ထောင်ဘူးဝ တံခါးကနေ အပြင်ကိုခြေချမိတဲ့အခါ တပြိုင်နက် ဖြိုးဖြိုးဟာ သူ့လက်က အ၀တ်ထုပ်ကို သေချာကိုင်ပြီး အင်းစိန်တံတားအောက် အ၀တ်ဟောင်းဆိုင်တွေဆီ သုတ်ချေ တင်ပါတော့တယ်။
"လွတ်လူခေါ်တာနဲ့ အကျီအကောင်းတစ်စုံ သပ်သပ်ထုတ်ထားတယ်။ လွတ်လူက တစ်ရက် ကြိုခေါ်တော့ ကျမပြင်ဆင်ချိန်ရတယ်လေ။ နှစ်ကြီးသမားထဲက ကျမလုပ်ကိုင် ပေးတဲ့သူတွေက ကျမကို လွတ်ခါနီး
အ၀တ်ကောင်းလေးတွေ ပေးထားတယ်။ ကျန်တာတော့ အထဲမှာကျန်ခဲ့တဲ့ကျမလို ဘ၀တူတွေကို နည်းနည်းဝေပေးလိုက်တယ်။
နောက်ကျန်တာကို အပြင်ထွက်ထွက်ချင်း ရောင်းပြီးလမ်းစရိတ် လုပ်ဖို့ နည်းနည်း ယူလာခဲ့တယ် "လို့ အချိန်မတော် လမ်းလျှောက်မှုနဲ့ ထောင်ဒဏ် တလကျပြီး လွတ်လာတဲ့ ဖြိုးဖြိုးကပြောပါတယ်။ ဒါဟာသူတို့လို မိန်းကလေးတွေရဲ့ လတ်တလော ငွေရှာနည်း တစ်ခုပဲဖြစ်ပါတယ်။လက်ထဲမှ အ၀တ်နှစ်စုံလောက်ကို ရောင်းချပြီးရင်တော့ သူ့လိုဘ၀တူ သူငယ်ချင်းတွေ နဲ့အတူစုငှားနေတဲ့ ဆင်ခြေဖုန်း ရပ်ကွက်လေးကို မြို့ပတ်ရထား စီးပြန်ရမှာလို့ ပြောပါတယ်။ သူ့လို ခန္ဓာကိုယ်ကို အရင်းအနှီးလုပ်ပြီး ငွေရှာဖွေရတဲ့ မိန်းကလေးတွေ အတွက် မြို့စွန်ဆင်ခြေဖုန်း ရပ်ကွက်ကလေးတွေက ဘော်ဒါဆောင် အသေးစားတွေက သူနေ့ဘက် အနားယူဖို့အတွက် နေရာတစ်နေရာတော့ ပေးနိုင်ပါလိမ့်မယ်။
"မနက်ပိုင်းကနေ နေ့လည်အထိအိပ်ပြီးရင် ညနေဆို ကျမတို့မြို့ထဲ ပြန်ဆင်း လာကြတယ်။ လမ်းမပေါ်မှာထက် ကလပ်အသေးလေးတွေပေါ်တက်ပြီး ဖောက်သည်ရှာရတာက ပိုလုံခြုံတယ်။ ကလပ်တွေကရဲကို ပိုက်ဆံပေးပြီးသားလေ။
ကျမတို့ဘ၀က ဒီလိုပဲရဲရယ်၊ ထောင်ရယ်၊ ရောဂါရယ်နဲ့ အကုန်လုံးကြောက်ရင်းနဲ့ သေမဲ့နေ့ လက်ချိုး စောင့်နေရတာ" လို့မျက်လုံးမှေးမှေး အသားဖြူဖြူ နှာတံပေါ်ပေါ်နဲ့ တရုတ်သွေးစပ်တဲ့ မသီတာက ပြောပြပါတယ်။
ကုန်တင်ကားမောင်းတဲ့ ဖခင်ကြောင့် ငယ်ငယ်ကပြည့်စုံခဲ့ပေမဲ့ ကားမှောက်ပြီး အဖေခြေ ထောက်ဖြတ်လိုက်ရ ချိန်မှာတော့ အလုပ်မျိုးစုံ ၀င်လုပ်ရင်း အိမ်ထောင်ကျ၊ အိမ်ထောင်ကွဲပြီး ရရာအလုပ်ဝင်လုပ်ရာက ဒီပြည့်တန်ဆာ အလုပ်မှာကျင်လည်ခဲ့ရ တာလို့ သူကပြောပါတယ်။
"အမေကအညာက အဖေနဲ့အိမ်ထောင်ကျပြီး မြို့ကိုရောက်လာတာ။ ပထမတော့ အညာပြန်မလားစဉ်းစား သေးတယ်။ကျမတို့က မြို့မှာပဲကြီးလာတော့နယ်က အလုပ်တွေ ပြန်မလုပ်နိုင်ဘူး။ ကျမလား ရပ်ကွက်ထဲက လဘက်ရည်ဆိုင် ကုလား တစ်ယောက်နဲ့ ယူလိုက်သေးတယ်။
နောက်သားလေးတစ်ယောက် မွေးပြီး ဓလေ့စရိုက် မတူတော့ ကွဲသွားတယ်။ ကလေးလဲ ဆုံးသွားတယ်။ အညာဘက်က ကုန်တွေ ယူရောင်းသေးတယ်။ နောက်ရှုံးတာနဲ့ ရပ်လိုက်ပြီး ဒီအလုပ်ကို သူငယ်ချင်းက ခေါ်တာနဲ့ စမ်းလုပ်ရင်း လုပ်ဖြစ်သွားတာပေါ"့ လို့ သွားလေးပေါ်အောင် ရီရင်းမသီတာက ပြောပြခဲ့ပါတယ်။
သာမန်ဘွဲ့ရ မိန်းကလေးငယ်တွေတောင် အလုပ်အကိုင် အခွင့်အလမ်းများနည်းပါး နေတဲ့ ဒီနေ့ကာလမှာ လူနေမှု စရိတ်ကြီးမြင့်တာ ၊ ငွေရှာရခက်ခဲတာတွေဟာ ကိုယ့်ရဲ့မာန၊ ရပ်တည်မှုကို ငွေရှာရလွယ်ခြင်းနဲ့ လဲလှယ်ဖို့ နာရီမိနစ်နဲ့ အမျှတွန်းအားပေးနေသလိုပါပဲ။
အဲဒီလို ခက်ခဲတဲ့ စီးပွားရေး အခြေအနေမျိုးမှာ ကိုယ့်ပတ်ဝန်းကျင်က မိန်းကလေးတွေ အလှပြင်ဆိုင်မှာ လုပ်ဖို့ အနှိပ်ခန်းမှာလုပ်ဖို့ လူခေါ်ပေးတဲ့ပွဲစားတွေက စည်းရုံးခေါ်ဆောင်ရာနောက် တဖြည်းဖြည်း ပါသွားကြတာကို မြင်တွေ့နေရတယ်လို့ အဲလိုဆိုင်တွေ အနှိပ်ခန်းတွေမှာ လုပ်ကိုင်နေကြတဲ့ မိန်းကလေးတွေကပြော ပြပါတယ်။
လွန်ခဲ့တဲ့ နှစ်တွေအတွင်းမှာ ကာရာအိုကေခန်းမ၊ နိုက်ကလပ် အသေးစားများ ၊ အလှပြင်ခန်း အမည်ခံ အနှိပ်ခန်းများမှာ သိသာစွာတိုးပွားလာနေပြီး ဒီလုပ်ငန်းတွေက တရားမ၀င်သော်လည်း မြို့တိုင်း နေရာတိုင်းမှာရှိနေတာလည်း မြင်တွေ့သိရှိနေရပါတယ်။
ဒီလုပ်ငန်းတွေကို နယ်မြေတာဝန်ရှိသူများ ကိုယ်တိုင် လဘ်ယူကာ မျက်စိမှိတ် ထားခဲ့တာကြောင့် နယ်မြို့များမှ မိန်းကလေးငယ်များ၊ အနှိပ်ခန်း၊ ကာရာအိုကေခန်းတွေဆီ တဖွဲဖွဲရောက်ရှိလာနေတာ ကြားရမြင်နေရပါတယ်။ အလှပြင်ဆိုင် အမည်ခံထားပြီး အနှိပ်ခန်းလုပ်နေတဲ့ ဆိုင်ပေါင်း ထောင်နဲ့ချီရှိလာတာဟာ နှစ်အနည်းငယ် အတွင်းမှာပါ။ ရန်ကုန်မြို့မှာ လွန်ခဲ့တဲ့ လေး ငါးနှစ်ကနဲ့ နှိုင်းစာရင် အနှိပ်ခန်းအရေအတွက်ဟာ ၅ဆမှ ဆယ်ဆ၀န်းကျင် အထိတိုးပွားလာခဲ့တာပါ။ ရန်ကုန်တိုင်းတတိုင်းလုံးမှာ စာရင်းအတိအကျမရပေမယ့်လို့ မြို့နယ်တစ်မြို့နယ်အတွင်း တိုးတက်လာတဲ့ ကိန်းဂဏန်းများအရ အထက်က အဆလောက် တိုးပွားလာနေတယ်ဆိုတာကို ပြဆိုနေတာပါ။
ဥပမာအားဖြင့် ယခင်နှစ်နှစ်ခွဲက အနှိပ်ခန်း ၃၀ ကျော်သာရှိတဲ့ ကျောက်တံတားမြို့နယ်မှာ ယခုလက်ရှိ တစ်ရာကျော်ရှိနေတယ်လို့ ရ၀တ၊ မ၀တနဲ့ အကောက်အစားလုပ်နေတဲ့ ရဲတွေရဲ့ ပြောဆိုချက်အရ သိရှိနိုင်တာပါ။အနှိပ်ခန်းတွေ တိုးပွားလာတာနဲ့ အမျှလိုအပ်တဲ့ ငယ်ရွယ်သူ မိန်းကလေး ၀န်ထမ်းတွေကို နယ်မြို့တွေမှာ ရှာဖွေခေါ်ယူလာကြပါတယ်။ နယ်မြို့တွေမှာ အလုပ်အကိုင်အခွင့် အလမ်းရှားပါးခြင်း၊ စားဝတ်နေရေး ကြပ်တည်းခြင်းကြောင့် ၀န်ထမ်းရှာဖွေစုဆောင်းရတာ သိပ်အခက်အခဲမရှိဘူး လို့အနှိပ်ခန်း ပိုင်ရှင်တွေက ပြောပါတယ်။
စားဝတ်နေရေးကြောင့် ဒီဘ၀ကို မတတ်သာပဲရောက်ရှိ ခဲ့ရတဲ့ မိန်းကလေးတွေ ရှိသလို စိတ်အလိုလိုက်ပြီး မိမိရရှိတဲ့ ဘ၀အခြေအနေကို မရောင့်ရဲ မတင်းတိမ်နိုင် တာတွေကြောင့် ဘ၀ရေစုန်မျှောလိုက် နေတဲ့ အမျိုးသမီးငယ်တွေလည်း ရှိနေပါတယ်။ ဒီအချက်က အခြားသော ဖျားယောင်းသွေးဆောင်ခံရခြင်း တစ်ခုဖြစ်ပါတယ်။
"ကျမတို့က ပဲခူးဘက်ကပါ ။ အရင်ကတော့ မိဘတွေက မုန့်ဖိုထောင်တယ်။ နောက်စီးပွားကျလာတော့ ကျမတို့ သုံးဖြုန်းခဲ့တာတွေက အကျင့်ပါပြီး အသုံးစရိတ်လိုတာကိုရှာရင်း ဒီအလုပ်လုပ်ဖြစ်ခဲ့တယ်။ ရောဂါရှိမရှိ အရင်က စစ်မကြည့်မိဘူး။ စစ်လည်းမစစ်ချင်ဘူးလေ။ သိနေရင် ကျမစိတ်ဆင်းရဲမှာ မခံနိုင်ဘူး။ အခုတော့ ထောင် ထဲတစ်ခေါက်ရောက်တော့ တစ်နှစ်သမားတွေ ဆေးစစ်ရမယ်ဆိုလို့ စစ်ကြည့်မှ ရောဂါ ရှိတာသိတယ်။
ဒါကလည်း ကြိုတင်မျှော်လင့် ပြီးသားဆိုတော့ သိပ်မထူးဆန်းတော့ ပါဘူး။ တတ်နိုင်သလောက် မေ့ထားတယ်" လို့ ပြောရင်း သဲမာတစ်ယောက် သူ့လက်ထဲကသပွတ်တံနဲ့ မြေကြီးကို ၀ှက်ခြစ်လိုက်ပါတယ်။ ပြီးတော့သပွတ်တံမှာ ပါလာတဲ့ ဆံပင် အပိုင်းအပြတ် ကလေးတွေကို သေချာစုစည်းရင်းနဲ့
သူမက ဒါကျမတို့ လွတ်ရင် ရောင်းဖို့စုထားတဲ့ ဆံပင်တွေလေ။ အင်းစိန်ထောင်နားမှာတင် ဆံပင်ဝယ်တဲ့ဆိုင်တွေရှိတယ် လို့ ပြောပါတယ်။
ထောင်ကထုတ်ပေးတဲ့ ချည်သားအကျီ အဖြူရောင်ဖျော့ဖျော့နဲ့ သစ်ခေါက်ရောင် ဆိုးထားတဲ့ အညိုရောင် ချည်ထမီကို ၀တ်ထားတဲ့ သဲမာရဲ့ သွင်ပြင်က အပြင် လောကမှာ ကျင်လည် ကျက်စားစဉ်က အ၀တ်အစားနဲ့တော့ တစ်ခြားဆီကွာတယ်လို့ သူမကဖွင့်ဟပါတယ်။
ဒီအထဲမှာတော့ နှစ်ကြီးသမားတွေရဲ့ ဝေယာဝစ္စ တွေကိုလုပ်ပေးရင်း ထောင်ဝင်စာ အရေးတယူ လာတွေ့မဲ့သူ မရှိတဲ့သူမတို့ အတွက် တနေ့တာဝမ်းစာကို ရှာဖွေ စားသောက်နေရလေ့ရှိပါတယ်။အနှိပ်ခန်း အမည်ခံတဲ့အခန်းတွေက လာတဲ့ မာဆတ် သမလေးတွေကတော့ ညောင်းညာသူတွေကို တခါနှိပ်ရင် ကော်ဖီမစ်သုံးထုပ်နဲ့ သဲမာတို့ထက် အလုပ် ဖြစ်တာတော့ အမှန်ပါ။
"နာဂစ်ဖြစ်ပြီးနောက်ပိုင်း စီမံချက်ဆိုပြီးဖမ်းလာတဲ့ အထဲမှာ တော်တော်ငယ်တဲ့ မိန်းကလေးတွေပါလာတယ်။
ရုပ်ကလေးတွေက တော်တော် သနားကမားတွေပါတယ်။ ရောဂါလည်းမရသေးဘူး ။ဒါပေမဲ့သူတို့ကို မေးကြည့်တော့ အပြင်ရောက်လည်း ဒီအလုပ်ပဲ ပြန်လုပ်မယ်လို့ ပြောတာပဲ။ ကျမလုပ်သက် ၁၀နှစ်မှာ အများဆုံးတွေ့ရတဲ့ မျက်နှာတွေက ဒီလို သာ့တီးဒီ (၃၀ ဃ ပုဒ်မ) ပုဒ်မတွေပဲ။စိတ်မကောင်းပေမဲ့ ကိုယ်လို ၀န်ထမ်းတွေတောင် ရတဲ့လစာနဲ့ မလောက်တာ ဘာမှလုပ်မပေးနိုင်ဘူးလေ" လို့ အင်းစိန်ထောင်မှ အမျိုးသမီးထောင်ဝန်ထမ်းက ပြောပြပါတယ်။
ဝေါကနည်းရွာချလိုက်တဲ့ မိုးကိုမျက်မှောင်ကြုတ် ကြည့်ရင်း မှတ်တိုင်ရဲ့ အမိုးအောက်ကို တိုးဝင်လာတဲ့ မသီတာက
"မိုးရွာတဲ့မိုးတွင်းက ကျမတို့လို့လမ်းမှာပဲ ဖောက်သည်ရှာတဲ့ သူတွေအတွက် မကိုက်ဘူး။ ကလပ်ထဲမှာတော့ သူ့အချိတ်အဆက်နဲ့ သူဆိုတော့ဈေး ကောင်းရတယ်။ မရဘူးဆိုတောင် သောင်းဂဏန်း အထက်မှာရှိတယ်။ အပြင်မှာ ဆိုတော့ ရဲကိုလည်းရှောင်ရသေးတယ်။ အကြောက်ရဆုံးက ရဲခွေးလို့ ခေါ်တဲ့ ရဲသတင်းပေးတွေပဲ။
တစ်ချို့ဆို ရဲဘ၀ကနေ လာဘ်စားလို့ပြုတ်ပြီး ရဲသတင်းပေး လုပ်နေတာလေ။ သူတို့က တစ်ခါတလေ ရဲထက်တောင် ဆိုးသေးတယ်။ သတင်းပြန် မပို့အောင် သူတို့နဲ့ ညလိုက်အိပ်ပေးရတယ်။ ဒီနေ့ညတော့ ခြောက်ထောင်လောက် ရရင်လိုက်သွားမယ်" လို့သူမရဲ့ ဈေးကွက်အခြေအနေကို ရှင်းပြခဲ့ပါတယ်။
အခြားသော ရန်သူမျိုး တပါး
မသီတာတို့လို မိန်းကလေးတွေအတွက် နောက်ထပ် ရှောင်ရမဲ့ အထူးပုဂ္ဂိုလ်ကတော့ နယ်မြေဇိမ်ခေါင်းတွေပါ။ နယ်မြေတစ်ခုမှာ သူ့အပိုင်းအလိုက် ရဲကိုကျွေးမွေးပြီး ချိတ်ဆက်ပေါင်းထားတဲ့ ဇိမ်ခေါင်းတွေအဖို့ သူတို့ရဲ့ ဈေးကွက်ကို လာလုနိုင်မဲ့သူတွေကို ရဲကိုအသာလက်တို့ ပြီးဖြေရှင်းလေ့ရှိကြတယ်လို့ ပြောပြပါတယ်။
တရားရုံးရောက်ရင် တရားသူကြီးရဲ့ စီရင်ချက်ကို နယ်ထိန်းက ပြောင်းပေးနိုင်လို့ နယ်ထိန်းကလဲ ကျတော်တို့ ပူဇော်ပသရမဲ့ ပုဂ္ဂိုလ်ထဲက တပါးအပါအ၀င်ပေါ့လို့ ရဲစခန်းက ရိတ်လွှတ်လိုက်တဲ့ လေးကွက်ကြားဆံပင်ကို အသာပွတ်ရင်း မျက်စိမှေးမှေး ကိုမှေးသထက်မှေးအောင် လုပ်ရီရင်း ၀ူခုံးလို့ သူတို့လောကက နာမယ်ပေးထားတဲ့
လုပ်သက် ၈နှစ်မျှရှိသူက ပြောပြပါတယ်။
No comments:
Post a Comment