Sunday, May 5, 2019

Amazon Kindle Storeကနေ စာအုပ်တွေ ဘယ်လို ဝယ်မလဲ...

Amazon Kindle Storeကနေ စာအုပ်တွေ ဘယ်လို
ဝယ်မလဲ...


မနေ့က ပို့စ်ထဲမှာ Amazon Kindle အကြောင်းကို
အနည်းငယ်ပြောပြခဲ့ပြီး ဒီနေ့ပို့စ်မှာတော့
အကျယ်ရှင်းပြချင်ပါတယ်။ Amazon Kindle မှာ
စာအုပ်ဝယ်ချင်တဲ့သူတွေအတွက် အဆင်ပြေအောင်
လို့ပါ။

✍Amazon Kindle(ကင်းဒဲလ်) ဆိုတာ ဘာလဲ...✍

Amazon Kindle ဆိုတာကတော့ Amazon ဆိုတဲ့
အွန်လိုင်းအရောင်းအဝယ် ဝက်ဘ်ဆိုဒ်ကြီးက ထုတ်တဲ့
စာဖတ်Talet တစ်မျိုး ဖြစ်ပါတယ်။ Amazon Kindle
ဟာ အခြား Tablet တွေနဲ့ မတူပါဘူး။ သူက စာဖတ်
ဖို့ အဓိကထုတ်ထားတဲ့ Tablet ဖြစ်ပါတယ်။ အခြား
Entertainment Feature တွေ ဖြစ်တဲ့ ဗီဒီယိုကြည့်
တာတို့၊ ဂိမ်းဆော့တာတို့ ပါဝင်ပေမယ့် အဲ့ဒီအပိုင်းတွေ
မှုာ အခြား Tablet တွေလောက် Performance
မကောင်းတတ်ပါဘူး။ Amazon Kindle Tablet
တွေဟာ ဈေးလည်း သက်သာလေ့ရှိပါတယ်။
ဒေါ်လာ ၁၀၀ ဝန်းကျင်ဆိုရင် Amazon Kindle
ကောင်းကောင်း တစ်လုံးရပါတယ်။ အဲ့ဒီ Tablet
ဝယ်ပြီးရင်တော့ Tablet ပေါ်မှာ Kindle Store နဲ့
ချိတ်ပြီး စာအုပ်တွေ ကိုဝယ်ယူလို့ရပါတယ်။ (Visa
Card သို့မဟုတ် Master Card တော့ ရှိရပါမယ်။)

✍Amazon Kindle မဝယ်ချင်ဘူး။ ကိုယ့်မှာရှိတဲ့
iPad သို့မဟုတ် Android Tablet နဲ့ ရောဖတ်လို့
မရဘူးလား....✍

ရပါတယ်။ Amazon Kindle Store က Kindle
Ebook တွေကို ဝယ်ဖတ်ဖို့ဆိုတာ Kindle Tablet
ရှိမှ မဟုတ်ပါဘူး။ ကိုယ့်မှာ ရှိပြီးသား iPad, iPhone,
Android Phone, Android Tablet နဲ့လည်း ဖတ်လို့
ရပါတယ်။ အရင်ဆုံး ကိုယ့်ရဲ့ iPad သို့မဟုတ် Tablet
ပေါ်ကနေ Kindle App ကို ဒေါင်းလုပ်လုပ်ထားပါ။
App Store or Google Play Store မှာ အလွယ်
တကူ ရှာလို့ရပါတယ်။ ဒေါင်းလုပ်လုပ်ပြီးသွားရင်
ဘာမှ မလုပ်ပဲ ခဏထားလိုက်ပါ။

ပြီးတာနဲ့ ကိုယ့် iPad သို့မဟုတ် Tablet ရဲ့ Web
Browser ကို ဖွင့်ပါ။ (ကွန်ပျူတာပေါ်မှာ လုပ်ချင်
လည်း ရပါတယ်။) https://www.amazon.com
မှာ Sign Up လုပ်ပါ။ ပြီးရင် Payment Method
မှာ ကိုယ့်ရဲ့ Visa Card အချက်အလက်တွေထည့်
ပါ။ အကောင့်ဖွင့်တာ အောင်မြင်သွားပြီဆိုရင်
စာအုပ်တွေ စဝယ်လို့ရပါပြီ။
www.amazon.com/Kindle-eBooks/ ကိုသွားပြီး
Kindle Ebook တွေ ဝယ်လို့ရပါတယ်။ တစ်အုပ်
ဝယ်ပြီးသွားပြီဆိုပါစို့။

အဲ့ဒီအချိန်မှာ အစောပိုင်းက ဒေါင်းလုပ်လုပ်ထား
တဲ့ Kindle App ကို ဖွင့်လိုက်ပါ။ Sign In လုပ်
ခိုင်းပါလိမ့်မယ်။ ကိုယ်ဖွင့်ထားတဲ့ Amazon Account
နဲ့ Sign In လုပ်လိုက်ပါ။ အဲ့ဒီ App ထဲမှာ ကိုယ်ဝယ်
ထားတဲ့ Ebook လေး အလိုလို ရောက်နေပါလိမ့်မယ်။
App ထဲကနေ တိုက်ရိုက်တော့ Ebook တွေကို ဝယ်လို့
မရပါဘူး။ Sample ပဲ ဒေါင်းလုပ်လုပ်လို့ရပါတယ်။
Ebook ဝယ်ချင်တဲ့အခါတိုင်း Browser ကနေ Sign
In လုပ်ပြီး သွားဝယ်ရပါလိမ့်မယ်။ ပြီးမှ App ထဲမှာ
အလိုလို လာပေါ်နေမှာ ဖြစ်ပါတယ်။ ဒါဟာ Amazon
က ထုတ်တဲ့ Kindle Tablet ကို မသုံးခြင်းရဲ့ အားနည်း
ချက်ပါ။


✍Amazon မှာ တွေ့ရမယ့် စာအုပ် Version များ✍

Amazon ဝက်ဘ်ဆိုဒ်မှာ စာအုပ်တွေကို Format
၅ မျိုးလောက်နဲ့ ရောင်းလေ့ရှိပါတယ်။ Kindle,
Audible Audiobook, Hardcover, Paperback,
Audio CD စသဖြင့်ရောင်းချလေ့ရှိပါတယ်။ Kindle
ဆိုတာကတော့ ကျွန်တော်အပေါ်မှာ ရှင်းပြသွားပြီး
ပါပြီ။ Digital Version Ebook တစ်မျိုး ဖြစ်ပါတယ်။
Audible Audiobook ဆိုတာကတော့ အသံစာအုပ်
ဖြစ်ပါတယ်။ မျက်လုံးနဲ့ စာမဖတ်ချင်ပဲ နားနဲ့ပဲ နား
ထောင်ချင်သူတွေအတွက် ဖြစ်ပါတယ်။ Hardcover
ဆိုတာကတော့ စာအုပ်အဖုံးမှာ အမာကြီးတွေနဲ့
ကောင်းကောင်းချုပ်ထားတဲ့ စာအုပ်တွေဖြစ်ပါတယ်။
Paperback ဆိုတာကတော့ မြန်မာနိုင်ငံမှာ အတွေ့
ရ အများဆုံးစာအုပ်တွေ ဖြစ်ပါတယ်။ ကျွန်တော်
ထွက်ပြီးတဲ့စာအုပ်တွေ အားလုံးဟာ Paperback
ထဲမှာ ပါဝင်ပါတယ်။ Audio CD ဆိုတာကတော့
CD ချပ်ဖြစ်ပါတယ်။ Hardcover, Paperback နဲ့
Audio CD ကို ဝယ်ရင်တော့ အကုန်အကျများပါ
လိမ့်မယ်။ မြန်မာနိုင်ငံကို Shipping ရောက်ဖို့ဆိုရင်
ပိုက်ဆံတွေ အများကြီးထပ်ပေးရပါတယ်။ အကုန်
ခံနိုင်တယ်ဆိုရင်တော့သင့်သဘောပါ။ ကျွန်တော်
တော့ တစ်ခါမှ မဝယ်ဖူးပါဘူး။ ကျွန်တော်ကတော့
Kindle Version ပဲ ဝယ်ဖတ်ပါတယ်။ Kindle
Version က Hardcover တို့ Paperback တို့ထက်
လည်းဈေးသက်သာလေ့ရှိပါတယ်။


✍Kindle Version မှာ ဈေးအရမ်းကြီးနေရင် ဘယ်လို
လုပ်မလဲ...✍

စာအုပ်တစ်အုပ် မဝယ်ခင်မှာ Sample ကို အရင်
ဒေါင်းလုပ်လုပ်ပါ။ Kindle App ထဲမှာ Search Box
လေးပါပါတယ်။ အဲ့ဒီမှာ ကိုယ်လိုချင်တဲ့စာအုပ်အမည်
ကို ရိုက်ရှာကြည့်ပါ။ Sample တွေ ကျလာပါလိမ့်မယ်။
အချို့ Sample တွေက စာအုပ်ရဲ့ ပထမ ၂ခန်းလောက်
အထိ ပြသထားပါတယ်။ ကြိုက်တယ်ဆိုမှ ဝယ်လို့ရပါ
တယ်။ ဒါပေမယ့် အချို့ Sample တွေက အရမ်းတိုပါ
တယ်။ အဲ့ဒီမှာ ဒုက္ခရောက်တတ်ပါတယ်။ စာအုပ်က
လည်း 15$ လောက်ဖြစ်နေတယ်။ မြန်မာငွေ ၂သောင်း
ကျော် လောက်ဖြစ်နေပြီး Sample ကလည်း နည်းနေရင်
စဉ်းစားရ ကြပ်တတ်ပါတယ်။ သူများနိုင်ငံသားတွေ
အတွက် 15$ ဟာ ဈေးမကြီးပေမယ့် ကျွန်တော်တို့
အတွက်တော့ စဉ်းစားရမယ့် ပမာဏဖြစ်နေတတ်ပါ
တယ်။ စာအုပ်က ဝယ်ပြီးမှ မကောင်းရင် ဒုက္ခဆိုပြီး
တွေးတတ်ကြပါတယ်။ အဲ့ဒီလို အခြေအနေမျိုးမှာ
ကျွန်တော်ကတော့ ဒီလို ဖြေရှင်းပါတယ်။ အဲ့ဒီ စာအုပ်
ကို Google မှာ Free Download ရှာကြည့်ပါတယ်။
သို့မဟုတ် Ebook တွေ တင်ပေးတဲ့ ဝက်ဘ်ဆိုဒ်
တွေမှာ ရှာကြည့်ပါတယ်။ အဲ့ဒီလို အရင်ဖတ်ပြီး
ကောင်းတယ်၊ ကြိုက်တယ်၊ အခန်း(၂) လောက်
အထိ မိုက်တယ်ဆိုရင် Amazon မှာ ဝယ်လိုက်ပါ
တယ်။ Free Ebook ရလိုက်တယ်ဆိုပေမယ့်
ကိုယ်ကြိုက်တဲ့ စာအုပ်ကို ဝယ်ဖတ်တာက ပိုကောင်း
ပါတယ်။ ပိုပြီးလည်း တန်ဖိုးထားဖြစ်ပါတယ်။ စာရေး
သူကိုလည်း အထောက်အပံ့ပေးရာရောက်ပါတယ်။
အရင်တုန်းက ကျွန်တော်လည်း Free Ebook တွေ
ရှာဒေါင်းပါတယ်။ Free Ebook က ပိုက်ဆံ မကုန်
တာ မှန်ပါတယ်။ ဒါပေမယ့် အလေးထားမိဖို့လည်း
မလွယ်ပါဘူး။ အလကားရထားတော့ သိပ်တန်ဖိုး
မထားဖြစ်ပါဘူး။ ၅ ဒေါ်လာလောက်ပေးပြီး Amazon
Kindle မှာ ဝယ်ဖတ်ကြည့်ပါ။ Free စာအုပ်ထက်ပိုပြီး
အလေးထားမိလာပါလိမ့်မယ်။ အဲ့ဒီစာအုပ်ကိုဖတ်ဖြစ်
ဖို့လည်း ရာခိုင်နှုန်းပိုများပါတယ်။ ကိုယ့်လစာ သို့မဟုတ်
မုန့်ဖိုးထဲက ဖဲ့ဝယ်ထားရတာ ဖြစ်တဲ့အတွက် ပိုပြီး
တန်ဖိုးထားမိလာပါလိမ့်မယ်။

#မိုးရှင်း (I.M.T)

အင်္ဂလိပ်စာအုပ်တွေ ဖတ်ချင်တဲ့ Beginner များအတွက်...


ဒီပို့စ်က Beginner တွေအတွက် ဖြစ်ပါတယ်။ အင်္ဂလိပ်
စာအုပ်တွေ ဖတ်ချင်ပေမယ့် ဖတ်တိုင်း နားမလည်လို့
စိတ်ဓာတ်ကျနေသူတွေ ရှိမှာပါ။ ကျွန်တော်ကိုယ်တိုင်
လည်း ဖြစ်ခဲ့ဖူးပါတယ်။ စာအုပ်အဟောင်းတန်းက
အင်္ဂလိပ်ဝတ္ထုကြီးတွေ ဝယ်လာပြီး စဖတ်တော့မှ
တစ်မျက်နှာက မတက်တာ ဖြစ်ခဲ့ဖူးပါတယ်။ ဒီတော့
အင်္ဂလိပ်စာအုပ်တွေကို ဘယ်လိုဖတ်မလဲ...ကျွန်တော့်
အတွက် အသုံးဝင်ခဲ့တဲ့ အကြံပြုချက်များကို ဖော်ပြ
ပေးလိုက်ပါတယ်။

(၁) ခက်တာတွေက မစနဲ့။

စဖတ်စအချိန်မှာ အဟောင်းတန်းက ဝတ္ထုကြီးတွေနဲ့
မစပါနဲ့။ စိတ်ဓာတ်ကျသွားပါလိမ့်မယ်။ လွယ်တဲ့စာအုပ်
လေးတွေနဲ့စပါ။ ကလေးစာအုပ်တွေ ဖတ်ပါ။ ကလေး
စာအုပ်အဆင့်ဖတ်ရတာကို မရှက်ပါနဲ့။ ကိုယ့်မိခင်
ဘာသာစကားမဟုတ်တဲ့အတွက် ကလေးလိုပဲ သင်ယူ
ရမှာ ဖြစ်ပါတယ်။ ကလေးဖတ်တဲ့ ပုံပြင်စာအုပ်လေး
တွေ ဖတ်ပါ။ BC Library မှာတော့ ကိုယ့် Level နဲ့
ကိုက်တဲ့ စာအုပ်တွေကို ဖတ်နိုင်ဖို့ စာအုပ်စင်တွေမှာ
Level တွေ ကပ်ပေးထားပါတာတွေ့ခဲ့ဖူးတယ်။ အဲ့ဒါ
မျိုးဆိုရင်တော့ စာအုပ်ရှာရတာ ပိုကောင်းပါတယ်။

(၂) အင်္ဂလိပ်-မြန်မာ နှစ်ဘာသာနဲ့ရေးထားတာတွေ
မဖတ်နဲ့။

ဒီအကြံပေးချက်ကိုတော့ လက်မခံချင်သူတွေလည်း
ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမယ့်ကျွန်တော်ကတော့
အဲ့ဒီလို စာအုပ်မျိုးတွေ မဖတ်စေချင်ပါဘူး။ အကြောင်း
ကတော့ အဲ့ဒီလိုစာအုပ်မျိုးတွေ ဖတ်ရင် လွယ်တဲ့
မြန်မာလိုရေးထားတဲ့အပိုင်းကို အရင်ဖတ်လေ့ရှိကြ
ပါတယ်။ မြန်မာလိုဖတ်ပြီးရင် အင်္ဂလိပ်လို ပြန်ဖတ်
မယ်လို့ စဉ်းစားထားပေမယ့် တကယ်တမ်းမှာ အင်္ဂလိပ်
လိုရေးထားတာကို ပြန်မဖတ်မိကြပါဘူး။

(၃) မသိတဲ့ စကားလုံးတွေ့တိုင်း Dictionary မကြည့်နဲ့။

မသိတဲ့ စကားလုံးတွေ့တိုင်း Dictionary မကြည့်ပါနဲ့။
စကားလုံး တစ်လုံးရဲ့ အဓိပ္ပါယ်ကို မသိပေမယ့် အဲ့ဒီ
စကားလုံးရဲ့ ရှေ့မှာပါတဲ့ ဝါကျ၊ နောက်မှပါတဲ့ ဝါကျ၊
ဖတ်နေတဲ့ စာအုပ်ရဲ့အကြောင်းအရာ စတာတွေကို
စဉ်းစားလိုက်ရင် အဲ့ဒီမသိတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်
ကို ခန့်မှန်းလို့ ရတတ်ပါတယ်။ ခန့်မှန်းပြီး ဆက်ဖတ်
လို့ အဆင်ပြေရင် ဆက်ဖတ်ပါ။ မဖြစ်မနေ Dictionary
ကြည့်မှ ဆက်ဖတ်လို့ ရမယ့် စကားလုံးမျိုး ဆိုရင်
တော့ Dictionary ကြည့်ပါ။ အကယ်ရွေ့ မသိတဲ့
စကားလုံး မှန်သမျှ Dictionary လှန်ကြည့်နေရင်
စာဖတ်ခြင်းဆိုတဲ့ အရသာပျောက်သွားပြီး စကားလုံး
အသစ်ရှာဖွေရေး လုပ်သလို ဖြစ်နေပါလိမ့်မယ်။
စာဖတ်တာ များလာတဲ့အခါ စာဖတ်ရတာ ပျော်လာ
ပြီး စကားလုံး အသစ်တွေလည်း သိလာပါလိမ့်မယ်။

(၄) စာအုပ်တွေကို ဝယ်ဖတ်ပါ။

စာအုပ်တွေ ဝယ်ဖတ်ပါလို့ ပြောတာ အကြောင်းရှိပါ
တယ်။ ကျွန်တော်တို့ လူသားအများစုက ပိုက်ဆံပေး
လိုက်ရတာကို ပိုပြီးတန်ဖိုးထားလေ့ရှိပါတယ်။ ဥပမာ
PDF တွေ အုပ်ရေ ၅၀၀၀ လောက် သူငယ်ချင်း
တစ်ယောက်ဆီက ကူးလာတယ်ဆိုပါစို့။ ကိုယ့်မှာရှိတဲ့
ဖုန်း သို့မဟုတ် Tablet ထဲကို စာအုပ် ၅၀၀၀ ကူးထည့်
လိုက်တယ်။ ဒါပေမယ့် စာအုပ်စဖတ်ဖို့ ရွေးတဲ့အခါ
တော်တော်လေး ဒုက္ခရောက်ပါလိမ့်မယ်။ ကျွန်တော်
သင်္ဘောသားဘဝက Hard Disk ထဲမှာ PDF စာအုပ်
တွေ အများကြီးပါသွားပါတယ်။ ဒါပေမယ့် တကယ်တမ်း
ဖတ်ဖို့ ရွေးတဲ့အခါ ဘာဖတ်လို့ ဖတ်ရမှန်းမသိပါဘူး။
တစ်အုပ်ကို တစ်ရွက်နှစ်ရွက်ဖတ်လိုက်၊ နောက်တစ်အုပ်
ပြောင်းလိုက်၊ နောက်ဆုံး ဘာမှ မဖတ်ဖြစ်တော့ပါဘူး။
အလကားရထားတဲ့ PDF တွေ ဖြစ်တဲ့အတွက် မဖတ်
ဖြစ်ရင် ဘာမှ ဆုံးရှုံးသလို မခံစားရပါဘူး။

ဒါပေမယ့်လွန်ခဲ့တဲ့ ၄နှစ် လောက်က စပြီး Free PDF တွေ
မဖတ်ဖြစ်တော့ပါဘူး။ မြန်မာလိုရေးထားတဲ့ စာအုပ်
တွေဆိုရင် အပြင်မှာ ဝယ်ဖတ်တယ်။ အင်္ဂလိပ်လိုရေး
ထားတဲ့ စာအုပ်တွေဆိုရင် Amazon မှာ Kindle
Version ဝယ်ဖတ်တယ်။ Visa card ရှိရင် Amazon
မှာ Kindle Version တွေ အလွယ်တကူဝယ်လို့ရပါ
တယ်။ Kindle App ကို Android မှာရော iOS မှာရော
ထည့်သွင်းလို့ရပါတယ်။ ပြီးရင် ကိုယ်က ကွန်ပြူတာ
ပေါ်မှာ သို့မဟုတ် ဖုန်း Browser ပေါ်မှာ Amazon
အကောင့်နဲ့ Sign In ဝယ်ပြီး စာအုပ်ဝယ်လို့ရပါတယ်။
ဝယ်ထားတဲ့ စာအုပ်က ကိုယ့် Kindle App ရှိတဲ့
ဖုန်း သို့မဟုတ် Tablet ပေါ်ကို အလိုလို ရောက်လာ
ပါလိမ့်မယ်။ ပိုက်ဆံနဲ့ ပေးဝယ်ထားရတဲ့ စာအုပ်တွေ
ဖြစ်တဲ့အတွက် ပြီးအောင် ဖတ်ဖြစ်ပါတယ်။


ဒါကြောင့်အင်္ဂလိပ်စာအုပ်ပဲ ဖြစ်ဖြစ်၊ မြန်မာစာအုပ်ပဲ
ဖြစ်ဖြစ်၊စာတကယ်ဖတ်ဖြစ်ချင်ရင် ဝယ်ဖတ်ပါ။ စာအုပ်
တွေတစ်ပုံတစ်ပင်ကြီး ဝယ်တာထက် ကိုယ်ဖတ်နိုင်မယ့်
ပမာဏလောက်ကို အရင်ဝယ်ပြီးဖတ်တာ ပိုကောင်း
ပါတယ်။ ဥပမာ ကိုယ်က ၅ အုပ်ဝယ်ထားပြီးရင် အဲ့ဒီ
၅ အုပ်ကို အရင်ဖတ်ပြီးမှ နောက်ထပ် ဝယ်တာမျိုး
လုပ်တာ ပိုကောင်းပါတယ်။ ဒါဟာ စာအုပ်တွေ တစ်ပုံ
တစ်ပင်ဝယ်ပြီး မဖတ်ဖြစ်တဲ့သူတွေကို အကြံပေးတာ
ဖြစ်ပါတယ်။ ဘယ်လောက်ဝယ်ဝယ် အကုန်ဖတ်ဖြစ်
တယ်ဆိုတဲ့ သူတွေ အတွက် အကြံပေးတာ မဟုတ်ပါ
ဘူး။

#မိုးရှင်း (I.M.T)

Saturday, May 4, 2019

ကိုယ်ရည်ကိုယ်သွေးဖွံ့ဖြိုးတိုးတက်မှုကိုရှာဖွေခြင်း …..


ကျနော်တို့ လူမှုပတ်ဝန်းကျင်မှာ၊ လုပ်ငန်းပတ်ဝန်းကျင်မှာ ကိုယ်ရည်ကိုယ်သွေးဖွံ့ဖြိုးတိုးတက်မှုကို ဘယ်လိုရှာဖွေ မလဲ? ကိုယ်ရည်ကိုယ်သွေးဖွံ့ဖြိုးမှုဆိုတာဘာကိုပြောတာလဲ? ဘယ်လိုရှာဖွေရမလဲ? လေ့ကျင့်ယူလို့ရသလား? အဓိကအနေ နဲ့ ကိုယ်ရည်ကိုယ်သွေးဆိုတဲ့ အဓိပ္ပါယ်ကို တိတိကျကျမသိရှိမှုတွေရှိနေပါတယ်။  ကိုယ်ရည်ကိုယ်သွေးနဲ့ လုပ်ရည်ကိုင်ရည် ကလည်းဆက်စပ်နေပါတယ်။ ကိုယ်ရည်ကိုယ်သွေးဆိုတဲ့ အ၀န်းဝိုင်းထဲမှာကိုက Attitude ဆိုတာပါနေပြီးသာလည်းဖြစ်ပြန် ပါတယ်။ ကိုယ်ရည်ကိုယ်သွေးဖွံ့ဖြိုးတိုးတက်မှုကို ရှုထောင့် (၅) မျိုးကနေ ချည်းကပ်လေ့လာရပါမယ်။ အဲဒီရှုထောင့်တွေက တော့ (1) Spiritual Development (2) Emotional Development (3) Mental Development (4) Social Development (5) Physical Development ဆိုပြီးတော့ဖြစ်ပါတယ်။ ယခုဖေါ်ပြပါ ရှုထောင့်များကနေ မချည်းကပ်မှီ ကိုယ်ရည်ကိုယ်သွေးဆိုတာ ဘာကိုဆိုလိုတာလည်းဆိုတာကို အခြေခံအားဖြင့် ရှင်းလင်းတင်ပြပါမယ်။ လူတစ်ဦးတစ် ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေးမှာ အဓိကကျတဲ့မေးခွန်းတစ်ခုရှိပါတယ်။ အဲဒီမေးခွန်းက “What do you want to be?” … ဆိုတာပါပဲ။ ခင်ဗျားဘယ်လိုလူဖြစ်ချင်ပါသလဲ? လို့မေးတာပါ။ လူတိုင်း ဘာဖြစ်ချင်တယ်၊ ဘ၀ကို ဘယ်နည်းဘယ်ပုံရှင်သန် ချင်တယ်၊ ချမ်းသာချင်တယ်၊ ဖွံ့ဖြိုးတိုးတက်ချင်တယ်၊ ပညာတွေအများကြီးတတ်ချင်တယ် … အစရှိသည်ဖြင့် သူတို့ရဲ့ ကိုယ်ပိုင် ရည်မှန်းချက်ပန်းတိုင်တွေ ရှိခဲ့ကြပါတယ်။ Personal Goal ပေါ့။ သို့သော်လည်းပဲ ဘ၀မှာ ဖြစ်နိုင်တဲ့ ဖြစ်နိုင်ချေများ တဲ့ ဖြစ်နိုင်ချေရှိတဲ့ Personal Goal တွေကိုတော့ Realistic ကျကျ ချမှတ်တာဟာ လက်တွေ့အကျဆုံးပါပဲ။ ပြောချင်တာက စိတ်ကူးယဉ်ပါ။ သို့သော် ဖြစ်နိုင်ချေရှိသော စိတ်ကူးကိုယဉ်ပြီး စိတ်ကူးအတိုင်း ဖြစ်အောင်အကောင်အထည်ဖေါ်ဆောင်ပါ။ ဒီလို အကောင်အထည်ဖေါ်ဆောင်တဲ့နေရာမှာ ယခုကျနော်ရေးသားတင်ပြနေတဲ့ Personal Development ကိုယ်ရည် ကိုယ်သွေးဖွံ့ဖြိုး တိုးတက်မှုဆိုတာက အရေးကြီးတဲ့ ကဏ္ဍကနေပါဝင်လာပြီပဲဖြစ်ပါတယ်။


အဖွဲ့အစည်းနဲ့ပဲလုပ်လုပ်၊ တစ်ဦးတည်းပဲလုပ်လုပ် မည်သည့်အလုပ်မဆို ရည်ရွယ်ချက်၊ ရည်မှန်းချက်ဆိုတာရှိကိုရှိရ ပါမယ်။ Objective, Goal တွေကို ချမှတ်တဲ့နေရာမှာသော်လည်းကောင်း Vision, Mission, Core Value များကို ချမှတ်တဲ့ နေရာမှာသော်လည်းကောင်း သဘာဝကျကျ လက်တွေ့ကျကျ ချမှတ်ရပါမယ်။ သတ်မှတ်ကာလအတွင်း ဖြစ်နိုင်တာကို ရည်မှန်းချက်အဖြစ် ချမှတ်ရပါမယ်။ Goal ပန်းတိုင်မရှိတဲ့ လူ၊ အဖွဲ့အစည်းတွေဟာ ပင်လယ်ပြင်ကြီးထဲမှာ ဦးတည်ရာမဲ့သွား နေတဲ့ သဘောင်္ကြီး တစ်စင်းလိုပါပဲ။ အချိန်မရွေး အန္တရာယ်ဇုံထဲကိုကျရောက်သွားပြီး ဒုက္ခတွေအများကြီးတွေ့ကြုံနိုင်ပါ တယ်။ ဆိုတော့ကာ ကျနော်တို့အနေနဲ့ ပန်းတိုင်ကို သေချာသတ်မှတ်ပြီးပြီဆိုရင် အဲဒီပန်းတိုင်ကို ရောက်ရှိဖို့ရန်အတွက် ချီတက်ရပါတော့မယ်။ Implementation ကိုဆောင်ရွက်ရပါတော့မယ်။ ဒီနေရာမှာ ဇွဲ၊ လုံ့လ၊ ၀ီရိယ စကားပြောလာပါပြီ။ မလျှော့သော ဇွဲ၊ လုံ့လ၊ ၀ီရိယတွေနဲ့ လျှောက်လှမ်းရပါတော့မယ်။ ဒီနေရာမှာပြန်စဉ်းကြည့်တဲ့အခါ ဒီ Implementation Stage ကို ပြန်ကြည့်တဲ့အခါ “သင်ဘာဖြစ်ချင်တာလဲ” ဆိုတာထက် “သင်ဘာလုပ်နေတာလဲ” ဆိုတာက ရှေ့ရောက် လာပါပြီ။ ဘာဖြစ်ချင်တာလဲဆိုတဲ့ Goal ကချမှတ်ပြီးဖြစ်လို့ သင်ဘာလုပ်နေတာလဲဆိုတဲ့ Plan Implementation က ရှေ့ရောက်လာတာဖြစ်ပါတယ်။ Plan တွေရဲ့ အဓိက ကျဆုံးခန်းက ဒီ Implementation Stage မှာပဲ အများဆုံး ကျဆုံးလေ့ ရှိပါတယ်။  အဆုံးသတ်သွားလေ့ရှိပါတယ်။ Project လည်း Project အလျောက် အဆုံးသတ်သွားလေ့ရှိပါတယ်။

မိမိကိုယ်ကိုယ်ယုံကြည်မှုမရှိခြင်းသည်လည်း ကျဆုံးခန်းကိုရောက်စေပါတယ်။ “အရှုံးကို စတင်လက်ခံလိုက်တဲ့ အချိန်ကစပြီး သင်တကယ်ရှုံးတော့တာပါပဲ” ဆိုတဲ့ စကားရပ်လေးတစ်ခုရှိပါတယ်။ သုံးသပ်ကြည့်ရအောင်ပါ။ ဒီ အရှုံး ဆိုတဲ့ ဝေါဟာရက အလျှော့ပေးမှ ရှုံးတာလို့ ခံစားနားလည်မိပါတယ်။ အလျော့မပေးမချင်း မရှုံးသေးဘူးလို့လဲ အဓိပ္ပါယ်ဖွင့်လို့ရပါ သေးတယ်။ မိမိကိုယ်ကိုယ်ယုံကြည်မှုမရှိခြင်းဟာ လက်ခံအတွင်းစိတ် စိတ်ပျော့ညံ့လို့ဖြစ်တာလို့ Oxford University ရဲ့ Psychologist တစ်ဦးဖြစ်တဲ့ Dr. Linda က 1976 ခုနှစ်ကတည်း ဆိုထားပါတယ်။ အခုထက်ထိမှန်နေတဲ့ Theory တစ်ရပ်ပါ။ လူတိုင်းလူတိုင်းမှာ လက်ခံအတွင်းစိတ်လို့ခေါ်တဲ့ Inner Acceptance Mind ဆိုတာရှိပါတယ်။ အဲဒီလက်ခံအတွင်းစိတ် ပျော့ညံ့တဲ့အခါမှာ လူဟာ မိမိကိုယ်ကိုယ်မိမိ ယုံကြည့်မှုနည်းပါးလာလေ့ရှိပါတယ်ဆိုတာကိုလည်း ကမ္ဘာကျော် စိတ်ပညာ စာအုပ်တစ်အုပ်ဖြစ်တဲ့ ABC of Human Mind ဆိုတဲ့ စာအုပ်မှာ ဖေါ်ပြထားပါတယ်။ ကလေးလေးမွေးလာကတည်းက သူကြီးပြင်းလာမယ့် ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှု Environmental Influence က ရာခိုင်နှုန်းတော်တော်များများ ဒီကလေးလေး ရဲ့ Inner Acceptance Mind မှာ သက်ရောက်မှုရှိပါတယ်။ အဲဒီသက်ရောက်မှုဟာ ကလေးလေး တဖြည်းဖြည်းကြီးထွားပြီး အရွယ်ရောက်လာတဲ့အထိသော်လည်းကောင်း၊ အသက်အတော်အတန်ရနေတဲ့အချိန်အထိသော်လည်းကောင်း စွဲနေတတ်ပါ တယ်။ ဒီနေရာမှာ မိမိကိုယ်ကိုယ်ယုံကြည်မှုတည်ဆောက်နိုင်အောင် မိဘတွေအနေနဲ့သော်လည်းကောင်း၊ အရွယ်ရောက် လာတဲ့အချိန်မှာ မိမိကိုယ်တိုင်သော်လည်းကောင်း ကြိုးစားတည်ဆောက်ရယူရပါလိမ့်မယ်။ ဒါကလည်း ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးတိုးတက်မှုမှာ အရေးကြီး အရေးပါတဲ့ အချက်တစ်ချက်ပဲဖြစ်ပါတယ်။ ဒါကြောင့် မိမိကိုယ်ကိုယ်မိမိ ယုံကြည်မှုရှိအောင် ယုံကြည်မှုမြင့်မားလာအောင် ရှာဖွေတည်ဆောက်ရယူရပါလိမ့်မယ်။


နောက်တစ်ချက်က လုပ်ငန်းပတ်ဝန်းကျင်နဲ့ မပြေမလည်ဖြစ်မှုဆိုတဲ့ အချက်ပါပဲ။ မပြေမလည်ဖြစ်မှုဆိုတဲ့သဘောမှာ က အခြေအနေ အကြောင်းတရားများစွာရှိနေတတ်ပါတယ်။ Both Side ဖြစ်နိုင်သလို ရှုဒေါင့် Aspects မျိုးစုံကလည်း မပြေ လည်မှုအကြောင်းတရားတွေက ပေါ်ပေါက်လာလေ့ရှိပါတယ်။ မိမိဘက်က လိုအပ်ချက်ဖြစ်နိုင်သလို အခြားဘက်က လိုအပ်ချက်လည်းဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအတင်ဖြစ်လာခဲ့ရင် Tension Level မြင့်လာလေ့ရှိပါတယ်။ အလုပ်လုပ်လို့ မကောင်းတော့ပါဘူး။ ဒီလိုအခြေအနေတွေမှာ Communication and Negotiation Skills တွေကို အသုံးပြုပြီး Tension Level ကို လျှော့ချရပါမယ်။ နှစ်ဦးနှစ်ဖက် လိုချင်တဲ့ အတိုင်းအတာအထိရောက်အောင် အတိုးအလျှော့ပြုလုပ်ပြီး Negotiate ပြုလုပ်ဆောင်ရွက်ခြင်းအားဖြင့် နှစ်ဖက်ရည်းမှန်းချက်တွေကို Win – Win ဖြစ်အောင် ဆောင်ရွက်နိုင်ပါလိမ့်မယ်။ ဒါကြောင့် ကိုယ်ရည်ကိုယ်သွေးဖွံ့ဖြိုးတိုးတက်မှုကို ရှာဖွေခြင်းမှာ ယခုရှင်းပြတဲ့ Communication and Negotiation Skills ကိုလည်း မြင့်မားအောင် တည်ဆောက်ထားသင့်ပါတယ်။

ကိုယ်ရည်ကိုယ်သွေးဖွံ့ဖြိုးတိုးတက်မှုကိုရှာဖွေခြင်းအဆင့်မှာ သတိပြုပြီး တည်ဆောက်သင့်တဲ့ ကိုယ်ရည်ကိုယ်သွေး နောက်တစ်ချက်ကတော့ Time Management ပါပဲ။ အချိန်ကို ကောင်းမွန်ထိရောက်စွာစီမံခန့်ခွဲဖို့လိုအပ်ပါတယ်။ တစ်ရက် မှာ (၂၄) နာရီရှိပါတယ်။ ကျနော်တို့အနေနဲ့ (၈) နာရီ (၃) ပိုင်းပိုင်းကြည့်ရအောင်ပါ။ ပထမ (၈) နာရီမှာ လူတွေအိပ်စက် အနားယူကြတယ်။ ဒုတိယ (၈) နာရီမှာ လူတွေအလုပ်လုပ်ကြပါတယ်။ တတိယ (၈) နာရီမှာကြတော့ အောင်မြင်သူနဲ့ ကျရှုံးသူကို အချိန်က အဆုံးဖြတ်ပေးပါတယ်။ ဒီတော့ ကျနော်တို့ ပထမ (၈) နာရီမှာ လုံလောက်စွာ အိပ်စက်မှုပြုကြသလား? ဆန်းစစ်ကြည့်တော့ မပြည့်ကြဘူး။ Facebook သုံးတဲ့သူနဲ့ စာဖတ်တဲ့သူနဲ့ အလုပ်ကြွေးကျန်တွေအိမ်ယူလုပ်တဲ့သူနဲ့ လည်တဲ့သူနဲ့ လူမျိုးစုံ အလုပ်မျိုးစုံလုပ်နေတာကို ပထမ (၈) နာရီ စက်ဝန်းမှာမြင်တွေ့ရနိုင်ပါတယ်။ ဒီတော့ သုံးသပ်လိုက်ရင် Effective မဖြစ်ဘူးပေါ့။ ကဲ ဒုတိယ (၈) နာရီကို ကြည့်ကြည့်ရအောင်ပါ။ ကျနော်တို့ ဒုတိယ (၈) နာရီမှာအလုပ်လုပ်ကြ တယ်ဆိုပေမယ့် ရှစ်နာရီအပြည့်အ၀မလုပ်တဲ့သူတွေရှိတယ်။ (၁၀) နာရီလောက်လုပ်တဲ့သူတွေရှိတယ်။ ကြိုးစားတဲ့သူတွေ ရှိကြတယ်။ မကြိုးစားတဲ့သူတွေရှိကြတယ်။ ကိုယ်ကြိုးစားပေမယ့် မအောင်မြင်မှုတွေလည်းရှိကြတယ်။ ကြုံရတယ်။ ဘာကြောင့်ပါလဲ? အချိန်ကို စနစ်တကျစီမံခန့်ခွဲမှုလုပ်တတ်ခြင်းနဲ့ မလုပ်တတ်ခြင်းက စကားပြောသွားတာပါပဲ။ တတိယ (၈) နာရီကို သုံးသပ်ကြည့်ရာမှာ အဲဒီ (၈) နာရီမှာ သင်ဘာလုပ်လေ့ရှိပါသလဲ။ အရည်အချင်းတွေထပ်ဖြည့်နေသလား၊ Life Plan ချမှတ်ပြီး ချမှတ်ထားတဲ့အတိုင်း အကောင်အထည်ဖေါ်နေပါသလား။ အချိန်ကို အလဟသမဖြစ်စေပဲနဲ့ မိမိဘ၀ရှေ့ရေး အတွက် ဘယ်လိုကြိုးစားနေပါသလဲ … ဆိုတာတွေက အောင်မြင်မှု ကျရှုံးမှုတွေကို ခွဲခြားပေးသွားတာပါ။ ဒါကြောင့် ကိုယ်ရည်ကိုယ်သွေးဖွံ့ဖြိုးတိုးတက်မှုကို ရှာဖွေတဲ့နေရာမှာ ယခု Time Management Skills ကလည်း အရေးကြီးတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။

နောက်အချက်တွေက စိတ်နေသဘောထား Attitude နဲ့ တွေးခေါ်ပုံတွေးခေါ်နည်း Ways of Thinking … နောက် ဆုံးဖြတ်ချက်ချမှတ်ခြင်း Decision Making … အကျင့်စရိုက်ဆိုတဲ့ Habit … ခေါင်းဆောင်မှုပုံစံ Leadership Style … စတာတွေဟာလည်း ကိုယ်ရည်ကိုယ်သွေးဖွံ့ဖြိုးတိုးတက်မှုကို ရှာဖွေတဲ့နေရာမှာ ရှေ့တန်းကိုတင်ထားရမယ့် အချက်တွေပါ ပဲ။ တစ်ခုသတိထားရမှာက ကိုယ်ရည်ကိုယ်သွေးကို မြှင့်တင်တဲ့နေရာမှာ ကိုယ့်တကယ်လိုအပ်ချက်ကို အရင်မြင်တွေ့အောင် ကြည့်ရှုတတ်ဖို့လိုပါတယ်။ အခုတင်ပြခဲ့တဲ့ အချက်တွေအကုန်လုံးကို သင်တန်းတွေတက်ပြီး လိုက်ဖြည့်နေတာဆိုရင် အခုပြောမယ့်စကားလေးကို သတိထားပါ။ အဲဒါက “အများကြီးတတ်ပြီး သုံးမရတာထက်စာရင် တစ်မျိုးထဲမှာ ထူးချွန်ပြီး အသုံးကျ အသုံးဝင်တာက ပိုကောင်းပါတယ်” ဆိုတာပါပဲ။ နောက်ပြီး ကိုယ်ရည်ကိုယ်သွေးကို ညံ့စေတာက ဒေါသထွက်တာ ပဲ။ ဒေါသထွက်ရင် မမြင်တော့ဘူး မစဉ်းစားတတ်တော့ဘူး တုန့်ပြန်မှုကိုပဲ ဆောင်ရွက်တတ်တယ်။ ဒါဟာ ကိုယ်ရည်ကိုယ် သွေး ကျဆင်းရတဲ့ အဓိကအကြောင်းအရင်းတွေထဲက တစ်ခုပါပဲ။ အရေးကြီးပါတယ်။ ထိန်းပါဒေါသကို။ ဘာမဖြစ်လို့၊ ညာမဖြစ်လို့၊ ဘာကြောင့်၊ ညာကြောင့် အကြောင်းပြချက်တွေမြောက်များစွာနဲ့ လူတွေဒေါသဖြစ်တတ်ကြပါတယ်။ တတ်နိုင်သ၍ ဒေါသကို မထွက်အောင်ကြိုးစားခြင်းဟာ ကိုယ်ရည်ကိုယ်သွေးကို မြှင့်ယူခြင်းပါပဲ။ ကမ္ဘာကျောစာရေးဆရာကြီး တစ်ဦးပြောသလိုပေါ့ “အလကားနေရင်းလောကကြီးကို ဆွဲဆွဲမထည့်ပါနဲ့ အပြစ်မတင်ပါနဲ့၊ လောကကြီးက သင့်ကို ဘာဖြစ်စေရမယ် ညာဖြစ်စေရမယ်ဆိုပြီး တာဝန်ယူ ခေါ်ဆောင်လာတာ မဟုတ်ပါဘူး” … ဆိုတဲ့ စကားရပ်ကလေးက သိပ်ကို တန်ဖိုးရှိပါတယ်။ ကိုယ်ရည်ကိုယ်သွေးဖွံ့ဖြိုးတိုးတက်မှုကိုရှာဖွေရာမှာ စီးပွားရေးပညာရှင်တစ်ဦးဖြစ်တဲ့ ဂျက်ဝဲ့(ခ်ျ) က ပြောထားတာရှိသေးတယ်။ “Control your own destiny or someone else will”   ကိုယ့်ကြမ္မာကိုယ်ဖန်တီးပါ။ မဟုတ်ရင် သူများကဖန်တီးသွားလိမ့်မယ် ဆိုတဲ့ စကားလေးပါပဲ။


ဆိုတော့ကာ ကျနော်အထက်မှာဖေါ်ပြခဲ့တဲ့ Personal Development ဖွံ့ဖြိုးတိုးတက်မှုကို ရှာဖွေရာမှာ ချည်းကပ်ရ မယ့် ရှု့ထောင့် (၅) မျိုးကို ပြန်လည်ဖေါ်ပြပေးပါမယ်။ ယင်းတို့ကတော့ (1) Spiritual Development (2) Emotional Development (3) Mental Development (4) Social Development (5) Physical Development … ဆိုတဲ့ ရှု့ထောင့် တွေပဲဖြစ်ပါတယ်။ Personal Development ကို စိတ်ဝင်စားတဲ့ မျိုးဆက်သစ်များအနေနဲ့ ယခုဆောင်းပါးကို ဖတ်ရှုပြီးတဲ့ နောက် ရှု့ထောင့် တစ်ခုချင်းစီရဲ့ အသေးစိတ်ကို ရှာဖွေလေ့လာပါ။ ကြိုးစားလေ့ကျင့်ပါ။ အောင်မြင်မှုဆီကို အားကြိုးမာန် တက်ချီတက်ကြပါ။ ခရီးမစမှီ လက်မလျှော့ကြပါနဲ့။ အောင်မြင်မှုက သင်တို့ရဲ့ လက်တစ်ကမ်းအကွာမှာလို့ သဘောပိုက်ပြီး မျိုးဆက်သစ်များ ကြိုးစားကြပါလို့ တိုက်တွန်းရင်း …….

ဆန္ဒမွန်ဖြင့် …..
အောင်ခိုင် (မီးအိမ်ရှင်)

Friday, May 3, 2019

Japanese Chicken Curry - ကြက်သားနှင့် ခွေးတောက်ရွက်ဟင်းလျာ - ကြက်သားနှင့် ငါးပိမြေအိုးဟင်းလျာ - ကြက်သားကိုရီးယားပဲငါးပိချက်

ကြက်သားနှင့် ငါးပိမြေအိုးဟင်းလျာ
.......................................


 ကြက်သားကို ထူးထူးခြားခြားလေးဖြစ်အောင် မြေအိုးဟင်းလျာပုံစံလေး ချက်ပြထားပါတယ်။ မျှင်ငါးပိ လေးပါ ထည့်ချက်ထားတော့ အနံ့အရသာအားလုံးက ပြောစရာမလိုအောင် ကွက်တိပေါ့ဗျာ။

ပါဝင်ပစ္စည်းများ
• ကြက်သား (ရင်ပုံ) - ၁၅၀ ဂရမ်
• ကြက်သွန်နီ - ၁ လုံး
• ကြက်သွန်ဖြူ - ၆ မြွှာ
• ငရုတ်သီး (နီ/စိမ်း) - ၆ တောင့်ခန့်
• ရှောက်ရွက် - ၄ ရွက်ခန့်
• ခရမ်းချဉ်သီး - ၁ လုံး
• ဆီ - စားပွဲဇွန်း ၂ ဇွန်း
• မျှင်ငါးပိ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ကြက်သားမှုန့် - အနည်းငယ်
• သကြား - အနည်းငယ်
• ငရုတ်ကောင်းမှုန့် - အနည်းငယ်
• ကော်မှုန့် - စားပွဲဇွန်း ၅ ဇွန်း
• သံပရာရည် - စားပွဲဇွန်း ၁ ဇွန်း

ပြုလုပ်နည်း
၁။ ကြက်ရင်ပုံသားကို အနေတော်အတုံးများ လှီးဖြတ် ပြီး ကော်မှုန့်၊ ကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့်တို့နှင့် နယ်ပြီး ဆီပူပူမှာ ကျက်အောင် ကြော်ပါ။
၂။ ကြက်သားရပြီဆိုလျှင် ဆီစစ်ထားပါ။
၃။ ကြက်သွန်ဖြူ (ဓားပြားရိုက်)၊ ကြက်သွန်နီ (၄ စိတ် စိတ်)နှင့် ငရုတ်သီး (တစ်ခြမ်းခြမ်း) တို့ကို ဆီသတ်ပါ။
၎။ အနံ့မွှေးလာပြီဆိုလျှင် ငါးပိထည့်ပြီး ဆီသတ်ပါ။
၅။ ကြော်ထားတဲ့ ကြက်သားများထည့်ပါ။ အရသာ များအဖြစ် ကြက်သားမှုန့်၊ သကြား၊ ငရုတ်ကောင်း မှုန့်နှင့် သံပရာရည်တို့ကို ထည့်ပါ။
၆။ ခရမ်းချဉ်သီး (၄ စိတ်စိတ်) များ ထည့်ပါ။ ရေကို လိုအပ် သလို အနည်းငယ် ထည့်ပါ။
၇။ အနံ့၊ အရသာပြည့်စုံပြီဆိုလျှင် ပါးပါးလှီးထားသော ရှောက်ရွက်များ ထည့်ပြီး သုံးဆောင်နိုင်ပါပြီ။
......................
အံ့ဝင့်ထွဋ်

ကြက်သားနှင့် ခွေးတောက်ရွက်ဟင်းလျာ


အံ့ဝင့်ထွဋ် (MRTV-4)


ပါဝင်ပစ္စည်းများ

ကြက်သား  –  ၃၅၀ ဂရမ်

ခွေးတောက်ရွက်  –  ၃၀ ဂရမ်

ငရုတ်သီး (နီ/စိမ်း)  –  ၆ တောင့်ခန့်

ကြက်သွန်ဖြူ  –  ၆ မြွှာ

ကြက်သွန်နီ  –  ၂ လုံး

ငရုတ်အနှစ်  –  စားပွဲဇွန်း ၁/၂ ဇွန်း

ဆီ  –  စားပွဲဇွန်း ၅ ဇွန်း

ကြက်သားမှုန့်  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း/လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ငံပြာရည်  –  စားပွဲဇွန်း ၁/၂ ဇွန်း / စားပွဲဇွန်း ၁/၂ ဇွန်း

သကြား  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ငရုတ်ကောင်းမှုန့်  –  လက်ဖက်ရည်ဇွန်း ၁/၃ ဇွန်း

နနွင်း  –  အနည်းငယ်

ပြုလုပ်နည်း

၁။       ကြက်သားကို အနေတော်အတုံးများတုံးပြီး နနွင်းမှုန့်၊ ကြက်သားမှုန့်၊ ငံပြာရည်တို့နှင့် နယ်ပြီး နှပ်ထားပါ။

၂။       ကြက်သွန်ဖြူ/နီကို ကြိတ်ပြီး နနွင်းမှုန့်ဖြင့် ဆီသတ်ပါ။ အနံ့မွှေးလာပြီဆိုလျှင် ငရုတ်အနှစ်ထည့်ပါ။

၃။       အရသာများထည့်ပြီး ရေကို လိုအပ်သလို ထည့်၍ အနှစ်ရအောင် ချက်ပါ။

၎။       အနှစ်ရပြီဆိုလျှင် အရသာနယ်ထားတဲ့ ကြက်သားထည့်ပြီး နူးသည်အထိ ရေကို လိုအပ်သလို ထည့်၍ ချက်ပါ။

၅။       ကြက်သားနူးပြီဆိုလျှင် ငရုတ်သီးနှင့် ခွေးတောက်ရွက်တို့ကို ပါးပါးလှီးပြီး ထည့်ပါ။

၆။       အနံ့၊ အရသာပြည့်စုံပြီဆိုလျှင် ပန်းကန်မှာပြင်ပြီး သုံးဆောင်နိုင်ပါပြီ။

ကြက်ဆီဖူြးွကပ်ချဉ်စပ်ဟင်းလျာ
................................


ပါဝင်ပစ္စည်းများ
ကြက်ဆီဖူးကြော်ရန်
• ကြက်ဆီဖူး - ၁၀ ခုခန့်
• ကြက်သွန်ဖြူ - ၃ မြွှာ
• ဆား - အနည်းငယ်
• ဆီ - စားပွဲဇွန်း ၃ ဇွန်း
• ငရုတ်ကောင်း - အနည်းငယ်

ဆော့စ်ချက်ရန်
• ငရုတ်ချဉ် - စားပွဲဇွန်း ၂ ဇွန်း
• ကြက်သွန်ဖြူ - စားပွဲဇွန်း ၁/၂ ဇွန်း (နုပ်နုပ်စဉ်း)
• ဆီ - စားပွဲဇွန်း ၁ ဇွန်း
• သကြား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ပဲငံပြာရည် (အကြည်) - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ပဲငံပြာရည် (အနောက်) - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ကော်မှုန့် - စားပွဲဇွန်း ၁ ဇွန်း
• ငရုတ်ကောင်းမှုန့် - အနည်းငယ်
• ကြက်သွန်မြိတ် - အနည်းငယ်

ပြုလုပ်နည်း
၁။ ကြက်ဆီဖူးကို ဆား၊ ငရုတ်ကောင်းနယ်ပြီး ဓားပြားရိုက်ထားတဲ့ ကြက်သွန်ဖြူနှင့်  ရေရောထည့်၍ ဆီဖြင့် ဆီထုတ်ပေးပါ။
၂။ ကြက်ဆီဖူြးွကပ်ပြီး အနံ့မွှေးလာပြီ၊ ဆီလည်း ထွက်သွားပြီ ဆိုလျှင် ဆယ်ယူပြီး အအေးခံထားပါ။
၃။ ဆော့စ်ချက်ရန်အတွက် ကြက်သွန်ဖြူ (နုပ်နုပ်စဉ်း)ကို ဆီသတ်ပါ။ အနံ့မွှေးလာပြီဆိုလျှင် ငရုတ်ချဉ်၊ ပဲငံပြာရည် (အကြည်၊ အနောက်)၊ အရသာများထည့်ပြီး ဆီသတ်ပါ။
၎။ ရေကို လိုအပ်သလို ထည့်ပါ။ ရေဆူလာပြီဆိုလျှင် ကြော် ထားတဲ့ ကြက်ဆီဖူးများ ထည့်ပြီး ၁ မိနစ်ခန့် နှပ်ထားပါ။
၅။ အနံ့၊ အရသာ ပြည့်စုံပြီဆိုလျှင် ကော်ရည်ထည့်ပါ။
၆။ ဆော့စ်ပျစ်လာပြီဆိုလျှင် ပန်းကန်မှာပြင်ပြီး ကြက်သွန် မြိတ်ထည့်၍ သုံးဆောင်နိုင်ပါပြီ။
......................
အံ့ဝင့်ထွဋ်


ကြက်သားကိုရီးယားပဲငါးပိချက်
..............................


 ကလေးရော၊ လူကြီးပါ ကြိုက်နှစ်သက်စေမယ့် ကြက်သားဟင်းပါ။ ကြက်သားဟင်းလို့ဆိုပေမယ့် ကိုရီးယားပဲငါးပိအနှစ်ကိုသုံးပြီး ချက်ထား တာမို့ တစ်မူထူးခြားတဲ့အရသာကို ခံစားရမှာပါ။ ဒီကြက်သားဟင်းကို အသက် နှစ်နှစ်ကျော်ကလေးတွေလောက်သာ အဆင်ပြေမှာပါ။ နှစ်နှစ်ကျော်အရွယ်က လူကြီး စားသလို စားတတ်နေကြပြီ၊ စားချင်နေကြပြီမို့ ဒီလုပ်နည်းလေးက ကလေးတို့အတွက် အတော် အဆင်ပြေစေမှာပါ။ ပုစွန်နဲ့ချက်ရင်လည်း အရမ်းအရသာရှိပါတယ်။စမ်းကြည့်နော်။ အခုတော့ ကြက်သား နဲ့ ချက်နည်းလေး ရေးပေးထားပါတယ်။

ပါဝင်ပစ္စည်းများ
• ကြက်သား - ၃၀ ကျပ်သား (အရွယ်တော်တုံး)
• ကြက်သွန်နီ - ၂ လုံး
• ကြက်သွန်ဖြူ - ၄ မြွှာ (နုပ်နုပ်စဉ်း)
• ဆီ - ထမင်းစားဇွန်း ၁ ဇွန်း
• ဂျပန်ဟင်းချက်အရက် - ထမင်းစားဇွန်း ၁ ဇွန်း
• ဂျပန်ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း ၁/၂ ဇွန်း
• ကိုရီးယားပဲငါးပိအနှစ် - ထမင်းစားဇွန်း ၂ ဇွန်း
 (Ssamjang အစိမ်းရောင်ဘူး)

ပြုလုပ်နည်း
၁။ ကြက်သားကို ပဲငံပြာရည်၊ ဂျပန်ဟင်းချက်အရက်၊ ပဲငါးပိတို့ဖြင့် နယ်ပြီး ၁ နာရီခန့် နှပ်ထားပါ။
၂။ ကြက်သွန်ဖြူ/နီကို မွှေးလာအောင် ဆီသတ်ပါ။ ကြက်သားနယ်ထားတာကိုထည့် ပါ။ မီးအေးအေးဖြင့် ၁၀ မိနစ်ခန့် ကြက်သားအရောင်ပြောင်းပြီး မွှေးလာမှ ရေနွေး ကော်ဖီခွက် တစ်ခွက်ခွဲစာခန့် ထည့်၍ မီးအလယ်အလတ်ဖြင့် ကြက်သားနူးပြီး  ဆီပြန်အနှစ်ရလာသည်အထိ တည်ပြီး သုံးဆောင်ပါ။
.........................
May's Healthy Food


Japanese Chicken Curry


by Hsu Myat

ပါဝင်ပစ္စည်းများ

နေကြာဆီ  –  စားပွဲဇွန်း ၁ ဇွန်း

ကြက်သား  –  ၂၀ဝ ဂရမ် (ပါးပါးလှီးထားပါ)

ထောပတ်  –  ၃၀ ဂရမ်

ကြက်သွန်နီ  –  ၂ လုံး ( အကွင်းလိုက်လှီးထားပါ)

ချင်း  –  လက်ဖက်ဇွန်း ၁ ဇွန်း (ခြစ်ပြီးသား)

ကြက်သွန်ဖြူ  –  ၃ မြွှာ (နုပ်နုပ်စဉ်းထားပါ)

ဂျုံ  –  စားပွဲဇွန်း ၂ ဇွန်း

မဆလာ  –  စားပွဲဇွန်း ၂ ဇွန်း

Tomato Paste  –  စားပွဲဇွန်း ၂ ဇွန်း

ကြက်ပြုတ်ရည်  –  ၂၀ဝ ဂရမ်

မုန်လာဥ  –  ၁၀ဝ ဂရမ် (အတုံးလေးများ လှီးထားပါ)

ပဲစိမ်းလုံး  –  ၅၀ ဂရမ်

ပန်းသီး  –  စားပွဲဇွန်း ၂ ဇွန်း (ခြစ်နဲ့ ခြစ်ထားပါ)

ပဲငံပြာရည်အကြည်  –  စားပွဲဇွန်း ၁ ဇွန်း

ရေ  –  ၁၀ဝ ဂရမ်

ပျားရည်  –  စားပွဲဇွန်း ၁ ဇွန်း

ကြက်သွန်မြိတ်  –  အနည်းငယ်

နှမ်းလှော်  –  အနည်းငယ်

ထမင်း  –  လိုသလောက်

ပြုလုပ်နည်း

၁။       ကြက်သားများကို ဆား၊ ငရုတ်ကောင်းမှုန့်နယ်ထားပြီး အိုးတစ်လုံးထဲ ဆီထည့်၍ ကြက်သားကို အညိုရောင်ပြောင်းအောင် ကြော်ထားပါ။

၂။       အိုးတစ်လုံးထဲ ထောပတ်များထည့်ပြီး ကြက်သွန်နီများထည့်၍ နီညိုရောင်လေး သန်းလာသည်အထိ ကြော်ပါ။ ချင်းနှင့် ကြက်သွန်ဖြူများ ထည့်ပြီး အနံ့မွှေးလာသည်အထိ ကြော်ပါ။ ဂျုံထည့်ပြီး အညိုရောင်သန်းလာသည်အထိ သမအောင် မွှေပါ။

၃။       မဆလာနှင့် ခရမ်းချဉ်သီးအနှစ်ထည့်ပြီး အခဲလေးတွေ မကျန်အောင် သမအောင် ရောမွှေပါ။ ကြက်ပြုတ်ရည်ထည့်ပြီး အခဲလေးတွေမဖြစ်အောင် နာနာမွှေပေးပါ။ ခဲလာမှာဖြစ်တဲ့အတွက်ကြောင့် ရေထည့်ပါ။  ကြော်ထားတဲ့ ကြက်သားနှင့် မုန်လာဥနီများ ထည့်ပါ။  မီးလျှော့ပြီး မုန်လာဥအိလာသည်အထိ မိနစ်အနည်းငယ် လောက် ချက်ပေးပြီး ပဲစိမ်းလုံး၊ ပဲငံပြာရည်အကြည်နှင့် ပျားရည်ထည့်၍ သမအောင် ရောမွှေပါ။ ကြက်သွန်မြိတ် (ပါးပါးလှီး) နှင့် နှမ်းလှော်ဖြူးပြီး တည်ခင်း သုံးဆောင်နိုင်ပါပြီ။

Thursday, May 2, 2019

Meizu Note 9 Review (ပြိုင်ဘက်ကောင်း)


ဈေးနှုန်: = ၃သိန်း ၁သောင်း ၉ထောင် ကျပ် (64/4 GB Version)

ဖုန်းအကြောင်းမပြောခင် အရင်ဆုံး Meizu Myanmar အကြောင်း နဲနဲပြောကြည့်မယ်ဗျ။ တကယ်တော့ လတ်တလော ဒီကိုဝင်နေတဲ့ Note 9 တွေက Official ဆိုပေမယ့် Global Version မဟုတ်ပဲ China Version အလုံးတွေပါ။ ဘာကြောင့် ခုလိုဖြစ်ရလဲ? သမိုင်းကြောင်းပြန်လှန်ရရင် အရင်က Meizu Smartphone တွေဟာ Launch လုပ်ပြီး အတော်ကြာမှ မြန်မာနိုင်ငံကို ဝင်လေ့ရှိတယ်။ အဓိကအကြောင်းရင်းက Global Launch ကို စောင့်နေရတာကြောင့်ပါ။ Meizu ရဲ့ Parent Company က ထုတ်လုပ်မှုနောက်ကျရတဲ့အထဲ ဒီကိုရောက်ဖို့ထပ်စောင့်ရတာကြောင့် မြန်မာပြည်ဈေးကွက်မှာ Meizu ဟာ ပြိုင်ဘက်တွေထက် ခြေတစ်လှမ်းမက အမြဲနောက်ကျခဲ့ရတယ်။

ဒီတစ်ခေါက်မှာတော့ Meizu က ဒီအားနည်းချက်ကို ပြောင်းလဲပစ်ချင်ပုံရတယ်။ ဒီတော့ Fan တွေသွေးမအေးသွားခင် အရင်ရတဲ့ China အလုံးတွေအရင်သွင်းလိုက်တယ်။ ဒီအတွက် Meizu ရနိုင်တဲ့ အားသာချက်နှစ်ခုရှိတယ်။ ပထမအချက်က ဈေးကွက်ကို အချိန်မီ ခြေချနိုင်လိုက်တာ။ Meizu Note 9 ဟာ Redmi Note 7 ကို အဓိကယှဉ်ပြိုင်ဖို့ ရည်ရွယ်ပေမယ့် Global Launch ကိုသာ စောင့်လိုက်ရင် ဒီဈေးကွက်မှာ Note 7 Pro နဲ့အပြိုင်၊ ဒါမှမဟုတ် နောက်မှ ရောင်းရနိုင်တဲ့အခြေအနေက Meizu အတွက် အဆင်မပြေနိုင်ပါဘူး။ နောက်တစ်ချက်က ဈေးနှုန်းပိုင်း။ Region ကွာဟမှု၊ ငွေလှဲလှယ်နှုန်း စတဲ့အချက်တွေကြောင့် China အလုံးတွေဟာ ဈေးနှုန်းပိုင်းမှာ သေချာပေါက်ပိုသက်သာပါလိမ့်မယ်။ ဒီတော့ Meizu Myanmar အနေနဲ့လည်း Note 9 ကို Competitive Price နဲ့ရောင်းနိုင်ဖို့ အခွင့်အရေးပိုရသွားစေခဲ့တယ်။

ဒီတော့ Note 9 ကို ဈေးကွက်ထဲ အချိန်မီသွင်းလိုက်နိုင်ခြင်းဟာ Meizu Myanmar အတွက် အရွေ့ကောင်းတစ်ခုဖြစ်လာသလို မကြာခင်ထွက်ရှိမယ့် Meizu 16s Flagship Series အတွက်လည်း ကြိုပြီးလမ်းစဖောက်လိုက်သလို ဖြစ်နေတာကြောင့် ခဲတစ်လုံး ငှက်နှစ်ကောင်ထိတာပါပဲ။ Flyme OS က China Version ဖြစ်နေပေမယ့် Google Service ထည့်ရလွယ်သလို Zawgyi Font လဲ ထည့်ရလွယ်ပြီး Chinese Apk အားလုံးလိုလိုကလည်း ဖျက်ခွင့်ပေးထားတာကြောင့် User တွေအတွက် သိပ်ပြီးခက်ခဲမယ်လို့မထင်မိ။ ဆိုတော့ကာ Plan က ဟုတ်သွားပြီ၊ လိုရင်းလဲချော်နေပြီဆိုတော့ Meizu Note 9 ဟာ Redmi Note 7 ရဲ့ ပြိုင်ဘက်ကောင်း တကယ်ဖြစ်မလားဆိုတာ Review နဲ့ စလိုက်ကြတာပေါ့။


Design & Structure

ရောက်ရောက်ချင်း ဆောက်နဲ့ထွင်း သလိုဖြစ်ကောင်းဖြစ်နေနိုင်ပေမယ့် Note 9 ဟာ Design ပိုင်းအရ အတော်ဂွမ်းတယ်တဲ့ Meizu ဖုန်းတစ်လုံးဖြစ်နေပါတယ်။ (သူ့ရှေ့ကထွက်ထားတဲ့ Note 8 ကတောင် ပိုလှတယ်လို့ မြင်မိတယ်။) ပြီးတော့ Meizu ဖုန်းအဆက်ဆက်မှာ ထိန်းသိမ်းလာတဲ့ဟန်ပန်တစ်ခုက Note 9 မှာ ပျောက်ဆုံးနေတယ်ဆိုတဲ့အတွေးမျိုး ဝင်စေတယ်။

Meizu ကတော့ အရင် Note Series တွေနဲ့မတူအောင် သူ့ရဲ့ Built Material ကို အဆင့်မြှင့်တင်ခဲ့တယ်။ ဒီတော့ နောက်ကျောဘက်က အရင် Metal နေရာမှာ Gorilla Glass ဖြစ်လာပေမယ့် ဘေးဘောင်တွေကတော့ Plastic ဖြစ်သွားတယ်။ ကျောဘက်ဘေးဘောင်တွေကို နဲနဲကွေးပေးထားတယ်ဆိုပေမယ့် လက်ထဲကိုင်ကြည့်တဲ့အခါ ပွယောင်းယောင်းနဲ့ တစ်သားတည်းမဖြစ်တဲ့ခံစားချက်ကို ရတယ်။

အားမရဆုံးကတော့ သူ့ရဲ့ Color ရွေးချယ်မှုပါ။ 2019 ရဲ့ Trend ဖြစ်နေတဲ့ Gradient Color ကို ဆန့်ကျင်တယ်ဆိုရင် လက်ခံပါသေးတယ်။ ဒါပေမယ့် ဘောင်တွေကို Metal ဆန်အောင် ငွေရောင်လုပ်ထားတာက ကျောဘက် Color နဲ့ပေါင်းလိုက်တဲ့အခါမှာ Meizu Note 9 ဟာ Design ပိုင်းမှာ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ထွက်ထားတဲ့ဖုန်းတစ်လုံးလို ဖြစ်နေပါတော့တယ်။ အနီးစပ်ဆုံးနှိုင်းပြရရင် Redmi Note 7 ရဲ့ Gradient မဟုတ်တဲ့ All Black က ကိုင်ရတာပိုခန့်ထည်တယ်လို့ ခံစားမိနေတယ်။

ဒါပေမယ့် Meizu ရဲ့ အားသာချက်တွေအနေနဲ့ အရွယ်အစား ပိုပြီးသေးတာ၊ 4,000 mAh ဖုန်းတစ်လုံးအနေနဲ့ Weight အတော်လေးပေါ့တာ၊ နားကြပ်ပေါက်က အောက်ဘက်မှာပါနေတာ၊ Button တွေ Clicky ဖြစ်တာ စတဲ့ သဘောကျစရာလေးတွေ ရှိနေပြန်တယ်။ ဒီတော့ Structure နဲ့ Material ပိုင်းမှာတိုးတက်လာသလောက် Old Skool ဆန်နေတဲ့ Note 9 ကို Design ပိုင်းအတွက် ဦးစားပေးဝယ်ချင်ရင်တော့ အပြာရောင်တစ်ခုထဲကပဲ နဲနဲကြည့်ရအဆင်ပြေလိမ့်မယ်လို့ ထင်မိတယ်။

Display

Redmi Note 7 နဲ့ယှဉ်ရင် Meizu ကို အသာရစေတာက သူ့ရဲ့ရှေ့မျက်နှာပြင်ပါ။ သူတို့မှာ အပေါ်ဘက်ဘောင်အရွယ်အစားက အတူတူဆိုပေမယ့် Waterdrop Notch မှာတော့ Meizu က သိသိသာသာကို သေးတာတွေ့ရတယ်။ (သူ့ Notch က Mi 9 ထက်တောင် ပိုသေးသဗျ) ပြီးတော့ Chin ကလဲ Note 7 ထက် ပိုသေးတယ်။ ဆိုတော့ ရှေ့မျက်နှာပြင် Design က Mid-range ဖုန်းတစ်လုံးဆိုတာထက်ကို ပိုသပ်ရပ်တယ်လို့ပြောလို့ရတယ်။ ဒါပေမယ့် Note 9 ကို Mid-range မှန်း သိသာသွားစေတာက သူ့ရဲ့ Display ပါ။

သူ့ရဲ့ 6.2”, 1080p+ IPS LCD Display က Level တူ Mid-range တွေထက် ပိုမှိန်တာကို သတိထားမိတယ်။ ညဘက်လိုအချိန်မျိုးမှာတောင် Brightness ကို 50% လောက် ထားမှအဆင်ပြေတယ်။ ဒါက နေရောင်အောက်မှာ သုံးမယ်ဆိုရင် စကားပြောလာနိုင်တဲ့အချက်ပါ။ ဒါပေမယ့် ဒီတစ်ချက်ထဲနဲ့တော့ Note 9 Display ကို မကောင်းဘူးပြောမရပြန်ပါဘူး။ ဘာကြောင့်လဲဆိုတော့ Dull ဖြစ်တဲ့ Theme Icon တွေနဲ့ပေါင်းလိုက်တဲ့အခါမှာ ရုတ်တရက်ကြည့်ရင် Display ကို Color စိုစိုနဲ့မှ သုံးနေကျသူတွေအတွက် ဖွယ်တယ်ထင်နိုင်ပေမယ့် သူ့ Display က Color Accurate ဖြစ်တာကို လိုချင်သူတွေအတွက် သဘောကျစရာဖြစ်နေတာကြောင့်ပါ။ (Xiaomi မှာလို High Contrast Mode ဘာညာပြောင်းဖို့ Setting မပါတာကတော့ Software ပိုင်း အားနည်းချက်လို့ပြောရမှာပေါ့) ပြီးတော့ သူ့ရဲ့ Black Level ကလဲ LCD Display အနေနဲ့ အတော့်ကိုအဆင်ပြေတဲ့အနေအထားမှာရှိတယ်။

ဒီတော့ Color Accuracy နဲ့ပတ်သက်ရင် Natural ဖြစ်တာကို သဘောကျတတ်သူတွေအတွက်တော့ Meizu Note 9 ကို ရွေးချယ်မယ့်အထဲ ထည့်စဉ်းစားသင့်ပါတယ်။

Security

၃ သိန်းဝန်းကျင်မှာ In-Display Fingerprint ကို မှန်းရင်တော့ မိုက်ရူးရဲဆန်ရာ ကျသလို Quality ပိုင်းမှာလဲ ကောင်းမွန်ဖို့မသေချာပါဘူး။ Meizu Note 9 ရဲ့ ကျောဘက်က Fingerprint Scanner ဟာ Mid-range မှာ အမြန်ဆုံးမဟုတ်သည့်တိုင် ကောင်းကောင်းအလုပ်လုပ်ပြီး Secure လဲ ဖြစ်တယ်။ (Fingerprint နေရာလေးက နဲနဲတိမ်တာကတော့ ပြောစရာအချက်လေးပေါ့) ပြီးတော့ သူ့ရဲ့ 2D Face Unlock ကလဲ မြန်သင့်သလောက် မြန်တဲ့အပြင် အမှောင်မှာလဲ အလုပ်လုပ်တယ်ဆိုတော့ Mid-range မှာ ရှိသင့်ရှိထိုက်တဲ့ Security နဲ့ ပြည့်စုံတယ်လို့ဆိုရမှာပေါ့။ သဘောကျမိတဲ့အချက်ကတော့ သူများတကာက ကိုယ့်ဖုန်းကို Unlock လုပ်ဖို့ကြိုးစားရင် Facial Recognition က ၅ ခါလောက် Scan ဖတ်ပြီး ကိုယ်မဟုတ်မှန်းသိတဲ့အခါ Screen off ပြီး ပြန် on ရင်တောင် Face Unlock ပေးမလုပ်တော့တာပါ။

System

Meizu Note 9 ဟာ Flyme 7.2 နဲ့ Android Pie ကိုအခြေခံပြီး ပွဲထွက်လာတဲ့ ပထမဆုံး Meizu Phone ဖြစ်လာတယ်။ လက်ရှိစမ်းနေတဲ့ Version 7.2.2.0 A ဖြစ်ပြီး လက်ရှိမှာ Update ပေးထားပြီဆိုပေမယ့် လက်ရှိ Version ရဲ့ Stability ကို သဘောကျလို့ မတင်ပဲ စမ်းဖြစ်သွားတယ်။ Bloatware ပိုင်းမှာတော့ MIUI လိုပဲ Meizu Store နဲ့ News တို့လောက်ကလွဲရင် Chinese Apk တွေ အကုန်နီးနီး ဖျက်ခွင့်ပေးထားတယ်။ User Experience အနေနဲ့ Scrolling, App အဝင်အထွက်, Multi-tasking တွေမှာ Smooth ဖြစ်အောင် အလုပ်လွန်သွားပြီး နှေးနေတာကို သွားသတိထားမိတယ်။ (Developer Option ထဲက Animation Speed ကို 0.5 ထားမှ သုံးရအဆင်ပြေသွားတယ်)

သူ့ Setting ပိုင်းက FunTouch တို့ Color OS တို့ထက်တောင် ပိုပြီးရိုးရှင်းတယ်။ Navigation Bar နေရာမှာ Meizu ရဲ့ mBack အပြင် Easy Gesture လို့ နာမည်ပေးထားတဲ့ MIUI မှာလို Gesture မျိုးလဲ ထည့်ပေးထားတယ်။ ဒါက ရွေးချယ်စရာ ပိုများစေပေမယ့် တစ်ချိန်တည်းမှာ ကိုယ်ပိုင်ဟန်အပေါ် မယုံဘူးဆိုတဲ့ ခံစားချက်မျိုး ဒုတိယတစ်ကြိမ်ဝင်လာစေတဲ့အချက်ဖြစ်နေပြန်တယ်။ တခြားအနေနဲ့ Accessability ထဲက Gesture တစ်ချို့ကလွဲရင် ကလိစရာကြီးကြီးမားမားမတွေ့မိ။

Meizu Note 9 ရဲ့ Flyme မှာ သဘောအကျမိဆုံး အချက် ၃ ချက်ရှိပါတယ်။ ပထမတစ်ချက်က Edge Function လို့ ခေါ်ရမလားပဲ။ ဘေးဘောင်တစ်ဖက်စီကို အပေါ်၊ အောက် ပွတ်ဆွဲရင် ဖုန်းမှာရှိတဲ့ Apk တွေကို A to Z ပြပေးတာ။ ကိုယ်သုံးချင်တဲ့ Apk တွေ့ရင် Icon အထိ လက်ကို ပွတ်ဆွဲဖွင့်ရုံပါပဲ။ ဒီအချက်က App Drawer သီးသန့်မလိုပဲ လိုချင်တဲ့ Apk ကို အလွယ်တကူ ဖွင့်သုံးဖို့ အတော်အသုံးတည့်တဲ့ Feature လို့ မြင်တယ်။ ဒုတိယအချက်က Night Mode ပါ။ အခုဆို UI အတော်များများမှာ Night Mode ကိုယ်စီပါနေပြီမို့ သိပ်မဆန်းတော့ပေမယ့် Meizu ရဲ့ Night Mode က လုံးဝ System-wide နီးနီးလို့တောင် ပြောလို့ရတယ်။ သုံးကြည့်သလောက် Facebook, Google Playstore တို့အထိ နဂို အဖြူနေရာတွေကို လိုက်မဲပေးတာ အားရစရာ။ (MIUI ရဲ့ Dark Mode မှာတောင် အဲလို မမဲပေးနိုင်သေး)

ဒါပေမယ့် သူ့အမဲရောင်က True Black မဟုတ်ပဲ ညဘက်စာကြည့်ရင် အဆင်ပြေဖို့လုပ်ပေးထားတဲ့ အမဲဖျော့ဖျော့ပါ။ ဒီတော့ AMOLED Display သုံးမယ့် Flagship တွေမှာ True Black ရနိုင်ဖို့ မျှော်လင့်ပါတယ်။ နောက်ဆုံးအချက်ကတော့ အရမ်းထူးဆန်းတာမဟုတ်ပေမယ့် Bold System Font ကို on နိုင် off နိုင်တာလေး သဘောကျမိတယ်။ ခုလိုကောင်းတာတွေပြောနေလို့ Flyme က လုံးဝပြည့်စုံပါတယ်လို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ ဥပမာ အင်တာနက်ချိတ်လိုက်ရင် Browser, Theme Store ဘာညာတွေက တရုတ်စာတွေနဲ့ Noti တွေတက်လာတာ၊ Screenshot အတွက် Gesture မပါတာ၊ Video App မှာ Online Service ပိတ်ထားရင်တောင် Online TV Tab တွေပွင့်နေတာ စသည်ဖြင့်ပေါ့။

ဒီတော့ Flyme အနေနဲ့ လက်ရှိစမ်းကြည့်သလောက် အတော် Stable ဖြစ်လို့ လုံးဝအငြိမ်၊ Error ကင်းကင်းသုံးချင်ရင်တော့ ရွေးချယ်စရာဖြစ်နိုင်ပါလိမ့်မယ်။


Speaker & Audio

Meizu Note 9 ရဲ့ Single Speaker က စစမ်းစမ်းချင်းမှာတော့ အတော်လေးအသံကျယ်တယ်ပေါ့။ ဒါပေမယ့် သီချင်းတွေဘာတွေ ဖွင့်စမ်းချိန်မှာ သူ့အသံက အတော်လေး Flat ဖြစ်တယ်လို့ ခံစားမိတယ်။ Bass အပိုင်းတွေပျောက်သလို High Volume မှာလဲ Distortion တွေရှိတယ်။ ဒါပေမယ့် Vocal ပိုင်းအတော်အောင်တာကြောင့် Review Video, Vlog ဘာညာကြည့်ရင်တော့ အဆင်ပြေမှာပါ။

2019, March လောက်ကနေ နားကြပ်နဲ့အသံပိုင်းစမ်းတဲ့အခါ Mi In-ear Pro HD နဲ့စမ်းဖြစ်နေတယ်ဆိုတော့ နောက်ပိုင်းဖုန်းတွေ အတော်ကံကောင်းတယ်ပြောရမလားပဲ (နားကြပ် Review လဲ လာဖို့ရှိပါတယ်။) ဒီတော့ Note 9 နဲ့ Audio ပိုင်းက Mid-range မှာ အတော်လေးအားရဖို့ကောင်းတဲ့အနေအထားလို့ ပြောရမှာပါ။ သူ့မှာ မပြောပလောက်တဲ့ အားနည်းချက်ဆိုလို့ Mids တွေက တခြားအပိုင်းတွေနဲ့ယှဉ်ရင် မဆိုစလောက်တိုးနေတာလေး တစ်ခုပါပဲ။ Volume ပိုင်းသင့်တင့်တယ်၊ Separation ကောင်းတယ်။ အမိုက်ဆုံးက Treble နဲ့ Vocal ပါ။ Bass အပိုင်းကိုတော့ သိပ်သည်းကျစ်လစ်တယ်လို့ ဆိုချင်ပါတယ်။ Equalizer ဘာညာမညှိရသေးခင်မှာတောင် သူ့ရဲ့ Audio Quality က Mid-range မှာ အတော်ကောင်းတဲ့ Level တစ်ခုကို ရောက်နေပါပြီ။

Performance & Battery

ဒီအချက်က စာရွက်ပေါ်မှာရော လက်တွေ့မှာပါ Redmi Note 7 ကို အသာရစေမယ့် Meizu Note 9 ရဲ့ အားသာချက်ပါ။ Snapdragon 675 က Performance ကို Boost လုပ်ပေးတဲ့အတွက် Daily Usage မှာ အတော် Smooth ဖြစ်သလို Efficiency ပိုင်းမှာလဲ သိသိသာသာကောင်းမွန်တာ တွေ့ရတယ်။ PUBG ကို စလာကတည်းက High Setting နဲ့ခွင့်ပြုထားသလို ဆော့နေချိန်မှာလည်း Cover တပ်မထားတောင် နွေးရုံပဲခံစားရတဲ့အထိ Thermal Control ကောင်းတယ်။

Performance နဲ့အပြိုင်လိုက်ကြမ်းတာက သူ့ရဲ့ Battery Life ပါ။ 50% Volume နဲ့ Brightness မှာ 720p Video 1hr ကို 7%, Youtube 1hr (wifi) ကို 9% က သိပ်မဆန်းပေမယ့် PUBG 1hr (wifi) ကို 15-17% က နှစ်ခါပြန်စမ်းရလောက်အောင် အံ့အားသင့်စေခဲ့တယ်။ ပြီးတော့ သူ့ရဲ့ Stand-by Battery Life ကလဲ အတော်ခံတဲ့အထဲပါတယ်။ 8hr ကို 2% လောက်ပဲလျော့တဲ့အပြင် တစ်နေကုန်ပစ်ထား၊ ဒါမှမဟုတ် Wifi ချိတ်ထားတာတောင် Battery Drain မဖြစ်တာက အားရစရာပါ။

သူ့မှာ Meizu ရဲ့ 18W Fast Charging ပါပြီး 30min ကို 29%, 1hr ကို 59% နဲ့ 10-100% ကို ၂ နာရီလောက် အားသွင်းရတယ်။ ဆိုတော့ အားခံတာနဲ့ ပြန်ချိန်ကြည့်ရင် သူ့အားသွင်းချိန်က ကြာပျော်သလို Mid-range ဖုန်းတစ်လုံးအနေနဲ့ Note 9 ရဲ့ Performance က Gaming အသားပေးရွေးချယ်သူတွေအတွက် ကျေနပ်စရာ ကောင်းနေပါလိမ့်မယ်။

Camera

Meizu Note 9 ကြေငြာတော့ SOC ကျ SDG 675 သုံးပြီး Camera Sensor ကျ Samsung GM1 ဆိုတော့ ဘာလားပေါ့လို့ အတွေးဝင်ခဲ့သေးတယ်။ (ဒါပေမယ့် ဒီဈေးမှာတော့ ဒါဟာ လက်ခံပေးနိုင်တဲ့ အနေအထားလို့ ဆိုရမှာပါ) ဒါပေမယ့် လက်တွေ့သုံးကြည့်တဲ့အခါမှာ သူ့ Camera ပိုင်းက ထင်ထားသလောက် အားမရတဲ့အချက်တွေကို တွေ့လာရတော့တာပဲ။ ကောင်းတဲ့အချက်တွေအရင်စပြောရရင် သူ့ Focus က အဝေးကို Auto ယူထားတာများတော့ ပြတင်းပေါက်၊ တံခါးပေါက်တို့ကနေ အပြင်ကို ပုံလှမ်းရိုက်တာမျိုးမှာ အလင်းဖွာတာမျိုး သိပ်မတွေ့ရပဲ Exposure မျှတာ တွေ့ရတယ်။ Dynamic Range ကလဲ Mid-range အနေနဲ့ မဆိုးလှ။ Color ပိုင်းကတော့ တစ်ချို့နေရာတွေမှာ Saturation လေးတွေရှိပေမယ့် Overall မှာ ကြည့်ပျော်ရှုပျော်ရှိတယ်။

အားမရတာက သူ့ရဲ့ Noise Level ပါ။ အလင်းကောင်းကောင်းနဲ့ Indoor Condition မျိုးမှာတောင် Noise သိသိသာသာထတယ်။ Daylight ပုံတွေမှာလည်း အရိပ်ကျတဲ့နေရာမျိုးတွေမှာ Noise တွေတွေ့ရတယ်။ နောက်တစ်ချက်က Focus မပြတ်တာ။ အထူးသဖြင့် Focus အပြောင်းအလဲမှာ အတော်နှေးပြီး တစ်ခါတစ်လေမှာ ကိုယ်တိုင်ပြန်ထောက်ရတာမျိုး ခဏခဏကြုံရတယ်။ ဒါကတော့ မဖြစ်သင့်ဘူးလို့ ထင်မိတာပဲ။

Low Light အတွက် Note 9 မှာ Night Mode သီးသန့်ပါလာပြီ။ သူ့ရဲ့ Approach က Xiaomi ရဲ့ Night Mode နဲ့ဆင်တယ်။ ရိုက်ချိန်မြန်ပြီး အလင်းတွေဝပ်တယ်။ ဒါပေမယ့် အလင်းနဲရင် ထင်သလောက်အဆင်မပြေပါဘူး။ အထူးသဖြင့် Shadow Area တွေ ပိုမှောင်သွားတာ၊ တစ်ချို့နေရာတွေမှာ Detail ကျတာဆိုတော့ G Cam တို့လိုအရမ်းကြီး မမျှော်လင့်စေချင်။

သူ့ရဲ့ Pro Mode မှာ ISO 3200 နဲ့ Shutter Speed 20sec ထိ Support ပေးထားတယ်။ ဆိုပေမယ့် Software Support လိုအပ်ချက်လို့ပြောရမလားပဲ၊ Manual (Pro) Mode မှာ Shutter Speed ကြာကြာသုံးရင် ပုံတွေက Camera ဘက်ကို မီးထိုးထားသလို ဖွေးထွက်ကုန်တာတွေ့ရတယ်။ ဒီတော့ ပုံကောင်းရဖို့ဆိုရင် ISO 100, SS 2 sec, ဒါမှမဟုတ် ISO 200, SS 1 sec လောက်ထိပဲ အဆင်ပြေပါလိမ့်မယ်။ သူ့ရဲ့ Pro Mode ထဲမှာ 48MP Mode ပါတယ်၊ သုံးရတာလည်း Note 7 တုန်းကလို Crash ဖြစ်တာမျိုးမကြုံရပဲ ပုံထွက်လည်း မြန်တယ်။ ဒါပေမယ့် Image Quality ကတော့ 12MP Photo နဲ့ သိပ်ပြီးကွာခြားမှုတော့ မတွေ့ခဲ့ရပါဘူး။

5MP Depth Sensor သုံးတဲ့ သူ့ Portrait Mode ကတော့ Edge Detection လေးတွေမဆိုးလှပေမယ့် Photo ရဲ့ Resolution ကို ချပစ်တာကြောင့် Detail တွေကျကုန်တာမျိုးတွေ့ရတယ်။ Selfie ပိုင်းမှာ 20MP ကိုသုံးထားပေမယ့် Quality ပိုင်းမှာတော့ အမြင့်ပိုင်းဖုန်းတွေရဲ့ 20MP လိုမျိုးတော့ မမျှော်လင့်ဖို့ အကြံပြုပါရစေ။ Selfie Portrait ကတော့ Edge Detection အကောင်းကြီးမဟုတ်သလို ပုံကောင်းရဖို့ဆိုရင် အလင်းကောင်းကောင်းရဖို့ လိုပါလိမ့်မယ်။

ထူးထူးခြားခြားပဲ Note 9 ရဲ့ Video ပိုင်းကတော့ သဘောကျစရာဖြစ်နေပြန်တယ်။ Back Camera အနေနဲ့ 4K အထိ Support ပေးပြီး Selfie မှာတော့ 1080p အထိ Support တယ်။ သူ့ Video တွေက 16:9 Default ဖြစ်နေတာရယ်၊ Stabilization မရတာရယ်ကလွဲရင် Quality ပိုင်းကတော့ အတော့်ကိုအဆင်ပြေတယ်ပြောလို့ရတယ်။ ဒီတော့ Camera ကို အဓိကထားပြီးရွေးမယ့်သူတွေအတွက်တော့ Meizu Note 9 ကို နှစ်ခါပြန်၊ သုံးခါပြန်လောက်တော့ စဉ်းစားစေချင်မိပါတယ်။


ဆိုတော့ကာ Meizu Note 9 ဟာ Redmi Note 7 ရဲ့ ပြိုင်ဘက်ကောင်းဖြစ်ခဲ့သလား? ဒီမေးခွန်းအတွက် တိကျတဲ့အဖြေကို ပေးနိုင်ဖို့ခက်ပါလိမ့်မယ်။ Note 9 မှာ အားသာချက်တွေအနေနဲ့ Color Accurate ဘက်သွားတဲ့ Display, ကောင်းမွန်တဲ့ Audio Quality, စိတ်ကျေနပ်စရာ Performance နဲ့ Battery Life, Stable ဖြစ်တဲ့ UI စတဲ့အားသာချက်တွေပါဝင်နေတယ်။ တစ်ဖက်ကို ကြည့်ပြန်တော့လည်း သူ့ Design, Camera, Software Support နဲ့ Accessory ပိုင်းတွေက ဝယ်ရမယ့်သူတစ်ယောက်တွက် စဉ်းစားရမယ့်အချက်တွေဖြစ်နေပြန်တယ်။ ဒီတော့ Meizu ရဲ့ Note 9 ဟာ Redmi Note 7 ရဲ့ပြိုင်ဘက်ဆိုတာထက် ၃သိန်းဝန်းကျင်မှာ Note 7 နဲ့ Xiaomi မကြိုက်သူတွေအတွက် Alternative တွေးချယ်စရာ ဖုန်းတစ်လုံးလို့ပြောရင် ပိုမှန်ပါလိမ့်မယ်။

Observe Here. Trust Yourself.
 
PLANET X 

Wednesday, May 1, 2019

သည်းခြေကျောက်တည်ခြင်း


==t==h==u==r==a==

သည်းခြေဆိုတာ လူတိုင်းမှာရှိပါတယ်။ ဝမ်းဗိုက်ရဲ့ညာဖက် အသည်းရဲ့အောက်ခြေမှာရှိတယ်။ အသည်းရဲ့ အခြေမှာ ရှိတဲ့အိတ်မို့လို့ သည်းခြေအိတ်(gallbladder)လို့ခေါ်ပါတယ်။ သူ့တာဝန်က အသည်းကထွက်လာတဲ့သည်းခြေရည်(bile)တွေကို သိုလှောင်ထားဖို့ပါ။ အသည်းဆိုတာ ခန္ဓာကိုယ်မှာ အကြီးဆုံးပဲ။ အဲဒီကနေ သည်းခြေရည်ဆိုတာ ထုတ်ပေးနေတယ်။ ထွက်လာတဲ့ သည်းခြေရည်က hepatic ductကတဆင့် သည်းခြေအိတ်ထဲရောက်ပြီး သိုလှောင်ထားတယ်။ လိုအပ်တဲ့အခါ common bile ductဆိုတဲ့ ပြွန်မကြီးကတဆင့် အူသိမ်ထဲဝင်ပြီး အဆီကို ခြေဖျက်ပေးပါတယ်။

အစားအသောက်ထဲမှာပါတဲ့ အဆီကို ခြေဖျက်ဖို့ သည်းခြေရည်လိုအပ်တယ်။ အဆီတခုစားလိုကိတာနဲ့ သည်းခြေအိတ်ထဲမှာ သိုလှောင်ထားတဲ့အရည်က ထွက်လာပြီး အဆီကို ခြေဖျက်ပေးတယ်။ သည်းခြေရည်(bile)ရဲ့ တာဝန်က အသားအသောက်မှာပါတဲ့ အဆီ(fat)ကို ချေဖျက်ဖို့ ဖြစ်ပါတယ်။ သည်းခြေရည်ထဲမှာ ရေဓာတ်၊ကိုလက်စတော(cholesterol)၊ဘီလီရူဘင်(bilirubin) နဲ့ သည်းခြေ ဆားဓာတ်(bile salts)တွေ ပါဝင်တယ်။ ဒီဓာတ်တွေ ပေါင်းစုနေလို့ သည်းခြေရည်က စိမ်းဝါရောင်ရှိတယ်။ အရသာက ခါးသက်သက်ရှိတယ်။ဒီဓာတ်ချို့တဲ့ရင် အစာမကြေ၊ရင်ပြည့်ရင်ကယ်ဖြစ်တတ်တယ်။

သည်းခြေအိတ်တခုရဲ့ အရွယ်ဟာ အချင်း ၁လက်မခွဲ၊အရှည် ၃လက်မလောက် ရှိတယ်။ သစ်တော်သီးလို ရှည်မျောမျော ပုံစံရှိတယ်။ ပူဖောင်းကို လေလျှော့ထားတာနဲ့ တူတယ်။ သည်းခြေပြွန်(Common bile duct)က ၆မီလီမီတာ အချင်းရှိပြီး ၆စင်တီမီတာရှည်တယ်။ ဒါ့ကြောင့် ၆မီလီမီတာအောက် အရွယ်ရှိကျောက်တွေဟာ သူဘာသာကျသွားနိုင်တယ်။

ယူကေမှာ စာရင်းတွေအရ လူကြီး ၁၀ယောက်မှာ တယောက်ဟာ သည်းခြေကျောက်ရှိနေပါတယ်။ ဒါပေမယ့် အများစုက ဝေဒနာမခံစားရဘူး။ အဝလွန်သူ၊အဆီများသူ၊အသက်(၄၀)အထက်တွေမှာ ပိုတွေ့ရတယ်။ အမျိုးသမီးတွေက အမျိုးသားတွေထက် သုံးဆလောက်ပိုဖြစ်တယ်။ ထပ်တွေ့တာက ကလေးမွေးဖူးတဲ့မိခင်တွေဟာ ပိုဖြစိနိုင်တယ်ဆိုတာပါ။ ကလေးမွေးတုန်း ဟော်မုန်းအပြောင်းအလဲက ကိုလက်စတောကို များသွားစေတယ်။ နောက်ပြီး ဗိုက်အဆီပြင်များသူတွေမှာ ပိုတွေ့ရတယ်။ ဝိတ်အမြန်ချတာကလည်း အသည်းက ကိုလက်စတော ပိုထုတ်ရလို့ သည်းခြေကျောက်ကု ဖြစ်စေနိုင်တယ်။

သက်သက်လွတ်စားသူ၊အရက်ကို တော်သင့်ရုံသောက်သူတွေမှာ သည်းခြေကျောက်ရောဂါ အဖြစ်နည်းတာ တွေ့ရတယ်။

သည်းခြေရည်ထဲမှာရှိတဲ့ ကိုလက်စတောက ကြာတဲ့အခါ အနည်ကျ ချိုးကပ်လာရာက သည်းခြေကျောက်ဆိုတာ ဖြစ်လာပါတယ်။ သည်းခြေကျောက်အများစု (၈၀ရာခိုင်နှုန်း)က ကိုလက်စတောကျောက်(cholesterol stone)တွေ ဖြစ်ပါတယ်။ တချို့မှာ ကယ်လ်စီယမ်ကျောက်(calcium stone)လည်း ဖြစ်နိုင်တယ်။ ပေါင်းစပ်ကျောက်(mixed stone)လည်း ရှိဦးမယ်။အရွယ်အစားက ရွေးစေ့ကနေ ဂေါက်သီးလုံးအထိအမျိုးမျိုး ဖြစ်နိုင်တယ်။ အရေအတွက်ကလည်း မတူညီကြဘူး။ကျောက်သေးသေးလေးတွေဖြစ်နိုင်သလို တလုံးတည်း ကျောက်တည်တာလဲ ရှိတယ်။ ပုံမှန်အားဖြင့် သည်းခြေအိတ်ထဲ ကျောက်ရှိတာမျိုးက လူကို ဘာမှဒုက္ခမပေးဘူး။

ဘယ်အချိန်မှာ ကုဖို့လိုလဲ
**t***h***u***r***a**

သည်းခြေကျောက်က သည်းခြေပြွန်မှာ သွားပိတ်ရင်တော့ လူကို ဒုက္ခပေးလာတယ်။ ကုဖို့လိုပါပြီ။ အရင်ဆုံး လက္ခဏာတွေ ပြလာတယ်။ အစာမကြေတာရှိမယ်။ ဗိုက်ညာဖက်ခြမ်း ချွေးဒီးဒီးကျအောင် နာကျင်ခံစားရတယ်။ နာတာက ဆက်တိုက်နာတာ။ ဗိုက်တပြင်လုံးနာတာလည်း ရှိနိုင်တယ်။ ဒီလက္ခဏာနဲ့ အတူ အဖျားကြီးတာ၊အသားဝါ၊မျက်လုံးဝါ၊ဝမ်းရောင်ဖျော့သွားတာ ရှိတယ်။ သည်းခြေကျောက်က အငြိမ်မနေပဲ အောက်မှာရှိတဲ့ ပန်ကရိယကို သွားပိတ်ရင် ပန်ကရိယရောင်ဦးမယ်။ အရေးပေါ်ကုသရပါတယ်။ ပန်ကရိယ(pancreas)ကို မြန်မာတွေက မုန့်ချိုအိတ်လို့ ဘာသာပြန်ပါတယ်။ သရက်ရွက်(spleen)နဲ့ မတူဘူး။ မုန့်ချိုအိတ်ဆိုတာ ဗိုက်ညာဘက်၊သရက်ရွက်က ဘယ်ဖက်မှာရှိတယ်။ သရက်ရွက်(spleen)ကြီးတာကို ဘေလုံးကြီးတာလို့ ခေါ်ပြန်တယ်။

သည်းခြေကျောက်ရှိ၊မရှိ အက်ထရာဆောင်း(ultrasound)ရိုက်ပြီး သိနိုင်တယ်။

 လူအများစုက ဆေးစစ်ရင်း အမှတ်မထင်တွေ့တာ။ကံကောင်းတာက လူသုံးယောက်မှာ နှစ်ယောက်ဟာ ဘာလက္ခဏာမှ မပြလို့ ကုသဖို့မလိုအပ်ဘူး။ အကယ်၍ မခံမရပ်နိုင်အောင် ဗိုက်နာလာတဲ့အခြေအနေမျိုးမှာ ကုဖို့လိုတယ်။

အရေးပေါ်အခြေအနေမှာ ခွဲစိတ်ကုသဖို့ထိ လိုတယ်။ နည်းပညာမြင့်လာတော့ keyhole surgeryဆိုတဲ့နည်းနဲ့ ခွဲလာကြတယ်။ ဗိုက်မှာ အပေါက်လေးဖောက် ပြွန်ထိုးပြီး သည်းခြေအိတိကို ဖြတ်ထုတ်ယူရတယ်။ သည်းခြေအိတ်ထုတ် လိုက်တဲ့အတွက် ပြဿနာကြီးကြီးမားမားမရှိပါဘူး။ သည်းခြေရည်တွေကတော့ အစာရှိရှိ၊မရှိရှိ အူထဲကို အဆက်မပြတ်ထွက်နေတာကြောင့် အဆီစားများရင် အစာမကြေ၊ဝမ်းပျက်တာမျိုးခံစားရနိုင်တယ်။

သည်းခြေကျောက်တိုင်း ခွဲဖို့မလိုဘူး။ သိပ်မကြီးတဲ့ကျောက်တွေမှာ ပြင်ပကနေ လှိုင်းသုံးပြီး ကျောက်ခြေနိုင်တယ်။ ESWL(extracorporeal shock wave lithotripsy)လို့ခေါ်ပါတယ်။ စွမ်းအင်မြင့် အက်ထရာဆောင်းလှိုင်းကိုသုံးပြီး ကျောက်ခြေတဲ့နည်းပါ။ အရွယ်အစား ၂စင်တီမီတာအောက် တွေမှာ သုံးလို့ရတယ်။ ကောင်းတာက ခွဲစိတ်ဖို့ မလိုဘူး။ အသက်ကြီးသူတွေနဲ့ သင့်တော်တယ်။ တခြားနည်းက ကျောက်ပျော်ဆေး ပေးတာ။

သေးငယ်တဲ့ကိုလက်စတောကျောက်တွေမှာ ursodeoxycholic acid သောက်ဆေးပေးရင် ပျောက်ကင်းနိုင်တယ်။ အရွယ်အစား ၁စင်တီမီတာအောက်မှာ ၃၈ရာခိုင်နှုန်းအောင်မြင်ပြီး ပင်စိမ်းရွက်၊ပရုတ်အေးနဲ့ရောရင် ၅၃ရာခိုင်နှုန်းထိ အောင်မြင်တယ်။ ဆေးကို အနည်းဆုံး (၂)နှစ်လောက် သောက်ပေးရတယ်။  မကောင်းတာက ဆေးဖြတ်ပြီး ပြန်ဖြစ်နိုင်တယ်။

ကျောက်ရှိရင် ဘာတွေလုပ်သင့်လဲ
****t***h***u***r***a****

တရက်ကို အနည်းဆုံးရေ (၂)လီတာသောက်ပါ။ ဖြစ်စ (၂)ပတ်အတွင်း ရှောင်ရမည့်အစားအစာတွေ ရှိတယ်။ ထောပတ်၊ဒိန်ခဲ၊နွားနို့၊ရေခဲမုန့်၊ဘီစကစ်၊အခွံမာသီး၊အမဲသား၊ဝက်သား၊ဆိတ်သား၊ငါးသေတ္တာတွေ မစားပါနဲ့။ပြန်ကြော်ဆီ၊တိရိစ္ဆာန်ဆီ လုံးဝရှောင်ပါ။ အဆီများတာ၊သကြားဓာတ်ကဲတာတွေ ရှောင်ပါ။နှမ်းဆီ၊မြေပဲဆီ သန့်သန့်ကိုသာ သုံးပါ။ တရက်ကို ဆီလက်ဖက်ရည်တဇွန်းထက် ပိုမစားမိစေနဲ့။အစားအသောက်ထဲမှာ အမျှင်ဓာတ်များပါစေ။ သား၊ငါးတွေ အစား လတ်ဆတ်တဲ့ အသီးအရွက်၊သစ်သီးဝလံကို အဓိကစားသုံးပေးသင့်တယ်။

အိမ်သုံးနည်းများ
**t**h**u**r**a**

(၁)
ပန်းသီးစိမ်းရည်က သည်းခြေကျောက်ကို အရည်ပျော်စေတယ်။
ပထမငါးရက်အတွင်း ပန်းသီးဖျော်ရည် ၄ခွက်(သို့)ပန်းသီးစိမ်း ၄လုံးကို နေ့စဉ် အချိန်မှန် စားရမှာဖြစ်တယ်။ ရေများများသောက်၊အဖတ် တတ်နိုင်သမျှ လျှော့ရမယ်။၆ရက်မြောက်နေ့မှာ ညစာမစားပဲ Epsom salt (ဆားခါး) လက်ဖက်ရည်ဇွန်းတဇွန်းကို ရေနွေးတခွက်နဲ့ ရောသောက်ပါ။ ဆားခါးက  သည်းခြေပြွန်ကို ပွင့်စေတယ်။ည(၈)နာရီမှာ နောက်တကြိမ်ဆက်သောက်ပါ။ ည(၁၀)နာရီမှာ သံလွင်ဆီ ခွက်တဝက်စာကို ရှောက်ရည်ခွက် တဝက်နဲ့ရောပြီး သောက်ရမှာ ဖြစ်ပါတယ်။ သံလွင်ဆီက ကျောက်ထွက်တဲ့လမ်းကြောင်းကို ချောမွေ့စေတယ်။ ဒါပေမယ့် ဒီနည်းသုံးတဲ့အခါ ဝမ်းလွယ်သူ၊ဆားခါးမတဲ့သူတွေ သတိထားရမယ်။ သုံးစွဲသူအချို့က နောက်ရက်မှာ ဝမ်းနဲ့အတူ အစိမ်းရောင်ကျောက်တွေ ပါလာတာ တွေ့ရသတဲ့။

(၂)
နောက်တနည်းက သည်းခြေနေရာကို ကြက်ဆူဆီအဝတ် တင်ပေးရတာပါ။ ကြက်ဆူဆီကို ဒယ်အိုးတလုံးနဲ့ အပူပေး၊ ပြီးရင် သန့်တဲ့အဝတ်စတခုကို ယူပြီး ကြက်ဆူဆီထဲစိမ်ပါ။ စိမ်ထားတဲ့ အဝတ်ကို ဝမ်းဗိုက်ညာဖက်ခြမ်းမှာ တင်ထားပါ။ အဝတ်စပေါ် ပလတ်စတစ်တထပ်အုပ်ပြီး ရေနွေးအိတ်ကပ်ပေးပါ။အပူလျှော့သွားတိုင်း အသစ်လဲပါ။ ဒီအတိုင်း နာရီဝက်လောက် ကပ်ပေးထားရမှာဖြစ်ပါတယ်။ ဒီလိုနေ့စဉ်လုပ်ပြီး (၃)ပတ်လောက်အကြာ ကောင်းသွားတဲ့လူနာတွေလည်း ရှိတယ်။

(၃)
သည်းခြေကျောက်ပျော်နည်းအများစုမှာ သံလွင်ဆီကို သုံးတာတွေ့တယ်။ တချို့က ပန်းသီးဖျော်ရည်၊ရှောက်သီးဖျော်ရည်နဲ့ ရောသောက်တယ်။ အနောက်နိုင်ငံတွေမှာ apple cigar vinegarကို နေ့စဉ် နည်းနည်းစီသောက်ခိုင်းတယ်။ဝိုင်သောက်တာလည်း ကောင်းသတဲ့။East Anglia တက္ကသိုလ်က လူပေါင်း ၂၅၆၃၉ ယောက်ကို ၁၀နှစ်ကြာလေ့လာတဲ့အခါ ဝိုင် ၂ယူနစ် နေ့စဉ်သောက်သုံးသူဟာ သည်းခြေကျောက်ဖြစ်နိုင်ချေ သုံးပုံတပုံထိ ကျဆင်းစေတယ်။ ဝိုင် ခွက်သေး တဝက်စာကို နေ့စဉ်သောက်သုံးခြင်းက ကျောက်မဖြစ်အောင်ကာကွယ်ပေးနိုင်သလို ခံစားရသူ ၄၀ရာခိုင်နှုန်း သက်သာစေတယ်။


(၄)
သည်းခြေသမား သစ်တော်သီး စားဖို့ အကြံပြုပါတယ်။ သစ်တော်သီးမှာပါတဲ့ pectinဓာတ်က သည်းခြေကျောက်ကို ပျော့သွားစေတယ်။ သစ်တော်သီးအရည် ခွက်တဝက်စာကို ရေနွေးနဲ့ရောပါ။ ပျားရည် ထမင်းစားဇွန်း(၂)ဇွန်း ရောပြီး တနေ့သုံးကြိမ်သောက်ပါ။ အခွံခွာ၊ပါးပါးလှီးပြီး ရေနဲ့ မိနစ်(၂၀)ခန့် ပြတ်ပြီး ပန်းကန်လုံးတလုံးစာ တနေ့နှစ်ကြိမ် (၂)ပတ်သောက်လို့လည်း ရတာပဲ။

(၅)
Psyllium ဆိုတာ အမျှင်ပါတဲ့ ဝမ်းပျော့ဆေးတမျိုးပါ။အူလမ်းကြောင်းကို သန့်စင်စေပြီး ကိုလက်စတောကို ချပေးတယ်။ သည်းခြေကျောက်မဖြစ်အောင် ကာကွယ်ပေးတယ်။ Psylliumအထုပ်ကို ရေများများနဲ့ဖျော်၊တနေ့(၂)ကြိမ်သောက်ရင် ကျောက်ပျော်စေသတဲ့။နနွင်းထည့်ရင် သည်းခြေရည်ရဲ့ပျော်ဝင်မှုကို အားကောင်းစေတယ်။

(၆)
Milk thistleဆိုတာ အသည်းရောဂါတွေမှာသုံးတယ်။ ဒီထဲမှာပါတဲ့ silymarinဓာတ်က ခါးသက်သက်အရသာရှိတယ်။ သည်းခြေရည်ကို ပိုထုတ်လုပ်ပေးလို့ သည်းခြေကျောက်တွေ ကျသွားနိုင်တယ်။milk thistleအစေ့ တဇွနိးစာကို ကြိတ်၊ရလာတာကို ရေနဲ့ရော အပူပေးပြီး မိနစ်(၂၀)နပ်ထား၊အရသာကောင်းအောင် ပျားရည်တဇွန်းထည့် တနေ့(၂)ကြိမ်သောက် ရင် သည်းခြေကျောက်ကျစေတယ်။ အသည်းအားဆေးတွေထဲမှာ ပါတဲ့ phosphatidylcholine 100mg တနေ့သုံးကြိမ်သောက်လို့လည်း ရတယ်။

(၇)
အသည်းအဆီဖုံးသူတွေ ရှောက်ရည်နေ့စဉ်သောက်ပေးပါ။ ရှောက်သီးမှာပါတဲ့ ဗီတာမင်စီက ကိုလက်စတောကို ရေထဲမှာ ပျော်ဝင်စေမယ်။အသည်းမှာရှိတဲ့ ကိုလက်စတောတွေကို ကျဆင်းစေတယ်။ ရှောက်သီးကို အခွံမခွာ၊သကြားမထည့်ပဲ အစိမ်းလိုက်ဝါးစားနိုင်တယ်။ နောက်တနည်းက ရှောက်ရည်ထမင်းစားဇွန်း (၄)ဇွန်းကို ရေတဖန်ခွက်နဲ့ရောပြီး မနက်အိပ်ရာထ အစာမရှိခင်သောက်ပါ။ (၆)လနေတဲ့အခါ ဓာတ်မှန်ရိုက်ကြည့်ပါ။ အသည်းအဆီဖုံးတာ သိသိသာသာသက်သာလာလိမ့်မယ်။

ဒေါက်တာ အေးမင်းထူး
 ရတနာပုံသတင်းစာ(၉.၃.၁၅)