Monday, December 14, 2009

Oo Painn Bridge

မယ်ဇယ်ပင်ရိပ် ၊ ဦးပိန်တံတားနဲ့ တောင်သမန်

မန္တလေးတစ်ဝိုက်ကို အလည်အပတ်လာရောက်ကြတဲ့ နိုင်ငံခြားသား ဧည့်သည်တွေ အရောက်သွားကြတဲ့နေရာတစ်ခု ကတော့ အမရပူရတောင်သမန်ဖြစ်ပါတယ်။

တောင်သမန်ဟာ ရှုခင်းမြင်ကွင်း လှပပြီးအေးချမ်းသလို လည်ပတ်စရာကြည့်ရှုစရာတွေလည်းများတယ်။ အနားယူအပန်း ဖြေရင်း စားသောက်စရာဆိုင်တန်းနဲ့ မယ်ဇယ်ပင်တန်းလည်းရှိတဲ့အတွက် နိုင်ငံခြားသား ခရီးသည်တွေတင်မကဘဲ ပြည် တွင်းကဧည့်သည်တွေလည်း သွားလာလည်ပတ်ကြတဲ့နေရာတစ်ခု ဖြစ်ပါတယ်။ မန္တလေးမြို့သူ မြို့သားတွေလည်း မန္တလေးတောင်ဘက် ငါးမိုင်သာဝေးတဲ့ တောင်သမန်ကို အားလပ်ရက်မှာ အပန်းဖြေခရီးထွက်ကြတာ တွေ့ရတယ်။

ဦးပိန်တံတားနဲ့ တောင်သမန်

တောင်သမန်ရောက်ရင် ဦးပိန်တံတားကြီးနဲ့ မယ်ဇယ်ပင်တန်းတွေကို အထင်ကရတွေ့ရတယ်။ အမှတ်တရပစ္စည်း အရောင်းဆိုင်တွေနဲ့ မယ်ဇယ်ပင်တန်းတွေအောက်က စားသောက်ဆိုင်တန်းတွေဆီက ဧည့်ခေါ်သံတွေကိုလည်း ကြားရမှာပါ။ အမရပူရထွက် ရိုးရာချည်ထည်ပိုးထည်တွေက နာမည်ကြီးပါတယ်။ မယ်ဇယ်ပင်တန်းတွေရဲ့အောက်မှာ ရိုးရာချည်ထည်ဆိုင်တွေ ဖွင့်ထားတယ်။ ချည်ထည်တွေက ဒီဇိုင်းဆန်းသစ်ပြီး အရောင်အသွေးစုံလှတယ်။ တောင်သမန် အင်းကို အမှီပြုပြီးငါးဖမ်း အသက်မွေးနေကြသူတချို့ကိုလည်း ဟိုတစ်စု သည်တစ်စုတွေ့နေရတယ်။ အင်းရေပြင်စိမ်းစိမ်း က ကမ်းစပ်မှာ အပျော်စီးငှက်လှေတွေလည်း ဆိုက်ကပ်ထားပါတယ်။

ဦးပိန်တံတားကို ကုန်းဘောင်ခေတ်က ပုဂံမင်းလက်ထက်မှာ ဆောက်လုပ်ခဲ့တာဖြစ်တယ်။ အမရပူရမြို့စာရေး ဦးပိန်က ဦးစီးဆောက်လုပ်ခဲ့တာဖြစ်လို့ ဦးပိန်တံတားလို့ အမည်တွင်တယ်။ တောင်သမန်အင်းကို ဖြတ်ကူးထားတာကြောင့် တောင် သမန်တံတားလို့လည်း ခေါ်ကြတယ်။ တံတားဆောက်လုပ်ရာမှာ စစ်ကိုင်း၊အင်းဝနန်းတော်၊အိမ်တော်များက သစ်သား ဟောင်းများကိုသုံးပြီး အချိန်နှစ်နှစ်ကြာဆောက်လုပ်ခဲ့ကြတယ်။

တံတားကြီးကို ဆောက်လုပ်ခဲ့တဲ့ပညာရှင်တွေဟာ ခြေလှမ်းများနဲ့သာတိုင်းတာဆောက်လုပ်ခဲ့ကြတယ်လို့ ဆိုတယ်။ တံတားကြီးကို တစ်ဖြောင့်တည်းတစ်တန်းတည်းဆောက်လုပ်မထားဘဲ လှိုင်းဒဏ်လေဒဏ်ခံနိုင်ဖို့အတွက် ကွေ့ဝိုက်ပြီး ဆောက်လုပ်ထားတာဖြစ်တယ်လို့ သိရတယ်။ တံတားကြီးဟာ ပေ ၃၉၆၇ရှည်ပြီး အခန်းပေါင်း ၄၈၂ခန်းရှိ တယ်လို့ဆို တယ်။ တံတားဆောက်လုပ်ခဲ့တဲ့ တိုင်ပေါင်းကို 'န၀အဋ္ဌဇယမောင်ပိန်' ၉၈၄တိုင်ရှိတယ်လို့ မှတ်သားထားခဲ့ပါတယ်။ နောင်အခါ လူတို့သွားလာရင်း နားနေဖို့အတွက် ဇရပ်လေးဆောင် ဆောက်လုပ်ခဲ့ရာ တိုင်ပေါင်း ၁၀၈၆တိုင် ဖြစ်သွား ခဲ့တယ်လို့ဆိုတယ်။

ဒုတိယ ကမ္ဘာစစ်ကြီးပြီးစနှစ်က တောင်သမန်အင်း အဆမတန်ရေကြီးတာကြောင့် နစ်မြုပ်ပျက်စီးသွားတဲ့ တိုင်တွေနဲ့ အခန်းအချို့ကို အမရပူရအမတ် ဦးဘသီကပြန်လည် ပြင်ဆင်ခဲ့တယ်လို့သိရတယ်။ ၁၉၇၃ခုနှစ်မှာလည်း ရေကြီးပြန်ရာ လှိုင်းဒဏ်ကြောင့် တံတားကြီး ပျက်စီးသွားရာ မဟာဂန္ဓာရုံဆရာတော်ကြီးနဲ့ ဒေသခံတွေက ပြန်လည်ပြုပြင်ခဲ့တယ် လို့ဆိုတယ်။

မယ်ဇယ်ပင်တန်း

အရိပ်ကောင်းပြီး အေးမြလှတဲ့ မယ်ဇယ်ပင်တန်းတွေအောက်မှာ အနားယူအပန်းဖြေချင်တာကြောင့်လည်း တောင်သမန်ကို ခရီးသွားဧည့်သည်တွေ သွားကြတယ်။ မယ်ဇယ်ပင်တန်းအောက်မှာ အနားယူရင်း စားလို့ရတဲ့ စားသောက်ဆိုင်တန်း တွေရှိ တယ်။ ဆိုင်တွေမှာ ကြိမ်ထိုင်ခုံတွေကို သုံးထားတယ်။ တောင်သမန်က ငါးကြော်နဲ့ ပုဇွန်ကြော်တွေက နာမည်ကြီးတယ်။ ဧည့်သည်တွေလာမှ ကြော်ပေးတဲ့ ဘူးသီးကြော်၊ ပြောင်းဖူးကြော်၊အာလူးကြော်စတဲ့ အကြော်စုံတွေကလည်း ပူပူနွေးနွေးနဲ့ အရသာရှိလှတယ်။ တောင်သမန်အင်းထဲက အခုဖမ်း အခုချက်ချင်းရောင်းတဲ့ ငါး၊ပုစွန်တွေကိုဝယ်ပြီး ကြော်ခိုင်းလို့လည်းရ တယ်။ အုန်းစိမ်းရည်ကို ပင်လယ်ကမ်းခြေတွေမှာသာ သောက်လို့ရတာမဟုတ်ပါဘူး။ တောင်သမန်မှာလည်း အုန်းစိမ်းရည် သောက်ပြီး အနားယူလို့ရပါတယ်။

များပြားလှတဲ့ မယ်ဇယ်ပင်တွေကို စတင်စိုက်ပျိုးသူတို့မှာ ရေချမ်းဒကာ ဦးကြီး၊ဒေါ်အို၊သား ဦးပိုင်+ဒေါ်ညွန့်၊တူ ဦးရှင်၊ သား ဦးထွန်းတင်တို့ ဖြစ်ကြတယ်လို့ မှတ်တမ်းအရ သိရတယ်။ ယခင်က မယ်ဇယ်ပင်ပေါင်း ၁၀၃ပင်ရှိခဲ့ပေမဲ့ ယခုအခါ ၉၅ပင်သာရှိတော့တယ်။ အဲသည့်အပင်တွေကို ၁၈၇၅ခုနှစ် လောက်က စိုက်ပျိုးခဲ့တာဖြစ်တာကြောင့် နှစ်၁၀၀ကျော်ရှိပြီ လို့ဆိုတယ်။ မယ်ဇယ်ပွင့်ခြောက်ဟာ သွေးတိုးရောဂါ၊ အဆုတ်ရောဂါတွေကို ပျောက်ကင်းစေတယ်လို့ သိရတယ်။ ဒါ့အပြင် မယ်ဇယ်ပွင့်ခြောက်ကို ယိုထိုးပြီးလည်းစားကြတယ်လို့ဆိုတယ်။ အခြောက်လှန်းထားတဲ့ မယ်ဇယ်ပွင့်တွေဟာ ဆေးဖက်ဝင် တာကြောင့် တံတားကြီးပေါ်မှာ မဉ္ဇူသကနတ်ပန်းလို့လည်းပြောပြီး ရောင်းနေကြတာကိုတွေ့ရပါတယ်။

မဟာဂန္ဓာရုံ

ဦးပိန်တံတားပေါ်ကနေ အနောက်မြောက်ယွန်းယွန်းကို လှမ်းမျှော်ကြည့်လိုက်ရင် မဟာဂန္ဓာရုံကျောင်းတိုက်ကြီးကိုမြင် တွေ့ရပါတယ်။ ကျမ်းပြုဆရာတော် မဟာဂန္ဓာရုံ ဆရာတော်ကြီး အရှင်ဇနကာဘိဝံသ သီတင်းသုံးခဲ့တဲ့ သစ်သားကျောင်း ကလေးကို ပြတိုက်အဖြစ်ပြသထားတယ်။ ဆရာတော်ကြီး ကျမ်းပြုတဲ့ စားပွဲ၊အိပ်ရာ၊စင်္ကြံလမ်းကလေးတွေကိုကြည့်ပြီး ဆရာတော်ကြီးဟာ အလွန်အနေအထိုင် ရိုးသားတာ သိနိုင်ပါတယ်။

တောင်သမန်အင်းစောင်းမှာ ခမ်းနားတဲ့ အဆောက်အအုံကြီးတွေနဲ့ မဟာဂန္ဓာရုံမှာ စာပေ ပရိယတ္တိသင်ယူနေတဲ့ သံဃာ တော်ဦးရေ ထောင်နဲ့ချီပြီး ရှိတယ်။ အင်မတန်စည်းကမ်းစနစ်ကောင်းတယ်လို့ နာမည်ကျော်တဲ့ မဟာဂန္ဓာရုံမှာ သံဃာ တော်တွေ ဆွမ်းဘုဉ်းပေးပုံကို ဧည့်သည်တွေ တကူးတက လာရောက်ကြည်ညိုလေ့ရှိပါတယ်။

ဆွမ်းစားချိန်မှာ ဆွမ်း၊ဆွမ်းဟင်းတွေကို အိုးကြီးတွေနဲ့ထည့်ထားပြီး ဆွမ်းအလှူခံတဲ့ သံဃာတော်တွေက ညီညီညာညာ တန်းစီကာ အလှူခံတယ်။ သပိတ်ထဲကို ဧည့်သည်တွေကိုယ်တိုင် လောင်းလှူနိုင်တယ်။ နိုင်ငံခြားသားတွေက မဟာဂန္ဓာရုံ ဆွမ်းအလှူကို ဓာတ်ပုံ၊ဗီဒီယို မှတ်တမ်းတင်ရိုက်ကူးရင်း လာကြည့်လေ့ရှိတယ်။

တောင်မင်းကြီးဘုရား

ဦးပိန်တံတား အနောက်ထိပ်မှာ တောင်မင်းကြီးဘုရားရှိတယ်။ တောင်မင်းကြီးဘုရားဟာ တင်ပျဉ်ခွေပုံစံနဲ့ ကျောက်ဆင်း တုတော်ကြီးဖြစ်တယ်။ တောင်မင်းကြီးလို့ခေါ်တဲ့ ၀န်ကြီးအသည်းဝန် မဟာမင်းလှကျော်စွာက တည်ထားခဲ့တာဖြစ်လို့ တောင်မင်းကြီးဘုရားလို့ ဘွဲ့တော်တွင်တယ်။ ကျောက်ဆင်းတုတော်ကြီးကို စတင်တည်တုန်းက အမိုးအကာမရှိဘဲ နေပူထဲမှာ စံနေတော်မူတာကြောင့် နေပူခံကိုယ်တော်ကြီးလို့လည်း အမည်တွင်ပြန်တယ်။ တောင်သမန်သံတဲကို ရောက် လာတဲ့ သံအဖွဲ့ရဲ့မှတ်တမ်းထဲမှာ အီဂျစ်ပြည်နိုင်းမြစ်ဝှမ်းက ရုပ်တုကြီးတွေလိုပဲ အမရပူရမြို့တောင်သမန်အင်းစောင်းက ကြီးမားတဲ့ ရုပ်တုတော်ကြီးတစ်ဆူဟာ တောင်သမန်အင်းကြီးကို ပြုံးပြီးကြည့်ရှုနေတယ်လို့ ကမ္ဘာမှာ တခြားကြီးမားတဲ့ရုပ် တွေနဲ့ နှိုင်းပြီးရေးသားဖော်ပြထားတယ်လို့ဆိုတယ်။ ရှေးအခါက နေပူခံကိုယ်တော်ကြီးကို အမိုးအကာတန်ဆောင်း ပြုလုပ် ပါက အန္တာရယ်ကျရောက်တတ်တယ်လို့ အယူရှိတာကြောင့် မပြုလုပ်ဘဲ နေကြတယ်။ နောက်နှစ်ပေါင်းအတော်ကြာမှ အာရုံခံတန်ဆောင်းကြီး ဆောက်လုပ်အောင်မြင်ခဲ့ပြီး တောင်မင်းကြီးဘုရားလို့ အမည်တွင်လာတယ်လို့ သိရတယ်။

ကျောက်တော်ကြီး

ကျောက်တော်ကြီးဘုရားဟာ ဦးပိန်တံတား အရှေ့ဘက်ထိပ် တောင်သမန်ရွာမှာရှိတယ်။ ဘကြီးတော်မင်းတရားကြီး (စစ်ကိုင်းမင်း)က တင်ပျဉ်ခွေ စကျင်ကျောက်သားဆင်းတုတော်ကြီးကို ထုလုပ်ပြီး မဟာသကျရံသီဆင်းတုတော်လို့ ဘွဲ့တော်တွင်စေပြီး အင်းဝမြို့မှာ ကိုးကွယ်တော်မူခဲ့တယ်။ ပုဂံမင်းလက်ထက်မှာ မဟာသကျရံသီ ဆင်းတုတော်ရဲ့ အုတ်ပြာသာဒ်တွေဟာ ပျက်စီးယိုယွင်းနေလို့ ဒုဋ္ဌ၀တီမြစ်ရိုးမှတစ်ဆင့် တောင်သမန်အင်းဘက်ကို ရေကြောင်းနဲ့ပင့် ဆောင်စေခဲ့တယ်။ အမရပူရမြို့က တောင်သမန်ကမ်းထိပ်မှာ ဂန္ဓကုဋီ အုတ်ပြာသာဒ်ကြီးဆောက်လုပ်ပြီး မဟာသကျ ရံသီဆင်းတုတော်ကြီးကို ကိုးကွယ်ခဲ့ရာ တောင်သမန်ကျောက်တော်ကြီးဘုရားလို့ လူသိများလာတယ်။ ကျောက်တော်ကြီးဘုရားကို ပုဂံက ကျန်စစ်သားမင်းကြီး တည်ထားခဲ့တဲ့ အာနန္ဒာဘုရားလိုဏ်ပုံစံ တည်ထားတာဖြစ်တယ် လို့ဆိုတယ်။ ကျောက်တော်ကြီး ဘုရားမှာ မုခ်လေးမုခ်ရှိပြီး မုခ်တွေရဲ့ အ၀င် အ၀တွေမှာ နံရံဆေးရေးပန်းချီတွေကိုတွေ့ရ တယ်။ ကျောက်တော်ကြီးဘုရားရဲ့ မုခ်ပေါက်တိုင်းမှာရှိတဲ့ မနုဿီဟရုပ်တုတွေဟာ အချိုးအစားကျပြီး လှပတယ်လို့ ဆိုကြတယ်။ ကျောက်တော်ကြီးဘုရားအနီးမှာပဲ မြန်မာပြည်အထက်ပိုင်းရဲ့ တက္ကသိုလ်ဖြစ်တဲ့ ရတနာပုံတက္ကသိုလ် ရှိပါတယ်။

တောင်လေးလုံးကျောင်း

စာရေးဆရာ ကိုပညာ(အမရပူရ) (ရဟန်းဘွဲ့ ဦးပညာဇောတ) သီတင်းသုံးတဲ့နေရာဖြစ်တယ်။ အထက်မြန်မာပြည်က စာပေနဲ့ပတ်သတ်တဲ့ အခမ်းအနားတွေပြုလုပ်ရာနေရာ ဖြစ်ပါတယ်။

တောင်လေးလုံးကျောင်း ပရ၀ဏ်ထဲမှာ စာရေးဆရာတွေအတွက် အမှတ်တရသစ်ပင်တွေစိုက်ပြီး ကမ္ပည်းထိုးထားတယ်။ စာရေးဆရာ မဟာဆွေ၊ ညိုမြ၊မြသန်းတင့်၊ တက္ကသိုလ် မောင်စောလွင်စတဲ့ ဆရာတွေအတွက် ကမ္ပည်းကျောက်စာတွေက စိတ်ဝင်စားစရာ ဖြစ်ပါတယ်။

အေးရိပ်ဆာယာ

တောင်သမန်အင်းကိုရောက်ရင် ငှက်လှေစီးပြီး အင်းထဲမှာ အပန်းဖြေလို့ရတယ်။ ပန်းချီစိတ်ဝင်စားသူတွေ၊ဓာတ်ပုံဆရာ တွေလည်း တောင်သမန်အင်းရေပြင်ရဲ့အလှကို အမျိုးမျိုးမှတ်တမ်းတင်ကြတယ်။ မန္တလေးမြို့နဲ့လက်တစ်ကမ်းအကွာက အစားအသောက်စုံလင်ပြီး အေးအေးဆေးဆေး နားလိုသူတွေအတွက် နေရာကောင်းတစ်နေရာဖြစ်တဲ့ တောင်သမန်အင်း ဟာ အပန်းဖြေ အနားယူစရာကောင်းတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။

သမိုင်းကြောင်းပုံပြင်လေးတွေ ညနေစောင်းနေ၀င်ဆည်းဆာမှာ လွမ်းရိပ်ဝေချင်သူတွေ၊ မနက်ခင်းစောစော အင်းရေပြင်က ဖြတ်သန်းတိုက်ခတ်လာတဲ့ လေပြည်တွေကို ရှူရှိုက်ချင်သူတွေ တောင်သမန်ကို လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်ပါရစေ....။

You can also read at http://shwemintharlay.blogspot.com and http://sinmyanmarguy.socialgo.com



--
With Love,
Alex

No comments: