Wednesday, November 3, 2010

ကျင့်ဝတ်နဲ့ နည်းပညာ

မြန်မာပြည်မှာ Social Networking အနေနဲ့ အခု အချိန်မှာ Facebook ကို တော်တော်များများ သုံးဖြစ် လာကြပါတယ်။
Facebook အပြင်Twitter သုံးကြပေမယ့် Facebook လောက်တော့ သိပ်မသုံးကြပါဘူး။ အဲဒီလိုSocial Networking တွေကို သုံးတဲ့အခါ နည်းပညာပိုင်း အရ တိုးတက်မှုတွေ ရှိလို့ သုံးရတာ အဆင်ပြေနိုင်သလို အခက်အခဲတွေ များစွာလည်း ရှိပါတယ်။ ပြဿနာတွေလည်း ဖြစ်တတ်တဲ့ Social Networking ထဲက တစ်ခုဖြစ်တဲ့ Facebook ကို သုံးတဲ့အခါ စိတ်ဝင်စားစရာ ကောင်းတဲ့ အချက် တချို့တွေလည်း ရှိပါတယ်။

Facebook မှာ တစ်နေ့တစ်နေ့ ဘယ်သူ့ကို Add မလဲ၊ ဘယ်သူ့ကို ဖိတ်မလဲ ဆိုတဲ့ Facebook ဆွဲဆောင်မှုတွေ ရှိပါတယ်။ အဲဒီလို သူငယ်ချင်းတွေ များတာကို တချို့က ဂုဏ်ယူ တတ်ကြပါတယ်။ သူငယ်ချင်းတွေ များတယ် ဆိုတာ ကောင်းပေမယ့် ဆိုးတဲ့ အချက်တွေလည်း ရှိပါတယ်။ သုံးတဲ့ နည်းပညာ အပေါ်မှာ ဘယ်လို ကျင့်ဝတ်တွေ ထားနိုင်ရမယ် ဆိုတာနဲ့ ပတ်သက်ပြီး teen စကားဝိုင်းမှာ ပြောဖြစ်ကြပါတယ်။ ကျင့်ဝတ်နဲ့ နည်းပညာ ဆိုတဲ့ အပိုင်းကို အဓိက ထားပြောကြတဲ့ သူတွေက ဇော်ဇော်မျိုးလွင်၊ ထိုက်ထိုက်အောင်၊ မင်းယွန်းသစ်နဲ့ ရဲအောင်သူတို့ ဖြစ်ပါတယ်။ Facebook မှာ သူငယ်ချင်း ဘယ်လောက် ရှိပြီ ဆိုပြီး ဂုဏ်ယူ နေကြတာထက် ဒီသူငယ်ချင်းတွေနဲ့ နည်းပညာ အပေါ်မှာ ဘာတွေ လုပ်နေလဲ ဆိုတာ ကိုယ်ကိုယ်တိုင် သိဖို့လိုပါတယ်။ ဒီအကြောင်း အရာတွေနဲ့ ပတ်သက်ပြီး...

ဇော်ဇော်မျိုးလွင် ။ ။ ပြဿနာတွေက ဘာတွေ ဖြစ်လာနိုင်သလဲ ဆိုရင် နည်းပညာပိုင်း အားနည်းတဲ့ အခါ ကိုယ်လုပ် နေသမျှကို တခြားသူက အားလုံးသိတယ်။ Facebook မှာ ကြုံရတဲ့ ပြဿနာက Friends to Friends ဆိုရင် ကျွန်တော့် သူငယ်ချင်းရဲ့ သူငယ်ချင်းကလည်း ကျွန်တော့် Accountကို လာကြည့်လို့ရတယ်။ အဲဒီတော့ တစ်နေ့ တစ်နေ့မှာ ကိုယ်နဲ့လည်း မသိသေးဘဲနဲ့ G-talk မှာလာ Add တဲ့ အသစ်တွေက များနေတယ်။ ဘယ်ကနေ G-talk ကို ရလဲ မေးရင် ဒီလိုပဲ Facebook က ရတယ်ပေါ့။ ဘာနာမည်လဲ မေးရင် ကိုယ်နဲ့ မခင်သေးဘူး။ ကိုယ့်ရဲ့ Privacy အားနည်းချက်ကြောင့်G-mail ကို သိပြီး Invite လုပ်ပြီးလာ Add တယ်။ အဲဒီမှာ ကောင်းတာတွေလည်း ရှိတယ်။ ဆိုးတာတွေ လည်း ရှိတယ်။ နည်းပညာပိုင်း အားနည်းချက် ကြောင့် ဒါကို သိတာလေ။ တကယ်လို့သာ ဒါကို ကျွန်တော် ပိတ်ထားခဲ့မယ် ဆိုရင် သူ ကြည့်လို့ မရဘူးလေ။ ကျွန်တော်တို့ လေးယောက်စလုံး Facebook ကို သုံးကြတယ်။ နေ့တိုင်းလိုလို သုံးတယ်။ သူက လွှမ်းမိုး နေတာပေါ့။ မနက်ပိုင်း အင်တာနက် သုံးပြီ ဆိုကတည်းက ပထမဆုံးစသုံး တာက G-talk ဖွင့်တယ်။ ဒါကို အသုံးပြုပြီး တစ်ယောက်နဲ့ တစ်ယောက် အဆက်အသွယ် လုပ်ကြတယ်။ အလုပ် ကိစ္စပဲ ဖြစ်ဖြစ်ပေါ့။ ဒုတိယ သုံးတာက Facebook ၊ အရင်တုန်းက သိပ်မသုံး ဖြစ်ဘူး။

ဒီနှစ်မှ သုံးတာ။ ဒီဟာကို ဘာဖြစ်လို့ သုံးနေတာ လဲလို့ မေးရင် ရေရာတဲ့ အဖြေပေးလို့ မရဘူး ဖြစ်နေတယ်။ အင်တာနက် သုံးပြီ ဆိုတာနဲ့ ဒီနေရာကို သွားရမယ် ဆိုပြီး ဖြစ်နေတယ်။ အရင်တုန်းကဆို တခြား သွားစရာတွေ ရှိတာပဲ။ ဒါပေမယ့် Facebook ပေါ်လာတဲ့အခါ ကျတော့ အရင်တုန်းက Blog တင်ထားတာတွေ လိုက်ဖတ်တာ မဖတ်ဖြစ်တော့ဘူး။ Blog တစ်ခုချင်းစီကို လိုက်မဖတ်တော့ဘဲ သူငယ်ချင်း တစ်ယောက်ယောက်က ရေးထားတဲ့ ရယ်စရာပဲဖြစ်ဖြစ်၊ စိတ် ၀င်စားစရာပဲဖြစ်ဖြစ် အဲဒါတွေကို ဖတ်ဖြစ်၊ ကြည့်ဖြစ်တယ်။ ကိုယ်ရေးထားတဲ့ အကြောင်း တစ်ခုခု အပေါ်ပဲ ဘယ်သူက ဘာလာပြောသွားသလဲ ဆိုတာတွေကို စိတ်ဝင်တစား သိချင်ကြတယ်။

သူတို့ ဘာရေးလဲ။ တွေ့ထားတဲ့ သတင်းအတို အထွာလေးတွေရဲ့ Link တွေကိုလည်း လာလာထည့်တယ်။ မဖတ်ရသေးတဲ့ သတင်းတွေ ရှိရင်တောင် တင်ထားတဲ့ Website မှာ သွားကြည့်ရမှာ ဖြစ်ပေမယ့် Link လာတင်ထားတဲ့ အခါ တွေ့တာနဲ့ Link ကို ဖတ်မိသွားတယ်။ နောက်တစ်ချက်က အဲဒီ အပေါ်မှာ ကျွန်တော်ရေးတဲ့ အပေါ် လူမှုရေး ပြဿနာတွေ အများကြီး ရှိတယ်။ ကိုယ်ရေးတာကို မချေမငံ လာပြောသွားတယ်။ အဲဒါကို မကြိုက်ရင် ကိုယ်က ပြန်ပြောနဲ့ အဲဒီလို ဆက်သွားတယ်။ အဲဒီမှာ သူ့ဘက်ကိုယ့်ဘက်၊ သူ့လူကိုယ့် လူတွေဖြစ်ပြီး Fight ကုန်ကျရော၊ အဲဒီလို ဖြစ်တဲ့အခါ မိတ်ပျက် ကုန်ကြတာပေါ့။

အဲဒါတွေက Privacy တွေနဲ့ အများကြီး ဆိုင်တယ်။ Response ကလည်း အရမ်းမြန်တယ်။ Social Networking သုံးတဲ့ ကောင်းကျိုး၊ ဆိုးကျိုးမှာ တစ်ယောက်နဲ့ တစ်ယောက် ကျင့်ဝတ်တွေ ထားပြီး သုံးသင့်တယ်။ ဒါက လူတွေသုံးတာ ဖြစ်တဲ့အတွက်လေ၊ နောက်ပြီး ID(Identity) တွေက အစပေါ့။ ID တွေ ဖော်လို့လည်း ရတယ်။ မဖော်လို့လည်း ရတယ် ဆိုတော့ လူတွေက မဖော်ကြဘူး။ နောက်ပိုင်းမှာ ဘယ်လို စိစစ်လာလဲ ဆိုတော့ ဒီProfile က အစစ် ဖြစ်နိုင်လား၊ မဖြစ်နိုင်လား ဆိုတာ ဆန်းစစ်တယ်။ ပြီးတော့မှ အဲဒီလူ ကိုFriend List ထဲ ထည့်တယ်။ ဒါပေမယ့် အဲဒီလူကို အပြင်မှာ မမြင်ဖူးဘူး။ သူ့ရဲ့ဓာတ်ပုံတွေ ကြည့်တယ်။ ပုံတွေ ၁၅ ပုံ၊ ၁၆ ပုံလောက်ဆို အစစ်ဖြစ်လောက် ပါတယ်ပေါ့။ ပြောရရင် Celebrity တွေရဲ့ နာမည်တွေနဲ့ လုပ်ထားတဲ့ အတုတွေရော၊ အစစ်တွေရော ရှိတယ်။ တချို့ကျတော့ တကယ့်အစစ် ထင်ပြီး Add ကြတယ်။ ကာယကံရှင် ဘက်က တကယ် လုပ်ထားတာ မဟုတ်ဘူး ဆိုရင် နစ်နာတယ်။ အဲဒါတွေကို သုံးတဲ့ သူတွေက နည်းနည်းလေး မှတ်သားပြီး ဟုတ်တယ်၊ မဟုတ်ဘူးဆိုတာ ပြန်ပြီး လေ့ကျင့်ဖို့ လိုတယ်။

ရဲအောင်သူ ။ ။ Facebook က Social ကျတယ်။ ကိုယ့်သူငယ်ချင်းတွေ ဘာလုပ်နေလဲ၊ ဘာထူးခြားတာတွေကို တင်ထားလဲ။ သူတို့ဖတ်ရတဲ့၊ သိရတဲ့ IT နည်းပညာပဲဖြစ်ဖြစ်၊ သတင်းပဲ ဖြစ်ဖြစ်ပေါ့။ Share လုပ်ချင်တာတွေ ဖတ်ရတယ်။ ဗီဒီယိုရော၊ ဟာသတွေရော အကုန်မြင်တွေ့ရတော့ အရင်တုန်း ကလို တစ်ခုချင်းစီ လိုက်ကြည့်မယ့် အချိန်တွေက အကုန် သက်သာတယ်။ သူငယ်ချင်းတွေ ဘာလုပ်နေလဲ ဆိုတာ ချက်ချင်းသိတယ်။ Facebook က တကယ်ဆို ကောင်းတယ်။ သူငယ်ချင်းတွေ၊ အသိ မိတ်ဆွေတွေ ရနိုင်တယ် လေ။ ဥပမာ ကျွန်တော်ဆို ဓာတ်ပုံရိုက်တယ်။ တကယ်တမ်း ဓာတ်ပုံစရိုက် တော့ နည်းပညာပိုင်း၊ ကင်မရာပိုင်း အားနည်းတယ်။ Facebook မှာ ဓာတ်ပုံ ရိုက်တဲ့ သူတွေနဲ့ လိုက် Add တယ်။ ပြီးတော့ ဆွေးနွေးလို့ ရတယ်။ နောက်ပြီး Facebook မှာGame ပြိုင်ပွဲလေးတွေ ရှိတော့ အဲဒီ ပြိုင်ပွဲတွေ ၀င်ရင်း ကိုယ့် Level ဘယ်လောက်ရှိလဲ ဆိုတာ သိလို့ရတယ်။ တကယ်တမ်းကျတော့ ကိုယ် ကိုယ်တိုင် အဓိပ္ပာယ်ရှိရှိ အသုံးချမယ်ဆို ကောင်းတယ်။

မင်းယွန်းသစ် ။ ။ သူငယ်ချင်းတွေ တင်တဲ့ သတင်းတွေ ဖတ်တယ်။ နောက်ပြီး Game ဆော့တိုင်း ကိုယ့် Level တက်ဖို့ အမြဲတမ်း ကြိုးစားတယ်။ ငါးမွေးတာ တို့၊ လယ်စိုက်တာတို့ နေ့တိုင်း ဆော့သူတွေ ရှိတယ်။ တစ်နေ့မှ လယ်မစိုက်လိုက် ရရင် ငါ့လယ် လေးတော့ ဘာဖြစ်မလဲနဲ့၊ အဲဒီလို ဆော့ဖြစ်တယ်။ နောက်ပြီး သူငယ်ချင်းတွေ ခရီးသွားတဲ့ ဓာတ်ပုံတွေ၊ ဘာတွေ တင်ထားရင် Comment ပေးတာတို့၊ ဘာတို့လုပ်တယ်။ ပျော်စရာလေးပေါ့နော်။ ဘယ်လိုပဲဖြစ်ဖြစ် ကမ္ဘာ အရပ်ရပ်မှာ ရောက်နေတဲ့ သူတွေပဲ ဖြစ်ပါစေ အချင်းချင်း ဆက်သွယ် လို့ရတယ်။ အရင်တုန်းကဆိုရင် Blogတွေ ပေါ်မှာ စာရေး၊ ကဗျာ ရေးဖြစ်ကြတယ်။ ဖတ်ချင်ရင် သူ့Blogပေါ်မှာ သွားကြည့်မှ ရမှာ။ အခုကျတော့ အကုန်လုံး စုထားတော့ ကျွန်တော်လည်း ဖတ်လို့ ရတယ်။ ကျွန်တော် Comment ရေးတာလည်း သူတို့ ဖတ်လို့ရတယ်။ စာတွေ၊ ကဗျာတွေ အပြန်အလှန် ဆက်သွယ်ဖတ်လို့ ရတာပေါ့။

ထိုက်ထိုက်အောင် ။ ။ Facebook ကို ၀င်ထားတာ ကြာပေမယ့် Active မဖြစ်လို့ အရင်က မသုံးဖြစ်ဘူး။ ဘယ်အချိန် Active ဖြစ်လာလဲ ဆိုတော့ ကိုယ့်သူငယ်ချင်းတွေ Facebook သုံးလာတဲ့ အခါ သုံးလို့မရတော့ဘူးလေ။ ဘာဖြစ်လို့လဲ ဆို တော့ အဲဒီ Facebook မှာ သူတို့ ဘာတွေ လုပ်နေလဲ၊ ကိုယ့်အကြောင်းတွေရော ဘာတွေ ရေးထားလဲ သိချင်တယ်။ ကိုယ့်သူငယ်ချင်းတွေ သုံးလာတော့ ကိုယ်တိုင်လည်း သုံးချင်လာတယ်။ Facebook ရဲ့အဓိက ဆွဲဆောင်ချက်ကGame တွေရှိတယ်လေ။ Marfia ဆော့တယ်။ လယ်စိုက်တယ်။ ဆိုင်တွေဖွင့်တယ်။ အဲဒီတော့ နေ့တိုင်း ၀င်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့Facebook နေ့ တိုင်းဝင်မှGame တွေက Level တိုးတာလေ။ Facebook က သုံးလာတာ ရင့်ကျက်လာတော့ ကိုယ်စိတ်ဝင်စားတဲ့ Fan Pageတွေကို ကြည့်ဖြစ် တယ်။ ကိုယ်စိတ်ဝင်စားတဲ့ Organization ပဲ ဖြစ်ဖြစ်ပေါ့။ အဲဒါတွေကို သူတို့Website မှာ ကြည့်တာထက် စာရင် ကြာမယ်။ Fan Page ကနေကြည့်မယ်ဆို မြန်တယ်လေ။ Up Date တွေမြန်မြန် သိရတယ်ပေါ့။

ဟုတ်ပါတယ်။ လူငယ် အများစုဟာG-talk ဖွင့်ရင်း Facebook ကို တစ်ခါတည်း ဖွင့် ဖြစ်ကြပါတယ်။ ကိုယ်တိုင်လည်း သူငယ်ချင်းတွေ ဘာတွေ လုပ်နေလဲ။ ဘာတွေ ထူးခြား နေပြီ လဲ။ သူတို့တွေ ဘယ်ရောက်နေလဲ ဆိုတာတွေကို သိဖို့၊ ကိုယ့်ရင်ထဲမှာ ခံစားရတာကို စာအဖြစ်၊ ကဗျာအဖြစ် ရေးဖို့ အတွက်တွေနဲ့ Facebook ကို ပိုသုံးဖြစ်တာပါ။Facebook မှာရှိတဲ့Life Box လေးတွေ ဖွင့်ရင်း Love Percentage တွေ၊ Lucky Percentage တွေကိုကြည့်ရင်း စိတ်ပျော်ရွှင်မှု၊ ကြည်နူးမှုလေးတွေကိုFacebook မှာ ရှာဖွေဖြစ်ပါတယ်။ သူငယ်ချင်း အချင်းချင်း ဖုန်းဆက်လို့ မရရင်လည်းFacebook မှာ ၀င်ကြည့်ရင်း၊ မတွေ့ ရင်လည်း စာရေး ထားခဲ့ရင်း သူငယ်ချင်းတွေ အချင်းချင်း တွေ့ဆုံဖို့ အဆင်ပြေခဲ့တယ်လေ။

ဇော်ဇော်မျိုးလွင် ။ ။ ကျွန်တော်တို့ဆို သူငယ်ချင်း တစ်ယောက် ရှာမယ်ဆို အိမ်မှာသွား မရှာတော့ဘူး။ Online ပေါ်တက်ပြီးFacebook ပေါ် တက် ရှာတယ်။ အခုနောက်ပိုင်း ဖုန်းသိပ် မဆက်တော့ ဘူး။ အဲဒီမှာပဲ ၀င်ရှာလိုက်တယ်။ အခုဆို လူသန်းရာချီပြီးFacebook ကို သုံးကြတယ်။Facebook မှာဆို ကျွန်တော်တို့ ပုံတွေ အများ ကြီး ရှိတယ်။ အဲဒီပုံတွေကို တခြားသူတွေက ယူသွားလို့ ရတယ်။ ကောင်မလေး တစ်ယောက်ပုံ ကြိုက်တယ်ဆို ကျွန်တော်တို့ ယူလို့ရတယ်။ ကျွန်တော်တို့ ပုံကြိုက်တယ် ဆိုလည်း တခြားသူ တွေက ယူလို့ရတယ်။ အဲဒီတော့ ပြဿနာတွေ ဖြစ်လာနိုင်တယ်။Facebook တို့Twitter တို့မှာ Power တစ်ခု ရှိကို ရှိနေတယ်။ အဲဒါကို အပြည့်အ၀ သုံးနိုင်သူရှိတယ်။ မသုံးနိုင်သူလည်း ရှိတယ်။ တချို့က ကိုယ်ကျိုးအတွက် သုံးသူ တွေလည်း ရှိတယ်။

သတင်း အချက်အလက်တွေ တက်လာရင်လည်း အကုန် မှန်တယ်လို့ မပြောနိုင်ဘူး။ သူ ဒီမှာ ရှိတာကို ကျန်တဲ့သူတွေက Proof လုပ်ပေးနိုင်တာ ရှိတာကိုး။ ဒေသ တစ်ခုမှာ ရှိတဲ့ သူက အဲဒီ ဒေသက ပတ်သက်တဲ့ သတင်း တင်တာဆို ကျွန်တော်တို့က ဟုတ်တယ်လို့ ပြောတယ်။ ကျန်တဲ့ သူတွေက ထောက်ခံပေးရင် တခြားသူတွေ လာဖတ်တဲ့ အခါ ဒီဟာ မှန်ကန်တယ် ဆိုတာ သိသာစေတယ်လေ။Facebook နဲ့ တွဲလျက်ကTwitter. Twitter ကိုလည်း သုံးကြတယ်။Facebook မှာ တင်ထားတဲ့ Link ကို Twitter မှာသွားကြည့်တယ်။Twitter ကနေ Facebook ကို သွားကြည့်တယ်။ သူတို့က ပေါ့ပါးတယ်၊ မြန်ဆန်တယ် ဆိုတဲ့ဟာကို အဓိကထားတယ်။

မင်းယွန်းသစ် ။ ။ ကိုယ်က သတင်းလိုမျိုး၊ လူမှုရေး လှုပ်ရှားမှုလိုမျိုးကို Post အနေနဲ့ တင်တယ်။ ကိုယ်က အတည်အတံ့ လုပ်ပေမယ့် အပြောင်အပြက်တွေ ရေးတာမျိုးတွေ ရှိတယ်။

ထိုက်ထိုက်အောင် ။ ။ သတင်း အနေနဲ့ ပုံတို့၊ စာတို့ တင်တဲ့ဟာကို ကိုယ့်ကို အသိမပေးဘဲ ယူသုံးတာမျိုး ရှိတယ်။ Facebook မှာ တစ်ယောက်ယောက်ရဲ့ စာပဲဖြစ်ဖြစ်၊ ဓာတ်ပုံပဲဖြစ်ဖြစ် ယူတင်တယ် ဆိုရင် အဲဒီမှာ Share ဆိုတဲ့ဟာလေး ရှိတယ်။ အဲဒါနဲ့တင်မှ Ethical ကျတာပေါ့နော်။ ဘယ်ကနေယူပြီး Share လုပ်တယ် ဆိုတာ ပေါ်တယ်။ ဒါပေမယ့် မြန်မာပြည်မှာ အဲဒီလို လုပ်တဲ့ဟာ တော်တော်လေး ရှားတယ်။

ရဲအောင်သူ ။ ။ ကျွန်တော်တို့ အခု သုံးနေတာက တကယ့်နာမည် အစစ်နဲ့ ပဲသုံးတယ်။ ကိုယ့်ရဲ့ခံစားမှု အစစ်တွေပဲ ရေးတယ်။ အဲဒီလိုမျိုးတွေပဲ လူတိုင်း သုံးရင်ကောင်းမယ်။ အဲဒီလို တခြား နာမည်တွေ သုံးတယ်၊ ဥပမာအားဖြင့် ကိုဇော်မျိုးလွင် ရေးတဲ့ဟာကို မကြိုက်ဘူး ဆိုရင် ကျွန်တော့် နာမည် အရင်းနဲ့ ပြောမယ်ဆိုရင် အပြင်မှာ တွေ့ရင် ထိုးလိမ့်မယ်။ အဲဒီတော့ တခြား နာမည်နဲ့ Account တစ်ခု ထပ်ဖွင့်တယ်။ အခြား Account နဲ့ သူ့ကို Personal တိုက်ခိုက်လို့ ရတယ်။ ရှင်းရှင်း ပြောရရင် အဲဒီလို တိုက်ခိုက်နေတဲ့ သူတွေလည်း ရှိတယ်။ သူငယ်ချင်း တစ်ယောက် နာမည်နဲ့တူတဲ့ Account ဖွင့်ပြီး Add မယ်ဆို သူငယ်ချင်းပဲ ထင်ပြီး လက်ခံလိုက်မှာပဲ။ အပြင်မှာ တကယ်တမ်း ဖြစ်နေတာတွေ ရှိတော့ မကောင်းဘူးလေ။ အပြင်မှာ ပြောသည်ဖြစ်စေ၊ ကိုယ့်Facebook မှာ ပြောသည်ဖြစ်စေ ကိုယ့်ရဲ့အစစ်အမှန် ခံစားချက်မျိုး ပွင့်ပွင့် လင်းလင်း ဆွေးနွေးတာမျိုး ဖြစ်စေချင်တယ်။

လူငယ်တွေ အတွက် Share ဆိုတာကို ယူပြီး တင်ရကောင်းမှန်း မသိတာက Ethic ပိုင်းမှာ အားနည်းတာပါ။ ကိုယ်ကြိုက်သလောက် IDကို လုပ်လို့ ရတယ်ဆိုတဲ့Technical ကျွမ်းကျင်မှုပဲ ရှိပြီး ကျင့်ဝတ်ဆိုင်ရာ အားနည်းချက် တွေကြောင့် ဒီလိုတွေဖြစ်ရတာပါ။ မရိုးသားတဲ့ ရည်ရွယ်ချက် အခြေခံပြီး လုပ်ကြတာ ဖြစ်ပါတယ်။

ရဲအောင်သူ ။ ။ အဲဒီလို မရိုးသားမှုတွေက Social Networking မှာတင် မဟုတ်ဘူး။ ဖိုရမ်တွေမှာလည်း ဖြစ်လာတယ်။ ကျွန်တော်တို့ တစ်ခါကြုံ ရတယ်။ ကိုယ့်ဖိုရမ်မှာ Post ၅၀ ရှိတယ်ဆို Sub Domain တစ်ခုပေးမယ် ဆိုပြီး လုပ်လိုက်တဲ့ အချိန်မှာ ကြုံရတာတွေ ရှိတယ်။ အဲဒီတော့ ဘာ Post ပဲဖြစ်ဖြစ် တင်ရရင် ပြီးရောဆိုပြီး သူများ ဖိုရမ်ကနေ စာတွေ ယူလာတယ်၊ သူ့နာမည်နဲ့ ခပ်တည်တည် တင်ထားတော့ ကျွန်တော်တို့ ဖိုရမ်က ခိုးချထားတဲ့ သူခိုး ဆိုက်ကြီးလို ဖြစ်သွားမယ်လေ။ အဲဒီတော့ ဖိုရမ်မှာ ရှိတဲ့ မော်နီတာတို့၊ ဘာတို့က အရမ်း အလုပ်များတယ်။ စာတွေက အကုန်လုံးကို လိုက်ဖတ်ဖို့ သိပ်အဆင် မပြေဘူးလေ။ အဲဒီတော့ ဒီလူတွေက အမှန်လား ဆိုတာ သေသေချာချာ စိစစ်ရတဲ့ အခါ တချို့ဟာလေးတွေ လွတ်သွားတာပေါ့။

စီးပွားရေး အရ ဒီလို ပြဿနာမျိုး တွေလည်း ရှိမှာပါ။ teenမဂ္ဂဇင်းကို ဖတ်ရှုနိုင်တဲ့ www.shweamyutay.com ကို နှောင့်ယှက်တာမျိုး ကြုံခဲ့ရဖူးပါ တယ်။ အဲဒီလိုလုပ်တာ မခံရခင် ရှိသမျှ စာမူတွေရဲ့ Comment နေရာမှာ ကြော်ငြာ Link တွေ အများကြီး ထိုးထားပါတယ်။ ကြာလာတော့ မခံနိုင်ဘဲ ၀က်ဘ်ဆိုက်က ဒေါင်းသွားတာပါ။ စီးပွားရေး လုပ်ငန်းရှင်တွေက နည်းပညာပိုင်း ကျွမ်းကျင်လာတဲ့ အခါ စီးပွားရေး အတွက် ရည်ရွယ်သုံးတယ်။ အဲဒါကို ၀န်မခံချင်တဲ့ အခါ နည်းအမျိုးမျိုး၊ နေရာ အမျိုးမျိုးမှာ ၀န်မခံဘဲ ID အတုတွေ သုံးလာကြပါတယ်။Social Network လုပ်သူတွေရဲ့ Consumer က Potential Consumer တွေပါ။

ရဲအောင်သူ ။ ။ ကျွန်တော် ကြုံဖူးတာက ဘယ်အလုပ်တွေ လိုနေပြီ၊ ဘယ်အလုပ်တွေ ဘယ်မှာ သွားလျှောက်ရတယ် ဆိုတာတွေနဲ့ ကျွန်တော့် ဖိုရမ်နဲ့ အလုပ် ရှာပေးတဲ့ သဘော လုပ်ပေးတယ်။ အေဂျင်စီ အနေနဲ့ မဟုတ်ပေမယ့် NGO က အလုပ်တွေ ခေါ်တယ်ဆို ဒီဆိုက်လေးကနေ NGO အလုပ်အကိုင်တွေ ရှာဖွေနေတယ် ဆိုပြီး တင်တယ်။ ဒါပေမယ့် အဲဒီမှာ ၀င်ပြီးရေးတာက ဒီမှာတော့ ကွန်ပျူတာ ဒီဇိုင်နာ ဘယ်လောက်လိုတယ်၊ ဘာညာဆိုပြီး လာတင်တာတွေ ရှိတယ်။ နောက်မှ သိတာက သူ့ရဲ့အေဂျင်စီက တကယ်တမ်း ချုပ်ကိုင်ထားတယ် ဆိုတာ သိလိုက်ရတယ်။ နောက်ပိုင်းကျတော့ သူ့ကို မေးလ်ပို့ပြီး အဲဒီပို့စ်ကို ဖျက်ပစ်လိုက်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူ့ကိုဆက် သွယ်ရမယ့်လိပ်စာက အေဂျင်စီလိပ်စာ ဖြစ်နေတယ်။

ဇော်ဇော်မျိုးလွင် ။ ။ တချို့က ရည်ရွယ်ချက် ရှိရှိနဲ့ တိုက်ခိုက်တာ။ ကျွန်တော် မြန်မာပြည်မှာ မဖြစ်ဖူးသေးဘူး မဟုတ်ဘူး၊ ဖြစ်ဖူးတယ်။ ဥပမာ ပလန်းနက် တို့ ဘာတို့ ဒေါင်းသွားတာတွေ ရှိတယ်။ ဒါက သူတို့ ရည်ရွယ်ချက် ရှိရှိနဲ့ တိုက်ခိုက်တာမျိုးလေ။ အဲဒါတွေက ကျွန်တော်တို့ ဆီမှာ ရှေ့လျှောက် ပိုပြီး များလာမယ်လို့ ထင်ရတယ်။ Account တွေကို အမြဲတမ်း အသစ်အသစ် တွေ ပေးနေရတယ်။ ဒါတွေကြောင့် အားနည်း ချက်တစ်ခု ဖြစ်နေသလို သုံးတဲ့ သူတွေရဲ့ အားနည်းချက်တွေ ကြောင့်လည်း ဒီဆိုက်တွေကို တိုက်ခိုက်နိုင်တာ တွေရှိတယ်။Facebook နဲ့ G-talk မှာ ဆိုရင်G-talk က လုံခြုံရေး ပိုအားကောင်း တယ်။

မင်းယွန်းသစ် ။ ။ တစ်ခုခု Error ဖြစ်လို့ Account ပိတ်သွားရင် G-talk တို့၊ ဘာတို့က Auto Logout ဖြစ်သွားတယ်။Facebook တို့၊ ဘာတို့က ကျန် ခဲ့တယ်။ များသောအားဖြင့် ဖြစ်တတ်တာက ကျွန်တော်တို့လို Cyber Cafe တွေမှာ သုံးတဲ့သူ တွေက အဲဒါ အားနည်းချက် ဖြစ်တယ်။ Account ကို ဒီအတိုင်း ပိတ်သွားတယ်။ နောက်တစ်ယောက်က လာဖွင့်တဲ့ အခါ ဒီအတိုင်း ကျန်နေခဲ့ရော။ အဲဒီမှာ မသမာမှုတွေ ဖြစ်နိုင်တယ်လေ။ တကယ်လို့ ကိုယ့်ရဲ့ Password ပြောင်းလိုက်တာဆို မူလ ပိုင်ရှင်က ၀င်လို့ မရတော့တာမျိုးတွေ ရှိတယ်။

နည်းပညာ အားနည်းချက်တင် မဟုတ်ဘဲ သုံးစွဲ သူတွေမှာလည်း အားနည်းချက်တွေ ရှိပါတယ်။Nick Name တွေ အများကြီးသုံးတာ၊Account Hack လုပ်ခံရတဲ့ အခါ နောက်ထပ် တစ်ခုဖွင့်မယ်ဆိုတာမျိုးတွေက သုံးသူတွေရဲ့ အားနည်းချက်တွေပါပဲ။

ဇော်ဇော်မျိုးလွင် ။ ။ အင်တာနက်ပေါ်မှာ နားလည်ထားတာ နည်းကြတယ်။ အင်တာနက်ထဲမှာ ကိုယ့်ကို နာမည် အစစ်ဖော်လို့မရဘူး၊ ပုံ အစစ်တင်လို့ မရဘူး ဆိုတာတွေ သူတို့ခေါင်း ထဲမှာ ရှိတော့ ခလုတ်တွေ့တိုင်း နှိပ်ကြတယ်၊ အဲဒါ သူတို့ရဲ့အားနည်းချက်ပဲ။

မင်းယွန်းသစ် ။ ။ ကြီးကြီးကျယ်ကျယ် ပြော ရမယ်ဆိုရင် ကျွန်တော်တို့ရဲ့ဘ၀ကြီးကို ဒီအင်တာနက်ပေါ် တင်ထားတာပေါ့။ အဲဒီတော့ ကျွန်တော် တို့ရဲ့ Account ကို လုံခြုံရေး တစ်ခုကြောင့် တခြား သူက ယူသွားမယ်ဆိုရင် အများကြီး နစ်နာတယ်။ အဲဒါ အရမ်း အရေးကြီးလို့ Security ပိုင်းကို အလေး ထားသင့်တယ်။

ဒါကြောင့် သုံးစွဲသူတွေ အနေနဲ့ နည်းပညာ ပိုင်းနားလည်ရုံ၊ ကျင့်ဝတ်ပိုင်းဆိုင်ရာ နားလည် ရုံတွေနဲ့လည်း မလုံလောက်ပါဘူး။ နှစ်ခုစလုံးက အရေးကြီးပါတယ်။ Account အသစ် နာမည်တွေ ဘယ်လိုပဲ ပြောင်းပြောင်း ရိုးသားမှု တစ်ခုတော့ လိုအပ်ပါတယ်။ ရိုးသားမှုနဲ့ ဆက်သွယ်တဲ့ အခါ တစ်ယောက်နဲ့တစ်ယောက် အပြင်မှာ မမြင်ဖူးပေ မယ့်လည်း ခင်မင် သွားတတ်ပေမယ့် ရိုးသားမှု မရှိတဲ့ အချိန်မှာတော့Block လုပ်လိုက်ရတာမျိုးတွေ ရှိတတ်ပါတယ်။

တချို့ လူငယ်တွေက အင်တာနက်ကို တော်တော်သုံးကြတယ်။ အဖြူ၊ အစိမ်းလေးတွေနဲ့ တချို့ကျောင်းဆင်းချိန် လာသုံးကြတာ ရှိတယ်။ တချို့ကလေးတွေဆို G-talk တစ်ခုပဲ သုံးတယ်။ အဲဒီ G-talk ကိုပဲ တစ်ယောက် တစ်လှည့်စီ ယူသုံး ကြတယ်။ တချို့က ရှိသေးတယ်၊ သူငယ်ချင်းမှာ G-talk မရှိလို့ ပေးလိုက်တာမျိုးတွေ ရှိတယ်။ အင်တာနက်ကို လွဲမှားစွာ သုံးနေကြတာ အများကြီးပဲ။ ဒီထက်ပိုပြီး သုံးသင့်တယ်။ အဲဒါတွေက ဆယ်ကျော်သက်တွေတင် မဟုတ်ဘူး၊ အသက် ကြီးတဲ့ သူတွေဆီမှာလည်း တွေ့ရတယ်။ အင်တာနက်ပေါ်တာ မြန်မာပြည်မှာလည်း နည်းနည်း ကြာနေပြီ။ သုံးတဲ့သူတွေ အနေနဲ့ကလည်း နည်းနည်း ရင့်ကျက်သင့်ပြီ။ ဒီထက်ပိုပြီး ဘယ်လို အသုံးချသင့်တယ်၊ ဗဟုသုတတွေ ဘယ်လို ရနိုင်လဲ ဆိုတာတွေပေါ့။ ခင်ခင်မင်မင် ပေါင်းနေ တာထက် ဒီထက်ပိုပြီး ရင့်ကျက်စွာ သုံးသင့် တယ်လို့ ထင်တယ်။ နည်းပညာပိုင်း ဆိုင်ရာ ကျွမ်းကျင်မှု ရှိသလို ကျင့်ဝတ်ပိုင်း ဆိုင်ရာတွေလည်း နားလည်မှု ရှိတဲ့ သူတွေ အနေနဲ့ အင်တာနက် သုံးသူတွေကို ကျင့်ဝတ်အရ၊ နည်းပညာ အရ နည်းမှန်လမ်းမှန် ဖြစ်ဖို့ သင်တန်းသဘောမျိုး၊ ပညာပေးသဘော မျိုးပေးဖို့ အစီအစဉ် ရှိကြပါတယ်။

ဇော်ဇော်မျိုးလွင် ။ ။ မိဘတွေ ကိုယ်တိုင်က အင်တာနက် ဆိုတာ နားမလည်သေးတာရှိတယ်။ အထက်တန်းကျောင်းသားတွေ အင်တာနက်ဆိုင် သွားရင် သဘော ကျနေကြတယ်။ ဘယ်လို အသုံးချမှန်း မသိဘူး။ သူတို နားလည်တာက အင်တာနက်က ရုပ်သံလိုင်း တစ်ခုလို လွှင့်နေ တာပေါ့။ လူကြီးတွေ အနေနဲ့ သိထားသင့်တာက ညစ်ညမ်း ၀က်ဘ်ဆိုက်တွေကို ကလေးတွေ သွားကြည့်တာကို စိုးရိမ်ကြတယ်။ မစိုးရိမ်ပါ နဲ့။ အဲဒါက သူတို့ စိုးရိမ်ရမှာ မဟုတ်ဘူး။ စိုးရိမ် ရမှာက G-talk ပဲ သုံးပြီး အာလာပ သလ္လာပ ပြောတာ။

အဲဒါက ဖျောက်ရတာ ခက်တယ်။ အလကား နေရင်း G-talk တဲ့ ဘာတွေ ပြောနေလဲ သွားကြည့်၊ ဘာမှ မဟုတ်ဘူး။ အသက်ကြီးတဲ့ သူတွေတောင် ဖျောက်ရခက်တာ။ လူငယ်တွေ ဆိုတော့ ပိုဆိုးတာပေါ့။ ဆယ်ကျော်သက်တွေဆိုတော့ မြေစမ်း ခရမ်းပျိုးပေါ့။ အရင်တုန်းက ဖုန်းဆက် ပြောကြတယ်။ မြင်လည်း မမြင်ဖူးဘဲနဲ့ ဖုန်းနံပါတ် ရရင် ပြောကြရော၊ အခုက ဖုန်းဖိုး အကုန်သက်သာ တယ်။ Account တစ်ခုShare လုပ်ကြတယ်။ ကျွန်တော်တို့ အခုကြုံရတာဆို အသက် နည်းနည်းကြီးတဲ့ သူတွေက ကောင်မလေး Account ရှိရင် ပေးစမ်းပါ ဆိုတာတွေပေါ့။

Effect တွေက ဘာတွေ ဖြစ်လာနိုင်လဲ ဆိုတာ ပြောလို့ မရဘူး။ တစ်ခါတလေ ကောင်မလေး နာမည်နဲ့ မေးလ်တွေ ပို့တယ်။ နိုင်ငံခြားက ပုံတွေ ပို့တာတို့ပေါ့။ အခု မြန်မာကားတွေ ကြည့်တယ်ဆို ပထွေးက မတရား ကျင့်တာတို့၊ ဘာတို့၊ မင်းသား မင်းသမီး တည်းခိုခန်း သွားတာတို့ အဲဒါမျိုးကျ ဒီက လူကြီးတွေက ကြည့်ခိုင်းတယ်။ နိုင်ငံခြား ကားတွေမှာဆို နှုတ်ခမ်းလေး နမ်းတာက အစ ကျော်လိုက် ဆိုတာတွေ ရှိတယ်။ ဆယ်ကျော် သက်ကလေးတွေက ဘာလို့ အဲဒီ နေရာမှာမှ ကျော်ကြည့်တာလဲ ဆိုပြီး ခိုးကြည့် ကြတယ်။ အခုတော့ လွယ်သွားပြီ။ အင်တာနက်မှာ သွားကြည့်လို့ ရတယ်ဆို တစ်ယောက်နဲ့ တစ်ယောက် Forward တွေ လုပ်ကြတယ်။ အထူးသဖြင့် မိန်းကလေးတွေက ပိုပြီး စူးစမ်းကြတယ်။ အဲဒါတွေကို သဘာဝ အရ ကျော်လွှား သွားနိုင်ရင် ကောင်းတယ်။ မဟုတ်ဘဲ မကောင်းတဲ့ဘက် ရောက်သွားမှာ စိုးရိမ်ရတယ်။

မင်းယွန်းသစ် ။ ။ လူငယ်တွေကို အသိပေး သင့်သလို လူကြီးတွေကိုလည်း သိအောင် လုပ်ပေးသင့်တယ်။

ဇော်ဇော်မျိုးလွင် ။ ။Facebook တင်ထားတဲ့ ပုံတွေဆို အရမ်း လှကြတယ်။ အပြင်မှာ အဲဒီလောက် ဟုတ်ချင်မှ ဟုတ်မှာလေ။ အဲဒီလိုမျိုးနဲ့ ကြိုက်သွား ကြတာ ရှိတယ်။ အွန်လိုင်းမှာ ကြိုက်ပြီး အပြင်မှာတွေ့၊ တကယ်ကြိုက်တာ မျိုးတွေလည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်။ ဒါတွေက ကျယ်ပြန့်လာပြီ ဆိုတော့ မိဘတွေ အနေနဲ့ ဒါကို သုံးသည်ဖြစ်စေ၊ မသုံးသည်ဖြစ်စေ နားလည် ထားရတော့မယ်။ အရွယ် ရောက်ပြီးသား ကောင်လေးက၊ အရွယ် မရောက်သေးတဲ့ ကောင်မလေးကို ချစ်ပါတယ်။ ကြိုက်ပါတယ်ပြော၊ အဲဒီက တစ်ဆင့် VZO ပြော၊ မျက်နှာ တွေ့လိုက်ရ၊ ပိုကြိုက်သွား၊ အဲဒါမျိုး ပိုပြီး ဖြစ်လာမယ်။ အရမ်း အန္တရာယ် ရှိလာတယ်။ မိဘတွေ အနေနဲ့ ဒါတွေကို နားလည် ထားရမယ်။ ဒါတွေတော့ သုံးရမယ်၊ ဒါတွေတော့ မသုံးရဘူး ဆိုတာပေါ့။ အင်တာနက် ဘာလဲဆိုတာ လူကြီးတွေက သိရမယ်။ အမေရိကားမှာဆို ၁၃ နှစ် အောက်ဆိုရင် ကလေးတွေရဲ့Passward ကို မိဘတွေက သိထားရတယ်။

ရဲအောင်သူ ။ ။ အမှန်တကယ် Generation ကွာဟမှုနဲ့ သွားဆိုင်တယ်။ ကျွန်တော့် မိဘတွေကို သင်ပေးပေမယ့် နိုင်ငံခြား ရောက်နေတဲ့ အစ်မတို့နဲ့ စကား ပြောချင်ရင် ကျွန်တော် မရှိရင် ပြောလို့ မရတော့ဘူး။ မေးလ်ပို့ထား တယ်ဆို၊ သားလိုက်ဖွင့် ပေးပါတို့ပေါ့။ ဒါက အဆင်မပြေ တော့ဘူးလေ။ သူတို့ ကိုယ်တိုင်လည်း ဆက်သွယ်လို့ ရတဲ့ဟာတွေ အများကြီး ရှိတယ်လေ။ ဥပမာ တရားခွေ နားထောင်ချင်တယ်ဆို အများကြီးပဲ ရှာလို့ရတယ်။ ငါတို့ အသက်ကြီးသွားပြီ၊ မင်းတို့ခေတ် လူငယ်တွေကို မမီတော့ဘူး ဆိုတာမျိုး တွေပေါ့။ လူကြီးတိုင်းက ကိုယ်နဲ့လည်း ဆိုင်သေးတယ် ဆိုတာမျိုး ဖြစ်ရမယ်။ တချို့ လူကြီးတွေကတော့ မဆိုင်ဘူး ဆိုပြီး လွှတ်ထားတယ်။ ဒါက အင်တာနက် ကျယ်ပြန့်မှုနဲ့လည်း ဆိုင်မယ်။ အိမ်တိုင်းမှာ အင်တာနက် တင်နိုင်မယ့် အခွင့်အရေးလည်း နည်းပါးတယ်လေ။ အင်တာနက် ဆိုင်သွားမယ် ဆိုလည်း ကလေးတွေ ရှိတယ်ပေါ့။ အင်တာနက်ဆိုင်ကလည်း များသော အားဖြင့်Game ဆိုင်နဲ့တွဲတာ များတယ်လေ။ အဲဒါတွေကြောင့်လည်း ဆိုင်မယ် ထင်တယ်။

ဇော်ဇော်မျိုးလွင် ။ ။ သားသမီးတွေ နိုင်ငံခြားသွားတဲ့ အခါ အနည်းဆုံး G-talk စစ်တာမျိုးတွေတော့ လုပ်လာကြပါတယ်။ နောက်တစ်ချက်က Social Media ကျယ်ပြန့်လာခြင်းက လွတ်လပ် လာလေလေ၊ အကြမ်းဖက်မှုတွေ ပိုဖြစ်လာနိုင်တယ်။ ကျွန်တော်တို့လို တိုင်းပြည်တွေမှာ ပိုသတိ ထားရမယ်။ အုပ်စုဖွဲ့ အနိုင်ကျင့်တာမျိုး၊ စကားလုံးပိုင်း ဆိုင်ရာ အနိုင်ကျင့်တာမျိုး တွေပေါ့။ ဒါမျိုးတွေ ဖြစ်လာနိုင်တယ်။

အခုနောက်ပိုင်းမှာ ရည်းစားနှစ်ယောက် ဆိုရင် တစ်ယောက်နဲ့ တစ်ယောက် Passward ပေးပြီး သူဘာလုပ်လဲ၊ ကိုယ်ဘာလုပ်လဲ ဆိုတာတွေ ကြည့်တယ်။ လူတစ်ယောက်ရဲ့ Privacy ကို လျစ်လျူ ရှုတာက ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီလိုလုပ်တဲ့ အပြုအမူက မှားတယ် မယူဆဘဲ Right တစ်ခုလို မြင်လာတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် ပတ်သက်ပြီဆို ဒီ လူတစ်ယောက်ရဲ့ဘ၀ကို အပြည့်အ၀ ၀င်စွက်ခွင့် ရှိတယ်ဆိုတဲ့ အမြင်တွေနဲ့ လုပ်တယ်။ ဒီယဉ်ကျေးမှုတွေက စဉ်းစားဖို့ ကောင်းပါပြီ။

ဇော်ဇော်မျိုးလွင် ။ ။ လူငယ်တွေ အတွက် လူကြီးတွေက အထိုက် အလျောက်တော့ လွှတ်ပေးသင့်တယ်။ မလုပ်ရင်ရတဲ့ နည်းတစ်ခု ရှာကြမှာပဲ။ နည်းပညာ နားလည်ထားသူ အနေနဲ့ အန္တရာယ်များတယ်။

သုံးတဲ့ နည်းပညာ အပေါ် ကျွမ်းကျင်မှု မရှိတဲ့အခါ မသုံးသင့်ဘဲ အန္တရာယ်တွေ များပါတယ်။ လူတစ်ယောက် ဖြစ်လာပြီဆိုတာနဲ့ ကျင့်ဝတ်တွေ ရှိပါတယ်။ ကျင့်ဝတ်နဲ့ နည်းပညာပိုင်း ဆိုင်ရာ ပတ်သက်မှုများနဲ့ ပြောဆိုကြမှု အပေါ် teen စကားဝိုင်းမှာပါ သူတွေက သုံးသပ်ကြပါသေးတယ်။

ဇော်ဇော်မျိုးလွင် ။ ။ ကျွန်တော်က သုံးစွဲသူတွေကို အကောင်းဆုံး အကြံဥာဏ် ပေးချင်တာက နည်းပညာပိုင်း အရ ကိုယ်ဘာပဲ သုံးသုံး သိအောင်ကြိုး စားစေချင်တယ်။ နည်းပညာပိုင်း အရဆိုတာWebsite ရေးတတ်မယ်တို့၊ ဘာတို့ကို ပြောတာ မဟုတ်ပါဘူး။ ဒါကို ဘာလို့ ကိုယ်သုံးလဲ ဆိုတာ သိရမယ်။ သူငယ်ချင်းတွေနဲ့ ဆက်သွယ်ဖို့၊ စီးပွားရေး အရ ဆက်သွယ်ဖို့ သဘောလေးတော့ သိဖို့ လိုတယ်။ လုံခြုံရေးပိုင်း အနေနဲ့ဆို တစ်ဦးချင်းရဲ့ လုံခြုံရေးကို ဂရုစိုက်ဖို့လိုတယ်။ အွန်လိုင်း လုံခြုံရေးနဲ့ ပတ်သက်ပြီး သုံးစွဲသူတွေ ဂရုစိုက် စေချင်တယ်။

ထိုက်ထိုက်အောင် ။ ။Social Networking တို့ Social Media တို့၊ ဘာတို့က Monolouge ကနေ Dialouge အထိ ပြောင်းသွားတော့ သုံးတဲ့သူတွေ အကုန်လုံး Information ပေါ် မူတည်ပြီး ကောင်းတဲ့ဘက်မှာ အသုံးချရင် ကိုယ့်အတွက် အရမ်း အကျိုး ရှိတာပေါ့။
ို
ရဲအောင်သူ ။ ။ သုံးနေတဲ့ကိုယ့်ရဲ့Knowledge ကိုထပ်ပြီး မြှင့်စေချင်တယ်။ ကိုယ်နဲ့ သက်ဆိုင် တာတွေကါးမိနစ်လောက် ရှာကြည့်တာမျိုး လုပ်သင့်တယ်။ GTC ကျောင်းသား၊ ကျောင်းသူ တွေဆို G-talk ပြောမယ့်အစား Google မှာ အဲဒါနဲ့ ပတ်သက်တာလေးတွေ ရှာသင့်တယ်ပေါ့။ သူနဲ့ ဆက်နွှယ်ရာတွေ၊ အင်တာနက်မှာ အလကားရ နေတာဆိုတော့ ရှာသင့်တာပေါ့။ ဗဟုသုတတွေ ပြန်ဖြည့်သင့်တယ်။ သူငယ်ချင်းတွေက အသက် အရွယ်မရွေး ရှာလို့ ရတယ်လေ။

မင်းယွန်းသစ် ။ ။ ရှေ့ကလူတွေ ပြောတာ တော်တော်လေး စုံတယ်ဆိုတော့ ပြောစရာ သိပ်မရှိပါဘူး။ Userတွေ အနေနဲ့ ကိုယ့်ရဲ့ လုံခြုံရေးကို အလေးထားသလို သူများတွေရဲ့ လုံခြုံရေးကိုလည်း အလေးထားဖို့၊ သုံးတဲ့အခါ ရင့်ကျက် မှုရှိဖို့၊ ကိုယ်သိသလို တခြားသူတွေ သိဖို့ လုပ်သင့်တယ်လို့ ပြောချင်ပါတယ်။

ဒီစကားဝိုင်းမှာ ပါဝင်ကြတဲ့ ထိုက်ထိုက် အောင်၊ မင်းယွန်းသစ်၊ ဇော်ဇော်မျိုးလွင်၊ ရဲအောင် သူတို့က အင်တာနက် နည်းပညာကို သင်ပေးရင်း ကောင်းကျိုး၊ ဆိုးကျိုးတွေကို သင်ပေး နေကြသူ တွေပါ။ အင်တာနက် သုံးနည်းတင် မဟုတ်ဘဲ လုံခြုံအောင် ဘယ်လိုမျိုးတွေ လုပ်သင့်တယ် ဆိုတာတွေပါ သင်ပေးကြပါတယ်။

teen စကားဝိုင်းမှာ နည်းပညာနဲ့ ကျင့်ဝတ် ပိုင်းဆိုင်ရာများကို ပြောကြတာဖြစ်တဲ့ အတွက် teen ပရိသတ်များ အတွက် အသိ တစ်ခုခု ရမယ်လို့ မျှော်လင့်ပါတယ်။ စကားဝိုင်းမှာ ပါဝင်ကြသူ အားလုံးကို ကျေးဇူးတင် ရှိပါတယ်။

ခင်လေးမြင့်
(Teen မဂ္ဂဇင်း၊ အောက်တိုဘာလ ၂၀၁၀)

No comments: