ကြက်သွန်နီနှစ်ဥ အတုံးလေးတွေလှီးပြီးထည့်၊ ငံပြာရည်နှစ်ဇွန်း ထပ်ထည့်မယ်၊
ကြက်သွန်စိမ်းနံ့ပျောက်ပြီး ဟင်းရည်ဖြူလာရင် အဆင်သင့် ရေစိမ်ထားတဲ့ ပဲကြာဆံ တစ်ဆယ်သား၊
မှိုခြောက်ပန်းခြောက် နှစ်ထုပ်၊ ငုံးဥပြုတ် ဆယ်လုံး နှစ်ခြမ်း ခြမ်းထားတာတွေ ပါးပါးလှီးထားတဲ့ ကြက်သားတွေပါ ရော ထည့်၊
ပွက်ပွက်ဆူလာရင် အပေါ့အငံမြည်းပြီး ချလို့ရပြီ၊ စားခါနီးရင် ငရုတ်ကောင်းမှုန့်၊ ကြက်သွန်မြိတ်ပါးပါးလှီးပြီးထည့်သောက်၊ အရသာရှိတဲ့ ကြက်ကြာဆံဟင်းခါးလေးပေါ့။

ရှောက်သီးသုပ်အတွက်
ဂေါ်ဖီရွက်နု                      နှစ်ဖတ်
ကြက်သွန်နီ                     နှစ်ဥ
ပဲပင်ပေါက်                      လက်တစ်ဆုပ်
ရှောက်သီးတစ်လုံးရဲ့          လေးပုံတစ်ပုံ
ငါးပိ                               ကွမ်းသီးလုံးလောက်
ပုစွန်ခြောက်မှုန့်၊ ပဲမှုန့်       သင့်ရုံ
ငရုတ်သီးအလှော်မှုန့်         တစ်ဇွန်းစီ
အချိုမှုန့်                         နည်းနည်း
သကြား၊ ဆား                  နည်းနည်း

ဘယ်သူမဆို အလွယ်သုပ်လို့ရတဲ့ အကြမ်းသုပ်ပဲ သုပ်ကြတာပေါ့၊
ဂေါ်ဖီရွက်နု နှစ်ဖက်၊ ကြက်သွန်နီ နှစ်ဥကို ပါးပါးလှီး၊ ပဲပင်ပေါက်လက်တစ်ဆုပ်ကို ရေနွေးဖျော၊
ရှောက်သီးတစ်လုံးရဲ့ လေးပုံတစ်ပုံ အခွံခွာပြီး အသားတွေ ဖျင်ထည့်မယ်၊
ငါးပိ ကွမ်းသီးလုံးလောက်၊ ပုစွန်ခြောက်မှုန့်၊ပဲမှုန့်၊ငရုတ်သီး အလှော်မှုန့် တစ်ဇွန်းစီ၊ အချိုမှုန့်၊ သကြား၊ ဆားနည်းနည်းထည့်ပြီး ခပ်ပြင်းပြင်းလေး နယ်လိုက်ရင် ရှောက်သီးသုပ်ဖြစ်ပြီ။
နယ်ပြီးတာနဲ့ တစ်ခါတည်းစားမှ ဖြစ်မယ်နော်။

No comments: