Tuesday, December 1, 2009

Let me hold your hands

holding hands


မင်းလက်ကလေးကိုင်ချင်လို့

'မင်းလက်ကလေးကိုင်ချင်လွန်း....လို့ တစ်စက္ကန့်လောက်ခွင့်ပြုပါ' ဆိုတဲ့ Rဇာနည်ရဲ့ သီချင်းလေး ကြားဖူးကြမယ်ထင်ပါ တယ်။ ချစ်သူ ကောင်မလေးရဲ့ နွေးထွေးတဲ့(အေးစက်တဲ့)လက်ဖ၀ါးလေးတွေကို ကောင်လေးတွေ မြတ်မြတ်နိုးနိုးကိုင်ဖူး ချင်ကြမှာပါပဲ။ လက်ကိုင်တယ်ဆိုတာ အသားချင်းထိတွေ့တာထက် အဆတစ်ရာမကပိုတဲ့ အဓိပ္ပာယ်သဘောတွေကိုဖော် ဆောင်ပါတယ်။ ရည်းစားတွေမှမဟုတ်ပါဘူး။ သူငယ်ချင်းတွေ၊ မောင်နှမတွေ၊ မိသားစုဝင်တွေဟာလည်း တစ်ယောက်ကို တစ်ယောက် အားပေးလိုတဲ့ သဘောတွေ၊ လက်ဖ၀ါးတွေဆီကနေတစ်ဆင့် နှလုံးသားထဲကို ခွန်အားတွေ၊ ချစ်ခြင်းမေတ္တာ တွေ စိမ့်ဝင်စီးဆင်းသွားစေဖို့ သဘောတွေနဲ့ လက်ကလေးတွေကို ညင်သာစွာကိုင်တွယ်လို ကြတယ်မဟုတ်လား။ ကျွန်တော်လည်း သူငယ်ချင်းအချင်းချင်းကို အားပေးလိုတဲ့အချိန်မှာ လက်လေးတွေကို ဖျစ်ညှစ်ပြီး နင်အားတင်းထားစမ်းပါ ဆိုတဲ့သဘောနဲ့ လက်ကိုင်လေ့ရှိတယ်။ လက်ကိုင်တာ၊ ပွေ့ဖက်တာတွေဟာ စိတ်ဓာတ်အင်အားကိုလည်း တကယ်ဖြစ်စေ ပါတယ်။

ချစ်သူရည်းစားတွေကြားမှာဖြစ်ဖြစ်၊ သူငယ်ချင်းတွေကြားမှာပဲဖြစ်ဖြစ် လက်ကိုင်ခြင်းနည်းလမ်းတွေများစွာရှိသလို တစ်ခုစီ မှာလည်း အဓိပ္ပာယ်လေးတွေ တစ်မျိုးစီရှိတတ်ကြပါသေးတယ်။ တစ်ယောက်လက်ကလေးကို တစ်ယောက်ဘယ်လိုနည်း နဲ့ အကောင်းဆုံးအဓိပ္ပာယ်အရှိဆုံး ကိုင်ကြတယ်ဆိုတာလေးတွေကို ကျွန်တော်က ပြောပြပေးချင်ပါတယ်။

(၁)     လက်ကလေးကို ငြိမ်သက်စွာကိုင်ကြမယ်

ဒီနည်းလမ်းလေးကတော့ အရိုးရှင်းဆုံးလက်ကိုင်နည်းလေးပါပဲ။ ကိုယ့်ချစ်သူလေးရဲ့လက်ကလေးကိုငြိမ်ငြိမ်လေးနဲ့ မြဲမြဲ လေးဆုပ်ကိုင်ထားကြတဲ့ ပုံစံလေးပေါ့။ လူတွေကြားထဲ သွားလာကြတဲ့အခါမှာလည်း ဒီလိုလေး လက်ကိုင်ပြီးသွားတာဟာ Formal အကျဆုံးနည်းလေးတစ်နည်းဖြစ်ပါတယ်။ ဒီအတွဲ ပူးပူးကပ်ကပ်နဲ့ ဘယ်လိုဖြစ်နေလဲကိုမသိဘူးဆိုတဲ့ စကားသံ မျိုးတွေက ကင်းဝေးစေမှာဖြစ်ပါတယ်။ ဒီနည်းလေးကတော့ ရိုးရှင်းပေမယ့် နှလုံးသားချင်းခိုင်မြဲစွာချိတ်ဆက်ထားကြစေဖို့ အရေးပါတဲ့ အပြုအမူလေးပဲ ဖြစ်ပါတယ်ခင်ဗျာ့။

(၂)     လက်ချောင်းလေးတွေကို ချိတ်ဆက်ယှက်နွှယ်ပြီး ကိုင်နည်း

တစ်ယောက်လက်ချောင်းလေးတွေကို နောက်တစ်ယောက်ရဲ့ လက်ချောင်းလေးတွေနဲ့ချိတ်ဆက်ပြီးကိုင်တဲ့လက်ကိုင် နည်းလေးပေါ့။ တစ်ယောက်နဲ့တစ်ယောက်ကို ပိုမိုရင်းနီးစေတဲ့ အသွင်လေးကိုလည်း ဖော်ဆောင်ပါတယ်။ ချစ်သူနှစ် ဦးတည်း ကြည်ကြည်နူးနူးလျှောက်သွားကြတဲ့အချိန်မျိုးမှာ ဒီလိုလေးလက်ကိုင်ဖို့အကောင်းဆုံးဖြစ်ပါတယ်။

(၃)     လက်ချောင်းလေးတစ်ချောင်းတည်းကို ဆုပ်ကိုင်နည်း

ချစ်သူရဲ့လက်ချောင်းလေးတွေထဲက ကိုယ်နှစ်သက်တဲ့လက်ချောင်းလေးတစ်ချောင်းထဲကိုပဲ မြတ်မြတ်နိုးနိုးဆုပ်ကိုင်ခြင်း ဟာလည်း နှစ်ဦးသားကြားက ချစ်ခြင်းတရားတွေကို ပိုမိုရင်းနီးစေပါတယ်။ များသောအားဖြင့်တော့ လက်ညှိုးလေးတစ် ချောင်းတည်းကို ကိုင်ကြတာတွေ့ဖူးပါတယ်။ ဒါပေမယ့် ဒီနည်းလမ်းလေးကတော့ နည်းနည်းအပျော်သဘောကိုဆောင်ပါ တယ်။ ပြောချင်တဲ့ပွိုင့်က အပျော်တမ်းထားတဲ့ ရည်းစားတွေကို လက်ကိုင်တဲ့အခါ ကိုင်တဲ့နည်းလေးပါတဲ့။

(၄)     လက်ဖ၀ါးလေးတွေကို ဖျစ်ညှစ်ကိုင်ခြင်း

ချစ်သူရဲ့လက်ကလေးကို ရိုးရိုးတန်းတန်းကိုင်ထားရင်းနဲ့ပဲ လက်ဖ၀ါးလေးတွေကို ဖျစ်ညှစ်ဆုပ်ကိုင်ပေးခြင်းဟာ နှစ်ဦးစလုံး အတွက် စိတ်အပန်းဖြေရာသဘောကိုလည်း ဖော်ဆောင်ပါတယ်တဲ့။ နှစ်ဦးသားကြားက ကြည်နူးစရာအချိန်လေးတွေကို တစ်ယောက်လက်ကလေးကို တစ်ယောက်ဖျစ်ညှစ်ဆော့ကစားရင်း ကုန်ဆုံးစေနိုင်ပါတယ်။ အတူတူယှဉ်တွဲထိုင်ကြတဲ့ အခါမျိုးမှာ လက်ကိုင်ဖို့အကောင်းဆုံးနည်းလေးတစ်ခုပါပဲ။

(၅)     လက်နှစ်ဖက်လုံးဖြင့် ခပ်ဖွဖွဆုပ်ကိုင်ခြင်း

တစ်ယောက်ကို နောက်တစ်ယောက်က လက်နှစ်ဖက်လုံးနဲ့ဆုပ်ကိုင်ထားတဲ့ပုံစံမျိုးလေးပါ။ နှစ်ဦးသားမျက်နှာချင်းဆိုင်ရပ် နေကြတဲ့အခါမျိုးမှာ ပြုလုပ်ဖို့အကောင်းဆုံးနည်းလမ်းလေးဖြစ်တဲ့အပြင် ကိုယ့်နှလုံးသားထဲက ခွန်အားတွေ၊ ချစ်ခြင်း မေတ္တာတွေကို လက်သွေးကြောလေးတွေဆီကနေတစ်ဆင့် ကိုယ်စီရင်ထဲကို စီးဆင်းစေပြီး ရင်းနှီးမှုလည်း ပိုစေပါတယ်တဲ့။ ချစ်သူကပေးတဲ့ လုံခြုံမှု၊ မြတ်နိုးမှုတွေကိုလည်း အသေအချာရရှိခံစားစေမှာဖြစ်ပါတယ်။

(၆)     လက်ဖ၀ါးလေးတွေကို ပွတ်သပ်ကိုင်တွယ်ခြင်း

ဒါလေးကလည်း ရင်းနှီးနွေးထွေးမှုပိုမိုရရှိစေပြီး မရိုးမရွလေးဖြစ်စေပါတယ်တဲ့(ဘာလဲတော့မသိဘူး။)။ ကိုယ့်ပတ်ဝန်းကျင် မှာရှိတဲ့သူတွေ သတိမထားမိစေဘဲ ချစ်သူရဲ့လက်ဖ၀ါးလေးတွေကို ပွတ်သပ်ကျီစယ်နိုင်ပါတယ်။ လက်ချောင်းလေးတွေကို အသုံးပြုပြီး သူ့ရဲ့လက်ဖ၀ါးလေးကို  up and down ပွတ်သပ်ပေးခြင်းဟာလည်း အရမ်းကို Romantic ဖြစ်စေပါ တယ်တဲ့ ဗျ။

(၇)     လက်ကလေးကိုနမ်းရှုပ်ပြီးကိုင်ခြင်း

ချစ်သူနှစ်ဦးတည်းရှိနေကြတဲ့အချိန်မှာ လက်ကိုင်ဖို့အကောင်းဆုံးနည်းလမ်းလေးဖြစ်ပါတယ်။ ချစ်သူက ကိုယ့်လက်ကလေး ကို နမ်းမယ့်အခိုက်မှာ ကိုယ့်လက်ကလေးတွေက သန့်ရှင်းလှပနေရင်တော့ အကောင်းဆုံးပေါ့နော်။

(၈)     လက်ညှိုးနဲ့လက်မညှပ်ပြီး ကိုင်ခြင်း

ဒီနည်းလမ်းလေးက နည်းလမ်းကောင်းလေးတော့မဟုတ်ပါဘူး။ ကိုယ့်ချစ်သူကို အလေးအနက်မထားရာရောက်ပါတယ်။ နှစ်ဦးကြားက ဆက်ဆံရေးဟာ တင်းမာမနေဘူးဆိုရင်တော့ စိတ်လှုပ်ရှားစရာ ပျော်စရာတစ်မျိုးဖြစ်မှာ မှန်ပေမယ့် အခြေ အနေမကောင်းဘူးဆိုရင်တော့ ဒီနည်းလမ်းလေးကို လုံးဝကိုမသုံးသင့်ပါဘူး။

(၉)     နွေးထွေးစွာလက်ကိုင်ခြင်း

ဆိုပါတော့ အပြင်မှာရာသီဥတုသိပ်အေးနေတယ်။ လက်ဖျားလေးတွေအေးစက်နေတယ်။ ချစ်သူနဲ့လည်းအတူရှိနေတယ်။ ဒီလိုအချိန်မျိုးမှာ တစ်ယောက်လက်ကလေးကို တစ်ယောက်ကိုင်ပြီး နွေးထွေးစေခြင်းဟာ ဘာနဲ့မှမတူတဲ့ မေတ္တာဓာတ်ကို လွှမ်းခြုံခံစားရမှာဖြစ်ပါတယ်။

(၁၀)    သင်္ကေတများဖြင့် လက်ကိုင်ခြင်း

သမားရိုးကျမဟုတ်တဲ့ လက်ကိုင်နည်းလေးဖြစ်ပေမယ့် ဒီနည်းလမ်းလေးကို အရမ်းကျွမ်းတဲ့သူမျိုးတွေအတွက်ကတော့ တကယ့်ကိုပျော်စရာကောင်းတဲ့နည်းလေးဖြစ်မှာပါ။ တစ်ယောက်ကိုတစ်ယောက် မြတ်မြတ်နိုးနိုးချစ်ပါတယ်ဆိုတာလေးကို လက်ကိုင်ပြီးသင်္ကေတလေးတွေနဲ့ ဖော်ဆောင်တဲ့သဘောမျိုးလေးပါ။ ကိုယ့်ရင်ထဲကခံစားချက်တွေကို လက်သင်္ကေတ လေးတွေနဲ့ ပြောပြတာပေါ့ဗျာ။ ဓာတ်ပုံအရိုက်ခံတဲ့အခါ ကျွန်တော်တို့လုပ်နေကျ လက်နှစ်ချောင်းထောင်တာမျိုး လေးတွေ နဲ့ သဏ္ဍာန်တူပါတယ်။ လက်နှစ်ချောင်းထောင်ရင် Peace လို့အဓိပ္ပာယ်ရပြီး လက်မ၊ လက်ညှိုးနဲ့ လက်သန်းသုံးချောင်း ထောင်ရင်တော့ I Love You ဆိုတဲ့အဓိပ္ပာယ်ကို အားလုံးသဘောပေါက်ကြတယ်လေ။ အခုနည်းလေးကလည်း အဲလိုပါပဲ။ ချစ်သူက ကိုယ့်လက်ကလေးကို သုံးခါတိတိဖျစ်ညှစ်တယ်ဆိုရင် ဒါဟာ I Love You လို့အဓိပ္ပာယ်ရပြီး ကိုယ်ကလည်း သူ့လက်ကလေးကိုလေးခါတိတိ ပြန်လည်ဖျစ်ညှစ်ရင် I Love You too လို့အဓိပ္ပာယ်ရပါတယ်တဲ့ ခင်ဗျာ့။


Ref: www.people.com.mm




No comments: