Monday, November 5, 2018
`Loy Krathong´
လွန်ခဲ့တဲ့ဆယ်နှစ်က တန်ဆောင်တိုင်လပြည့်မှာတော့ ကျမတယောက်  “ဇင်းမယ်”ဆိုတဲ့… ညိုတဲ့…မြို့ကလေးမှာပေါ့..။ထိုင်းလူမျိုးတို့ရဲ့ တန်ဆောင်တိုင်ပွဲက ကျမကို ၀တ္ထ္ထ္ထုလေးတပုဒ်ပေးခဲ့တာ။သူတို့ တန်ဆောင်တိုင်ပွဲက ထိုင်းလို “လွိုင်ကထုံ”….တဲ့……..။  
                    လွိုင်ကထုံ
တောင်ညိုညို ပတ်လည်ဝန်းရံတဲ့ “ဇင်းမယ်” မြို့ကလေးရဲ့ အလှဆုံးအချိန်နဲ့ နေလို့ထိုင်လို့ အကောင်းဆုံးအချိန်ဟာ ဆောင်းဦးပေါက်ချိန်လို့ ကျွန်မက ထင်တယ်။ နိုဝင်ဘာလဆန်းပေါ့။ စိမ့်စိမ့်လေး အေးမြနေတဲ့ ရာသီဥတုနဲ့အတူ ပန်းတွေကလည်း ပွင့်ကြပြီ။ မနက်စောစောဆိုရင် တောင်ညိုညိုတွေကို လွှမ်းခြုံရစ်သိုင်းထားတဲ့ ငွေနှင်းမှုံပြာပြာဟာ တကယ့်ကို လွမ်းစရာ ….။ ကြည့်လို့ကိုပဲ မ၀နိုင်ပါဘူး။
ဇင်းမယ်တက္ကသိုလ် ၀န်းကျင်က လမ်းကလေးတွေက အေးချမ်းတိတ်ဆိတ်ပြီး လမ်းလျှောက်လို့ ကောင်းတယ်။ တွေးလို့ ငေးလို့လည်း ကောင်းတယ်။ တစ်ခါတစ်ခါကျတော့လည်း လမ်းဘေးသစ်ပင်အုပ်ဆီ က ချိုးကူသံ နွဲ့နွဲ့က ကျွန်မကို အိမ်ပြန်ချင်အောင် လုပ်တတ်တယ်။
ဆောင်းဦးပေါက်တာနဲ့ သူတို့ရဲ့ ဓလေ့ထုံးစံပွဲတော်တွေကလည်း လာတော့မယ်။ ပန်းပွဲတော်၊ အစားအသောက်ပွဲတော်၊ ပိုးထည်ပွဲတော်၊ ချည်ထည်ပွဲတော်၊ စဥ့်ပွဲတော်၊ ကြွေပွဲတော်၊ ပျော်စရာကောင်းပြီး ချစ်စရာ၊ စိတ်ဝင်စားစရာ၊ ကောင်းတဲ့ များစွာသော ပွဲတော်တွေ၊ လာတော့မယ်။
ကျွန်မအလွန်သဘောကျတဲ့ ဆန်းဒေးဝေါ့(ခ်) (Sunday Walk)။ ဇင်းမယ်ရဲ့ ထပ်ဖေဂိတ်တံခါးအနီး က ရိုးရာပစ္စည်း၊ ရိုးရာအစားအစာ၊ ရိုးရာအဆိုအကတွေနဲ့ တနင်္ဂနွေညဈေးဟာလည်း ဆောင်းဦးပေါက် တနင်္ဂနွေညတွေကမှ ပိုပြီး အသက်ဝင်နေသလို ပိုပြီး ပျော်စရာ ကောင်းနေသလိုပဲ။
ကျွန်မ အခန်းမျက်နှာစာ မှန်ချပ်ရှည်ကြီးတွေကနေ လှမ်းမျှော်ကြည့်လိုက်ရင် ဇင်းမယ်မြို့ရဲ့ နာမည် ကြီး ဆူပါမားကက် “စင်ထရယ်ဆူပါးမားကက်” (Central Super Market) ကြီးကို မြင်နေရတယ်။ သူတို့ အင်္ဂလိပ်အသံထွက်နဲ့ “စန်ထန်း” ဆူပါမားကက်ပေါ့။ ကျွန်မတို့တောင်မှ လိုက်ပြီး နောက်ပြောင်ခေါ်ရင်း တက္ကစီစီးတဲ့အခါ ကားဆရာကို ပြောရင်းနဲ့ “စန်ထန်း” လို့ပဲ နှုတ်ကျိုးနေခဲ့ပြီ။
ညိုမှိုင်းမှိုင်းရောင် “စန်ထန်း” ကို ကျွန်မက ချစ်တယ်။ ခင်လည်းခင်တယ်။ မနက် Breakfast အချိန် တိုင်းလည်း လက်ဖက်ရည်သောက်ရင်း “စန်ထန်း” ကို အမြဲမြင်ရတယ်။ ကျွန်မလိုအပ်သမျှ အစား အသောက် ၊ အ၀တ်အထည်၊ ဘာညာ မှန်သမျှ ၀ယ်ချင်တော့လည်း “စန်ထန်း”ပဲ။ ကျွန်မ ရုပ်ရှင်ကြည့် နေကျ နေရာကလည်း “စန်ထန်း”ပဲ။ တစ်ခါတလေ အခန်းထဲမှာ တစ်ယောက်တည်း အထီးကျန်သလို ဖြစ်လာရင် ဖြတ်ဆို ထပြီး ကျွန်မသွားမိတာကလည်း “စန်ထန်း” ပဲ ဆိုတော့ နှစ်နှစ်အတွင်းမှာ "စန်ထန်း"ကို ချစ်ခင်စွဲလမ်းမိပါပြီ။"စန်ထန်း"မှာကျွန်မ စွဲလမ်း တာလေးတစ်ခု ရှိသေးတယ်။ “စန်ထန်း” ရဲ့ အောက်ဆုံးထပ် ရိုးရာအ၀တ်အထည်တွေ၊ ရိုးရာပစ္စည်းတွေ သီးသန့်ရောင်းတဲ့ နေရာက စားသောက်ဆိုင်လေးပေါ့။ ထိုင်းအစားအစာချည်း ရောင်းတဲ့ ဆိုင်ကလေးပါပဲ။ ဒါပေမဲ့ သူ့ရဲ့ထူးခြားချက်က ရိုးရာအကနဲ့ ရိုးရာဂီတကို အမြဲဖျော်ဖြေနေတာပဲ။ ရှည်မျောမျော ဆိုင်နေရာ လေးရဲ့ ထိပ်မှာ စင်မြင့်လေး ရှိတယ်။ အဲဒီစင်မြင့်လေးပေါ်မှာ ဂီတနဲ့ အကအဖွဲ့လေးတစ်ဖွဲ့ အမြဲရှိတယ်။ အစားအသောက်က ကျွန်မအတွက် ဒီလောက်ကောင်းတာ မဟုတ်ပေမဲ့ သူတို့ ဂီတကတော့ ကျွန်မကို အလွန် ဆွဲဆောင်နိုင်ပါတယ်။ ဇင်းမယ်မြို့ရဲ့ မြောက်ဘက်ပိုင်းမှာ ရှိတဲ့ ‘လာနား’ ဆိုတဲ့ အရပ်က ဂီတသံတဲ့။ တူရိယာပစ္စည်းတွေက ကျွန်မတို့နဲ့ အတူတူပဲ၊ ယဉ်ကျေးမှုချင်းလည်း ကူးလူးဆက်ဆံခဲ့ကြတာပဲ။ ဒါပေမယ့် ရေ၊ မြေ၊ လေ၊ အငွေ့အသက်ရနံ့တွေက မတူကြလေတော့ဂီတသံက ကွာခြားသွားတော့တာပေါ့။
 ဘာရယ်လို့မသိ၊ “လာနား” ဂီတသံကို ကျွန်မကြိုက်တယ်။ ဆိုင်ကလေးနဲ့ သစ်သား ကြမ်းပြင်ပေါ်က အ၀တ်ထိုင်ခုံလေးတွေပေါ်မှာ မြန်မာလို သက်တောင့် သက်သာထိုင်ရင်း “လာနား” ဂီတ သံလေးနဲ့ ထမင်းစားရတဲ့ အရသာကို ကျွန်မအလွန်သဘောကျပါတယ်။
“စန်ထန်း” ရဲ့ နောက်ပေါက်ကနေ၀င်ရင် ဒီဆိုင်လေးနဲ့က နီးနီးလေးရယ်။ အဲဒီ “စန်ထန်း”ရဲ့ နောက်ပေါက်ကို လမ်းလျှောက်သွားလို့ရတဲ့ ဖြတ်လမ်းကလေး တစ်ခုကိုလည်း ကျွန်မကရှာဖွေတွေ့ရှိထား သေးတာ …။ ဖြတ်လမ်းကလေးကမှ တကယ့်ကို လှပငြိမ်းသက်အေးချမ်းတဲ့ဖြတ်လမ်းလေး။ ကျွန်မအခန်း က ဆင်းပြီး လမ်းကိုဖြတ်လိုက်တာနဲ့ အဲဒီဖြတ်လမ်းလေးကိုရောက်ပြီ။ လမ်းကလေးရဲ့ ဘေးဝဲယာက အိမ် တွေဟာ သိပ်ကို ချစ်စရာကောင်းပြီး ပန်းပင်တွေ၊ သစ်ပင်တွေနဲ့ အုံ့ဆိုင်းနေတာပဲ။ လမ်းကလေးပေါ်မှာ ဖွားဘက်တော် ပွင့်ဖတ်ပန်းရောင်တွေ၊ ပွင့်ဖတ်အဖြူတွေ၊ ပွင့်ဖတ်အ၀ါတွေဟာ တသဲသဲကြွေလို့ …။ လွမ်း စရာပန်းခင်းလမ်းကလေးပေါ်မှာ ကျွန်မလျှောက်ပြီဆိုရင် အိမ်ကိုသိပ်လွမ်းတာပဲ။
… လမ်းကလေးပေါ်မှာ ကျွန်မတစ်ယောက်တည်းရယ်လေ … ။
---------------------------------------------------------------------------
အခုဆိုရင် ကျွန်မတစ်ယောက်တည်း မဟုတ်တော့ပါဘူး။
ပြီးခဲ့တဲ့ တစ်ပတ်နိုဝင်ဘာလနှစ်ရက်နေ့ကပဲ ကျွန်မခင်ပွန်း မြန်မာပြည်ကနေ ရောက်လာပါတယ်။ ဒီမှာ တစ်လနေဖို့အတွက် တစ်နှစ်လောက် စိတ်မောလူမော ကြိုးစားခဲ့ရရှာသူကို ကျွန်မနဲ့ဇင်းမယ်က မြန်မာ မိတ်ဆွေတွေက ဧည့်ဝတ်ကျေအောင် ဂရုစိုက်ရတော့တာပေါ့။ ကျွန်မတို့နဲ့အတူ အမေရိကားကနေတောင် တကူးတက လာရောက်ပူးပေါင်း ဧည့်ဝတ်ကျေသူ တစ်ယောက်က ကျွန်မတို့ ဇနီးမောင်နှံရဲ့ အချစ်ခင်ဆုံး မိတ်ဆွေ Alfred ခေါ် ကိုရဲလင်းနဲ့ ချစ်ညီမလေး သီ တို့ ဇနီးမောင်နှံပေါ့။ ပျော်ရွှင်နောက်ပြောင်တတ်တဲ့ Alfred က “ဆရာတိုးဟာ သိပ် ကံကောင်းတဲ့သူပဲ၊ အမေရိကန်ဂိုက် (American Guide) နဲ့တောင် ထိုင်းနိုင်ငံကို လည်နိုင်တယ်နော်” တဲ့။ ခရီးသွားဝါသနာပါတဲ့ Alfred က ထိုင်းကို အလွန်ကျွမ်းပြီး ထိုင်းစကားလည်း တတ်တယ်။
ကျွန်မ ခင်ပွန်းရောက်တဲ့ညက ဇင်းမယ်ရဲ့ အစားအသောက်ပွဲတော် (Food Festival) စတင်တဲ့ည ပေါ့။ ကျွန်မတို့နေတဲ့ လမ်းတွေရဲ့ တောင်ဘက်ခြမ်းမှာ ကွင်းပြင်ကျယ်ကြီးတစ်ခုရှိတယ်။ အဲဒီကွင်းပြင် ကျယ်ကြီးရဲ့ထိပ်မှာ အမြဲတမ်း အခိုင်အခန့် ဆောက်ထားတဲ့ စင်မြင့်အကြီးကြီးတစ်ခုလည်းရှိတယ်။ ပွဲလမ်း သဘင်အတွက် တမင်ထားတဲ့ ကွင်းကြီးလို့ပဲ ကျွန်မထင်တယ်။ ပွဲတော်တော်များဟာ အဲဒီကွင်းထဲမှာပဲ ကျင်းပပြီး အသေဆောက်ထားတဲ့ စင်ြ့မင့်ကြီးပေါ်မှာ ဆိုကြ၊ တီးကြ၊ ကကြတော့တာပဲ။ အစားအသောက် ပွဲတော်က တကယ့်ကို အစားအသောက်တွေချည်း ရောင်းတဲ့ပွဲပါ။ အစားအသောက်မှန်သမျှ တစ်နေရာထဲ မှာ အကုန်ရနိုင်ပြီး ဈေးကလည်းနည်းနည်းလျှော့ပေးထားတယ်လေ။ ကျွန်မတို့ မြန်မာတွေလိုပဲ ပွဲလမ်းသဘင် ကြိုက်တတ်တဲ့ ထိုင်းလူမျိုးတွေနဲ့ ပွဲကတော့ ကြိတ်ကြိတ်တိုးပါပဲ။ ဆို၊ တီး၊ က လုပ်နေတဲ့ စင်မြင့်ရှေ့မှာ စားပွဲဝိုင်းတွေနဲ့ ကုလားထိုင်တွေ အများကြီးခင်းထားတယ်။ ကိုယ်စားချင်တာကို ဆိုင်ခန်းတွေ ကနေ တစ်ခါသုံး Box လေးတွေနဲ့ ၀ယ်ထည့်လာပြီး ကွင်းလယ်က စားပွဲဝိုင်းတွေမှာ ထိုင်စားကြပါတယ်။ ပွဲ ကြည့်ရင်းပေါ့။ စားပွဲဝိုင်းများရဲ့ အနီးကပ်ဆုံးနေရာမှာ ထိုင်းဘီယာချန်း ကောင်တာကလည်း ဟီးလို့ဆိုတော့ အဆင်ကိုပြေနေတာပေါ့။
ဘီယာကြိုက်တဲ့ Alfred နဲ့ ကျွန်မခင်ပွန်းက ဘီယာချန်းနဲ့ အနီးဆုံးစားပွဲကိုရအောင် နေရာဦးကြ တယ်။ ကျွန်မနဲ့သီက အစားအသောက် သွားဝယ်ကြတယ။် ထိုင်းထုံစံ၊ အကင်ဆိုင်များစွာထဲက ငါးကင်၊ ကြက်ကင်နဲ့ အာလူးကင်တွေ ၀ယ်လာပြီး စားကြ၊ စကားများကြတော့တာပေါ့။ စကားအများဆုံး သူကတော့ ကျွန်မပဲဖြစ်မယ်ထင်တယ်။ ချစ်ခင်သူတွေနဲ့ ကျွန်မ ဒီလိုမနေရတာ ကြာလှပြီလေ။
ကျွန်မတို့နဲ့ အပြိုင်စားသောက်ရယ်မော၊ စကားများနေတဲ့ ဘေးဝိုင်းက ထိုင်းမိသားစုက ကျွန်မတို့ ကို အရှုံးပေးပြီး စားပွဲဝိုင်းက ထတော့ ကျွန်မခင်ပွန်းက “အစားအသောက်ကတော့ တို့က ရှုံးပါတယ်” တဲ့ …။ ဟုတ်ပါရဲ့၊ မိသားစု ခြောက်ယောက်စားထားတဲ့ Box တွေနဲ့ စားကြွင်းစားကျန်တွေက မြင်မကောင်းဘူး။ ကျွန်မတို့လေးယောက် ရယ်မောလိုက်ကြတုန်းမှာပဲ မိသားစုဟာ စားပွဲဝိုင်း သန့်ရှင်းရေးကို တစ်ယောက် တစ်လက် ၀ိုင်းလုပ်လိုက်တာကို မြင်လိုက်ကြရတယ်။ မြန်မာပြည်သား ကျွန်မခင်ပွန်းငြိမ်သွားပြီး ထိုင်းမိသားစု Box တွေထဲကို စားကြွင်း စားကျန်တွေထည့် ကလေးတွေက ခပ်လှမ်းလှမ်းက အဖုံးပါတဲ့ အမှိုက်ပုံးကြီးတွေ ထဲမှာသွားထည၊့် လူကြီးတွေက စားသောက်ဆိုင်တွေက ယူလာခဲ့တဲ့ လက်သုတ်တစ်သျှူးကြမ်းတွေနဲ့ စားပွဲ ၀ိုင်းကို သုတ်သင်သန့်ရှင်းနေတာကို မျက်တောင်မခပ်စတမ်း ကြည့်နေတယ်။ ပြီးတော့ ကျွန်မကို “သူတို့ ဘယ်တုန်းက အဲလောက် ယဉ်ကျေးသွားကြတာလဲဟင်” တဲ့ … ။ “ဘယ် ” သိမှာလဲဆိုတဲ့ ကျွန်မရဲ့ လူမိုက် စကားကို သူမတုန့်ပြန်နိုင်ဘဲ ခေါင်းကိုပဲ တဆတ်ဆတ်ငြိမ့်တယ်။
“အေးပေါ့၊ ဟုတ်တာပေါ့၊ ဒီလောက်များတဲ့ လူအုပ်ကြီးအတွက် ဘယ်လို သန့်ရှင်းရေးလုပ်ပေးနိုင် မှာလဲ၊ အင်မတန်ကောင်းတဲ့နည်းနဲ့ အင်မတန်ချစ်စရာကောင်းတဲ့ စည်းကမ်းလိုက်နာမှုပဲ၊ အတုယူသင့် တယ်။”
Alfred လုပ်သလို အမေရိကန်စတိုင် လက်နှစ်ဖက်ဖြန့်၊ ပခုံးတွန့် ပြရုံကလွဲလို့ ဘာများတတ်နိုင်မှာ တဲ့လဲ …။
အဲဒီအစားအသောက်ပွဲတော်က စပြီး နောက်ရက်တွေ၊ နောက်ရက်တွေမှာ တောင်ပေါ်ဘုရား ဒွိုင် ဆူထက်၊ ဇင်းမယ်ရဲ့ နာမည်ကျော် (Night Bazzar)၊ စန့်ထန်း၊ Airport Palaza, Sunday Walk စတာ၊ စတာတွေဆီကို ကျွန်မခင်ပွန်းခမျာ ကျွန်မတို့ ခေါ်သမျှနောက် တကောက်ကောက် လိုက်ရရှာတော့တယ်။ သူ ခဏခဏ ပြန်သွားချင်တဲ့နေရာဟာ တောင်ပေါ်ဘုရား ဒွိုင်ဆူထက်နဲ့ စန်ထန်းက “လားနား” ဂီတနဲ့ စားသောက်ဆိုင် ကလေးတဲ့။ ဇင်းမယ်တက္ကသိုလ်ကိုတော့ ကျွန်မနဲ့ နှစ်ခေါက်လိုက်ပြီး သူပြန်မသွားချင်တဲ့ နေရာတဲ့၊ တက္ကသိုလ်ဆရာလေ …၊ ဒါလောက်တော့ ရှိမှာပေါ့။
တဖြည်းဖြည်းနဲ့ သူပြန်ရမယ့် အချိန်လည်း နီးလာလို့ ဇင်းမယ်ပတ်ဝန်းကျင်က မြိုကလေးတွေဆီ ကို လည်ပတ်ဖို့ ကျွန်မက အစီအစဉ်ရေးဆွဲတုန်းမှာပဲ အခါမဲ့ မိုးက အကြီးအကျယ် ရွာပါတော့တယ်။
အုံ့ဆိုင်းမှုံမှိုင်းပြီး မိုးတွေက တသဲသဲရွာနေတဲ့ တစ်ညနေမှာ ဖုန်းမဆက် ဘာမဆက်နဲ့ တံခါးကို အဆက်မပြတ် တဒေါက်ဒေါက် လာခေါက်လို့ သွားဖွင့်လိုက်တော့ … ဘယ်သူတွေ မှတ်လဲ …။
‘မေနု …’
သံပြိုင်အော်လိုက်တဲ့ ကျွန်မရဲ့ သားသမီးသုံးကောင်။ ကြွက်စုတ်လေးတွေလို မိုးရေတွေရွှဲလို့။ လူမျောက် (ခေါ်) မောင်ရဲတိုက်၊ သမီး “မြတ်” နဲ့ သမီး “သက်”။
“လာခဲ့စမ်း ဘယ်တွေလျှောက်သွားနေကြတာလဲ၊ ပြောစမ်း”
“အောင်မာ၊ အမေကဖြင့် သားတို့ကို ပစ်ထားပြီးတော့ ..”
“ဟုတ်တယ်၊ ဟုတ်တယ်”
လူမျောက် နားရွက်ကို လိမ်ဆွဲပြီး ကျွန်မက ရယ်မောရတယ်။ ဒီသုံးကောင်က တစ်ချိန်လုံး ကျွန်မနဲ့ တတွဲတွဲသွားနေကျလေ …။
“မေနု … နက်ဖြန်ည ‘ပင်းမြစ်’ ထဲက မော်တော်ပေါ်မှာ ဒင်နာစားဖို့ …”
“အိုး၊ လိမ္မာလိုက်တဲ့ ကလေးတွေပါလား၊ အဲဒါကို ကြံစည်နေတာနဲ့ အတော်ပဲပေါ့ …”
“ဟိုး … နေဦး၊ အဲဒါက ရိုးရိုးမဟုတ်ဘူးလေ၊ မနက်ဖြန်က ဆရာ့အတွက် ကြုံတောင့်ကြုံခဲ၊ တန်ဆောင်တိုင်ပွဲလေ …”
“ဟင် … ဟုတ်လား၊ မသိဘူးတော့ …”
“အမေ ဘယ်သိမလဲ၊ မနှစ်က ‘လွိုင်ကထုံ’ မှာ အမေ ရန်ကုန်ပြန်နေတာကို …”
“ဟုတ်တယ်၊ တစ်ခါမှ မကြုံသေးဘူး၊ ‘လွိုင်ကထုံ’ ဆိုတာ တန်ဆောင်တိုင်ပွဲကို ခေါ်တာလား၊ ဟုတ်လား သား”
“ဟုတ်တယ်လေ အမေရဲ့ …”
“ ‘လွိုင်ကထုံ’ က မြစ်ထဲမှာ လုပ်တာလား ဟုတ်လား …”
“ဟုတ်တယ်၊ မြစ်ထဲမှာ အလှပြယာဉ်တွေလည်း လှည့်ကြတယ်၊ ဆီမီးတွေလည်း မျှောတယ်၊ ဟို … အလှပြယာဉ်တွေက သားတို့ သက်ြန်အလှပြယာဉ်တွေလိုပဲ”
“ဟင် နက်ဖန် မိုးတိတ်မှ ဖြစ်မယ်နော် … နို့မို့ ဘယ်လိုလုပ်မလဲ”
“လွိုင်ကထုံ” ကို မကြုံဖူးဘူးသူသမီး သက် က ပွဲပျက်မှာကို ပူပန်နေတယ်။ သမီး ‘မြတ်’ ကတော့ အပိုင်ပဲ။
‘မိုးက လုံးဝတိတ်မှာ၊ မပူနဲ့၊ သူတို့လည်း ငါတို့လိုပဲ မိုးလွှဲတာတွေ ဘာတွေ လုပ်တယ်ဟဲ့ …’
“သြော်”
ကျွန်မခင်ပွန်းကတော့ သူတို့ သုံးကောင်နဲ့ ကျွန်မကို ပြုံးကြည့်နေတယ်။
“ကဲ … ဆရာ … နက်ဖြန်ညနေ ခြောက်နာရီ သမီးတို့ လာခေါ်မယ်နော် မော်တော်က ခုနစ်နာရီ စထွက်မှာ …”
“အေးပါဗျာ၊ အေးပါဗျာ ၊ စောင့်နေပါ့မယ်၊ ကျေးဇူးတင်ပါတယ်…”
အဲဒီမှာတင် ကျွန်မသား မောင်လူမျောက်က မျက်နှာခပ်တည်တည်နဲ့ … ၀င်ချလာတယ်။
“တစ်ခုတော့ ရှိတယ်နော် အမေ ….၊ ‘လွိုင်ကထုံ’ ဆိုရင် အဲဒီမှာ အမြဲတမ်း တိုက်ပွဲဖြစ်တယ် … သိလား၊ နှစ်တိုင်း ဖြစ်တယ်”
“ဘာ … တိုက်ပွဲ ….၊ ဘာတိုက်ပွဲလဲ …”
“အမေကလည်း တိုက်ပွဲပါဆိုမှ တစ်ဖက်နဲ့တစ်ဖက် သေနတ်တွေ၊ ဗုံးတွေ၊ လောင်ချာတွေနဲ့ တိုက် တဲ့ တိုက်ပွဲပေါ့၊ သားတို့ အမြဲပြေးရတာ …”
“ဟေ့ကောင်၊ ဟေ့ကောင်”
“ကိုရဲနော် …. ဘာတွေ လျှောက်ပြောနေတာလဲ”
ကျွန်မနဲ့ သမီး ‘သက်’ ကို မောင်လူမျောက်ကတော့ အတည်ပေါက် မျက်နှာထားနဲ့ပါပဲ၊ အမယ် သမီး ‘မြတ်’ ကလည်း မျက်နှာသေလေးနဲ့ မျက်လုံးလေး ၀ိုင်းလို့။
“ကဲပါ .. ကဲပါ … မယုံရင် နက်ဖြန် ကျရင် အမေတို့ သိမှာပေါ့ …”
မောင်လူမျောက်တို့ကတော့ ထုံးစံအတိုင်း လုပ်ချလိုက်ပြန်ပါပြီ။
--------------------------------------------------------------------------
ဒီတစ်ခါတော့ မောင်လူမျောက်ရဲ့ စကားဟာ မှန်ရှာပါတယ်။
ကျွန်မတို့ရဲ့ ထိုင်းသုံးဘီး ‘တုတ်တုတ်’ ၊ ‘ပင်းမြစ်’ တံတားနား နီးလာတာနဲ့ တိုက်ပွဲသံကို ကြားရပါ ပြီ ….။ တိုက်ပွဲက ဖြစ်နေပါပြီ။
“အမေရေ .. ၊ တိုက်ပွဲက ပြင်းတယ်ဗျို့ …”
လူမျောက် အော်သလိုပဲ အမှန်တကယ် တိုက်ပွဲက ပြင်းထန်လှပါတယ်။ သေနတ်သံ၊ ဗုံးသံ၊ လောင်ချာသံ၊ လက်နက်ကြီးသံတွေဟာ ပင်းမြစ်တစ်ဝိုက်ကို ဖုံးလွှမ်းထားပါတယ်။ ဘုရား ဘုရား တကယ့်ကို မယုံနိုင်စရာပါ။
“တကယ့်ကို ကြောက်စရာပါပဲလား …”
“ဟုတ်ပါရဲ့ အန်ကယ်၊ ‘သက်’ ဖြင့် ဒီလောက်ကောင်းတဲ့ ‘ဗျောက်’ တွေကို တစ်ခါမှ မတွေ့ဖူးဘူး”
သမီး ‘သက်’ ပြောသလို တကယ့်ကို မယုံနိုင်စရာ ‘ဗျောက်အိုးသံ’ တွေပါ။
“ကဲ … အမေ သားပြောတာ ယုံပြီမဟုတ်လား … ဟဲ ဟဲ၊ ဒါမြစ်ဟိုဘက်ကမ်းနဲ့ ဒီဘက်ကမ်း တိုက်ပွဲဖြစ်နေတာလေ …၊ ဒီတိုက်ပွဲအတွက် မိဘတွေ ကိုယ်တိုင်က သားသမီးတွေကို သေချာပြင်ဆင်ပေး တာ၊ ‘လွိုင်ကထုံ’ မတိုင်ခင် တစ်ပတ်လောက်ကတည်းက ကောင်းပေ့၊ မြည်ပေ့ ဆိုတဲ့ ဗျောက်အိုးတွေကို ရှာပေးထားတာ၊ ဟဲဟဲ သားတော့ သိပ်ပျော်တာပဲ၊ သားတို့ မော်တော်က တိုက်ပွဲကြားက ဖြတ်ရမှာနော … မလွယ်ဘူး”
“အို … ကိုရဲကလဲ … ဒါဆိုရင် ကိုယ့်မှာလည်း ကာကွယ်ဖို့ လက်နက်ရှိရမှာပေါ့၊ သက်ကတော့ ပြန်ပစ်မှာပဲ …”
“ဝယ်ပေးမယ်၊ ၀ယ်ပေးမယ်၊ ဟောဟိုမှာ ကြည့်၊ လက်နက်ဆိုင်တွေမှ တပုံကြီးရယ်၊ လွတ်လပ်စွာ ၀ယ်လို့ရတယ်”
အိုး … ဟုတ်ပါရဲ့၊ သမီး ‘မြတ်’ လှမ်းပြတဲ့ဆီကို ကြည့်လိုက်တော့ မြစ်ဘေးဝဲယာမှာ ခုံလေးတွေ ပေါ်တင်ရောင်းနေတဲ့ သေနတ်တွေ၊ ဗုံးတွေ၊ လောင်ချာတွေ …၊ ပြီးတော့ Ready made မီးမျှောစရာလေး တွေကလည်း လှမှလှပါပဲ။ လူတွေကလည်း ကြိတ်ကြိတ်တိုးပါပဲ။
မော်တော်ပေါ်မှာ သမီး ‘မြတ်’ ရဲ့ အစွမ်းကြောင့် ကျွန်မတို့ စားပွဲက မော်တော်ဦးပိုင်းမှာ ရတယ်။ ကျွန်မက ဒီ ‘ပင်းမြစ်’ ထဲမှာ မော်တော်ခုတ်မောင်းပြီး ဖယောင်းတိုင် ညစာ စားရတဲ့ အရသာကို အလွန် သဘောကျတယ်။ မော်တော်လေးက ခပ်သေးသေးပါပဲ။ ရှေ့ဦးပိုင်းနဲ့၊ ပဲ့ပိုင်းစားပွဲခုံ ခြောက်ခုံလောက်ပဲ ဆန့်မယ်။ တစ်ဝိုင်းကို လေးငါးယောက်ပဲ ၀ိုင်းနိုင်တယ်။ ကိုယ်ထိုင်တဲ့ ကုလားထိုင်နဲ့ မော်တော်ဘောင်နဲ့က တညီတည်းဆိုတော့ ရေနဲ့ နီးနီးလေးပေါ့။ မော်တော်ဘေး အကာအကွယ်တွေကလည်း ဖွင့်ထားတော့ စားရင်းသောက်ရင်း မြစ်ပြင်ရှုခင်း၊ မြစ်ဘေးဝဲယာ ရှုခင်းကို ကြည့်လို့ရတယ်။ အစားသောက်တွေကို မော်တော်မထွက်ခင်မှာရတယ်။ မော်တော်ပေါ်မှာ ချက်ပြုတ်ကြော်လှော်မပေးဘူး။ ဘီယာနဲ့ အချိုရည်၊ ရေခဲ လောက်ပဲ ရတယ်။
“မေနုရေ၊ သက်ကြောက်တယ်။ ရေပြင်ဘက်မှာ မေနုနဲ့ အန်ကယ်ထိုင်ပေး …၊ သက်အတွင်းထဲမှာ ထိုင်မယ် …”
“ကောင်မလေး … ဘာခုမှ ကြောက်ပါပြီလဲ”
သက်ပြောတာမှန်တယ်၊ မော်တော်စထွက်တော့မှ ပိုကြောက်စရာ ကောင်းလာတယ်။ ရေပြင်ကို လာပြီးထိတဲ့ ‘ရွှီ’ ‘ဒိုင်း’ ဆိုတဲ့ ကြောက်မက်ဖွယ် အသံဟာ နားကို အူသွားတာပဲ …။ မော်တော်ပေါ်က နိုင်ငံခြားသား ဧည့်သည်တွေကတော့ ပျော်သလား မမေးနဲ့။ အထူးအဆန်းဖြစ်၊ သဘောတွေ ကျပြီး မော်တော်ဘောင်ပေါ်မှာ တက်ထိုင်ကြည့်ကြတော့တယ်။ အဲဒီထဲမှာ ဗျောက်စက္ကူလိပ်တွေ တကားကားနဲ့ ကျွန်မသား မောင်လူမျောက်လည်း ပါတာပေါ့။
ကျွန်မနဲ့ သမီးမြတ်က ၀ယ်လာတဲ့ ဆီးမီးမျှောစရာ ကြာခွက်လေးတွေထဲမှာ သူတို့ထုံးစံအတိုင်း ‘ဆယ်ဘတ်စေ့’ လေးတွေထည့်ပြီး ရေထဲမှာ မျှောကြတယ်။
စိတ်ထဲကလည်း ဆုတောင်းပြီးတော့ပေါ့။
ဆီမီးကြာခွက်လေးတွေထဲမှာ ပိုက်ဆံထည့်တာက နောင်နှစ်၊ နောင်နှစ်တွေမှာ ဥစ္စာပစ္စည်း ပေါများ အောင်လို့တဲ့ … ။ မြစ်ပြင်တစ်ခုလုံးမှာ ဆီမီးကြာခွက်လေးတွေက တလက်လက်၊ တရွေ့ရွေ့ မျောပါလို့။ ဆီမီး လက်လက်လေးတွေပေါ်ကို ဗျောက်ကျည်ဆံမိုးတွေကလည်း တဖောက်ဖောက် အဆက်မပြတ် ရွာသွန်းလို့ …။
“အမေတို့ ….သတိထားနော်။ တံတားနား ရောက်တော့မယ်၊ ဟိုမှာ ဟိုမှာ၊ အမေ၊ ကြည့်၊ ကြည့် အမေတို့ကို စောင့်နေပြီ …”
အလို၊ ဘုရား၊ ဘုရား ဟုတ်ပါရဲ့ ပင်းမြစ်ကို ဖြတ်တဲ့ တံတားကြီးပေါ်ကို လှမ်းကြည့်လိုက်တော့တံတားပေါ်မှာ လူတွေဟာ ကြပ်ခဲလို့၊ သူတို့လက်ထဲမှာ ဗျောက်ဗုံးတွေကိုယ်စီနဲ့၊ တံတားအောက်က ဖြတ်တဲ့ မော်တော်တွေကို ဗုံးကြဲကြမှာလေ။
“ဟော … အမေ၊ အမေ၊ ဟိုမှာကြည့်၊ ဟိုကျလာတဲ့ ဗုံးကို ကြည့်စမ်း”
ကျွန်မတို့ရှေ့က မော်တော်တစ်စင်းပေါ်ကို ညာသံပေးပြီး ပစ်ချလိုက်တဲ့ ဗုံးတစ်လုံးကို လူမျောက် က ပြတယ်။
“ဟာ … ကြောက်စရာပဲ”
ကျွန်မခင်ပွန်းက တအံ့တသြ အော်တယ်၊ ကြည့်ပါဦး၊ သူက ရေမြှုပ်ဗုံးများကျလို့ …။ ရေထဲကျသွား ပြီး ရေပေါ်မှာ မီးပန်းတွေ လူတစ်ရပ်လောက်ထိ ဖြာထွက်ပြီး ပတ်ချာလည်နေလိုက်တာ၊ လှတောင်လှနေ သေးတယ်။ ပြီးတော့မှ ‘အုန်း’ ခနဲဆို ပေါက်တယ်။ “တော်တော်ကောင်းတဲ့ ဗုံးပဲကွ” လို့ ကျွန်မခင်ပွန်းက ချီးကျူးလိုက်တုန်းမှာပဲ ကျွန်မတို့ မော်တော်ဟာ တံတားအောက်ကို ဖြတ်ပါတော့တယ်။
“ဒိုင်း … ဒိုင်း၊ အုံး၊ ရွှီး … ဒိုင်း”
“အောင်မယ်လေးဗျ၊ အမေရေ … လာပြီဗျို့ …”
“ခေါင်းငုံ့၊ ခေါင်းငုံ့၊ နားပိတ်”
ကျွန်မတို့အားလုံး မျက်လုံးတွေမှိတ်၊ နားတွေပိတ်ထားလိုက်ကြတယ်။ ဒီခံစားမှုဟာ ဘာနဲ့တူလဲ ဆိုတော့ သင်္ကြန်မှာ ရေပက်ခံထွက်တဲ့အခါ မီးသတ်ပိုက်နဲ့ ထိုးမယ့် မဏ္ဍပ်ကို ဖြတ်သန်းရတော့မယ့် ခံစားမှု နဲ့ တူတယ်။ ကျွန်မတို့ မော်တော်ဦးပိုင်း ရေထဲကို ဗုံးတွေက တဝုံးဝုံး ကျလာသံကို ကြားရပြီးတဲ့ ခဏမှာ တော့ ကျွန်မကျောပြင်ဟာ စပ်ဖျင်းဖျင်း ဖြစ်သွားပြီး ကျောပြင်တစ်ခုလုံး ရေတွေ စိုစိုရွှဲသွားတော့တယ်။
“ဟာ … တို့နှစ်ယောက်ကို မှန်ပြီဟေ့ …”
ကျွန်မ ခင်ပွန်းလည်း ရေတွေရွှဲရွှဲစိုလို့ …။ ဟိုသုံးကောင်က ကျွန်မတို့ ကြည့်ပြီး တဟားဟား ရယ်ကြတယ် …။
“မြန်မာ့သွေးကို ပြမယ့်ကောင်က အော်လိုက်တာ အမေရေ၊ အမေရေနဲ့”
“အေးလေ …”
တံတားအောက်က မော်တော်ဖြတ်ပြီးပါမှပဲ ကျွန်မဖြင့် အသက်ရှူနိုင်တော့တယ်။ ဒါပေမဲ့ မော်တော် ကတော့ မြစ်ကမ်းနဖူးနှစ်ဖက်က ကျည်ဆံတွေ၊ လောင်ချာတွေကြားမှာ ဆက်ပြီး ဖြတ်သန်းရဦးမှာ။ ကမ်းပေါ်မှာ ပျော်ရွှင်ခုန်ပေါက်ပြီး လက်နက်ကြီးပစ်ဖို့ ပြင်ဆင်နေသူတွေလေ ..။ လှမ်းမြင်နေရတယ်။ တော်သေးရဲ့ …။ ရဲမော်တော်လေးတွေ …၊ လုံခြုံရေး မော်တော်လေးတွေ၊ မြစ်ထဲမှာ လှည့်ပြီး စောင့်ရှောက် နေတာ မြင်ရတယ်။ သူတို့ကလည်း ပျော်လို့၊ ဟော  … ကြည့်ပါဦး … မြစ်ကမ်းဘေးက လောင်ချာတစ်လုံး က ရဲမော်တော်ကို တည့်တည့်ထိတာပဲ။ ရေပန်းတွေဖြာသွားပြီး ရဲမော်တော်က လုံခြုံရေးတွေ ရေတွေရွှဲပြီး တဟားဟားနဲ့ ပျော်ပျော်ပါးပါး မောင်းသွားကြတယ်။ ဆီမီးလက်လက်တွေ ကြားထဲမှာ ဝေါခနဲ မောင်းသွား တဲ့ ရဲမော်တော်ကို လိုက်ကြည့်နေရင်း ကျွန်မ မျက်စိထဲမှာ ဆီမီးခွက်တွေဘေးက ငုပ်ချည်ပေါ်ချည် လူခေါင်းလေးတစ်ခုကို မြင်လိုက်ရသလိုပဲ။ ကိုယ့်မျက်စိကို စိတ်မချတဲ့ ကျွန်မကို မျက်မှန်တပ်ထားတဲ့ ကျွန်မ ခင်ပွန်းက အတည်ပြုတယ်။
“ရေထဲမှာ လူတွေမဟုတ်လား”
“ဟုတ်တယ်ဦး၊ အဲဒါ … ဆီမီးခွက် လိုက်ဆယ်တဲ့ သူတွေလေ၊ ဆီမီးခွက်ထဲက ပိုက်ဆံလေးတွေကို နှိုက်ယူကြတာ”
“ဟိုမှာ လှေကလေးတွေနဲ့ သူတို့ကို စောင့်တဲ့သူက စောင့်လို့ …”
“အမေရေ … ဝတ္ထုတွေဗျ … သိလား၊ ဆီမီးခွက်ထဲက ပိုက်ဆံလိုက်ဆယ်ရင်း ရေနစ်သေတဲ့ ကလေးတွေ နှစ်တိုင်းပဲဗျ”
ကျွန်မမြင်ရပါပြီ။ မော်တော်နဲ့ မလှမ်းမကမ်းက ရေပေါ်မှာ တဖူးဖူး အသက်ရှူထုတ်ရင်း ဆီမီးခွက် ထဲက ပိုက်ဆံကို ရှာဖွေနေတဲ့ ကလေးငယ်တစ်ယောက်။ လှပပျော်ရွှင်ဖွယ် ‘လွိုင်ကထုံ’ ရှုခင်းထဲက ဒီမြင်ကွင်း အစိတ်အပိုင်းလေးဟာ အလွန်ပဲ အကျည်းတန်လှပြီး ကျွန်မရင်ကို နာကျင်စေပါတယ်။
“ဟာ … မော်တော်ကလည်း …. အဲဒီကလေးလေးနားက ဖြတ်ပါ … သက် …. ပိုက်ဆံပေးချင်လို့ ပါ သက် အဲဒီကလေးလေးကို ပိုက်ဆံပေးချင်တယ်”
သမီး ‘သက်’ က တတွတ်တွတ် ရေရွတ်ပေမဲ့ မော်တော်က ပိုက်ဆံဆယ်သူများနဲ့ တဖြည်းဖြည်း ဝေးကွာခဲ့ပြီ။ သေနတ်သံ၊ ဗုံးသံတွေကတော့ ဆူညံတုန်း …။
မော်တော်ပြန်အကွေ့မှာ ဗုံးကြဲသူများရဲ့ တံတားအောက်ကို ကျွန်မတို့တွေ တစ်ခါပြန်ဝင်ကြရပြီး မော်တော်ကမ်းကို ကပ်လို့ ကမ်းပေါ် ရောက်တာနဲ့ ဟိုရေမြှုပ်ဗုံးဆိုင်နဲ့ တည့်တည့်တိုးတော့တာပါပဲ …။ ကျွန်မသား မောင်လူမျောက်လေ … ခုန်ဆွ၊ ခုန်ဆွနဲ့ … ၀ယ်မယ်၊ ၀ယ်မယ် လုပ်တော့တာပဲ။ ဈေးသည်က မြေပြင်ပေါ်မှာ စမ်းပြတယ်။ ရေထဲမှာလိုပဲ မီးပန်းတွေက လူတစ်ရပ်လောက် ချာချာလည်အောင် ပန်းပြီးမှ “အုန်း” ခနဲ ပေါက်တယ်။ မြေနဲ့ လုပ်ထားတဲ့ အဲဒီအိုးက ကွဲလည်းမကွဲဘူး။ ဈေးကလည်း ပေါလိုက်တာ ၁၀ ဘတ်တဲ့ ….။
မကြီးမငယ်နဲ့ ကျွန်မခင်ပွန်းက အဲဒီ ဗုံးနှစ်လုံး ၀ယ်တယ်လေ။ ကျွန်မက အမှတ်တရ ၀ယ်တယ် မှတ်တာ ဘယ်ဟုတ်မလဲ၊ သူက အိမ်နီးနားချင်း ချာတိတ်တွေအတွက် အ၀တ်အစား သေတ္တာထဲမှာ အလေးခံပြီးတော့ကို ရန်ကုန်ထိ သယ်ဆောင်သွားတော့တာ …။
--------------------------------------------------------------------------------
နောင်နှစ် နိုဝင်ဘာ တန်ဆောင်တိုင်ညမှာတော့ ကျွန်မဟာ ကိုယ့်မြေကိုယ့်အိမ်၊ ကိုယ့်ယာမှာ ပျော်ရွှင်စွာနဲ့ပေါ့။ အိမ်ရှေ့ ၀ရံတာမှာ မီးပုံးတွေ ထွန်းညှိရင်း အိမ်နီးနားချင်း ကလေးတစ်သိုက်နဲ့ ဆူညံလို့ပေါ့။
“အန်တီနုရေ မုန့်ဖိုးပေးပါ၊ ဘဘတိုးရေ မုန့်ဖိုးပေးပါ”
မီးပုံးကို မီးမလောင်ဘဲ ဖယောင်းတိုင်ထွန်းနိုင်တဲ့သူကို မုန့်ဖိုးပေးမယ်လို့ ကျွန်မက ပြောထားလို့ အလွန်လည်းကဲ၊ အလွန်လည်၊ ချစ်စရာကောင်းတဲ့ မောင်စွမ်းပြည့် ဆိုတဲ့ ကောင်က ဦးဆောင်အော်နေ တာလေ။ သူ့ “ဘဘတိုး” က “အေးပါကွာ” ဆိုပြီး သူ့ပိုက်ဆံအိတ်ကို ဖွင့်ရင်းနဲ့ ကျွန်မကို လှမ်းပြောတယ်။
“ဟေး … လွိုင်ကထုံကို သတိမရဘူးလား …”
“အင်း … ရတယ်”
ကျွန်မက ခေါင်းညိတ်ရင်းနဲ့ လွိုင်ကထုံ တိုက်ပွဲကို မြင်ယောင်လာတယ်။ ပြီးတော့ ဖျတ်ခနဲ သတိရ သွားတယ်။
“ဟေ့ကောင် မောင်စွမ်းပြည့်၊ မနှစ်က မင်းဘဘတိုးပေးတဲ့ ရေမြှုပ်ဗုံးမိုက်တယ် မဟုတ်လား။ အကျယ်ကြီး မြည်တာနော် …”
အင်မတန် အာသွက်တဲ့ မောင်စွမ်းပြည့်က ကျွန်မကို ချက်ချင်းမဖြေဘူး။ ပြီးတော့မှ နှုတ်ခမ်းစူတူတူ နဲ့ “သားဘယ်လိုလုပ် သိမှာလဲ” တဲ့ …။
“ဟောတော် .. ဘာပြုလို့လဲ၊ ဘာလို့ မသိရတာလဲ၊ အဲဒီဟာက မမြည်ဘူးလား”
“ဟာ … အန်တီနုကလဲ …”
ရွှေကိုယ်တော်လေးက “လာ … လိုက်ခဲ့”တဲ့။ မပြောမဆိုနဲ့ ကျွန်မလက်ကိုဆွဲ အပေါ်ထပ်က သူတို့ တိုက်ခန်းဆီကို … ပြီးတော့ သူတို့မိသားစုအိပ်တဲ့ ခုတင်အောက်၊ ခုတင်အောက်က ဂျပ်သေတ္တာပုံးထဲက အ၀တ်စုတ်တွေကြားမှာ …။ ကျွန်မကို အသံတိတ် မေးငေါ့ပြတယ်။ သူလုံခြုံစွာ အထပ်ထပ် ဖွက်ထားတဲ့ ဗျောက်အိုးလေးနှစ်လုံးက ငြိမ်ငြိမ်လေး ကျွန်မကို ကြည့်နေတယ်။ ကလေးကို ကျွန်မ ဘာပြောရမလဲ၊ အလျင်အမြန် ဦးနှောက်ကို အလုပ်ပေးတုန်းမှာပဲ ရုတ်တရက် ကျွန်မနားထဲမှာ ဆူညံသံတွေ …၊ အော်ဟစ် သံတွေ … ပြီးတော့ ရယ်မောသံတွေ ….။
နုနုရည်(အင်းဝ)
၂၀၀၇ ခုနှစ်၊ ဇန်န၀ါရီလ၊ ကလျာမဂ္ဂဇင်း
Sunday, November 4, 2018
Talk & Learn About YOGA (Part 1)
မင်္ဂလာပါ ။
Mingalarba YOGA ဆိုတဲ့ စာမျက်နှာကနေ `ယောဂ´ကျင့်စဉ်နဲ့ပတ်သက်ပြီး အစမှအဆုံး အ​ကြောင်းအရာစုံရှင်းလင်းပြထားတာတွေကို တစ်ဆင့်ပြန်လည်ဝေငှတာဖြစ်ပါတယ်။ မူရင်း စာမျက်နှာရဲ့လိပ်စာကိုတော့ အောက်ဆုံးမှာ ရေးပေး လင့်ခ်ချိတ်ပေးထားပါတယ်ခင်ဗျာ။
Yoga Philosophy
👇👇👇
ယောဂသမိုင်း
https://m.facebook.com/story.php?story_fbid=429982644097439&id=100012571210267
ဝေဒကျမ်းများ
https://m.facebook.com/story.php?story_fbid=419761191786251&id=100012571210267
ဥပနိသျှဒ်ကျမ်းများ
https://m.facebook.com/story.php?story_fbid=420180901744280&id=100012571210267
ဘဂဝတ်ဂီတကျမ်းကြီး
https://m.facebook.com/story.php?story_fbid=423202294775474&id=100012571210267
ပုရာဏကျမ်းများ
https://m.facebook.com/story.php?story_fbid=442959812799722&id=100012571210267
ဟဋ္ဌယောဂပရာဒိပိကကျမ်း
https://m.facebook.com/story.php?story_fbid=443471979415172&id=100012571210267
သင်္ချာဒဿန
https://m.facebook.com/story.php?story_fbid=425153597913677&id=100012571210267
ယောဂ နှင့် သဘာဝ၏ဂုဏ်၃ပါး
https://m.facebook.com/story.php?story_fbid=417599192002451&id=100012571210267
ယောဂ နှင့် ခန္ဓာ၅ပါး
https://m.facebook.com/story.php?story_fbid=425532037875833&id=100012571210267
မောက္ခ နှင့် မာယာ
https://m.facebook.com/story.php?story_fbid=424345794661124&id=100012571210267
ယောဂနှင့်ဗုဒ္ဓဘာသာ ဘာကွာခြားသလဲ
https://m.facebook.com/story.php?story_fbid=459341354494901&id=100012571210267
Yoga for Begineer
👇👇👇
ယောဂကို ဘယ်လို စတင်လေ့ကျင့်ကြမလဲ
https://m.facebook.com/story.php?story_fbid=404628796632824&id=100012571210267
ယောဂကို စတင်လေ့ကျင့်ဖို့အတွက် ဘာတွေလိုအပ်သလဲ
https://m.facebook.com/story.php?story_fbid=439977583097945&id=100012571210267
ယောဂကျင့်စဉ် နှင့် မှားတတ်သောအမှားများ
https://m.facebook.com/story.php?story_fbid=537358310026538&id=100012571210267
မိမိနှင့် လိုက်ဖက်မည့် ယောဂကျင့်စဉ်ကို ဘယ်လို ရွေးချယ်လေ့ကျင့်ကြမလဲ
https://m.facebook.com/photo.php?fbid=377671049328599&id=100012571210267&set=a.377667259328978.1073741850.100012571210267
မိမိနှင့် လိုက်ဖက်မည့် ယောဂကျင့်စဉ်ကို ဘယ်လိုရွေးချယ်လေ့ကျင့်ကြမလဲ အပိုင်း ၂ 
https://m.facebook.com/story.php?story_fbid=402365093525861&id=100012571210267
ကမ္မယောဂ
https://m.facebook.com/photo.php?fbid=377671082661929&id=100012571210267&set=a.377667259328978.1073741850.100012571210267
ဘတ္ကတိယောဂ
https://m.facebook.com/story.php?story_fbid=427065967722440&id=100012571210267
ရာဇယောဂ
https://m.facebook.com/photo.php?fbid=377671125995258&id=100012571210267&set=a.377667259328978.1073741850.100012571210267
ရာဇယောဂီလမ်းညွှန်
https://m.facebook.com/story.php?story_fbid=301877260241312&id=100012571210267
တန္တရယောဂ
https://m.facebook.com/photo.php?fbid=377671105995260&id=100012571210267&set=a.377667259328978.1073741850.100012571210267
အဂ္ဂနိယောဂ
https://m.facebook.com/photo.php?fbid=377671149328589&id=100012571210267&set=a.377667259328978
ဟဋ္ဌယောဂ
https://m.facebook.com/story.php?story_fbid=402597743502596&id=100012571210267
ယင်ယောဂ
https://m.facebook.com/story.php?story_fbid=551873095241726&id=100012571210267
Restorative Yoga
https://m.facebook.com/story.php?story_fbid=555352891560413&id=100012571210267
ယောဂမုဒြာ
https://m.facebook.com/story.php?story_fbid=406196733142697&id=100012571210267
မန္တာန်ယောဂ
https://m.facebook.com/story.php?story_fbid=405063379922699&id=100012571210267
သင်ယောဂီဖြစ်ပီလား
https://m.facebook.com/story.php?story_fbid=403465853415785&id=100012571210267
ပရာဏစွမ်းအင်
https://m.facebook.com/story.php?story_fbid=408474502914920&id=100012571210267
ပရာဏယာမကျင့်စဉ်များ
https://m.facebook.com/story.php?story_fbid=336290490133322&id=100012571210267
ဗင်ယာစနည်းစနစ်အကြောင်း
https://m.facebook.com/story.php?story_fbid=436087350153635&id=100012571210267
မှန်ကန်ကောင်းမွန်သော ယောဂပုံစံဖြစ်အောင် လေ့ကျင့်ပါ ။
https://m.facebook.com/story.php?story_fbid=442589592836744&id=100012571210267
လုပ်ငန်းခွင်ယောဂ
https://m.facebook.com/story.php?story_fbid=530934670668902&id=100012571210267
ယောဂ@Home
https://m.facebook.com/story.php?story_fbid=540420046387031&id=100012571210267
အမျိုးသားတွေ ယောဂကျင့်လို့ရလား
https://m.facebook.com/story.php?story_fbid=407622159666821&id=100012571210267
Maha Gudu
Lord Shiva
https://m.facebook.com/story.php?story_fbid=464906550605048&id=100012571210267
Lord Krishna
https://m.facebook.com/story.php?story_fbid=469579236804446&id=100012571210267
Lord Ganesha
https://m.facebook.com/story.php?story_fbid=476301236132246&id=100012571210267
Sagi Patanjali
https://m.facebook.com/story.php?story_fbid=460120971083606&id=100012571210267
Yoga Diet
👇👇👇
ယောဂဖြင့် ခန္ဓာကိုယ်ကို သန့်စင်ခြင်း
https://m.facebook.com/story.php?story_fbid=435721326856904&id=100012571210267
ယောဂဖြင့် ကိုယ်အလေးချိန် လျော့ချကြမယ် အပိုင်း ၁ 
https://m.facebook.com/story.php?story_fbid=441472712948432&id=100012571210267
ယောဂဖြင့် ကိုယ်အလေးချိန် လျော့ချကြမယ် အပိုင်း ၂
https://m.facebook.com/story.php?story_fbid=446154522480251&id=100012571210267
ယောဂမလုပ်ခင် အစားစားခြင်း
https://m.facebook.com/story.php?story_fbid=446902115738825&id=100012571210267
ယောဂလေ့ကျင့်ပြီးနောက် အစာစားခြင်း
https://m.facebook.com/story.php?story_fbid=447237789038591&id=100012571210267
အာယုဗေဒနည်းဖြင့် ကိုယ်အလေးချိန်လျော့ချခြင်း
https://m.facebook.com/story.php?story_fbid=448127258949644&id=100012571210267
အမေးများသော မေးခွန်းများ
https://m.facebook.com/story.php?story_fbid=318759921886379&id=100012571210267
အကယ်၍ မိတ်ဆွေတွင် ယောဂကျင့်စဉ်နှင့် ပတ်သတ်၍ ဆွေးနွေးလိုသည်များ ၊ အကြံပြုလိုသည်များရှိနေပါက
အောက်ပါ Group
https://www.facebook.com/groups/219695225274415/
နှင့် Page
https://www.facebook.com/mingalarbaryoga/
ကို ဝင်ရောက်ထားခြင်းဖြင့် update သတင်းများကို အမြဲသိရှိနေမည် ဖြစ်ပါသည် ။
Namaste'
MingalarbarYOGA
Saturday, November 3, 2018
Xiaomi Mi 8 Lite Review: Beauty of Youth
Mi 8 Lite ဟာ 2018 အတွင်း Xiaomi ရဲ့ Design ပိုင်းချဉ်းကပ်မှုအပေါ် ဝေဖန်ချက်တွေကို Xiaomi ကနေတုံ့ပြန်လိုက်တဲ့ အလှပဆုံးအဖြေတစ်ခု ဆိုရင်လည်း မှားလိမ့်မယ်မထင်။ သို့ပေမယ့် ရုပ်ဝတ္ထုတစ်ခုဟာ အဆင်းသက်သက်ပဲရှိပြီး (အရည်)အချင်းမပြည့်ဝရင် လူတွေက အဲဒီပစ္စည်းကို ရေရှည်သုံးဖို့ လက်တွန့်ကြမှာအသေချာပါပဲ။ ဒီတော့ အလှတရားတစ်ခုထက်ပိုတဲ့ ဘယ်လိုအရည်အသွေးတွေ Mi 8 Lite မှာ ပါရှိနေဦးမလဲ? Review နဲ့အတူ စောင့်ကြည့်ကြတာပေါ့။
Mobile Image မှာ ရရှိနိုင်မယ့် Mi 8 Lite ရဲ့ဈေးနှုန်းတွေကတော့
-64/4 GB ကို ၂၉၉၀၀၀(၂သိန်း၉သောင်း၉ထောင်)
-128/6GB, Gray ကို ၃၄၇၀၀၀(၃သိန်း၎သောင်း၇ထောင်)
-128/6GB, Blue ကို ၃၅၃၀၀၀(၃သိန်း၅သောင်း၃ထောင်) ပါ။ ဝယ်ယူအားပေးသူတွေတွက် Temper Glass နဲ့ နားကြပ် လက်ဆောင်ရပါမယ်တဲ့ဗျား။
Design & Build Quality
ဒါဟာ Mi 8 Lite အတွက် တခြား Xiaomi Mid-range ဖုန်း အတော်များများနဲ့မတူတဲ့ (Mi 8 SE နဲ့ Mi Note 3 က ချွင်းချက်) First Impression ဖြစ်လာခဲ့တယ်။ အထူးသဖြင့် ကျွန်တော်ရခဲ့တဲ့ Twilight Color က အတော် "မှည့်"တယ် ဆိုရမယ်။ သူ့ရဲ့ကျောဘက် Glass Design က Mi 8 SE လို Flat ဖြစ်တဲ့ဘက်ကိုသွားပြီး မှန်ကြည့်လို့ရလောက်အောင် ကြည်တယ်။ Metal Frame ရဲ့ Color ကလည်း ကျောဘက်က Color နဲ့ ပနံသင့်တယ်။ Camera ဒေါင်လိုက်မကြိုက်သူတွေအတွက်လည်း ဒီဖုန်းလေးက အဆင်ပြေမှာပါ။ တစ်ခုတည်းသောမကြိုက်တဲ့အချက်က Mi8SE တုန်းကလိုပဲ Fingerprint ကို ငွေရောင်ကွပ်ထားတာကိုပါ။
နောက် Design တင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ ရှေ့ဘက်မှာ Notch သေးတယ်၊ Chin က အပါးဆုံးမဟုတ်တောင် အတော်ပါးတယ်၊ ဘေးဘောင်တွေလည်း အသင့်အတင့်ပါးသွားတယ်။ ကြည့်ပျော်ရှုပျော်ရှိတယ်ပေါ့။
Build Quality အရပြောရရင် ကိုင်ရတာလက်ထဲ ခပ်နှစ်နှစ်လေးနေတယ်။ Size က အရမ်းမကြီးသလို အရမ်းလည်းမသေး။ ကျောဘက်နဲ့ဘောင်တွေကတော့ သေချာပေါက် Cover တပ်ကိုင်ရမှာပါ။ ဖုန်းရဲ့တည်ဆောက်ထားပုံက သပ်ရပ်ပြီး လူငယ်ဆန်တယ်။ အထူးသဖြင့် သူ့ရဲ့ Button တွေက တင်းတင်းရင်းရင်းရှိသလို Feedback ကလည်း Clicky ဖြစ်တယ်။ Xiaomi ရဲ့ ရိုးရာတစ်ခုလိုဖြစ်နေတဲ့ IR Blaster ကိုတော့ အပေါ်ဘက်မှာမတွေ့ရတော့ပေမယ့် SD Card Support အတွက်တော့ Hybrid Slot ပါလာတာတွေ့ရတယ်။
ဆိုတော့ကာ Design ပိုင်းကို ဦးစားပေးရွေးတတ်သူတွေအတွက် Mi 8 Lite က ခုံပေါ်တင်ထားရင်း တစိမ့်စိမ့်ထိုင်ကြည့်နေရင်တောင် စိတ်ကျေနပ်နေစေမယ့်ဖုန်းတစ်လုံးလို့ ယူဆမိတယ်။
Display
Mi 8 Lite မှာသုံးထားတာကတော့ 6.26", 1080p+, LCD Display ပါ။ Color Accuracy ကောင်းတာကိုလိုလားတဲ့ ကိုယ်လိုလူအတွက်တော့ သူ့ရဲ့Display က သိပ်အားရစရာမဖြစ်ခဲ့ဘူး။ Standard Mode မှာတောင် သူ့ Color တွေက Warm ဖြစ်တဲ့ဘက်သွားပြီး နဲနဲ Saturate ဖြစ်တယ်။ Black Level ကလည်း ပုံမှန်လောက်ပဲရှိတယ်။ နေရောင်အောက်မှာတော့ ကောင်းကောင်းမြင်နိုင်တယ်။ အထူးသဖြင့် AMOLED Display လို Color ခပ်စိုစို၊ ခပ်ရဲရဲကို ကြိုက်တတ်သူတွေ သဘောတွေ့လောက်မယ့် Display မျိုးပေါ့။
Lock Screen Security
Fingerprint ရဲ့ Unlock Speed မြန်တာက Xiaomi ဖုန်းတွေရဲ့ထုံးစံဖြစ်နေပြီမို့ အထွေအထူးပြောစရာမလိုလောက်ဘူးထင်ရဲ့။ ထင်မထားမိတာက Face Unlock ရဲ့ Speed ပါ။ IR Face Face Unlock နီးပါးကို မြန်တယ်။ အလင်းရှိရင် Lock Screen မပေါ်ပဲတန်းပွင့်သလို အမှောင်မှာလဲ Speed နဲနဲနှေးသွားတာကလွဲရင် ကောင်းကောင်းအလုပ်လုပ်တယ်။ သဘောအကျမိဆုံးက Camera နဲ့ 45° လောက် တစောင်းအနေအထားမှာတောင် Unlock ဖြစ်တာကိုပါ။ Mi 8 SE မှာတောင် မရခဲ့တဲ့ Experience မျိုးကို Mi 8 Lite မှာရနိုင်တာကိုတော့ အထင်ကြီးမိတယ်။
Sound Quality
Mi 8 Lite ရဲ့ Single Speaker အပေါ် အစကသိပ်မမျှော်လင့်ခဲ့ဘူး။ ဒါပေမယ့် Speaker ကနေ Bass သံကို စကြားချိန်မှာတော့ မှုန်ကုပ်ကုပ်နဲ့နားထောင်နေမိတဲ့ကိုယ့်မျက်နှာတောင် မျက်နှာပိုးမသပ်နိုင်အောင် ပြုံးစိစိဖြစ်သွားမိတဲ့အထိပဲ။ သူ့ရဲ့ Loudness ဟာ Mi 6X ကို မှီချင်မှ မှလိမ့်မယ်၊ သို့ပေမယ့် သူ့ရဲ့ Bass အသံက လက်ရှိစမ်းဖူးသမျှ Single Speaker တွေထဲမှာ သဘောအကျမိဆုံးပါပဲ။ သူ့ရဲ့ Mids တွေက Vocal နဲ့ Bass ရဲ့နောက်က Support သဘောမျိုးဖြစ်နေတာတစ်ချက်ကလွဲရင် Mi 8 Lite ရဲ့ Speaker က နားထောင်မိတဲ့သူကို စိတ်ကြည်နူးမှု အကောင်းဆုံးပေးနိုင်တယ်လို့ Personally ယူဆမိတယ်။
သူ့ရဲ့ဈေးတန်းဝန်းကျင်က တခြားဖုန်းတွေ နားကြပ်ပေါက်ကိုယ်စီ ပါနေချိန်မှာ သူ့ကျမှ Type C Adaptor သုံးနေရတာကတော့ Feel အောက်သလိုခံစားရတယ်။ Sound Quality အနေနဲ့ အားမရဆုံးကတော့ Volume ပါ။ ထုံးစံအတိုင်း 60-70% ဝန်းကျင်လောက်ထားမှ ကိုယ့်နားနဲ့အဆင်ပြေတယ်။ နောက်ပြီး သူ့ရဲ့ Bass သံက Volume ကြီးသလောက် သိပ်ပြီး Deep မဖြစ်ဘူးလို့ခံစားရတယ်။ ဒီနှစ်ချက်ကလွဲရင် Sound Quality ပိုင်းမှာ အပြစ်ပြောစရာမရှိ။ သီချင်းနားထောင်ဖို့ ဒီဖုန်းကိုဝယ်မယ်ဆိုရင်လည်း နောင်တရစရာမရှိဘူးလို့ ထင်မိတယ်။
Performance
Snapdragon 660 သုံးထားတဲ့ဖုန်းတွေ ခဏခဏမြင်ဖူးနေပြီဆိုတော့ Benchmark တွေ သပ်သပ်ထပ်စမ်းပြမနေတော့ဘူး။ စမ်းဖြစ်ခဲ့တဲ့ CPU Throttling Test မှာလည်း သူ့ Performance က အတော်လေးငြိမ်တာတွေ့ခဲ့ရတယ်။ Real Life Usage မှာလည်း Daily Task တွေမှာ ချောချောမွေ့မွေ့အဆင်ပြေတဲ့အပြင် Gaming ပိုင်းမှာလည်း PUBG ကို HD, High Setting မှာ မထစ်မပြုဆော့နိုင်တယ်။ Temperature အနေနဲ့လည်း PUBG ဆော့ချိန်မှာတောင် အမြင့်ဆုံး 39°C လောက်ပဲရှိတယ်။ ဆိုတော့ကာ ဒီဈေးမှာ ဒီထက်မြင့်တဲ့ Performance ကိုလိုချင်ရင်တော့ Mi 8 SE ကိုရွေးခိုင်းဖို့ပဲ ရှိပါတော့တယ်။
Battery Life
Mi 8 Lite မှာ 3350 mAh Battery ပါတယ်ဆိုတော့ သူ့ Level တန်းမှာ ပေမှီဒေါက်မှီတယ်ဆိုရမှာပါ။ ဒီတော့ Battery Life ကရော? ထုံးစံအတိုင်း 50% Volume & Brightness မှာ
-1hr 720p Youtube (Wifi) ကို 12%
-1hr 720p Offline Video ကို 7%
-1hr PUBG, 70% Volume (Wifi) ကို 20% နဲ့
-8 to 9hr Stand-by (Single Sim) ကို 2% စသည်ဖြင့်ကုန်ပါတယ်။
အားရတာက သူ့မှာ USB Type C ကို Quick Charge 3.0 Support လုပ်တာပါ။ Charging Speed အနေနဲ့
-30min ကို 50% နဲ့
-10 to 100% ကို 1:20 hr ပဲ ကြာတယ်။ ဒီတော့ Daily Usage သမားတွေတွက်ကတော့ သာသာယာယာပါပဲ။
Camera
Hardware ပိုင်းကောင်းရက်နဲ့ Software Optimization ကြောင့်လို့ ဆိုရမလားပဲ။ Camera ပိုင်းဟာ Mi 8 Lite မှာ အားမရဆုံးအပိုင်းဖြစ်ခဲ့တယ်။ သူ့ရဲ့ Back Camera က Mi 8 SE, Poco F1 တို့နဲ့အတူတူပါပဲ။ သို့ပေမယ့် Dynamic Range မှာ HDR ဖွင့်ရိုက်တာတောင် အားနည်းတာတွေ့ရတယ်။ Daylight မှာတော့ Software Support မဆိုးဘူးပြောရမယ်။ Camera ရိုက်ချိန်မှာတွေ့ရတဲ့ Noise တစ်ချို့ကို Background Processing နဲ့ရှင်းပေးတာ၊ Overexposed ဖြစ်ပြီထင်ရတာတွေကို ထိန်းပေးတာ စတာတွေကို သတိထားမိတယ်။ Day Time မှာတော့ Image Quality နဲ့ပတ်သက်ပြီး ပြဿ    နာသိပ်မရှိ။
Impression ကျစေတာက သူ့ရဲ့ Low Light ပါ။ အလင်းရောင်ကောင်းနေသရွေ့အဆင်ပြေနေပေမယ့် အလင်းနဲသွားတာနဲ့ ဇာတိပြတော့တာပါပဲ။ ISO ကို စွတ်တင်တယ်၊ Noise ကလည်းထိန်းချင်တယ်။ အဲဒီမှာ ပုံထွက်တွေက Overexposed တွေဖြစ်၊ Detail တွေကျ၊ တစ်ချို့ Color တွေ Washed Out ဖြစ်တော့တာပါပဲ။ Noise ကတော့ တခြား Mi တွေထက် ပိုထိန်းနိုင်တယ်။ AI on မထားရင်တောင် Backgound Processing က သိသာတယ်။ Software Update တွေမှာ Fix လုပ်နိုင်ဖို့မျှော်လင့်မိတယ်။
Auto မှာ Overexposed ဖြစ်သလောက် Manual Mode မှာကျတော့လည်း Dynamic Range ကျနေပြန်ရော။ သူ့နောင်တော်တွေလိုပဲ Manual Control တော့အပြည့်ပေးထားတယ်။ ပုံထွက်က Auto ထက်သာပေမယ့် Overall Quality ကိုတော့ Mi 8 SE တုန်းကလောက် အားမရတာအမှန်။ AI Mode ကတော့ အတော်လေး Color Accurate ဖြစ်လာတယ်ဆိုရမယ်။ (Building တွေရိုက်တဲ့အခါ Saturation ဆောင့်တက်တာကလွဲရင်ပေါ့) Portrait Mode ကတော့ ရှုပ်ထွေးတဲ့ Scene တွေရယ်၊ အရမ်းမှောင်တဲ့အချိန်ရယ်ကလွဲရင် ကောင်းကောင်းအလုပ်လုပ်တယ်။ ရိုက်ထားတဲ့ပုံတွေကိုလည်း Background Blur Adjustment နဲ့ Light Trail, 3D Lighting Effect စတာတွေ ပြန်ထည့်လို့ရတယ်။
24MP Selfie Camera ကတော့ Xiaomi နဲ့ သိပ်အသားမကျသေးဘူးလို့ထင်မိတယ်။ အရင် 20MP တွေမှာထက် Overexposed ပိုဖြစ်တတ်သလိုပဲ။ သိပ်ပြီးကြီးမားတဲ့ကွာခြားမှုတော့ မတွေ့မိသေး။ Selfie Portrait လေးကတော့ Edge Detection မဆိုးဘူး။ Video ပိုင်းကတော့ Poco F1 တို့ Mi 8SE တို့တုန်းကလိုပါပဲ။
ဒီတော့ Camera ပိုင်းကို အဓိကထားရွေးချယ်တတ်သူတွေအတွက် Mi 8 Lite ကို သိပ်အားမပေးချင်။
System
လောလောဆယ်မှာတော့ Android 8.1 အခြေခံတဲ့ MIUI 9.6 Stable ထိပဲရဦးမှာပါ။ (Android Pie နဲ့ MIUI 10 Update မှာတော့ ပါလာဖို့ရှိလောက်တယ်) တခြား MIUI နဲ့သိပ်ပြီးထူးမခြားနားဆိုတော့ အထွေအထူးမပြောတော့ဘူး။ MIUI ကို မမုန်းရင် သုံးရသဘောကျမှာပါ။
ဒီတော့ Mi 8 Lite ကို ဘယ်လိုမြင်လဲ? လူငယ်ဆန်မှု၊ ပျိုမြစ်မှု အငွေ့အသက်တွေပါဝင်နေတဲ့ ဖုန်းတစ်လုံးလို့မြင်ပါတယ်။ Color Accurate Display ကိုမှလိုချင်ရင်၊ SD 710 လို Performance မှ လိုချင်ရင်၊ Camera ပိုင်းအသားပေးချင်ရင်ရင်တော့ ဒီဖုန်းက သင့်အတွက်မဟုတ်တာ သေချာသလောက်ပါပဲ။ သို့ပေမယ့် ၃သိန်းခွဲဝန်းကျင်ဈေးမှာ 128/6GB RAM, SD 660, Great Sound Quality, Nice Battery စတဲ့ Feature တွေကို ဒီဖုန်းမှာရနိုင်မယ်။ ဆိုတော့ Design လှလှကြိုက်တတ်သူတွေအတွက် Fancy ဆန်တဲ့ ဒီဇိုင်းကာလာနဲ့အတူ ငယ်ရွယ်ခြင်းရဲ့အရသာကို Mi 8 Lite နဲ့အတူ ခံစားကြည့်ဖို့ အကြံပြုပါရစေ။
"Observe Here. Trust Yourself."
Htet Oo Naing (Xyon) PLANETX
#Xiaomi #Mi8Lite #Review
Friday, November 2, 2018
"ကလေးငယ်များတွင် ဖြစ်သော အမျိုးအစား (၁) ဆီးချို"
ရေးသားသူ Dr. K Zin Thwe
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.
သင့်ကလေးတွင် ဆီးချိုရောဂါရှိနေပြီဟု ဆရာဝန်ကပြောလိုက်သောအခါ စိတ်ဓာတ်မကျပါနဲ့။ သင့်ကလေးတယောက်တည်း ဆီးချိုရောဂါဖြစ်ခြင်းမဟုတ်ပါ။ ဆီးချိုရောဂါဆိုသည်မှာ ဂရုတစိုက်ပြုရမည့် နာတာရှည်ရောဂါဖြစ်ပါသည်။ သို့သော် သင်သည် လက်တွေ့ကျသော ဗဟုသုတအချို့ကို သိထားခြင်းဖြင့် သင့်ကလေးအား အကောင်းဆုံးကူညီ ထောက်ပံ့မှုများကို ပေးနိုင်ပါလိမ့်မည်။
ဆီးချိုရောဂါဆိုတာ ဘာလဲ။
ဆီးချိုသည် လူများတွင် ဖြစ်နိုင်သော ရောဂါဖြစ်ပါသည်။ သင်စားလိုက်သော အစားအစာများသည် သင့်ကိုယ်ထဲတွင် သကြားဓာတ်များအဖြစ်ပြောင်းလဲသွားသည်။ ထိုအခါ မုန့်ချိုအိတ်သည် ထိုသကြားဓာတ်များကို စုပ်ယူနိုင်ရန် ခန္ဓာကိုယ်အတွက် အရေးပါဆုံးဟော်မုန်းဖြစ်သည့် အင်ဆူလင်ဟော်မုန်းတမျိုးကို ထုတ်ပေးပါသည်။ ကျွနုပ်တို့စားပြီးသောအခါ အင်ဆူလင်သည် ကိုယ်ထဲရှိ ဆဲလ်များအတွင်းသို့ စွမ်းအင်များရရှိအောင် ပို့ဆောင်ပေးသော အဓိက သော့ချက်ဖြစ်ပါသည်။ ဆီးချိုသမားများတွင် အဆိုပါဖြစ်စဉ် လုပ်ဆောင်မှုမမှန်ကန်ခြင်းဖြစ်ပြီး ဆီးချိုရောဂါကို မကုဘဲထားပါက ပြင်းထန်သော နောက်ဆက်တွဲဆိုးကျိုးများကို ဖြစ်လာစေပါသည်။
အမျိုးအစား ၁ ဆီးချိုရောဂါသည် မုန့်ချိုအိတ်မှ အင်ဆူလင်လုံးဝမထုတ်ခြင်းကြောင့် သွေးတွင်း သကြားဓာတ်များလျှင်မြန်စွာ မြင့်တက်လာသော ရောဂါဖြစ်သည်။ ယင်းသည် ခန္ဓာကိုယ်မှ အင်ဆူလင်ထုတ်ပေးသော ဆဲလ်များကို ပြန်တိုက်သော ရောဂါဖြစ်ပြီး အင်ဆူလင်ဓာတ်များမရှိတော့ခြင်းကြောင့် ပြင်ပမှ အင်ဆူလင်ထိုးဆေးများထိုးပေးရန်လိုအပ်သည်။ ထိုသို့မဟုတ်လျှင် သွေးတွင်းသကြားဓာတ်များ အလွန်မြင့်တက်လာပြီး နောက်ဆက်တွဲအနေနှင့် မျက်လုံးများ၊ ကျောက်ကပ်များ၊ အာရုံကြောများ နှင့် နှလုံးကို ထိခိုက်ကာ သတိလစ်မေ့မျောခြင်း၊ သေဆုံးခြင်းတို့အထိဖြစ်စေနိုင်ပါသည်။
အမျိုးအစား ၁ ဆီးချိုရောဂါ၏ ရောဂါလက္ခဏာများ
ဆီးချိုရောဂါရှိသူများသည် ရောဂါလက္ခဏာများမပြဘဲ ကာလကြာရှည်စွာ ဖြစ်နေတတ်သည်။  အမျိုးအစား ၁ ဆီးချိုရောဂါသည် ရောဂါလက္ခဏာများကို ဖြေးဖြေးချင်းသော်လည်းကောင်း ချက်ချင်းသော်လည်းကောင်း သိရနိုင်ပါသည်။
အမျိုးအစား ၁ ဆီးချိုရောဂါရှိသော ကလေးများတွင် မိခင်များသတိထားမိစေနိုင်သော အချက်များမှာ
ဆီးမကြာခဏသွားခြင်း
ထိုကလေးများတွင် သွေးထဲတွင် သကြားဓာတ်များ များပြားနေခြင်းကြောင့် ထိုပိုလျှံနေသော သကြားဓာတ်များကို ကျောက်ကပ်မှ စွန့်ထုတ်မှုပြုလုပ်ခြင်းဖြစ်သည်။ ထိုကလေးများသည် ဆီးသွားလျှင်သာမန်ကလေးများထက် အကြိမ်အရေအတွက်များပြီး ပမာဏလည်း များပါသည်။
ရေအလွန်ဆာခြင်း
ကလေးငယ်သည် အထက်ဖော်ပြပါဖြစ်စဉ်ကြောင့် ဆီးအသွားများသောအခါ ခန္ဓာကိုယ်မှ ရေဓာတ်များဆုံးရှုံးခြင်းကြောင့် ရေအလွန်ဆာခြင်းဖြစ်ရသည်။ ထိုအခါ ကလေးသည် သာမန်ကလေးများထက် ရေသောက်များပါသည်။
ကိုယ်အလေးချိန်ကျခြင်း
အမျိုးအစား ၁ ဆီးချိုရှိသော ကလေးများသည် အစားကောင်းကောင်းစားသော်လည်း ကိုယ်အလေးချိန်ကျဆင်းနေကြောင်းတေနွ့ရသည်။ အကြောင်းမှ ခန္ဓာကိုယ်တွင် စွမ်းအင်လိုအပ်နေသော ဆဲလ်များကို ကြွက်သားများ အဆီတစ်များမှတဆင့် ယူသုံးရခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် အကြောင်းမဲ့သက်သက် ကိုယ်အလေးချိန်ကျဆင်းလာခြင်းသည် ဆီးချိုရောဂါ၏ရှေ့ပြေးလက္ခဏာ တခုအနေနှင့် ဂရုပြုနိုင်ပါသည်။
မောပန်းနွမ်းနယ်ခြင်း
ဆီးချိုသမားများတွင် ခန္ဓာကိုယ်ရှိဆဲလ်များသည် စွမ်းအင်ကို လုံလာက်စွာမရရှိခြင်းကြောင့်  မောပန်းနွမ်းနယ်ခြင်းဖြစ်ရသည်။
အမြင်မှုန်ဝါးခြင်း
သင့်ကလေး၏ သွေးထဲတွင် အချိုဓာတ်များလွန်ကဲနေမှုကြောင့် မျက်လုံးထဲရှိ မှန်ဘီလူးကို ထိခိုက်စေသောကြောင့် မျက်စိမှုန်လာရခြင်းဖြစ်သည်။
အမျိုးအစား ၁ ဆီးချိုရောဂါသည် ကလေးများတွင် နေထိုင်သင့်သော ပုံစံများ
ဆီးချိုရောဂါရှိသော ကလေးများသည် သူတို့၏ သွေးတွင်းသကြားဓာတ်ကို မှန်မှန် စစ်ဆေးပေးရန်လိုအပ်သည်။ အောက်ပါတို့ကို လိုက်နာဆောင်ရွက်ပါ။
·       ကလေးများ၏သွေးတွင်းသကြားဓာတ်ကို တနေ့လျှင် အကြိမ်အနည်းငယ် မှန်မှန်စစ်ဆေးခြင်း
·       ကလေးများကို အင်ဆူလင်ထိုးဆေးများမှန်မှန်ထိုးပေးခြင်း၊ အရွယ်ရောက်ပြီးသူများတွင် ကိုယ်တိုင်ထိုးစေခြင်းနှင့် ထိုးစက်များကို အသုံးပြုစေခြင်း
·       ကျန်းမာရေးနှင့် ညီညွတ်မျှတသော အစားအစာများကို စားခြင်း၊ အစားအစာများတွင် သကြားဓာတ်လွန်ကဲမှု မရှိစေရန် ချင့်ချိန်စားခြင်း နှင့် အစားစားချိန်မှန်မှန်စားခြင်း
·       ကိုယ်လက်လေ့ကျင့်ခန်းများ မှန်မှန်လုပ်ပေးခြင်းဖြင့် သွေးတွင်းသကြားဓာတ်များကို မှန်စေခြင်း နှင့် နှလုံးရောဂါနှင့် လေဖြတ်ခြင်း တို့ကိုမဖြစ်အောင်ကာကွယ်ခြင်းဖြင့် ဆီးချိုရောဂါ၏ ရေရှည် ကျန်းမာရေးဆိုးကျိုးများကို ကာကွယ်ခြင်း
·       ဆီးချိုထိန်းနိုင်ရန် ဆရာဝန်၏ အကြံပေးချက်များကို လိုက်နာခြင်း၊ ဆီးချိုရောဂါ၏ လက္ခဏာများ နှင့် နောက်ဆက်တွဲဆိုးကျိုးများ၊ ကျန်းမာရေးပြသနာများကို သိထားခြင်း
အထက်ပါ အချက်များအပြင် သင်ကိုယ်တိုင်ကလည်း သင့်ကလေးကို ဆီးချိုရောဂါနှင့် ပတ်သက်ပြီး ပြောပြထားသင့်သည်။ သင့်အပေါ်မူတည်ပြီး သင့်ကလေးခံစားနေရသည့် ရောဂါ၏ စိတ်ပိုင်းဆိုင်ရာ ဝေဒနာများ အတန်အသင့် သက်သာလာမည်ဖြစ်သည်။အကောင်းမြင်စိတ်မွေးခြင်း၊ ထောက်ပံ့ပေးသော အဖွဲ့အစည်းများနှင့် ဆက်သွယ်ပေးခြင်းဖြင့် သင့်ကလေးကို စိတ်ဓာတ်ကျခြင်းများ လျော့နည်းစေပေလိမ့်မည်။
ဆီးချိုရောဂါ၏ အခြားသော သတိပြုစရာတခုမှာ ကလေးငယ်များ၏ ဘ၀တွင် တစိတ်တဒေသအနေမျှသာဖြစ်ကြောင်းသိထားရမည်။ ကလေးများ၏ ဘ၀တွင် ကျောင်းတက်ခြင်း၊ အားကစားလုပ်ခြင်း နှင့် အခြားသော လူမှုရေးများတွင် ပါဝင်လုပ်ကိုင်ခြင်းများ အစရှိသော အရေးကြီးသည့်အရာများ လစ်ဟင်းသွားခြင်းမဖြစ်စေရန် မိဘများက စိတ်ဓာတ်ခွန်အားပေးရန် လိုအပ်ပါသည်။
Thursday, November 1, 2018
ပင်လယ်စာသောက်ဆမ်း - တာဘက်စ်ကိုးကြက်ကြော် - ဆီစာ သုပ် (Caesar Salad)
ပင်လယ်စာသောက်ဆမ်း
 ပင်လယ်စာနဲ့ ချဉ်ချဉ်စပ်စပ်သောက်ဆမ်းလေးကို ဒီမိုးမရပ်သရွေ့ ချက်စားနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
ပြည်ကြီးငါး  -  ၁ ကောင်
ဆယ်လမွန်ငါး  -  ၁ တုံး
ကမာ  -  ၅ ခု
ရခိုင်မျှင်ငါးပိ  -  အနည်းငယ်
ကြက်သွန်ဖြူ  -  ၄ မြွှာ
စပါးလင် -  ၁ တောင့်
ငရုတ်သီးစိမ်းမီးဖုတ်  -  ၄ တောင့်
ငရုတ်ကောင်းအမည်း (လှော်ပြီး)  -  ၁၀ စေ့
ဆီ  -  အနည်းငယ်
ငံပြာရည်  -   အနည်းငယ်
မန်ကျည်းရည်  -   စိတ်ကြိုက်
ဆား  -  ချိန်ဆထည့်ရန်
ပင်စိမ်း  -  ၂ ပင်
ပြုလုပ်နည်း
၁။  ပြည်ကြီးငါးကို အကွင်းလိုက်လှီးပြီး ကမာ၊ ငါးပိ၊ ကြက်သွန်ဖြူ  ဓားပြားရိုက်တို့နှင့် ရော၍ ရေနွေးဆူဆူ ၁ လီတာမှာ ၃ မိနစ်ပြုတ်ထားပါ။ နောက်ဆုံး ၁ မိနစ်မှာ ဆယ်လမွန်ငါးကို အလွှာလေးများလှီးပြီး ထည့်ပါ။ ပင်လယ်စာအဖတ်များကို အရင်ဖယ်ထားပြီး ကျန်တဲ့အရည်မှ အနယ်များ စစ်ထုတ်ထားပါ။ ပြုတ်ရည်ကို ချန်ထားပေးပါ။
၂။  စပါးလင်၊ ငရုတ်သီးစိမ်းနှင့် ငရုတ်ကောင်းတို့ကို ရောပြီးထောင်းထားပါ။
၃။  ဆီအနည်းငယ်အပူပေးပြီး ထောင်းထားသောအဆာများကို ဆီနှင့်လှိမ့်ပေး၍ ဆီသတ်ပြီး ခြောက်လာလျှင် ပြုတ်ထားသောပင်လယ်စာများထည့် ပေးပါ။ မွှေမပေးဘဲ အိုးလှုပ်ပေးပြီး အနည်စစ်ထားသော ပြုတ်ရည်ထည့်ပါ။ ဆူအောင်တည်ပြီး အရသာအတွက် ငံပြာရည်၊ ဆားနှင့် မန်ကျည်းရည်တို့ကို စိတ်ကြိုက်ချိန်ဆထည့်ပါ။ နောက်ဆုံးမှာ ပင်စိမ်းအုပ်ပေးပြီး အဆုံးသတ်နိုင်ပါပြီ။
တာဘက်စ်ကိုးကြက်ကြော်
          ရိုးရှင်းလွယ်ကူပြီး အရသာကောင်းတဲ့ ကြက်ကြော်တစ်မျိုးဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ
ကြက်ရင်ပုံသား  –  ၂၀ဝ ဂရမ် (အချောင်းလှီးပြီး)
ကြက်သွန်ဖြူ ချင်းထောင်း  –  ထမင်းစားဇွန်း ၁ ဇွန်း (အရည်ညှစ်ပြီး)
ပင်လယ်ဆား  –  အနည်းငယ်
ငရုတ်ကောင်းမှုန့်  –  အနည်းငယ်
တာဘက်စ်ကိုးဆော့စ်  –  ထမင်းစားဇွန်း ၁ ဇွန်း
(အထက်ပါပစ္စည်းများအားလုံး ရောနယ်ပြီး အရသာသွင်းပေးထားပါ)
ကော်မှုန့်  –  ထမင်းစားဇွန်း ၂ ဇွန်း
ကော်မှုန့်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း
(ဆော့စ်ချက်ရန်)
သကြား  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
ဂျုံမှုန့်  –  ထမင်းစားဇွန်း ၂ ဇွန်း
ငရုတ်နီ  –  ၂ တောင့် (နုပ်နုပ်စဉ်းပြီး)
ကြက်သွန်ဖြူ  –  ၃ မြွှာ (စဉ်းပြီး)
တာဘက်စ်ကိုးဆော့စ်
ဆီ  –  နှစ်ကြော်ရန် (လုံလောက်သောပမာဏ)
နှမ်းဆီမွှေး  –  ၅ စက်
ပြုလုပ်နည်း
၁။       ဆီအပူပေးပြီး နှမ်းဆီထည့်ပါ။ အရသာနယ်ထားသော ကြက်သားများကို ကော်မှုန့် ထမင်းစားဇွန်း ၂ ဇွန်းနှင့် လူးပေးပြီး ရွှေဝါရောင်သန်းလာသည်အထိ ကြော်ပါ။ ဆီစစ်ထားပါ။
၂။       ကြက်ကြော်ထားသော ဆီအနည်းငယ်မှာ စဉ်းထားသော ငရုတ်နီနှင့် ကြက်သွန်ဖြူများကို အပူပေးပါ။
၃။       ကော်မှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာကို ရေ ၅၀ မီလီနှင့်ဖျော်ပြီး ထည့်ပါ။ မီးလျှော့ပြီး သကြားထည့်ပါ။
၎။       ကြက်သားကြော်ပြီးသားများ ထည့်လှိမ့်ပေးပြီး အရည်ခြောက်လျှင် တာဘက်စ်ကိုး ဆော့စ်ထည့်၍ မွှေပေးပြီးလျှင် သုံးဆောင်နိုင်ပါပြီ။
....................
ဆီစာ သုပ် (Caesar Salad)
ရာသီဥတုတွေဘယ်လို ပဲပြောင်းလှဲပါစေ ဆီစာ အရွက်သုပ်လေးကတော့ အမြဲ နံပတ်ဝမ်းနေရာမှာပဲ ရှိနေမှာပါ။ အနောက်တိုင်းနိုင်ငံတွေ မှာ အမျိုးသမီးများ အများဆုံးစားသော အရွက်သုပ်လေးဖြစ်ပါတယ်။ ကိုယ်ခန္ဓာအချိုး အစားထိမ်းသိန်းနေသူ တွေအတွက်  အရသာလဲ ရှိပြီး အကောင်းဆုံးသော အရွက်သုပ်လေးပါ။ သုပ်စားကြည့်လိုက်နော်….
ပါဝင်ပစ္စည်းများ (အရွက်သုပ်အတွက်)
ဝက်သားပြား ၈ ချပ် (bacon)
မယ်ပဲအချိုရည် ၂ ဇွန်း ခွဲ စားပွဲဇွန်း
ဆလတ်ရွက်အစို့ ၄ ထုတ် ( ထက်ခြမ်းခြမ်းထားပါ) (baby cos lettuce)
နှမ်းပေါင်မုန့် ၄ ချပ် (လက်နှင့် ခတ်သေးသေးအဖတ်လေးတွေဖဲ့ပြီး သံလွင်ဆီဖျန်းပြီး ကျွတ်အောင် ကင်ထားပါ)
ကြက်ဥ ၄ လုံး (မကြက်တစ်ကြက် လေးပြုတ်ပြီး အခွံခွာထားပါ)
Parmesan ချိစ် ၂၀ ဂရမ် (အမျှင်လေး တွေခြစ်ထားပါ)
ငရုတ်ကောင်းမှုန့် အနည်းငယ်
ပါဝင်ပစ္စည်း (ဆီစာ အသုပ်အတွက် dressing)
ကြက်ဥ ၁ လုံး
ငနီတူငါးအငံ ၂ ကောင်
သံမယိုရည် ၁/၂ ဇွန်း လက်ဖက်ဇွန်း
အသီးအရွက်ဆီ ၂ ဇွန်း စားပွဲဇွန်း 
မုန့်ညင်းအနှစ် ၂ ဇွန်း လက်ဖက်ဇွန်း 
ပြုလုပ်နည်း
၁။ အာဗင်ကို ၁၆၀ ဒီဂရီလောက် အပူပေးထားပါ။ အကင်ဘန်းပေါ် ၀က်သားပြာများတင်ပြီး အပေါ်မှနေ မေပယ်အချိုရေများ ဖျန်းပြီး ၁၅ မိနစ် (သို့) အရောင်ညိုလာတယ့် အထိကင်ပါ။
၂။ Dressing လုပ် ရန် ဆီ ကလွဲလို့ ကျန်ပစ္စည်းများ အားလုံးကြိတ်စက်ထဲ ထည့်မွှေပါ။ 
ချောမွေ့ပြစ်လာလျှင် ဆီကို နည်းနည်းချင်း ထည့်ပြီး မွှေ့ပေးပါ။ အရမ်းပြစ်လျှင် ရေအနည်းငယ် ထည့်နိုင်ပါတယ်။
၃။ စားရန် ပုကန်ထဲ ခြမ်းထားသော ဆလတ်ရွက်ထုတ်အရင်တင်ပါ။ ကျန်ပစ္စည်းများအားလုံး လိုသချင်သလို 
ပုံစံတင်ပြီး dressing ကိုအပေါ်မှနေ လိုသလောက်ထည့်ပါ။ အားလုံးပြီးလျှင် parmesan ချိစ်မှုန့်လေးများ 
ဖြူးပါ။ 
ချက်ချင်းစားပါ။
မှတ်ချက် - dressing လုပ်ရန် အချိန် မရှိလျှင် လုပ်ပြီးသား mayo (သို့) ဆီစာ dressing သုံးလို့ရပါတယ်။
ချက်ပြုတ်ပြသူ - Syilwin Foodgarden