Friday, December 11, 2009

GO and Visit to Sittway

ပင်လယ်နားက မြို့စစ်တွေမှာ လာအနားယူပါ

စစ်တွေကို ရန်ကုန်က လေယာဉ်နဲ့လာတဲ့ အခါလေယာဉ်ပေါ်က ကြည့်လိုက်ရင် မြို့ပေါ်ကျွန်းတစ်ခုကို ရေတွေ ပတ်လည် ၀န်းရံနေတာ တွေ့မြင်ရပါလိမ့်မယ်။ လှပတဲ့ ပင်လယ်ကမ်းခြေကို ဖွေးဖွေးဖြူတဲ့ ရေလှိုင်းတွေ တရစပ်ရိုက်ခတ်နေတဲ့ မြင်ကွင်းကိုလည်း မျက်စိတစ်ဆုံးတွေ့မြင်ရမှာ ဖြစ်ပါတယ်။

ပင်လယ်နားက မြို့စစ်တွေ

၁၈၂၆ခုနှစ် နောက်ပိုင်းမှာ အင်္ဂလိပ်တွေက မြောက်ဦးကိုရခိုင်မြို့တော်အဖြစ်ကနေ စစ်တွေမြို့ကိုပြောင်းလဲခဲ့တယ်လို့ သိရပါတယ်။ စစ်တွေဟာမြန်မာနိုင်ငံရဲ့မြို့ကြီးဆယ်မြို့အနက်တစ်မြို့အပါအ၀င်လည်းဖြစ်ပါတယ်။

စစ်တွေမြို့ဟာ ကုလားတန်မြစ်နဲ့ ဘင်္ဂလားပင်လယ်အော်တို့ တွေ့ဆုံရာ ကမ်းနဖူးမှာတည်ရှိပြီး ပင်လယ်မျက်နှာပြင် အထက် ၁၅ပေအမြင့်မှာ ရှိပါတယ်။ ဧရိယာ စတုရန်းမိုင်ပေါင်း ၉၈.၄၂ရှိပြီး ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်တဲ့အတွက် ရေ လုပ်ငန်းကို အဓိကအသက်မွေးဝမ်းကျောင်းသလို ပင်လယ်ကူးသင်္ဘောကြီးတွေ ၀င်ထွက်၊ကပ်၊သွားလာနိုင်တဲ့ဒေသ တစ်ခုလည်းဖြစ်ပါတယ်။ စစ်တွေမြို့ဟာ မြောက်လတ္တီတွဒ် ၂၀ဒီဂရီ ၈မိနစ်နဲ့ အရှေ့လောင်ဂျီတွဒ်၉၂ဒီဂရီ ၅၅မိနစ်မှာ တည်ရှိပြီး နှစ်စဉ်မိုးရေချိန် လက်မ နှစ်ရာကျော်လောက်ရတာကြောင့် ရှေးအရင်မြို့တော်ဟောင်းမြောက်ဦးထက် အပူ အအေးမျှတပြီး စီးပွားကုန်သွယ်မှုအချက်အချာကျတာကြောင့် အင်္ဂလိပ်တွေက မြို့တော်အဖြစ် ပြောင်းလဲလိုက်တာလို့ သိရတယ်။

စစ်တွေကိုလာမယ်ဆိုရင်

ရန်ကုန်ကနေ စစ်တွေကို မြန်မာ့လေကြောင်း၊ အဲမန္တလေး၊အဲပုဂံနဲ့ ရန်ကုန်အဲဝေးလေကြောင်းတွေနဲက တစ်နာရီကြာ ခရီးကိုပျံသန်းလာနိုင်ပါတယ်။ ခရီးစရိတ်ကကျပ် လေးသောင်းခွဲနဲ့ ကျပ်ငါးသောင်းအထိရှိ ပြီးပုဂ္ဂိလိကလေကြောင်း ခရီးစရိတ်က ကျပ်ရှစ်သောင်းရှိပါတယ်။

လေယာဉ်စီးနင်းပျံသန်းလာတဲ့အခါ ရခိုင်ရိုးမတောင်အထပ်ထပ်တောအသွယ်သွယ် ပြင်ဖရုံကာကျွန်းစုလေးတွေနဲ့ ပင်လယ်အနီးနံဘေးက ကျွန်းလေးတွေကို မြင်တွေ့နိုင်ပါတယ်။

ကားလမ်းခရီးနဲ့လာမယ်ဆိုရင်တော့ ရန်ကုန်-စစ်တွေ ကားလမ်းတစ်လျှောက် ရန်ကုန်-အမ်း-မင်းပြား-မြောက်ဦး-ကျောက်တော်-ပုဏ္ဏားကျွန်း-စစ်တွေ အထိ ခရီးသည်တင် Expressကားတွေနဲ့လာနိုင်ပါတယ်။

ကားလမ်းတစ်လျှောက် ရခိုင်ရိုးမတောင်စွယ်တောင်တန်းအလှ၊စိုက်ပျိုးရေးလုပ်ငန်းတွေလုပ်ကိုင်ကြတဲ့ တောင်သူတွေရဲ့ စရိုက်ဓလေ့အပြင် မြောက်ဦး၊ ကျောက်တော်ကဲ့သို့ သမိုင်းဝင်ဘုရား၊ စေတီပုထိုးတွေကို ဖူးမြင်တွေ့ခွင့်လည်း ကြုံမှာဖြစ် ပါတယ်။

ရန်ကုန်ကလာတဲ့ ခရီးသည်အချို့ကတော့ ရန်ကုန်-ပြည်-တောင်ကုတ်ကားလမ်းကမှ တစ်ဆင့် တောင်ကုတ်-ကျောက်ဖြူ-စစ်တွေကို သင်္ဘောနဲ့ပဲ ဖြစ်ဖြစ် မလိခ၊မေခ အမြန်ရေယာဉ်နဲ့ပဲဖြစ်ဖြစ် လမ်းခရီးညအိပ်ခရီးစဉ်အတိုင်း လာကြတာတွေရှိ ပါတယ်။

တည်းခိုပြီးလျှောက်လည်မယ်

စစ်တွေကို ရောက်တုန်း စစ်တွေဟိုတယ်၊ Palace ဟိုတယ်၊ နိုဗဲလ်ဟိုတယ်၊ ရွှေသဇင်ဟိုတယ်စတဲ့ အဆင့်မြင့်ဟိုတယ်တွေ အပြင် မြ၊ Prince, Kiss, မာစီးဒီး စတဲ့ အဆင့်မြင့်တည်းခိုရိပ်သာတွေမှာလည်း သက်သောင့်သက်သာနဲ့တည်းခိုနိုင်ပါ တယ်။ မြို့ထဲလျှောက် လည်ပတ်ဖို့က သုံးဘီးဆိုင်ကယ်၊ဆလွန်းကားတွေရှိပါတယ်။ ရှုခင်းသာလမ်း၊ကမ်းနားလမ်း တစ် လျှောက်လှပတဲ့ ကစ္ဆပနဒီ မြစ်(ကုလားတန်မြစ်)ရဲ့သဘာဝဖြစ်စဉ်ကို မြင်တွေ့ရမှာဖြစ်ပါတယ်။

ဘုရားဖူးဖို့အတွက် အတုလမာရဇိန်သမိုင်းဝင်ပြည်လုံးချမ်းသာဘုရားကြီး၊ လက်ဝဲ သလုံးတော်ဓာတ်စေတီ၊ ကပ်ကျော် ရန်ပြေမာန်ပြေဗဟို ကိုးန၀င်းစေတီ၊ မဟာဇေယျ သိဒ္ဓိအဓိဋ္ဌာန် ဆရာတော် ဘုန်းကြီးကျောင်းတော်၊ လောကနန္ဒာစေတီနဲ့ မြောက်ဦးမြို့မှ ရေထဲကရှာတွေ့တဲ့ 'စင်္ကြံမုနိ'ဘုရားကိုလည်း ဖူးမြင်နိုင်သလို ရိုးရာနတ်သက်ဝင် ကိုးကွယ်တဲ့သူတွေ ရှေးက ပင်ယုံကြည်ကိုးကွယ်ကြရာ ဗုဒ္ဓမော်(မြို့ရှင်မ)နေရာကိုလည်း သွားလာနိုင်ပါတယ်။ ဗုဒ္ဓပြတိုက်နဲ့ ယဉ်ကျေးမှုပြတိုက် တွေမှာ ရခိုင်သမိုင်းကို လေ့လာနိုင်ပါတယ်။

စစ်တွေမြို့မဈေးကြီးကိုလည်ပတ်သွားလာနိုင်ပြီး နေ့စဉ်ရေလုပ်ငန်းနဲ့အသက်မွေးကြတဲ့သူတွေရဲ့ ဘ၀စရိုက်ကိုလည်း မြို့မဈေးနံဘေး ကုလားတန်မြစ်အတွင်းမှာ တွေ့နိုင်ပါတယ်။

ဘင်္ဂလားဒေ့ရှ်က နယ်စပ်ကုန်သွယ်ရေးနဲ့ မှာယူတင်သွင်းပြီး အထည်တွေရောင်းချတဲ့ မေယုဈေးမှာလည်း အ၀တ်အထည် တွေကို ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ စစ်တွေမြို့စွန်က ၀ါဘို၊ကံ့ကော်ကျွန်း၊သိန်းတန် စတဲ့ကျေးရွာတွေမှာ ရခိုင်ရိုးရာ အထည်ရက်လုပ်တဲ့ ရက်ကန်းလုပ်ငန်းတွေလည်း လေ့လာနိုင်ပါတယ်။

ပွိုင့်အငူမော် အပန်းဖြေစခန်း

စစ်တွေကို ရောက်ရှိလာတဲ့သူတိုင်း ပွိုင့်အငူမော်စခန်းကို မသွားဖြစ်ရင် စစ်တွေမြို့ရဲ့ အလှပဆုံးဖြစ်တဲ့နေရာကို မရောက် သေးဘူးလို့ ဒေသခံတွေက ပြောကြပါတယ်။ ဘင်္ဂလားပင်လယ်အော်နဲ့ ကုလားတန်မြစ်စတင်ဆုံဖြစ်ချိန်မှာ မတူညီတဲ့ မြစ်နဲ့ပင်လယ်တို့ရဲ့ စရိုက်သဘာဝနှစ်မျိုးကို ရင်သပ်ရှုမောကြည့်နိုင်ပြီး ပင်လယ်လေသန့်တွေကို ရှူရှိုက်နိုင်ပါတယ်။ သာယာလှပတဲ့ ပွိုင့်ကမ်းခြေတစ်လျှောက် ရေကူးသူ၊ဘောလုံးကစားသူတွေနဲ့ အနားယူအပန်းဖြေသူတွေကို အုပ်စုလိုက် မိသားစုအလိုက် တွေ့မြင်ရပါတယ်။ သဲသောင်ဖြူဖြူတွေကို လှိုင်းဖွေးဖွေးတွေက ကမ်းအထိရိုက်ပြီးနောက် ပြန်လှည့်ထွက် သွားကြတဲ့ မြင်ကွင်းတွေကို ကြည့်ပြီး ပင်လယ်စာတွေနဲ့ အုန်းရည်ချိုချို သောက်သုံးရင်း အနားယူနိုင်ပါတယ်။

ပုဇွန်စီရောင် လှပတဲ့ နေ၀င်ချိန်မှာ တံငါလှေတွေအိပ်တန်းပြန်ပုံကို ကြည့်ရှုရင်း အေးချမ်းစွာနဲ့ အပန်းဖြေအနားယူ စိတ်ကူး ယဉ်နိုင်ဖို့ စစ်တွေမြို့က ဖိတ်ခေါ်လိုက်ရပါတယ်။

ကဲ သူငယ်ချင်းတို့ရေ စစ်တွေကို သွားရအောင်လေ....။



--
With Love,
Alex

No comments: