Saturday, December 26, 2009

Talk about Health insurance

ဆေးဖိုးဝါးခ မပူရတဲ့ ကျန်းမာရေးအာမခံဆိုတာ

မြန်မာ့အာမခံလုပ်ငန်းမှ အထွေထွေမန်နေဂျာ ဒေါက်တာမောင်မောင်သိမ်းနှင့်တွေ့ဆုံခြင်း

ရန်ကုန်၊ ဒီဇင်ဘာ 15

မြန်မာနိုင်ငံမှာ ကျန်းမာရေးအာမခံနဲ့ပတ်သက်တဲ့ ဟောပြောပွဲ၊စာတမ်းဖတ်ပွဲတွေကိုပြုလုပ်နေပြီဖြစ်တယ်လို့ သိရပါ တယ်။ ကျန်းမာရေးအာမခံနဲ့ပတ်သက်လို့ မြန်မာ့အာမခံလုပ်ငန်းမှ အထွေထွေမန်နေဂျာ ဒေါက်တာမောင်မောင်သိမ်း နဲ့တွေ့ဆုံမေးမြန်းခဲ့တာတွေထဲက တချို့ကိုကောက်နုတ်ဖော်ပြလိုက်ပါတယ်။

မော်ဒန်။            ။ ကျန်းမာရေးအာမခံဟောပြောပွဲ၊စာတမ်းဖတ်ပွဲတွေကို ဘယ်အချိန်မှာ စလုပ်ပါလဲ။

ဒေါက်တာမောင်မောင်သိမ်း        ။ ကျန်းမာရေးအာမခံနဲ့ပတ်သက်လို့ ကျန်းမာရေးဝန်ကြီးဌာနက စိတ်ဝင်စားတာ မို့ ဆွေးနွေးပွဲလုပ်တာ သုံးလေးကြိမ်ပြီးသွားပြီ။ သည်နှစ်ထဲမှာပဲ ယူနီဆက် (UNICEF) ကကြီးကြပ်ပြီး လုပ်လို့ အောက်တိုဘာလထဲ မှာ နေပြည်တော်သွားပြီးဟောပြောခဲ့တယ်။ ဘဏ္ဍာအခွန်ဝန်ကြီးဌာနကလည်း စိတ်ဝင်စား လာတဲ့အတွက် နိုဝင်ဘာလ ထဲမှာ စာတမ်းဖတ်ပွဲလုပ်ခဲ့တယ်။

မော်     ။ ကျန်းမာရေးအာမခံဆိုတာ ဘာလဲသိပါရစေ။

သိမ်း    ။ ကမ္ဘာမှာ ကျန်းမာရေးအာမခံဆိုတာ သပ်သပ်ရှိတယ်။ ပင်မက နှစ်လိုင်းနဲ့သည်နှစ်လိုင်းကိုရောပြီး အာမခံ လုပ်ငန်းနဲ့ ကုမ္ပဏီတွေက ရောင်းတာမျိုးလည်းရှိတယ်။ အဓိကက မကျန်းမမာဖြစ်ခဲ့မယ်ဆိုရင် ကုန်ကျမယ့်ဆေးကု သစရိတ်ကို အာမခံက ပြန်ပေးတာ။ မကျန်းမာတဲ့သူအတွက် အလကားကုရသလိုဖြစ်သွားမယ်။ နောက်တစ်လိုင်းက ကျန်းမာရေးချို့ယွင်းသွားလို့ အလုပ်ဆက်မလုပ်နိုင်တော့ဘူးဆိုရင် ဒါမှမဟုတ် သေဆုံးသွားတယ်ဆိုရင် လျော်ကြေး အနေနဲ့တောင် အာမခံကပေးတယ်။ ကျန်းမာရေးအာမခံရှိလို့ အာမခံထားမယ်ဆိုရင် လူထုမှာဆေးဝါးကုသမှုအတွက် ဘာမှပူစရာမလိုတော့ဘူး။ ဥပမာ-ရောဂါ ငါးမျိုး၊ဆယ်မျိုး ကိုယ်တတ်နိုင်သလောက်ဝယ်ပြီး အာမခံထားနိုင်တဲ့အတိုင်း အတာပေါ်မူတည်တယ်။

မော်     ။ မြန်မာနိုင်ငံမှာ ကျန်းမာရေးအာမခံရှိပါသလား။

သိမ်း။    ။ ဆိုရှယ်လစ်ခေတ်တုန်းက မြန်မာမှာလုပ်ခဲ့ဖူးတယ်။ စိတ်ဝင်စားမှုနည်းတာ၊ ပြည်သူထဲကျယ်ကျယ်ပြန့်ပြန့် မဖြန့်ပေးနိုင်တာ၊ အာမခံကပေးတဲ့ အကျိုးခံစားခွင့်က နည်းတာစတာတွေကြောင့် မအောင်မြင်ခဲ့ဘူး။ လက်ရှိမှာ တကယ့်ကျန်းမာရေးအာမခံမရှိပေမဲ့ ကျန်းမာရေးအာမခံနဲ့ ခပ်ဆင်ဆင်တူတာတွေရှိတယ်။ ကိုယ်အင်္ဂါထိခိုက်မှု အာမခံနဲ့မြွေအာမခံနှစ်ခုပါ။ မြွေအာမခံမှာ သေသွားရင်လည်းလျော်ကြေးပေးတယ်။ ဆေးကုသစရိတ်လည်းပေးတယ်။ တခြားရောဂါနဲ့တော့ မရဘူး။ မြွေကိုက်ခံရမှ ရမယ်။ ကျန်းမာရေးအာမခံမှလည်း သည်လိုပါပဲ။ ကိုယ်တတ်နိုင်သ လောက် ၉၆ပါးရောဂါတွေထဲက များများဝယ်ပြီးထားနိုင်မယ်၊ ကိုယ်က မတတ်နိုင်ရင် ကင်ဆာရောဂါတစ်မျိုးထဲ အတွက်ပဲ ကျန်းမာရေးအာမခံဝယ်ထားမယ်ဆို ကင်ဆာနဲက ပတ်သက်ပြီးကုသစရိတ်နဲ့ မသန်မစွမ်းဖြစ်သွားမယ်၊ သေဆုံးသွားမယ်ဆိုရင် ထောက်ပံ့ကြေးနဲ့ လျော်ကြေးတွေ ရမှာဖြစ်တယ်။ ကျန်းမာရေးအာမခံရဲ့ပင်မလိုင်းနှစ်လိုင်း အောက်မှာ အာမခံလေးတွေ အများကြီးရှိလို့ ကျယ်ပြန့်ပါတယ်။

မော်     ။ ကျန်းမာရေးအာမခံရှိလာဖို့ဘယ်လိုလုပ်ရပါလဲ။

သိမ်း    ။ ကမ္ဘာနဲ့ရင်ဘောင်တန်းပြီး ကျန်းမာရေးအာမခံလုပ်ဖို့ဆိုတာ အချိန်ယူပြီး သုတေသနလုပ်ရမယ်။ နည်းပညာပိုင်း ဥပဒေပညာအပိုင်းနဲ့ ဆေးပညာရှင်တွေရဲ့ ကူညီပံ့ပိုးမှုအပိုင်းတွေ အများကြီးလိုတယ်။ လူထုအဖွဲ့အ စည်းလည်းပါဝင်ရမယ်။ အာဏာပိုင်အဖွဲ့အစည်းကလည်း ကူညီရမယ်။ ဒါမှ ကျန်းမာရေးအာမခံဆိုတာ ဖြစ်လာမှာ။ ပေါ့ပေါ့ဆဆလုပ်ရင် အရင်တစ်ခါလိုပဲပျက်သွားမယ်။ အများနဲ့ဆိုင်တဲ့ကိစ္စမို့ မြန်မာ့အာမခံလုပ်ငန်းတစ်ခုတည်း လုပ်ရင် ကွဲသွားမယ်။ အဓိကက လူတိုင်းတတ်နိုင်၊ ၀ယ်နိုင်တဲ့အာမခံဖြစ်ဖို့ လူများများဝယ်အောင် လုပ်နိုင်ဖို့လိုတယ်။

ကျန်းမာရေးအာမခံကို လက်တစ်ဆုပ်စာလူတစ်စုက ၀ယ်ထားလို့မဖြစ်ဘူး။ ၀ယ်တဲ့သူတွေအတွက် ကျန်းမာရေး အာမခံ ပရီမီယံကြေး တစ်နှစ်မှာထောင်ဂဏန်းလောက်ပဲပေးပြီး ပြန်ရမယ့်ကြေးက သိန်းနဲ့ချီရတာမျိုးဖြစ်စေဖို့အတွက် လူတိုင်းက၀ယ်မှဖြစ်မှာပါ။ ကျန်းမာရေး အာမခံရှိလာသည့်တိုင်အောင် ဆေးရုံ၊ဆေးခန်းတွေနဲ့ညှိနှိုင်းဖို့ လိုသေးတယ်။

မော်။     ။ ကျန်းမာရေးအာမခံလုပ်ငန်း အောင်မြင်ဖို့အတွက် ဘာကြောင့် ဆေးရုံ၊ဆေးခန်းတွေနဲ့ ညှိဖို့လိုတာပါလဲ။

သိမ်း။    ။ ကျန်းမာရေးအာမခံထားရှိတဲ့ လူတစ်ဦးက ရောဂါဖြစ်လို့ဆေးလာကုတဲ့အခါ ဆေးရုံ၊ ဆေးခန်းဘက်က ဥပမာ-ဆေးတစ်မျိုးတည်းနဲ့ကုလို့ရတဲ့ဟာကို ငါးမျိုးနဲ့ကုတာမျိုး၊ ဈေးသက်သာတဲ့ဆေးနဲ့ကုလို့ရတာကို ဈေးကြီးတဲ့ ဆေးနဲ့သုံးပြီးကုတာမျိုးလုပ်ပြီး ဆေးဝါးကုသမှု စရိတ်တွေနင်းကန်တင်တောင်းနေလို့ မဖြစ်တာကြောင့်ပါ။ ဆေးဖိုးဝါးခ ကုန်ကျစရိတ်ကို အာမခံကပေးရမှာဖြစ်လို့ မှန်ကန်မျှတတဲ့ ဆေးဖိုးဝါးခကိုပဲ ယူပေးဖို့ အာမခံလုပ်ငန်းကနေ ဆေးရုံ၊ ဆေးခန်းတွေကို ညှိဖို့လိုပါတယ်။ဆေးရုံ၊ ဆေးခန်းတွေဘက်က ကူညီပံ့ပိုးနိုင်ဖို့အတွက်ပါ။

မော်။     ။တခြားဖြည့်စွက်ပြောကြားချင်တာရှိရင် ပြောကြားပေးပါဦး။

သိမ်း    ။ တခြားနိုင်ငံတွေမှာလည်း ကျန်းမာရေးအာမခံက သိပ်မအောင်မြင်ကြဘူး။ ဥပမာ- အမေရိကန်မှာ သိပ်မ အောင်မြင်လို့ နောက်ဆုံးမှာ အိုဘားမားကနေ ကျန်းမာရေးအာမခံလုပ်တဲ့ ကုမ္ပဏီတွေကို ထောက်ပံ့ကြေးပေးတဲ့ အဆင့်ထိဖြစ်သွားတယ်။ အာမခံကုမ္ပဏီကို ၀ိုင်းပြီးမကူညီတဲ့အတွက် ကုမ္ပဏီက ရောင်းတာတော့ရောင်းပေးနေတယ်။ ၀ယ်တဲ့သူကနည်းတော့ ဈေးတွေက တက်လာတာပေါ့။ လူတိုင်းမ၀ယ်နိုင်ဘဲ သူဌေးတွေမှ ၀ယ်နိုင်မယ်ဆိုတော့ ကျန်းမာရေးအာမခံလုပ်ငန်း မအောင်မမြင်ဖြစ်ရတယ်။

မော်။     ။ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ဇင်သော်

Ref: မော်ဒန် သတင်းဂျာနယ် – အမှတ် ၁၈၉၊ ၁၈ ဒီဇင်ဘာ ၂၀၀၉၊ သောကြာနေ့။

You can also read it's at http://sinmyanmarguy.socialgo.com


No comments: