မေတ္တာတရားတို့၊ ကျေးဇူးတရားတို့ဆိုတာ
လုပ်ရပ်နဲ့ရုပ်ဝတ္ထု နည်းတာများတာ
ပဓာနမဟုတ်ပါဘူး။
သူထားတဲ့ စေတနာ
ကြီးမားရင် ကြီးမားသလောက်
ပမာဏလည်း ကြီးမားပါတယ်။
မြန်မာ့ဆိုရိုးစကားထဲမှာ ‘စိုတဲ့လက်မခြောက်စေရ’ လို့အဆိုရှိတယ်။ ‘စိုတယ်’ ဆိုတာ မေတ္တာတရား၊ ‘ခြောက်တယ်’ ဆိုတာ ဒေါသတရား ကို ရည်ညွှန်းတာပါ။
ဟုတ်ပါတယ်၊ မေတ္တာတရားတို့၊ ကျေးဇူးတရားတို့ဆိုတာ လုပ်ရပ်နဲ့ရုပ်ဝတ္ထု နည်းတာများတာ ပဓာနမဟုတ်ပါဘူး။ သူထားတဲ့ စေတနာ ကြီးမားရင် ကြီးမားသလောက် ပမာဏလည်း ကြီးမားပါတယ်။ ကျေးဇူးခံသူရဲ့ ကျေးဇူးသိမှုပမာဏ ကြီးမားရင်လည်း ကျေးဇူးပြုသူက သာမန်စေတနာကလေးပင် ဖြစ်ဦးတော့ ကြီးကျယ်မြင့်မြတ်သွားတာပါပဲ။
သာဝတ္ထိပြည်မှာ ‘ရာဓ’ ဆိုတဲ့ ပုဏ္ဏားကြီးဟာ လူ့လောကထဲမှာ ဆင်းရဲဒုက္ခရောက်တဲ့အတွက် ရဟန်းတော်များနေတဲ့ ကျောင်းတိုက်ကို သွားပြီး ပေါင်းရှင်း၊ တံမြက်လှည်း၊ ရေခပ်စတဲ့ ဝေယျာဝစ္စဆောင်ရွက်ရင်း ကျောင်းတိုက်အတွင်းမှာ မှီတင်းနေထိုင်ပါတယ်။ ရဟန်းတော် များကလည်း သူ့ကို စားစရာများ ပေးကမ်းချီးမြှောက်ပါတယ်။ သူက ရဟန်းပြုလိုတဲ့ဆန္ဒ ပြင်းပြပေမယ့် အဲဒီဆန္ဒကိုတော့ ဘယ်ရဟန်း တော်ကမှ လက်ခံကူညီမပေးဘူး။
ဒီကိစ္စကလည်း ၀ိနည်းစည်းကမ်းအရ တာဝန်က သိပ်ပေါ့လှတာမဟုတ်ဘူး။ ကိုယ်က ဆရာအဖြစ်နဲ့ လက်ခံပြီး ရဟန်းပြုပေးထားရင် သူ့ကို အနီးနေ (အန္တေ၀ါသိက)တပည့်အဖြစ်နဲ့ အစစ တာဝန်ယူစောင့်ရှောက်ရမှာ။ နေမကောင်း ထိုင်မသာ ဖြစ်ခဲ့ရင် သူ့ကိစ္စတွေကို အကုန်လုံး လုပ်ပေးရမယ့် ၀တ်တွေက အများကြီးဆိုတော့ သက်ကြီးရွယ်အိုကို တပည့်အဖြစ် မွေးရတာဟာ ကိုယ်က သူလုပ်ကျွေးပြုစု တာကို ခံရဖို့ထက် သူ့ကို ကိုယ်က လုပ်ကျွေြး့ပုစုရဖို့က ပိုပြီးသေချာနေတာကလား။ ပုဏ္ဏားကြီးဟာ သူ့အလိုဆန္ဒ မပြည့်ဝတဲ့အတွက် တဖြည်းဖြည်း စိတ်ညစ်ပြီး ပိန်ချုံးလာတယ်။
တစ်နေ့မှာ မြတ်စွာဘုရားရှင်နဲ့တွေ့တော့ အကျိုးအကြောင်း မေးမြန်းကြည့်တဲ့အခါ ပုဏ္ဏားကြီးက သူ့ရဲ့ဆန္ဒမပြည့်ဝပုံကို လျှောက်ထား တယ်။ ဒါနဲ့မြတ်စွာဘုရားရှင်က ရဟန်းသံဃာအားလုံးကို စုဝေးစေပြီး ‘ဒီပုဏ္ဏားကြီးပြုခဲ့တဲ့ ကျေးဇူးတရား ရှိခဲ့ဖူးတာကို ဘယ်ရဟန်းများ အောက်မေ့သတိရမိတာရှိသလဲ’ လို့မေးတော်မူပါတယ်။
အရှင်သာရိပုတ္တရာ မထေရ်မြတ်က 'တပည့်တော် ရာဇဂြိုဟ်မြို့ထဲမှာ ဆွမ်းခံသွားစဉ်က ဒီပုဏ္ဏားကြီးက ဆွမ်းတစ်ဇွန်း လောင်းလှူဖူးပါ တယ်။ အဲဒီကျေးဇူးတရားကို တပည့်တော် အောက်မေ့ သတိရပါတယ်ဘုရား' လို့လျှောက်ထားပါတယ်။ 'ဒီလိုဆို မိမိအပေါ် ကျေးဇူးပြုခဲ့ ဖူးသူကို ဒုက္ခကလွတ်မြောက်အောင် လုပ်မပေးသင့်ဘူးလား' လို့မိန့်ကြားတော့ 'မှန်လှပါ၊ တပည့်တော် ရဟန်းပြုပေးလိုက်ပါမယ်ဘုရား' လို့လျှောက်ထား တာဝန်ယူလိုက်ပါတယ်။ ရာဓပုဏ္ဏားကြီးလည်း ရာဓရဟန်းတော်ဖြစ်လာတယ်။
အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးလည်း ရာဓရဟန်းကို အနီးနေတပည့်အဖြစ် လက်ခံပြီး မိမိက အနီးကပ် ဆုံးမရတဲ့ ဥပဇ္ဈာယ်ဆရာ၊ နိဿရည်းဆရာဖြစ်လာတဲ့အတွက် စားဝတ်နေရေးအတွက်လည်း တာဝန်ယူစီမံပေးရတယ်။ ရဟန်းတော်များ ရှောင်သင့်တဲ့ကိစ္စ၊ ပြုလုပ် သင့်တဲ့ ကိစ္စများကိုလည်း ဆွမ်းခံသွားရာမှာ နောက်ပါရဟန်းအဖြစ် ခေါ်ဆောင်သွားပြီး အမြဲဆုံးမ ညွှန်ကြားပေးတယ်။ ရာဓရဟန်းတော် ဟာ ဆုံးမလွယ်ကူတဲ့ ပုဂ္ဂိုလ်ဖြစ်တာနဲ့အညီ မထေရ်မြတ် ဆုံးမသွန်သင်သမျှကို ဦးထိပ်ရွက်ခံ ယူပြီး လိုက်နာကျင့်သုံးတဲ့အတွက် မကြာ ခင် အာသဝေါကုန်ခန်းပြီး ရဟန္တာဖြစ်သွားပါတယ်။
မထေရ်မြတ်ကြီးက ရာဓရဟန်းနဲ့အတူ မြတ်စွာဘုရားထံ သွားရောက် ရှိခိုးကန်တော့တဲ့အခါ မြတ်စွာဘုရားက အတူနေတပည့်ရဲ့ အခြေ အနေကို မေးတော့ 'အလွန်ဆုံးမရ လွယ်ကူပါတယ်ဘုရား။ ဘယ်လိုအပြစ်မျိုးကိုပဲ ပြဆို ဆုံးမ ဆုံးမ မျက်နှာ တစ်ချက်မပျက်ဘဲ လေးစား နာယူပါတယ်' လို့ လျှောက်ထားပါတယ်။ 'ဒီလိုတပည့်မျိုး ရတယ်ဆိုရင် ဘယ်လောက်များများ လက်ခံနိုင်မလဲ' လို့မေးတော့ 'ဘယ်လောက်ပဲရရ လက်ခံပါမယ်ဘုရား' လို့ပြန်ကြား လျှောက်ထားပါတယ်။
အရှုင်သာရိပုတ္တရာ မထေရ်မြတ်ကြီးရဲ့ တစ်လုတ်စားဖူး သူ့ကျေးဇူး ကိုသိတတ်တဲ့စိတ်ထားကြောင့် ပါရမီရှင်ဖြစ်လျက် ဒုက္ခနဲ့အခက်အခဲ ကြုံတွေ့နေရတဲ့ရာဓပုဏ္ဏားကြီး ရဟန်းဘ၀ရရှိပြီး ကိလေသာအားလုံးချု့ပ်ငြိမ်းတဲ့ ရဟန္တာပုဂ္ဂိုလ်အဖြစ် ရောက်ခဲ့ရသလို ရာဓရဟန်းတော် ရဲ့ ဆရာသမားကျေးဇူးကိုသိပြီး ကျိုးနွံလေးစားမှုကြောင့် ဆရာရှင်ဖြစ်တဲ့ မထေရ်မြတ်ကြီးမှာလည်း 'ဒီလိုတပည့်မျိုးတွေသာဆိုရင် ဘယ် လောက်ပဲ လာလာ လက်ခံမယ်' ဆိုတဲ့မေတ္တာ၊ ကရုဏာစိတ်တွေပိုပြီး တိုးပွားလာစေတယ်လို့ ဆိုနိုင်ပါတယ်။
မထေရ်နှစ်ပါးတို့ရဲ့ စိုတဲ့လက်ကို တိုးလို့ စိုစေတဲ့ နှလုံးကောင်းစိတ်မြတ်များဟာ ကျေးဇူးပြု ကျေးဇူးခံ နှစ်ဦးနှစ်ဖက်တို့အတွက် အတုယူ အားကျစရာပါ။ဆရာတပည့်နှစ်ပါးတို့ရဲ့ ဖြစ်ရပ်ကိုကြည့်ပြီး မြတ်စွာဘုရားရှင်က တရားစကား ပြောကြားရာမှာတော့ -
"လောကမှာ အပြစ်ကိုကြည့်သူ နှစ်မျိုးရှိတယ်။ အများရှေ့မှာ ချွတ်ယွင်းချက်တွေဖော်ပြပြီး နှိပ်ကွပ်ဖို့အတွက် အပြစ်ကိုကြည့်သူဟာ ရန်ရှာသူနဲ့ အတူတူလိုဖြစ်လို့ နာခံရသူကို ကျိုးမဲ့ပြစ်ရ ဖြစ်စေတယ်။
မသိတာသိအောင်၊ မပြည့်တာ ပြည့်အောင် ခီးမြှောက်ပေးလိုက်တဲ့ စိတ်ထားနဲ့ သူ့ရဲ့ကြီးပွားတိုးတက်ရေးအတွက် အပြစ်ကိုကြည့်ပြီး ပြောဆိုဆုံးမသူဟာ ဖုံးနေတဲ့အရာကို ဖယ်ပြီး၊ မြုပ်ကွယ်နေတဲ့ရွှေအိုးကို ထုတ်ဖော်ပေးလိုက်သလိုဖြစ်လို့ ဒီလို ဆရာသမား (မိတ်ဆွေ သင်္ဂဟ)ရဲ့စကားကို နာခံရသူဟာ ပြစ်မဲ့ကျိုးရှိဖြစ်စေတဲ့အတွက် အရှုံးမရှိစေဘဲ အမြတ်သာရှိစေတယ်" ဆိုတဲ့အကြောင်း (ဓမ္မပဒဂါထာ ၇၆) ဆုံးမဟောကြားတော်မူပါတယ်။
အတုယူအားကျပြီး ပြစ်မဲ့ကျိုးရ ဖြစ်နိုင်ကြပါစေ။
ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း)
၁၂-၃-၂၀၀၇
အတွေးသစ်ဂျာနယ်

No comments:
Post a Comment