Saturday, December 26, 2009

Child Scare (Interview with Shakira)

မေးချင်တာက ကမ္ဘာတစ်ဝန်းက ကလေးပေါင်း ၇၅သန်းဟာ ဘာ့ကြောင့်များပညာသင်ယူခွင့် မရတာလဲ

ကလေးများအတွက် တက်ကြွလှုပ်ရှားသူ အဆိုတော်ရှာကီရာ (Shakira) နှင့် တွေ့ဆုံခြင်း

လက်တင်တေးဂီတလောကရဲ့ အထင်ကရကြယ်တစ်ပွင့်ဖြစ်တဲ့ ကိုလံဘီယာသူ ပေါ့ပ်အဆိုတော် ရှာကီရာကို မြန်မာပရိတ် သတ်တော်တော်များများ သိကြပါတယ်။ ရှကီရာရဲ့ အယ်လ်ဘမ်တွေဟာလည်း စပိန်စကားပြော ကမ္ဘာဖြစ်တဲ့ လက်တင် အမေရိကနိုင်ငံတွေမှာသာမက၊ အခြားကမ္ဘာ့နိုင်ငံတွေမှာပါ ရောင်းအားအကောင်းဆုံး အယ်လ်ဘမ်တွေ ဖြစ်ခဲ့ပါတယ်။ သူမရဲ့ ၂၀၀၆မှာကျော်ကြားခဲ့တဲ့ Hips Don't Lie သီချင်းဟာလည်း သမိုင်းမှာ အရောင်းရဆုံးသီချင်း အယ်လ်ဘမ်တွေ ကြားမှာ တစ်ခုအပါအ၀င်ပဲ ဖြစ်ပါတယ်။ တကယ်တော့ ရှာကီရာဟာ သူမရဲ့အမည်ကို အနုပညာ လောကမှာသာမက ကလေးသူငယ်ဖွံ့ဖြိုးရေးလူမှုလုပ်ငန်းတွေမှာပါ စေတနာထက် သန်တဲ့ တက်ကြွလှုပ်ရှားသူ activist တစ်ဦးအဖြစ် ထူထောင်နေတာကြာခဲ့ပါပြီ။ သူမဟာ အသက်၁၈နှစ် သမီး အရွယ်အောင်မြင်စ အဆိုတော်ပေါက်စဘ၀မှာပဲ အလှူရန် ပုံငွေအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Barefoot Foundation ကိုရသမျှ ၀င်ငွေတော် တော်များများ လှူဒါန်းခဲ့သူပါ။ အဲဒီ ဖောင်ဒေးရှင်းက ကိုလံဘီယာမှာ ပြည်တွင်းစစ်ကြောင့် ခိုကိုးရာမဲ့ဖြစ်ရတဲ့ ဆင်းရဲသားကလေးတွေ အတွက် စာသင် ကျောင်း ၆လုံးဆောက်ပေးခဲ့ပါတယ်။

ရှာကီရာဟာ ALTS လို့အတိုကောက်ခေါ်တဲ့ Latin America In Solidarity Action အဖွဲ့ကိုတည်ထောင်သူ၊ ခေါင်းဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။ သူမရဲ့ဒီအဖွဲ့ဟာ လက်တင်အမေရိကတိုက်မှာ အသက်၆နှစ်အောက် ကလေးအားလုံး ကျန်းမာရေးစောင့်ရှောက်မှု၊ အခမဲ့ပညာရေး၊ သင့်တော်တဲ့အဟာရ ရရှိရေးအတွက် သက်ဆိုင် ရာ အစိုးရတွေကိုဖိအားပေး တိုက်တွန်းနေတဲ့အဖွဲ့လည်း ဖြစ်ပါတယ်။ ဒီအပတ်ထဲမှာပဲ ပေါ်တူဂီမှာ ပြုလုပ်ခဲ့တဲ့ Ibero American ထိပ်သီးအစည်းအဝေးပွဲမှာ လက်တင်အမေရိကရဲ့ နိုင်ငံ့ခေါင်းဆောင်များကို ရှာကီရာဟာ စီးပွားရေးပညာရှင် ဂျက်ဖရီဆတ်ခ်ျနဲ့အတူ တွေ့ဆုံဆွေးနွေးဖြစ်ခဲ့ပါတယ်။ ယခုဖော်ပြမှာကတော့ အဲဒီ့ဆွေး နွေးပွဲအပြီး ရှာကီရာနဲ့ နယူးစ်ဝိခ်ရဲ့ ဂျင်မီလန်းမင်းတို့ရဲ့ တွေ့ဆုံမှုမှ ကောက်နှုတ်ချက်များပါပဲ။

ပေါ်တူဂီမှာ လုပ်ခဲ့တဲ့ ထိပ်သီးအစည်းအဝေးပွဲမှာ ခင်ဗျားအောင်မြင်ခဲ့ပါသလား။

ကလေးသူငယ်ဖွံ့ဖြိုးရေး မဟာဗျူဟာတွေနဲ့ ပတ်သက်တဲ့ကျွန်မတို့ရဲ့အကြုံပြုချက်ကို သမ္မတငါးဦးက ထောက်ခံ ခဲ့တဲ့အတွက် ဒီပွဲဟာ ကြီးကျယ်တဲ့အောင်မြင်မှုပါပဲ။ ချီလီသမ္မတ မီရှဲလ်ဘတ်ရှလတ်ရဲ့အကူအညီနဲ့ ကျွန်မတို့ ဟာ အစိုးရတွေအတွက် သူတို့ရဲ့နိုင်ငံတွေမှာ ကလေးသူငယ်ဖွံ့ဖြိုးရေးအစီအစဉ်တွေကို ဘယ်လိုဖန်တီးပေးမယ် ဆိုတဲ့ အချက်တွေအပါအ၀င် ကျွမ်းကျင်သူတွေပြုစုထားတဲ့ စာတမ်းကို ဖြန့်ဝေနိုင်ခဲ့ပါတယ်။ အာဂျင်တီးနား သမ္မတ ခရစ္စတီးနားကတ်ခ်ျနာကိုလည်း ကလေးသူငယ် ပညာရေးကဏ္ဍကိစ္စကို လာမယ့် ၂၀၁၀ထိပ်သီးအစည်း အဝေးပွဲမှာ ထိပ်တန်းထားဆွေးနွေးစရာ အဖြစ်သတ်မှတ်ဖို့ကိုလည်း ကျွန်မတို့ စည်းရုံးနိုင်ခဲ့တာ စိတ်လှုပ်ရှား စရာပါ။ အာဂျင်တီးနားနိုင်ငံ ဗျူနိုအေးရိစ်မြို့မှာက လာမယ့်နှစ် ထိပ်သီးစည်းဝေးပွဲကို ကျင်းပမှာဖြစ်ပါတယ်။

ကလေးသူငယ်စောင့်ရှောက်ရေးကိစ္စဟာ ဘာကြောင့်ထိပ်တန်းဦးစားပေးကိစ္စတစ်ရပ်ဖြစ်ဖို့ လိုအပ်ရတာပါလဲ။

လက်တင်အမေရိကတိုက်မှာ လုံလောက်တဲ့ အဟာရမရှိသလို၊ ဘယ်လိုပညာရေးမျိုးမှလည်း မရှိတဲ့ ကလေး ပေါင်း ၃၅သန်းရှိပါတယ်။ မွေးကင်းစကနေ ဒီအချိန်မှာ ဦးနှောက်ဖွံ့ဖြိုးမှုစတယ်။ သိမှတ်နားလည်မှုစွမ်းရည်နဲ့ လူမှုရေးဆိုင်ရာ စွမ်းရည်တွေလည်း စတင်ဖွံ့ဖြိုးတယ်။ ပြီးတော့ လေ့လာမှုတွေအများကြီးကနေ ကျွန်မတို့သိထား တာကလည်း အစောပိုင်းကလေးသူငယ်ဘ၀ ဖွံ့ဖြိုးရေးကိစ္စမှာ ရင်းနှီးမြုပ်နှံထားတာဟာ ဆင်းရဲနွမ်းပါးမှုကို လျှော့ ချဖို့၊ စီးပွားရေးတိုးတက်မှုကို မြှင့်တင်ဖို့၊ ရောဂါဘယတွေကို ကာကွယ်ဖို့နဲ့နှစ်စဉ်နှစ်တိုင်း ကလေးတွေသေဆုံးနေ ရမှုကို ကာကွယ်တားဆီးဖို့နည်းလမ်းလည်း ဖြစ်တယ်လေ။

ALAS အဖွဲ့ဟာ အစိုးရတွေက ပေးခဲ့တဲ့ ကတိတွေကို လက်တွေ့လုပ်ဆောင်ချက်တွေဖြစ်အောင် ဘယ်လို ပြောင်းလဲမှာလဲ။

ပထမဆုံးအချက်ကတော့ အစိုးရတွေဟာ ဒီကလေးသူငယ်ဖွံ့ဖြိုးရေးကဏ္ဍမှာ ရင်းနှီးမြုပ်နှံတာဟာ ဘယ်လောက် အရေးကြီးတယ်ဆိုတာ နားလည်သွားအောင်လုပ်ဖို့ ကျွန်မတို့လိုအပ်တယ်။ ဒုတိယအချက်ကတော့ နောင်နှစ် ကုန်လောက်ဆို ကျွန်မတို့အဖွဲ့ဟာ လက်တင်အမေရိက အစိုးရအဖွဲ့တိုင်းဆီမှာ ကောင်စီတွေဖွဲ့စည်းဖို့လုပ်သွား မှာပါ။ ဒီကောင်စီတွေက ကလေးတွေ ဖွံ့ဖြိုးရေးအတွက် ဘယ်လိုလုပ်ပေးရမလဲလို့ နေ့တိုင်းစဉ်းစားနေတဲ့ လူတွေ နဲ့ဖွဲ့စည်းထားတာပေါ့။ လာမယ့်နှစ် Ibero American ထိပ်သီးအစည်းအဝေးပွဲမှာတော့ ကလေးသူငယ်ဖွံ့ဖြိုးရေး ကိစ္စဟာ နိုင်ငံ့ခေါင်းဆောင်တစ်ဦးစီရဲ့ ဆွေးနွေးစရာ(အာဂျင်ဒါ)တွေထဲမှာ ထိပ်ဆုံးကရှိလာပါလိမ့်မယ်။ ဒါဟာ လွယ်တော့မလွယ်ပါဘူး။ ဒါပေမဲ့ ဒီကိစ္စမဖြစ်မချင်း ကျွန်မတို့ဆက်လုပ်သွားမှာပါ။ ဘာကြောင့်လဲဆိုတော့ လက် တင်အမေရိကရဲ့ ကလေးငယ်တွေကအဖြေကို စောင့်ကြည့်နေကြတယ်လေ။

ချီလီသမ္မတ ဘက်ရှလတ်က စတင်ခဲ့တဲ့ ဆင်းရဲတဲ့ မိသားစုတွေဆီက ကလေးငယ်တွေကို အခမဲ့ပညာရေးနဲ့ ကျန်းမာရေးစီမံပေးတဲ့ ကလေးသူငယ်ဖွံ့ဖြိုးရေးအစီအစဉ်ဟာ ခင်ဗျားတို့အတွက် ဖြစ်နိုင်ခြေရှိတဲ့ စံနမူနာပုံစံလား။

လုံးဝပဲ သေချာတာပေါ့ရှင်။ ဒါဟာ ဒီဒေသတစ်ခုလုံးအတွက် နမူနာမိုဒယ်ပါပဲ။ ဘတ်ရှလတ်ဟာ ကလေးဆရာဝန် တစ်ဦးဖြစ်ပြီး သင့်တော်တဲ့ အဟာရနဲ့ကျန်းမာရေးစောင့်ရှောက်မှု ရရှိရေး မွေးကင်းစကနေ ၆နှစ်အရွယ်ကြား ကလေးတွေအတွက် အရေးကြီးတယ်ဆိုတာ နားလည်သဘောပေါက်သူပါ။

ကိုလံဘီယာမှာ ကြီးပြင်းခဲ့ရခြင်းဟာ ဒီကိစ္စအပေါ် ခင်ဗျားရဲ့အမြင်တွေကို ဘယ်လိုများ သက်ရောက်မှုရှိခဲ့ ပါသလဲ။

ကံမကောင်းတာကတော့ လက်တင်အမေရိကဟာ ကမ္ဘာပေါ်မှာ မမျှတဆုံးဒေသတစ်ခုဖြစ်နေပါတယ်။ ဆင်းရဲသူ နဲ့ ချမ်းသာသူကြား ကွာဟချက်ဟာလည်း သိပ်ကြီးမားလွန်းပြီး၊ မွေးရာပါအခွင့်အရေးတစ်ရပ် ဖြစ်သင့်တဲ့ ပညာ ရေးဟာလည်း တချို့အတွက် ဇိမ်ခံပစ္စည်းလိုဖြစ်နေတယ်။ ကိုလံဘီယာလိုနိုင်ငံမျိုးမှာ ကြီးပြင်းခဲ့ရတဲ့ကလေးတွေ မှာ မွေးကတည်းက ဆင်းရဲတဲ့ ကလေးအများစုဟာ ဆင်းဆင်းရဲရဲနဲ့ပဲ သေသွားရမှာ။ ဒီတော့ ဒီကလေးတွေ အတွက် အဟာရနဲ့ ပညာရေးကို တွဲဖက်ထောက်ပံ့ခြင်းဟာ အနာဂတ်အတွက် အခွင့်အလမ်းသစ်တွေကို ပေးစွမ်းနိုင်မှာပါ။ ဗိုက်ဟောင်းလောင်းနဲ့တော့ ဘယ်ကလေးမှ ပညာသင်နိုင်မှာမဟုတ်ဘူးလေ။ ဘယ်ကလေး မှလည်း သူပုန်ဖြစ်ချင်တယ်၊ မူးယစ်ဆေးကုန်သည်ဖြစ်ချင်တယ်၊ ရာဇ၀တ်ကောင်ဖြစ်ချင်တယ်လို့ အိပ်မက် မမက်ကြဘူး။ အဆင်းရဲဆုံးနိုင်ငံတွေ၊မြို့တွေမှာနေကြတဲ့ ကလေးတွေကို သွားမေးရင်တောင်မှ ဆရာဝန်၊ သူနာပြု၊ မီးသတ်သမား၊ရှေ့နေ စသဖြင့်ဖြစ်ချင်ကြောင်း သူတို့ရဲ့အိပ်မက်တွေကို ရှင့်ကိုပြောပြကြမှာပါ။ အခုတော့ ဒီလူ့အဖွဲ့အစည်းကပဲ သူတို့လေးတွေရဲ့ အိပ်မက်နဲ့ စံပြသူရဲကောင်းတွေကို ဖျက်ဆီးနေတာပေါ့။

ဒီကိစ္စမှာ အစိုးရတွေဟာ ဘာကြောင့်မအောင်မြင်ရတာပါလဲ။

ယုံချင်ယုံ၊ မယုံချင်နေပါ။ အစိုးရတော်တော်များများမှာ ကလေးသူငယ်ဖွံ့ဖြိုးရေးအတွက် သီးသန့်လုပ်ကိုင်နေတဲ့ ဘယ်ကောင်စီ၊ ဘယ်ဌာနမှ မရှိပါဘူး ကျွန်မတို့မှာ ကလေးတိုင်း ကျောင်းအပ်နိုင်စေဖို့ အရင်းအမြစ်တွေရှိပြီး သားပါ။ ဒါ့ကြောင့် မေးချင်တာက ကမ္ဘာတစ်ဝန်းက ကလေးပေါင်း ၇၅သန်းဟာ ဘာ့ကြောင့်များပညာသင်ယူခွင့် မရတာလဲ။

ကျော်မျိုး

Ref: " Child Scared" by Jimmy Langman


No comments: