Monday, December 1, 2025

နတ်တော်လပြည့် စစ်ကိုင်း မုန့်ပေါင်းပွဲနေ့

 ◾️လွမ်းမိသေးတော့ နတ်တော်လပြည့် စစ်ကိုင်း မုန့်ပေါင်းပွဲနေ့




လွန်ခဲ့တဲ့ အချိန်တစ်ခုက နတ်တော်လပြည့်နေ့နားနီးလာရင် မန္တလေးမြို့ကသတင်းမီဒီယာသမားတချို့ ကျွန်တော့်ဆီကိုဖုန်းဆက်ကြတယ်။ နတ်တော်လပြည့်နေ့ကစစ်ကိုင်းမြို့မှာ ထူးထူးခြားခြားကျင်းပတဲ့ ဒေသရိုးရာမုန့်ပေါင်းပွဲရှိတယ် မဟုတ်လား။


မုန့်ပေါင်းပွဲကို အကြောင်းပြုပြီး မန္တလေးသတင်းသမားတွေ ဆက်သွယ်တဲ့ ဖုန်းတွေပေါ့။မန္တလေး သတင်းသမားတချို့ကစစ်ကိုင်းနဲ့ ပတ်သက်တဲ့ သတင်းရှိရင် အခုလိုပဲဖုန်းဆက်တတ်ကြတယ်။ 


စစ်ကိုင်းမှာက ရာသီပွဲနဲ့ ရိုးရာပွဲလေးတွေရှိတာမို့ စစ်ကိုင်းမုန့်ပေါင်းပွဲကို သတင်းခရီးလာကြမလို့တဲ့။

ကျွန်တော့်ဆီ ဖုန်းဆက်တဲ့အထဲမှာဒီနှစ် မုန့်ပေါင်းပွဲ လုပ်ဖြစ်မှာလား။ ဘယ်အချိန်လာရင် အဆင်ပြေမှာလဲ။ ကျွန်တော်၊ ကျွန်မတို့လာရင် မုန့်ပေါင်းပွဲလိုက်ပို့ပေးဦး။


မုန့်ပေါင်းဝယ်ကျွေးရမှာနော် စသည် စသည်များနဲ့ပေါ့။စစ်ကိုင်းမှာက ရိုးရာဓလေ့အနေနဲ့နှစ်စဉ်ကျင်းပတာ မုန့်ပေါင်းပွဲတစ်ပွဲတည်းပဲလားဆိုတော့ ဘယ်ဟုတ်လိမ့်မလဲ။ နယုန်လမှာ စစ်ကိုင်းအနောက်တာက သာဒွန်းရွာမှာကျင်းပတဲ့ ရွာတော်ရှင်ကို ဝက်သားနဲ့တင်တဲ့ဗြုန်းစပ်ပွဲရှိတယ်။


သီတင်းကျွတ်လနဲ့ တန်ဆောင်မုန်းလတွေမှာ စစ်ကိုင်းမြို့အထင်ကရ ရာဇမဏိစူဠာ ကောင်းမှုတော် ဘုရားကြီး မုန့်ဖက်ထုပ်ပွဲနဲ့မုန့်ဆီကြော်ပွဲရှိတယ်။ တပို့တွဲလမှာ ကျင်းပတဲ့ကြေးဘုရားကြီးပွဲက ဘဲဥထုပွဲဆိုတာ ရှိသေးတယ်။ 


ဒီပွဲတွေရှိတော့ ပွဲရက်နီးလာရင် အခုလိုပဲ ဖုန်းဆက်မေးမြန်းကြပါတယ်။စစ်ကိုင်းမြို့မှာ ကျင်းပတဲ့ ဒေသဓလေ့ပွဲတွေက ရှေးအစဉ်အဆက်ကတည်းက ရှိခဲ့တဲ့ရိုးရာဓလေ့တွေပါ။ စစ်ကိုင်းမြို့ရဲ့ သမိုင်းကိုပြန်ကြည့်ရင် စစ်ကိုင်းကို အသင်္ခယာစောယွန်းက သက္ကရာဇ် ၆၇၇ ခုနှစ်မှာ မင်းနေပြည်တော်အဖြစ် တည်ခဲ့တယ်။ 


မင်းဆက် ခုနစ်ဆက် အုပ်ချုပ်ခဲ့တဲ့ ရာဇဝင်ထဲက မြို့တစ်မြို့ ဖြစ်တယ်။ဒါတွေအပြင် စာထဲမှာတွေ့ရတဲ့စစ်ကိုင်းအကြောင်းလည်း အထင်အရှား ရှိပါသေးတယ်။ အသင်္ခယာစောယွန်း တည်ခဲ့တဲ့ စစ်ကိုင်းမြို့ ထက်တောင် စစ်ကိုင်းဆိုတဲ့ အမည်က စောပါလိမ့်ဦးမယ်။ 


ဒါကလည်း ရာဇဝင်နဲ့လာခဲ့တယ်လို့ ဆိုရမှာပါ။တကောင်း အဘိရာဇာမင်းလက်ထက်သားတော် စူဠာသမ္ဘ၀၊ မဟာသမ္ဘ၀ မျက်မမြင်ညီနောင်မင်းသားနှစ်ပါးကို ဖောင်ပေါ်တင်ပြီးရိက္ခာအပြည့်အစုံနဲ့ဧရာ၀တီမြစ်အတွင်းမျှောချလိုက်သတဲ့။ 


ညီနောင်နှစ်ပါး လိုက်ပါလာတဲ့ ဖောင်တော်က အခုစစ်ကိုင်းဆိုတဲ့အရပ်ရောက်တော့ ဧရာ၀တီ မြစ်ကမ်းမှာပေါက်နေတဲ့စစ်ပင်ကြီးရဲ့ ညွှတ်ကျနေတဲ့ အကိုင်းကြီးတစ်ခုနဲ့ ငြိပါလေရော။


ဖောင်ငြိတဲ့နေရာနဲ့ မနီးမဝေးမှာ အဲဒီအချိန်က နေထိုင်သူတွေ ရှိနေပြီဆိုကိုး။ အဲဒီအရပ်မှာက စစ်ပင်ကြီးကိုင်းနေတာကိုအကြောင်းပြုပြီး စစ်ကိုင်းလို့ ခေါ်ကြဆိုကိုး။အဲဒါလည်း စစ်ကိုင်းရဲ့ ရာဇဝင်လို့ပြောရမလား၊ဒဏ္ဍာရီလို့ပြောရမလား၊ မှတ်တမ်းတစ်ခု၊သင်္ကေတတစ်ခုပေါ့။ ထားတော့။


မင်းနေပြည်တော်မြို့ဖြစ်ခဲ့တဲ့ စစ်ကိုင်းမှာ ရှေးကတည်းက လူသားတွေ နေထိုင်ခဲ့တာဆိုတော့ ဒေသ အငွေ့အသက်မကင်းတဲ့ မြန်မာရနံ့ရိုးရာဓလေ့လေးတွေလည်း ရှေးကတည်းကရှိခဲ့ပေမပေါ့။


ရှေးကတည်းက ဆိုပေမယ့် ဘယ်ခေတ်၊ဘယ်ကာလက ရိုးရာဓလေ့ပွဲတွေ စတင်ခဲ့တယ်ဆိုတဲ့ သမိုင်းအထောက်အထားတော့မတွေ့မိပါဘူး။ အစဉ်အဆက် မှတ်သားလာခဲ့တဲ့ သမိုင်းစကားလောက်ပဲ ရှိခဲ့တာမို့ အစဉ်အဆက်ပြောစကားတွေကိုပဲ ရိုးရာပွဲများရဲ့သမိုင်းလို့ မှတ်ယူရမယ်ထင်ပါတယ်။


စစ်ကိုင်းဓလေ့ ရိုးရာပွဲတွေရဲ့ ထူးခြားမှုက တခြားဒေသမှာ မရှိတဲ့ ပွဲမျိုးတွေမို့ဆန်းတော့ အဆန်းသား။ အခု မုန့်ပေါင်းပွဲကျင်းပမယ့် နတ်တော်လပြည့်နေ့မှာ မန္တလေးဘက်က သတင်းသမားတွေ စစ်ကိုင်းကို လာကြမယ်။


လာမယ့်သူတွေက ကျွန်တော်နဲ့ ဘ၀တူသတင်းလောကထဲက လုပ်ဖော်ကိုင်ဖက်တွေပါ။ သတင်း သမားတွေက ရုပ်သံရော၊ ပုံနှိပ်မီဒီယာများမှာ ထုတ်လွှင့်ရေးသားနေကြသူတွေမို့ လိုင်းစုံပါပါတယ်။


ကျွန်တော်က ဒေသခံဖြစ်နေတော့ရုပ်သံသမားအတွက် အင်တာဗျူးကိစ္စ အဆင်ပြေအောင် စီစဉ်ပေးရမယ်။ ဂျာနယ်နဲ့ သတင်းစာများမှာ ရေးသားမယ့် သတင်းသမား များကိုသတင်းဓာတ်ပုံရိုက်ယူနိုင်ဖို့ မုန့်ပေါင်းပွဲအကြောင်း မေးမြန်းစရာရှိတာ မေးမြန်းနိုင်ဖို့အကူအညီပေးရမယ်။ 


ဒီကိစ္စတွေလုပ်ရင်းကိုယ်တိုင်လည်း သတင်းသမားဖြစ်နေတော့ကျွဲကူးရေပါဆိုသလို သတင်းယူရ ဦးမယ်လေ။နှစ်စဉ်နတ်တော်လပြည့်နေ့မှာ ရိုးရာပွဲအဖြစ် ကျင်းပတဲ့ မုန့်ပေါင်းပွဲက မုန့်ပေါင်းပွဲလို့

အလွတ်သဘောခေါ်ကြပေမယ့် တကယ်တော့အဲဒီနေ့မှာ မုန့်ပေါင်းလုပ်ရောင်းတဲ့သူတွေ ခင်းကျင်း ရောင်းချတဲ့ ဈေးတန်းလေးတစ်ခုသာပါ။ 


ကြည့်ချင်ပွဲတို့၊ သီဆိုကပြဖျော်ဖြေတာတို့မပါတဲ့ ပွဲမျိုးပါ။ သို့ပေမယ့် စစ်ကိုင်းမှာတော့ ဒီလိုခင်းကျင်း ရောင်းချတာကိုပဲ မုန့်ပေါင်းပွဲလို့အသိအမှတ်ပြုကြပါတယ်။စစ်ကိုင်းမြို့မှာ ရိုးရာဓလေ့အနေနဲ့ကျင်းပတဲ့ပွဲတွေကို မြို့ခံတချို့ကလွဲရင်လူတော်တော်များများ မသိကြပါဘူး။ 


ရပ်ပွဲ၊ရွာပွဲလို ဖြစ်နေတော့ တစ်မြို့လုံးဆိုတာထက်သက်ဆိုင်ရာ ရပ်ကွက်နဲ့ ဆက်စပ်ရပ်ကွက်တွေ

လောက်ပဲ သိကြတာပါ။ သတင်းမီဒီယာသမားတွေ သတင်းလာယူကြ၊ ဂျာနယ်တွေမှာရေးသားကြရာကနေ သတင်းစီးဆင်းမှုကြောင့်လူသိပိုများလာတယ်ဆိုရင် မှားမယ်မထင်ပါဘူး။


စစ်ကိုင်းမှာက သီတင်းကျွတ်လမှာကျင်းပတဲ့ ရာဇမဏိစူဠာ ကောင်းမှုတော်ဘုရားကြီး မုန့်ဖက်ထုပ် ဆွမ်းလောင်းပွဲရှိတယ်။ ဒါကကောင်းမှုတော်ဘုရားကြီးအနီးက ရွာတွေနဲ့ပဲကတိုးရွာရဲ့ မုန့်ဖက်ထုပ်နဲ့ လောင်းလှူတဲ့ဆွမ်းလောင်းပွဲပါ။


တန်ဆောင်မုန်းလထဲမှာ ကောင်းမှုတော်ဘုရားပွဲနဲ့အတူ မန်ကျည်းစင်ရပ်ကားလမ်းမကြီးဘေးမှာ မုန့်ဆီကြော်သည်တွေမုန့်ဆီကြော် လုပ်ရောင်းကြတယ်။ အဲဒါကိုနှစ်စဉ်ဓလေ့တစ်ခုအနေနဲ့ မုန့်ဆီကြော်ပွဲလို့ခေါ်ကြပါတယ်။


ပြာသိုလထဲမှာ ဧမြ၀တီရပ် ကြေးဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော်မှာ ညပိုင်းမှာ ကျင်းပတဲ့ဘဲဥထုပွဲရှိတယ်။ ရှေးဘုရင်များလက်ထက်ကတည်းက ရှိခဲ့တဲ့ပွဲလို့ သိရပါတယ်။ နယုန်လထဲမှာ သာဒွန်းရွာက ရွာတော်ရှင်ကို ပူဇော်တဲ့အနေနဲ့ ဝက်သားနဲ့တင်တဲ့ ဗြုန်းစပ်တင်ပွဲဆိုတာ ရှိတယ်။


နတ်ကို ဝက်သားနဲ့တင်တာ ရှားပေမယ့်သာဒွန်းရွာက ရွာတော်ရှင် ဘိုးဘိုးကြီးနန်းမှာ ဝက်သားနဲ့ တင်တဲ့ပွဲ ကလည်း ထူးခြားတဲ့ဓလေ့တစ်ခုပါပဲ။ နတ်တော်လမှာ ငါးထပ်ကြီးဘုရားရှေ့လမ်းမတန်းမှာ ရောင်းချတဲ့ မုန့်ပေါင်းဈေးရောင်းပွဲ ရှိပါတယ်။


ဒီပွဲတွေက တစ်မြို့လုံးနဲ့ဆိုင်တဲ့ ပွဲကြီးတွေ မဟုတ်ပေမယ့် အများစုက ရွာဓလေ့၊ရပ်ဓလေ့အဖြစ်နဲ့ အစဉ်အလာမပျက် ကျင်းပလာခဲ့တဲ့ ရိုးရာပွဲတွေပဲ ဖြစ်ပါတယ်။နတ်တော်လပြည့်နေ့မှာ စစ်ကိုင်း

ဝေဠုဝန် ငါးထပ်ကြီးဘုရားလမ်းမှာ ကျင်းပတဲ့မုန့်ပေါင်းဈေးရောင်းပွဲ၊ ခေတ်ကာလအခေါ်မုန့်ပေါင်းပွဲက ဟိုရှေးရှေးက ကျင်းပလာခဲ့တဲ့ပွဲတော့ ဟုတ်ဟန်မတူပါဘူး။


နောက်ပိုင်းမှပေါ်လာတဲ့ပွဲလို့ သိရပေမယ့် မုန့်ပေါင်းအရောင်းဈေးတန်းလေးကို အကြောင်းပြုပြီး

ပွဲကျင်းပလာတာ အခုဆိုရင် နှစ်စဉ်ကျင်းပနေတဲ့ ရပ်ဓလေ့၊ ရွာဓလေ့ ရိုးရာပွဲတစ်ခုဖြစ်နေပြီမို့ ဒီပွဲကလည်း ဝေဠုဝန်ငါးထပ်ကြီးဘုရားရဲ့ ဒုတိယမြောက်ပွဲတစ်ခုအဖြစ် သတ်မှတ်ထားကြပါပြီ။


စစ်ကိုင်း မုန့်ပေါင်းပွဲနဲ့ပတ်သက်လို့ဝေဠုဝန်ငါးထပ်ကြီးဘုရား တောင်ဘက်မှာသီတင်းသုံးတဲ့ ငါးထပ်ကြီးဘုရားအကျိုးတော်ဆောင် ဩဝါဒါစရိယ မဟာခိုနန်းကျောင်းဆရာတော်ကြီး ဦကေလာသက သူကိုယ်တိုင်သိထားတာလေး ကျွန်တော့်ကို လွန်ခဲ့တဲ့နှစ် (၂၀) ကျော်က မိန့်ကြားဖူးတယ်။ 


ဆရာတော်ကြီးဆီက ကြားသိခဲ့ရတဲ့ မုန့်ပေါင်းပွဲဖြစ်ပေါ်လာပုံအကြောင်းကို လက်ဆင့်ကမ်းတဲ့

အနေနဲ့ မှတ်သားမိသမျှ ပြန်လည်မျှဝေပါ့မယ်။တစ်ချိန်တုန်းက စစ်ကိုင်း ဝေဠုဝန်ငါးထပ်ကြီးဘုရားအခြေ အရှေ့တောင်ထောင့်ဘာရားကွင်းထဲမှာ ဥပုသ်ဇရပ်တွေ ရှိခဲ့သတဲ့။


ငါးထပ်ကြီးဝန်းကျင် ရပ်ကွက်နဲ့ ဘုရားအနောက်ဘက်ရွာတွေက ဆောက်လုပ်လှူဒါန်းခဲ့တဲ့ အများကောင်းမှု ဇရပ်တွေ၊တစ်ဦးတည်းအလှူရှင်များ ဆောက်လုပ်ထားတဲ့ ဇရပ်ကလေးတွေလို့ ဆိုပါတယ်။


အနောက်တာရွာတွေက ဝေဠုဝန်ငါးထပ်ကြီးဘုရားကို ဥပုသ်သီတင်းလာရောက်ဆောက်တည်ကြတဲ့အခါ ဇရပ်တွေမှာ ဘုရားရိပ်လာရောက်ခိုလှုံရင်း ဘုရားကို ပန်း၊ ရေချမ်း၊ဆီမီး ကပ်လှူပူဇော်ကြတယ်။ တရားထိုင်၊တရားဆွေးနွေး၊ ဥပုသ်သီလ ဆောက်တည်ကြပြီး ညအိပ်ညဉ့်နေ နေကြတဲ့သူတွေရှိခဲ့တယ်။


အဖိတ်နေ့နဲ့ ဥပုသ်နေ့တွေဆိုရင်ငါးထပ်ကြီးဘုရားဝင်းထဲက ဇရပ်တွေမှာညနေကစပြီး စည်စည်ကားကား ရှိခဲ့သတဲ့။ဇရပ်တွေမှာ ဥပုသ်သည်တွေ ဥပုသ်ဆောက်တည် ဘုရားဖူးရင်း ညအိပ်ညဉ့်နေလာကြတဲ့အခါ မိသားစုဝင်တွေက နံနက်စာထမင်း၊ ရေနွေးကြမ်း၊ မုန့်ပဲသရေစာ ပို့တာရှိတယ်။ 


အနီးဝန်းကျင်ရပ်ကွက်အလှူရှင်တွေကလည်း အလှူဒါနလာရောက်ပြုတာရှိတယ်။ညင်းနဲ့ တစ်ယောက်နဲ့တစ်ယောက် အသိမိတ်ပိုင်းကျရင် အဖျော်ရည်တို့၊ ညချင်းသုပ်တို့၊ရှောက်သီးသုပ်တို့ လာပို့တာတွေပါ ရှိလာတယ်။


ကိုယ့်ဥပုသ်သည်၊ သူ့ဥပုသ်သည်တွေအတွက် ညပိုင်းလာပို့သူတွေက ဇရပ်တွေလာရဆွေဖြစ်ကြ၊ ခင်မင်ရင်းနှီးမှု ဖြစ်လာကြရာက ကိုယ့်ဇရပ်၊ သူ့ဇရပ် ဖိတ်ခေါ်ပြီး ဧည့်ခံကျွေးမွေးတာတွေအထိ ရှိလာတယ်။


ညပိုင်းမှာ ဥပုသ်ဇရပ်တွေကို လာရောက်သူတွေရှိလာတော့ အနီးဝန်းကျင် ထားဝယ်ဈေးရပ်ကွက်ထဲက မုန့်ပေါင်းဈေးသည်တစ်ဦးစ၊ နှစ်ဦးစလည်း ညနေပိုင်းကစလို့ငါးထပ်ကြီးဘုရားလမ်းမှာ မုန့်ပေါင်း လာရောင်းကြတယ်။ 


ညပိုင်းမှာ ဥပုသ်ဇရပ်လာသူတွေကမုန့်ပေါင်းဝယ်ပြီး ဇရပ်တစ်ခုနဲ့တစ်ခု ဧည့်ခံကြသလို အနီးအနား ရပ်ကွက်တွေကပါလာဝယ်ကြတာကြောင့် မုန့်ပေါင်းလုပ်ရောင်းသူတွေ ဈေးကွက်တစ်ခု ရလာတာပေါ့။


ငါးထပ်ကြီးဘုရား ဇရပ်တန်းမှာ ဝါတွင်းကာလသာမက ဝါပမှာပါ ဥပုသ်သည်တွေရှိနေပြီဆိုတော့ မုန့်ပေါင်းဈေးသည်တွေလည်း ပုံမှန်လိုရှိလာတော့တာပေါ့။


ဒီကစလို့ ငါးထပ်ကြီးဘုရားလမ်းမှာမုန့်ပေါင်းလုပ်ရောင်းသူတွေ ရှိလာရာကနေဆောင်းတွင်းကာလမှာ မုန့်ပေါင်းဈေးတန်းကိုလာရောက်ရောင်းချတဲ့ အကြော်သည်တွေပါရှိလာလို့ မုန့်ပေါင်းဈေးတန်းမှာ မုန့်ပေါင်းနဲ့တွဲဖက်စားနိုင်တဲ့ အကြော်ရောင်းသူပါ ရှိလာတယ်။


နတ်တော်လပြည့်နေ့ကို ညပိုင်းမှာဝေဠုဝန်ငါးထပ်ကြီး လာရောက်တဲ့ ဘုရားဖူးသူတွေ များတယ်။ မုန့်ပေါင်းဈေးတန်းမှာပွဲတစ်ခုအသွင်ဆောင်ကာ ပိုမိုစည်ကားမှုပါရှိလာတာလို့ ဆရာတော်ကြီး မိန့်ကြားချက်အရသိရပါတယ်။


ဒါ စစ်ကိုင်း မုန့်ပေါင်းပွဲလို့ခေါ်တဲ့မုန့်ပေါင်းရောင်းတဲ့ ဈေးတန်းလေးရဲ့အစပါပဲ။နောက်တစ်ခုက နတ်တော်လပြည့်နေ့ညလုပ်တဲ့ ငါးထပ်ကြီးမုန့်ပေါင်းဈေးတန်းကမုန့်ပေါင်းကိုစားရင် ကျန်းမာရေး ကောင်းမွန်တယ်ဆိုတဲ့ အယူအဆပါ။ 


စစ်ကိုင်းဒေသခံတချို့က ငါးထပ်ကြီးဘုရားလမ်းမှာ နတ်တော်လပြည့်နေ့ညလုပ်ရောင်းတဲ့ မုန့်ပေါင်းကိုစားရင် ကျန်းမာရေးကောင်းတယ်ဆိုတဲ့ အစွဲရှိတာမို့ နတ်တော်လပြည့်နေ့ညမှာလုပ်တဲ့မုန့်ပေါင်းကို ဆေးဝါးအဖြစ် ဝယ်ယူစားသုံးကြတာရှိပါတယ်။ ဒေသရဲ့ ထူးခြားမှုလို့ ဆိုရမှာပါပဲ။


မျက်မှောက်ခေတ်မှာ နတ်တော်လပြည့်နေ့ မရောက်ခင် အဖိတ်နေ့ညကစလို့မုန့်ပေါင်းဈေးသည်တွေ လာရောက်ခင်းကျင်းရောင်းချကြပါပြီ။ နတ်တော်လပြည့်နေ့ ညမှာမုန့်ပေါင်း လာရောက်ဝယ်တဲ့သူများတော့

ငါးထပ်ကြီးဘုရားအနီးက ထားဝယ်ဈေးရပ်၊ဧမြ၀တီရပ်နဲ့ ဘော်ဂါရပ်က မုန့်ပေါင်းလုပ် ရောင်းတဲ့သူတွေ နဲ့အတူ မုန့်ပေါင်းဈေးသည်မဟုတ်တဲ့ ရပ်ကွက်သူတွေကပါ မုန့်ပေါင်းလာရောက်ရောင်းချမှု ရှိလာတာမို့ ရောင်းတဲ့သူပိုများပါတယ်။


ပုံမှန်ရက်တွေမှာ ညနေ ၅ နာရီလောက်ဆို မုန့်ပေါင်းရပြီဖြစ်ပေမယ့် နတ်တော်လပြည့်နေ့မှာတော့ ညနေ ၃ နာရီလောက်ကစလို့ သံဖြူပုံးတွေနဲ့လုပ်ထားတဲ့ မုန့်ပေါင်းအိုးတွေလာတည်၊ အရှိန်ရတာနဲ့ မုန့်ပေါင်းလုပ်ရောင်းကြတာတွေ ရှိနေပါပြီ။


တခြားနေ့တွေမှာ မုန့်ပေါင်းရောင်းတဲ့ဈေးသည် သုံး၊ လေးဦးသာ ရှိပေမယ့် နတ်တော်လပြည့်နေ့မှာတော့ ဝယ်ယူသူများတာမို့မုန့်ပေါင်းဈေးသည် ၅၀ ကျော်အထိ ရှိတယ်လို့သိရသလို မုန့်ပေါင်းဈေးသည် တစ်ဦးအနေနဲ့ကုန်ကြမ်းဖြစ်တဲ့ ဆန်ရှစ်ပြည်ကနေ ၁၆ ပြည်အထိ ကုန်အောင် လုပ်ရောင်းတဲ့သူ ရှိတယ်လို့သိရတယ်။


မုန့်ပေါင်းလုပ်ရောင်းတဲ့ မုန့်ပေါင်းကုန်ကြမ်းမကုန်မချင်းရောင်းတာမို့ အဲဒီနေ့မှာ နံနက်၂ နာရီကျော်တဲ့အထိ မုန့်ပေါင်းဈေးတန်းမှာဈေးဝယ်လာသူမပြတ်ဖူးလို့ သိရပါတယ်။နတ်တော်လပြည့်နေ့ကျရင် ကျွန်တော်တို့သတင်းသမားတွေ ညနေ ၄ နာရီလောက်မှာ မုန့်ပေါင်းဈေးတန်းကို ရောက်နေကြပါပြီ။


အညာဆောင်းက ညနေပိုင်းနေကျလို့အေးလာချိန် မုန့်ပေါင်းဈေးတန်းက မီးခိုးလုံးတွေ ထနေချိန်မှာ ကျွန်တော်တို့တစ်တွေမေးသူကမေး၊ ငေးသူကငေး၊ သတင်းဓာတ်ပုံရိုက်သူကရိုက်ဆိုတော့ မုန်ပေါင်းဈေးတန်းလေးလည်း သက်ဝင်လှုပ်ရှားလို့ပါပဲ။


ဒီအထဲမှာ အဓိက သတင်းပေးစရာတစ်ခု ရှိပါသေးတယ်။ အဲဒါကတော့ ၂၀၁၉ကိုဗစ်ကာလကစလို့ မုန့်ပေါင်းပွဲဈေးတန်းလေးအရင်ကလို စည်စည်ကားကား မရှိတော့တာပါ။ ရပ်ကွက်ထဲက မုန့်ပေါင်းလုပ်ရောင်းတဲ့သူတဖြည်းဖြည်းချင်း နည်းလာရာက အခုဆိုရင်စတိသဘောကလေးလောက်ပဲ ရှိပါတော့တယ်။ 


ဒါတောင် အရင်ကလို ညပိုင်းမရောင်းနိုင်တော့ပါဘူး။ ညနေ ၄ နာရီမှာစရောင်း၊၅ နာရီထိုးတာနဲ့ အိမ်အရောက်ပြန်ပါပြီ။စစ်ကိုင်းမှာ မုန့်ပေါင်းပွဲသာ အခုလိုဖြစ်နေတာလားဆိုတော့ မဟုတ်ပါဘူး။ စစ်ကိုင်းမြို့ရဲ့ ရိုးရာပွဲကြီး၊ ပွဲငယ်မှန်သမျှ ဘယ်ပွဲမှမရှိသလောက် ဖြစ်နေပါပြီ။


ကျွန်တော်တို့ သတင်းသမားတွေလည်းသတင်းဂျာနယ်တွေရပ်၊ ပုဂ္ဂလိကသတင်းစာတွေရပ်နားကုန်ပြီမို့ သတင်းလုပ်ငန်းက အနားယူသူတွေ များသွားပါပြီ။ အခုဆိုရင် နတ်တော်လပြည့် စစ်ကိုင်းမုန့်ပေါင်းပွဲနေ့မှာ သတင်းရယူမယ့် သတင်းထောက်တွေ ကျွန်တော့်ဆီကို ဘယ်သူမှ ဖုန်းမဆက်ကြတော့ဘူး။


နတ်တော်လပြည့် စစ်ကိုင်းမုန့်ပေါင်းပွဲနေ့လေးနီးလာရင် ကျွန်တော့်ဆီ ဖုန်းဆက်တဲ့သတင်းသမားတွေကို သတိရနေသလိုစစ်ကိုင်းမုန့်ပေါင်းပွဲလေးကိုလည်း လွမ်းမိပါရဲ့။


ရေး-အောင်မြင့်မြင့်


Saturday, November 22, 2025

ဗုဒ္ဓနဲ့ လိင်တူ စုံမက်ခြင်း homosexuality အ​ပေါ် အမြင်

 ဗုဒ္ဓနဲ့ လိင်တူ စုံမက်ခြင်း homosexuality အ​ပေါ် အမြင်

......................................




IGCSE (International General Certificate of Secondary Education) ​မေးခွန်းထဲမှာ


ဘာသာ​တရားလေ့လာမှုပညာရပ် 


(Religious Studies) အတွက် ထုတ်ထားတဲ့ ​နမူနာ sample မေးခွန်း​တွေ ရှိပါတယ်။ 


အဲဒီ​မေးခွန်း​တွေထဲက စိတ်ဝင်စားစရာ​မေးခွန်းတစ်ခုက လိင်တူအချင်းချင်း ချစ်ခင်စုံမက်မှု homosexuality နဲ့ပတ်သက်တဲ့​မေးခွန်းတစ်ခုပါလာပါတယ်။ 


လိင်တူအချင်းချင်း ချစ်ခင်စုံမက်မှု homosexuality ကို ဘာသာတရား​တွေက ဘယ်လို သ​ဘောထားသလဲဆိုတဲ့​မေးခွန်းပါပဲ။ 


ဒါ​ကြောင့် IGCSE ​မေးခွန်း​တွေကို ​လေ့လာရင် ​လူမှုအဖွဲ့အစည်းရဲ့ အရှိတရားနဲ့ ကိုးကွယ်မှုဘာသာတရား​တွေရဲ့ 


ထိပ်တိုက်ကြုံ​တွေ့​နေရတဲ့ ပြဿနာကို မီး​​မောင်းထိုးပြ​နေတာပါ။ 


၂၁ ရာစု လူ့အဖွဲ့အစည်းက ကိုးကွယ်မှု ဘာသာတရားဆို​တဲ့ စည်း​ဘောင်တစ်ခုက​နေ နှိပ်ကွပ်ပစ်ပယ်လိုက်ခြင်းဟာ လူသားတစ်ဦးရဲ့ဖြစ်တည်ခွင့်​တွေကိုပါ လျစ်လျူရှု​ရာ​ရောက်​စေသလား ဆိုတဲ့ 


စဥ်းစားမှုကို ဦးတည်ပါတယ်။ 


လူမှုအဖွဲ့အစည်းရဲ့ တည်ရှိမှု​တွေနဲ့ ချိန်ကိုက်​စဥ်းစားရမယ့်  Critical question အဖြစ်​တွေ့ရပါတယ်။ 


​မေးခွန်းက


Explain why religious people have differing attitudes towards homosexuality. 


(ဘာသာ​ရေးသမား​တွေက လိင်တူဆက်ဆံ​ရေးအ​ပေါ် မှာ မတူကွဲပြားတဲ့သ​ဘောထား​တွေ ဘာ​ကြောင့်ရှိတယ်ဆိုတာ ရှင်းပြပါ)ပဲဖြစ်ပါတယ်။ 


ဒီ​​မေးခွန်း က ရပ်တည်ချက်​တွေကို ဘယ်လို အ​ကြောင်းသင့်အကျိုးသင့် မျှတချင့်ချိန် justify  လုပ်​ဖြေရမယ့်


​မေးခွန်းမျိုးမှာပါတယ်။ 


​မေးခွန်းရဲ့ အသွားအလာကို ကြည့်ရင်


ဘာသာ​ရေးသမား​တွေရဲ့ ရှု​ထောင့်ကို ​တွေကို ဆန်းစစ်ခိုင်းတာ​ပေါ်လွင်ပါတယ်။ 


​မေးခွန်းကလည်း ကွဲပြားတဲ့သ​ဘောထား ဘာ​ကြောင့်ရှိရတယ်ဆိုတာ ရှင်းပြပါဆိုပြီး ယဥ်ယဥ်​လေးနဲ့ ​မေးပါတယ်။ 


ဤ​နေရာမှာ ဘာသာတရား နဲ့ လူအဖွဲ့အစည်းကို ဘာ​တွေက ကန့်သတ်ခြားနားလိုက်သလဲဆိုတာကို ခွဲခြား​စဥ်းစား​သုံးသပ်​စေခြင်းဖြစ်ပါတယ်။ 


​မေးခွန်းကို အပိုင်းသုံးပိုင်းဆွဲထုတ်ကြည့်ရင်


၁။ ဘာသာ​ရေးပုဂ္ဂိုလ်များ


 (Religious people)


၂။ လိင်တူဆက်ဆံ​ရေး


(Homosexuality)


၃။ ကွဲပြားတဲ့ သ​ဘောထားများ


( differing attitudes)


ဆိုပြီး​​တွေ့ရမှာဖြစ်ပါတယ်။ 


ပထမဆုံး​ဆွေး​​နွေးရမှာက  ဘာသာ​ရေးပုဂ္ဂိုလ်များ (religious people) ကို ​ဆွေး​နွေးရမယ်ထင်ပါတယ်။ ညာသာ​ရေးပုဂ္ဂိုလ် ဆိုတာ ဘာသာ​ရေး အဆုံးအမ တစ်ခုခု​အောက်​တွင် လိုက်နာကျင့်ကြံသူများ လို့ ပဲဖွင့်ဆိုရပါလိမ့်မယ်။ 


ဘာသာတရားအဆုံးအမ ​တွေက လိင်တူဆက်ဆံ​ရေး အပေါ် ဘယ်လိုရှုမြင်သလဲ ဆိုတာနဲ့


ဘာသာ​ရေးပုဂ္ဂိုလ်​တွေက လိင်တူ ဆက်ဆံ​ရေးအ​ပေါ် ဘယ်လို မြင်သလဲဆိုတာပါကွဲခြားမြင်ရမယ်တူပါတယ်။ 


ဆိုလိုတာက ဓမ္မနဲ့လူပုဂ္ဂိုလ်ကို အရင်ခွဲခြားဖို့လိုပါတယ်။ 


ဓမ္မက လူ​တွေကို တ​ပြေးညီဆက်ဆံတယ်ဆို​ပေမဲ့


ဘာသာ​ရေးပုဂ္ဂိုလ်​တွေက တ​ပြေးညီဆက်ဆံနိုင်စွမ်းရှိပါသလား ဆိုတာကိုပါ ဆင်ခြင်မိဖို့ပါပဲ။


 ဒုတိယတစ်ချက်ဖြစ်တဲ့


လိင်တူဆက်ဆံ​မှု homosexuality 


အ​ပေါ် 


ဘာသာ​ရေးပုဂ္ဂိုလ်​တွေအ​နေနဲ့ လက်မခံနိုင်တဲ့ ကိစ္စရပ်တစ်ခု အဖြစ် ဒီ​မေးခွန်းကို စတည်​ဆောက်ထားပါတယ်။ 


ဒီ​မေးခွန်းဟာ ဘာသာ​ရေးပုဂ္ဂိုလ်​တွေရဲ့ အမြင်​နဲ့သ​ဘောထားတွေ ဘယ်လိုရှိတယ်ဆိုတာ  ဆန်းစစ်​စေတဲ့ ​မေးခွန်းတည်​ဆောက်မှုပုံစံလို့ သုံးသပ်ပါတယ်။ 


ဘာသာ​ရေးပုဂ္ဂိုလ်​တွေရဲ့ 


ဖြစ်နိုင်​ခြေ သ​ဘောထား​တွေကို ဆွဲထုတ်ကြည့်ရင်


၁။ သဘာဝတရားနဲ့ မ​လျော်ညီ​ဆန့်ကျင်ဖောက်ပြန်လို့


၂။ ရွံ့မုန်း ထိတ်လန့်စရာ​ကောင်းလို့


၃။ လူ့အဖွဲ့အစည်းရဲ့အများစုက လက်မခံလို့ 


၄။ ဘာသာတရားနဲ့ ​ဆန့်ကျင်​သွေဖည်​နေလို့ 


၅။ အစဥ်အလာလက်ခံမှုက​နေဖောက်ပြန်​ သွေဖည်​နေလို့  ဆိုတဲ့ 


အစသဖြင့် အချက်​တွေကို ရပါတယ်။ 


အဲဒီအချက်​တွေက​နေ လူဖြစ်ခြင်းကို


လူ​တွေကပဲ  ငြင်းပယ်​မိ​နေသလို ဖြစ်​နေသလားဆိုတာ အစဆွဲထုတ်စဥ်းစားခိုင်း တယ်လို့မြင်မိပါတယ်။ 


လိင်တူခြင်းချစ်ခင်စုံမက်မှု Homosexuality ဆိုတာ အကျင့်လား၊ လူလား ဆိုတာ ခွဲခြားဖို့ လိုလိမ့်မယ်ထင်ပါတယ်။ 


လိင်တူခြင်းချစ်ခင်စုံမက်မှုဆိုတာ လူ မဟုတ်ဘူး လူရဲ့ စိတ်နဲ့ဗီဇ​ပေါ် ခို​​အောင်း​နေတဲ့ သဘာဝတစ်ခုပါ။ 


IGCSE က ဘာသာ​တရား​တွေအ​ပေါ်


ခြုံငုံ​မေးတာဖြစ်လို့ 


ဗုဒ္ဓဘာသာအ​နေနဲ့  လိင်တူခြင်းစုံမက်မှု homosexuality ကို ဘယ်လိုသ​ဘောထားသလဲဆိုတာပါ။ 


ဗုဒ္ဓက လူ့အဖွဲ့အစည်းကို စဥ်းစာတဲ့အခါ 


ကာယကံ ၃ ပါး


ဝစီကံ ၄ ပါး


မ​​နောကံ ၃ ပါး​ပေါ်မှာပဲ ဆုံးဖြတ်ပါတယ်။ 


ဘာသာ​ရေးပုဂ္ဂိုလ်ပဲဖြစ်ဖြစ်၊ လိင်တူစက်မက်သူပဲဖြစ်ဖြစ်၊ ဆင်းရဲသားပဲဖြစ်ဖြစ်


ချမ်းသာသူပဲဖြစ်ဖြစ်၊ အလုပ်ရှင်ပဲဖြစ်ဖြစ်၊ အလုပ်သမားပဲဖြစ်ဖြစ် 


မ​ကောင်းတာကို ကျူးလွန်ရင် မ​ကောင်းတဲ့လူပါပဲ။ 


လိင်တူစုံမက်မှု homosexuality ကို


ဗုဒ္ဓက ​ပေတံ  ၁၀ ခုနဲ့တိုင်းပါတယ်။ 


အဲဒီ​  လူမှုကျင့်ဝတ် ပေတံ​ (Social Morality Criteria) တွေကို ဘယ်မှာ ​တွေ့ရသလဲဆိုရင်  မူလပဏ္ဏာသပါဠိ​တော်နဲ့ နိဒါနဝဂ္ဂသံယုတ် ပါဠိ​တော်မှာ  ဒုစရိုက်တရား ၁၀-ပါး ဆိုပြီး ​တွေ့ရပါတယ်။ 


လိင်တူစုံမက်မှု homosexuality ဆိုတာ 


(၁) သူ့အသတ်ကိုသတ်သလား


(၂) သူ့ဥစ္စာကို ခိုးယူတာလား၊ 


(၃) သူ့မယားကို သွားလာလွန်ကျူးတာလား ဆိုပြီး


အဲဒီသုံးပါးနဲ့ မကောင်းမှုကို ကိုယ်နဲ့ ပြုတဲ့  ကာယဒုစရိုက် ၃-ပါးနဲ့ ကျူးလွန်​နေတာလားဆိုတာ ဆန်းစစ်ရပါမယ်။ 


​​​နောက်ပြီး


(၄) မဟုတ် မမှန်တဲ့ စကားကို အမှန်အဟုတ် လို ​ပြော​နေတာလား 


(၅) သူနှစ်ယောက်တို့ရဲ့ အချစ်ကိုပျက်အောင် ကုန်းတိုက်​နေတာလား


(၆) အကြမ်းအတမ်း ငေါက်ငမ်းဆဲရေး​နေတာလား၊ 


(၇) အပေါ့အဖျင်း အနှစ်ကင်းတဲ့ စကားကို ပြော​နေတာလား ဆိုပြီး 


မကောင်းမှုကို နှုတ်ဖြင့်တဲ့  ဝစီဒုစရိုက် လေးပါးနဲ့ ဆန်းစစ်ရပါမယ်။ 


​နောက်ပြီး 


(၈) သူရဲ့ဥစ္စာကို ငါ့ဥစ္စာဖြစ်ရင် ကောင်းမှာပဲလို့  စိတ်ထဲမှာ အောက်မေ့​နေသလား


(၉) သူတစ်ပါးကို ငြိုးထား ရန်မက် နှိပ်စက်ရအောင် စိတ်ကကြံဆောင်​နေတာလား၊ 


(၁၀) ဝိပ္ပလ္လာသ အမြင်​တွေနဲ့ စိတ်ထား အယူမှား​နေတာလားဆိုပြီးလည်း 


မကောင်းမှုကို စိတ်နဲ့ ကြံစည်တဲ့ မနောဒုစရိုက် ၃-ပါးကို ကျူးလွန်​နေတာ လားဆိုတာ သုံးသပ်ဆုံးဖြတ်ဖို့လိုပါတယ်။ 


ဗုဒ္ဓဘာသာက ဓမ္မအ​ပေါ် ပဲရပ်တည်ပညတယ်။ လူပုဂ္ဂိုလ်​တွေအ​ပေါ်မှာမျက်နှာမလိုက်ထားပါဘူး။ 


အ​ပေါ်က ဒုစရိုက် ၁၀ ပါးဟာ လူ့အဖွဲ့အစည်းရဲ့ တည်ငြိမ်တဲ့ ဟန်ချကိကို ပျက်ယွင်း​စေပါတယ်။ 


လိင်တူစုံမက်ခြင်း homosexuality က


လူ့အဖွဲ့အစည်းရဲ့ တည်ငြိမ်မှုဟန်ချက်ကို ပျက်ယွင်း​စေတယ်ဆိုရင် ဗုဒ္ဓဘာသာက


ဒုစရိုက်လို့သတ်မှတ်ပါတယ်။ 


ဗုဒ္ဓဘာသာက လူတစ်​ယောက်ရဲ့လွတ်လပ်စွာ ဖြစ်တည်ခွင့်ကို ကန့်သတ်​နေတာမဟုတ်ဘူး။ ကိုယ်ကျင့်တရား​ဖောက်ဖျက်မှုကိုသာ ဒုစရိုက်လို့ သတ်မှတ်တာဖြစ်ပါတယ်။ 


​IGCSE ​မေးခွန်းကို ပြန်​ကောက်ရရင် 


ဘာသာ​ရေးပုဂ္ဂိုလ်​တွေက လိင်စုံမက်မှုကို ဘယ်လိုသ​ဘောထားသလဲဆိုရင် 


ဒုစရိုက် ၁၀ ပါးနဲ့ ညီမညီ ဆုံးဖြတ်သ​ဘောထားသင့်တယ်လို့ သာ​ဖြေရပါမယ်။ 


ဒုစရိုက် ၁၀ ပါးရှု​ထောင့်အရကြည့်ရင် 


လိင်တူစုံမက်ခြင်း homosexuality ကို သီးသန့်ကန့်သတ်ထားတဲ့ ဥပ​ဒေမျိုး 


ဗုဒ္ဓ ဘာသာက​နေ ထုတ်မထားဘူးဆိုတာပါပဲ။ 


ဗုဒ္ဓဝါဒအရ အကုသိုလ်ကံအရ ဖြစ်လာတဲ့ ဝဋ်ခန္ဓာကိုယ်ကို နည်းလမ်းမှန်တဲ့ညလမ်းညွန်မှုမ​ပေးပဲ ပစ်ပယ် ကန့်သတ်လိုက်မှာလားဆိုတာပါပဲ။ 


ခန္ဓာကိုယ်တည်​ဆောက်ပုံကိုပဲကြည့်ပြီး လူ့အဖွဲ့အစည်းက​နေ ပစ်ပယ်လိုက်တဲ့အရာ​ရော လူ့အဖွဲ့အစည်းတရားမျှတမှု(social justice )ကို ဘယ်​လောက်​တောင်ချိုး​​ဖောက်လိုက်တာလဲ ဆိုတာပါ 


ထည့်သွင်းစဥ်းစားဖို့ပါ။ 


ဗုဒ္ဓက လူရဲ့ဖြစ်တည်ခွင့်​တွေကို ပယ်မြစ်ကန့်သတ်ဖို့ဆိုတဲ့ အချက်က​နေ မသွားဘဲ အကျင့်သီလတည်​ဆောက်မှု အပိုင်း ကသာ လူရဲ့ဖြစ်တည်ခွင့်ကို ချဥ်းကပ်တာ​တွေ့ရပါတယ်။ 


ဒါ​ကြောင့် လူပုဂ္ဂိုလ် နဲ့ အကျင့်သီလကို ကွဲဖို့လိုပါလိမ့်မယ်။


ဘယ်လူပုဂ္ဂိုလ်ပဲ ဖြစ်ဖြစ် အကျင့်သီလ​ဖောက်ပြန်ရင် ဒုစရိုက်သမားပါပဲ။


လိင်တူစုံမက်ခြင်း homosexuality က


အထက်က ​ဖော်ပြထားတဲ့ ဒုစရိုက်တစ်ခုခုကိုသာ​ဖောက်ဖျက်ရင် 


ဒုစရိုက်သမားပါပဲ။ 


ဘာမှ မ​ဖောက်ဖျက်​သေးရင်​တော့ သူ့ကို ဒုစရိုက် သမားလို့​တော့ စွပ်စွဲခွင့် မရှိပါဘူး။ 


လိင်တူစုံမက်စိတ်ရှိ​ပေမဲ့ အဲဒီဒုစရိုက် ၁၀ ပါး​တွေကိုသာ မကျူးလွန်ပဲ 


ကိုယ်ကျင့်တရားကို ထိန်းသိမ်းထားတယ်ဆိုရင် အပြစ်တင်စွပ်စွဲခွင့်မရှိပါဘူး။ 


ဓမ္မ​ပေတံအရ  homoseuality ဆိူတဲ့ အဲဒီ​မေးခွန်း ကို ​ဖြေကြည့် ရင် အကျင့်သီလအထိုင်​ပေါ်မှာသာ ဗုဒ္ဓကရပ်တည်ထားခြင်းဖြစ်ပြီး လူပုဂ္ဂိုလ် အသွင်သဏ္ဌာန်များ​ပေါ်မှာ  မရပ်တည်ထား​ကြောင်း အ​ဖြေထွက်ပါတယ်။ 


အကျင့်သီလနဲ့လူကို ခွဲခြားမြင်ပြီး 


လူ့အဖွဲ့အစည်းရဲ့ တည်ငြိမ်တဲ့ ဟန်ချက်ကို အကျိုးသင့်အ​ကြောင်းသင့် ညီညွှတ်မျှတစွာ ဆုံးဖြတ်ခြင်း သာ ဗုဒ္ဓဝါဒဖြစ်​ကြောင်း ​​ဆွေး​နွေးပါတယ်။ 


လူကို လူလိုသာမြင်၍ 


ကိုယ်ကျင့်တရားကို ကိုယ်ကျင့်တရားဟု သာ ခွဲခြားမြင်နိုင်ပါ​စေ ​မေတ္တာရည်လျက်။ 


(အာကာမိုးသူ)


၁၀း၃၇ ည


၁၇.၉.၂၀၂၀ အိမ်

Thursday, November 20, 2025

ပန်းချီဆရာဝင်းဖေမြင့် (WPM) နှင့် တွေ့ဆုံမေးမြန်းခြင်း

 


ပန်းချီဆရာဝင်းဖေမြင့် (WPM) နှင့် တွေ့ဆုံမေးမြန်းခြင်း

◾️ပန်းချီကို ဘယ်အချိန်လောက်ကတည်းက စိတ်ပါဝင်စားခဲ့တာလဲဆရာ၊ ပြောပြပေးပါဦး။

ကျွန်တော်က ပန်းချီကို မူလတန်း ကျောင်းသားဘ၀ကတည်းက စိတ်ပါဝင်စားတယ်။ ကျွန်တော် မှတ်မိသရွေ့လေးတန်းမှာ ဖတ်စာအုပ်ထဲက ပန်းချီပုံတွေ ကူးရေးတယ်။အလယ်တန်းရောက်တော့လည်း ဆရာမရှိဘူး။ ကိုယ့်ဘာသာကိုယ်လျှောက်ရေးတယ်။

မှတ်မိတာတော့ အထက်တန်းကျောင်းရောက်တော့ ရှုမ၀မဂ္ဂဇင်း၊ သွေးသောက်၊ မြ၀တီ မဂ္ဂဇင်းတွေထဲက ပန်းချီပုံတွေ ကူးရေးတယ်။ ဦးသောင်းဟန်၊ ဦးကိုလေး၊ ဦးစန်းလွင်တို့ရဲ့ပန်းချီကားတွေကို ကူးရေးတာ။ ၁၀ တန်း အောင်တော့ကျွန်တော် မကွေးကောလိပ်ရောက်တယ်၊ ကောလိပ်ရောက်တော့လည်း ဆရာမရှိသေးဘူး။ ကိုယ့်ဘာသာကိုယ် ရေးနေတာ။

Second  Year အောင်တော့ ရန်ကုန်တက္ကသိုလ်ရောက်လာတယ်။အဲဒီမှာ ဆရာ ဦးလွန်းကြွယ်က တက္ကသိုလ် ပန်းချီသင်တန်း ဖွင့်တယ်။ အဲဒီမှာ သင်တန်းစတက်တယ်။ ၁၉၆၈-၁၉၇၀ ပြည့်နှစ်အထိပေါ့။ ဦးလွန်းကြွယ်ဆီက အခြေခံပန်းချီပညာကို ရတာပေါ့။

ဘွဲ့ရပြီးတော့ ပန်းချီတွေ ရေးနေတယ်၊ ဆီဆေးမရေးသေးဘူး။ကျွန်တော့်သူငယ်ချင်းတွေဖြစ်တဲ့ ကိုတင်ဝင်း၊ ကိုဖေညွန့်ဝေတို့က မန္တလေး ပန်းချီကျောင်းဆင်းတွေ။ သူတို့က ပန်းချီပြပွဲတွေလုပ်နေတော့ အားကျတာပေါ့။ သူတို့က ဆီဆေးတွေရေးတယ်။

ကျွန်တော် ဆီဆေးမရေးသေးဘူး၊ အားကျတယ်။ ငါလဲရေးမယ်၊ပြပွဲတွေလုပ်မယ်ဆိုတဲ့ စိတ်ရှိတယ်။ ၁၉၇၂ ခုနှစ်မှာ ကျွန်တော့်အိမ်က ပိုက်ဆံတောင်းပြီး ပိတ်တွေ၊ ဆီဆေးတွေ ဝယ်ပြီး ဆီဆေးစရေးတယ်။ ၁၉၇၃ ခုနှစ်မှာ ဆရာဦးနန်းဝေ ဦးဆောင်တဲ့တပေါင်းပန်းချီပြပွဲမှာ ပထမဆုံးစပါတယ်။

တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေနဲ့ တက္ကသိုလ်ဆရာ ဦးနန်းဝေနဲ့ အတူပြတာ။ကျွန်တော်က ကျောင်းသားဟောင်းအနေနဲ့ ဝင်ပြတယ်။ပန်းချီပြပွဲတွေကို နှစ်စဉ်ပြတယ်။ ဦးကြီးမြင့်စော၊ အောင်

ကျော်မိုး၊ စံမင်း၊ မောင်သိဒ္ဓိ၊ တင်မောင်ဦးတို့နဲ့အတူ အုပ်စုပွဲတွေပြတယ်။

များသောအားဖြင့် တက္ကသိုလ်ကလိပ်ခုံးခန်းမမှာပြတာများတယ်။ ၁၉၈၄ ခုနှစ်မှာ ဆရာကြီးဦးသိန်းဟံဆီမှာဆီဆေးရေးနည်း သင်တယ်။ မောင်ဩ၊ ကိုလှိုင်ဘွားတို့ရဲ့ဆရာပေါ့။ ဆရာဦးသိန်းဟံဆီမှာ ဆီဆေးရေးနည်း ပညာကိုသင်ခဲ့တယ်၊ အလင်းနဲ့ အမှောင် အကြောင်းလည်း သူ့ဆီမှာသင်ခဲ့တယ်။

နောက် ဆရာပေါ်ဦးသက်နဲ့ တွေ့တယ်။ သူကလည်းပန်းချီသင်တန်းဖွင့်တော့ ကျွန်တော် တက်သေးတယ်။ ရန်ကုန်ပန်းချီကျောင်းက သင်တာက မျက်စိနဲ့ မြင်တာကို တူအောင်ရေးတဲ့နည်း၊ မန္တလေးကျောင်းက စိတ်အမြင်နဲ့ ဖွဲ့စည်းတည်ဆောက်တာ မတူ ဘူးပေါ့နော်။

ဆရာဦးပေါ်ဆီက စိတ်အမြင်နဲ့ ရေးတာကိုကျွန်တော် ရလိုက်တယ်ပေါ့နော်။ ၁၉၇၉ ခုနှစ်မှာ တစ်ကိုယ်တော်ပြပွဲလုပ်တယ်။ ဆီဆေးတွေနဲ့ပဲပြတယ်။ ပန်းချီကား သုံးကားရောင်းရတယ်။ ကား ၃၀ ကျော် ပြတယ်။ကျွန်တော် အဲဒီပန်းချီပြပွဲပြပြီး ရှက်သွားတယ်။

အဲဒီတုန်းကဘာတွေရေးလဲဆို မြန်မာမှု၊ ကျောင်းကန်ဘုရား၊ လယ်ယာလုပ်ငန်း၊ မင်းသမီးကတာ၊ တိုင်းရင်းသားပုံတွေ၊ ရွှေတိဂုံစေတီပုံတို့ရောင်းရမယ့် အကြောင်းအရာတွေပဲ ရေးပြတယ်။ ကျွန်တော်ပန်းချီစာအုပ်တွေလည်း ဖတ်တယ်။

အထူးသဖြင့် အမေရိကန်ထုတ် The Artist Magazine ၊ International Artist ၊ Arts Newsစာအုပ်တွေကို မိတ်ဆွေတွေက အမေရိကားက ပို့ပေးတယ်။တစ်ကိုယ်တော်ပြပွဲ ပြတယ်ဆိုတာ ကိုယ်ဘာတွေတွေ့ထားလဲ၊ သိထားလဲ ဆိုတာကို ထုတ်ပြရတယ်။

ကျွန်တော့်ပထမဆုံးပြပွဲက ရောင်းတမ်းတွေ ရေးပြခဲ့တာဖြစ်နေတော့ ရှက်သွားတယ်။ ပန်းချီကားသုံးကားပဲ ရောင်းရတယ်။ ကိုယ်ဘာမှသိပ်မသိသေးဘဲနဲ့ ရောင်းရနိုင်လောက်တဲ့ အကြောင်းအရာတွေ၊ တိုင်းရင်းသားတွေ၊ မြန်မာမှုတွေ၊ ရှုခင်းတွေကို ရေးပြီး ပြတာဆိုတော့လေကျွန်တော် ရှက်သွားတယ်။

ရှက်ပြီးတော့ တစ်ကိုယ်တော်ပြပွဲကိုမပြဖြစ်တာ နှစ်ပေါင်း(၂၀)ကြာသွားတယ်။ အုပ်စုပွဲတွေကိုတော့ အခါအားလျော်စွာ ဝင်ပြတယ်။၁၉၇၉ ခုနှစ် ပထမအကြိမ် တစ်ကိုယ် တော်ပြပွဲပြီးကတည်းက နှစ်(၂၀)တိတိ တစ်ကိုယ်တော်ပြပွဲ မပြရဲတော့ဘူး။

ကျွန်တော် သဘာ၀ကြီးကို လေ့လာတယ်။ ဆီဆေး အကြောင်းကိုနှံ့နှံ့စပ်စပ် လေ့လာတယ်။ ရေးနည်းတွေ အမျိုးမျိုးရေးကြည့်၊စမ်းကြည့်တယ်။ Sketch ပုံကြမ်းတွေ အများကြီး လုပ်တယ်။မိုးကောင်းကင်ကို ကြည့်ရေးတယ်၊ လယ်ကွင်းတွေ ကြည့်ရေးတယ်၊ဈေးတွေ ကြည့်ရေးတယ်၊ ကော်ဖီပန်းကန်ကြည့်ရေးတယ်၊ကိုယ်စီးတဲ့ဖိနပ်ကို ကြည့်ရေးတယ်။

မျက်စိထဲ တွေ့ရာ စိတ်ထဲငြိနေတာတွေကို ပုံကြမ်းတွေ ရေးမှတ်တယ်။ ဖောင်တိန်၊ ခဲတံ၊ မင်၊Pastel ၊ ရေဆေး၊ ဆော့ပင်၊ ဆီဆေးနဲ့ ရေးတဲ့ ပုံကြမ်း Sketch တွေအများကြီးရှိတယ်။ ၁၉၉၇ ခုနှစ်မှာ ငါ့ပုံကြမ်းတွေ အများကြီးရှိတယ်။ ပုံကြမ်းတွေပြမယ်ဆိုပြီး ပုံ ၁၀၀ ကို လောကနတ်ပန်းချီပြခန်းမှာ ဒုတိယတစ်ကိုယ်တော်ပွဲ ပြတယ်။

လူတွေက အရမ်းသဘောကျတယ်။ အများကြီး ဝယ်ယူအားပေးတာလည်းရှိတယ်။နှစ်(၂၀)ကျော်ကြာမှ နောက်ထပ် တစ်ကိုယ်တော်ပြပွဲမှာကိုယ်လေ့လာမှတ်သားထားတာကို ပြဖြစ်သွားတယ်။ ကျွန်တော့်ဘ၀မှာ ထူးခြားချက်တစ်ခု၊ အမှတ်တရတစ်ခုလို့ ပြောလို့ရတယ်။

ဆီဆေးမီဒီယံကို ဘယ်လိုကြောင့် အရေးများတာလဲဆိုတာပြောပြပေးပါဦး ဆရာ။

ရေဆေးကတော့ အခါအားလျော်စွာ ရေးတယ်။ အခရိုင်းလစ်ကို ရေးကြည့်တယ်။သူက မီဒီယံကတော့ အခြောက်မြန်တယ်၊ကျွန်တော် သဘောမတွေ့ဘူး၊ သိပ်မရေးတတ်ဘူး။ ဆီဆေးကတော့ ကျွန်တော် တော်တော် ရေးတတ်တယ်။

အဲဒီလို ရေးနေရင်းနဲ့ကျွန်တော်က မိုးကောင်းကင်ကြီးကို စိတ်ဝင်စားတယ်၊ နေ့တိုင်းကြည့်တယ်၊ ရာသီမရွေးကြည့်တယ်။ ကြည့်ရင်းနဲ့ မိုးကောင်းကင်ကြီးကို ပန်းချီဆွဲဖြစ်တာပေါ့။ မိုးကောင်းကင်ကြီးက တိမ်ရှိမှကြည့်လှတာပေါ့။ တိမ်ပန်းချီကားတွေ အများကြီးရလာတယ်။

ရန်ကုန်မြို့ရဲ့တိမ်၊ ရှမ်းပြည်ကတိမ်၊ ပုဂံကတိမ်၊ တိမ်တွေကမတူဘူး။ ရန်ကုန်မြို့က တိမ်က ပင်လယ်နဲ့ နီးတော့နိမ့်တယ်။အညာပုဂံကျတော့ တိမ်တွေက မြင့်တယ်။ မိုးကောင်းကင်အရောင်ကလည်း ရန်ကုန်က ကောင်းကင်အပြာနဲ့ ပုဂံကကောင်းကင်အပြာ၊ တောင်ကြီး၊ ကလောက ကောင်းကင်အပြာမတူဘူး။

တောင်ကြီး၊ ကလောက ကောင်းကင်ပြာက အေးတဲ့အပြာ။ ပုဂံက ပူတဲ့အပြာ။ ရန်ကုန်က ကောင်းကင်က မပူတဲ့အပြာ။အရောင်နာမည်နဲ့ ပြောရရင် ရန်ကုန်ကောင်းကင်က Cobalt blue ။ ရှမ်းပြည်ရဲ့ ကောင်းကင်အပြာက Cerulean blue၊ ပုဂံကောင်းကင်အပြာက Ultramarine blueပေါ့။

ကောင်းကင်က အပြာမှာတောင်ကောင်းကင်အပြာချင်း မတူတာ သိလာတယ်။တိမ်တောင်၊ တိမ်လိပ်တွေ တိမ်မျှင်တွေ တိမ်ရဲ့နေ့ ၊ ည ပြောင်းတဲ့ အရောင်အမျိုးမျိုး တွေ့လာတယ်။ မိုးကောင်းကင်ကိုကြည့်ပြီး ကျွန်တော်ပန်းချီတွေရေးဖြစ်တာ အများကြီးဖြစ်လာတယ်။

တိမ်တွေရဲ့အလှတွေကို ပန်းချီကားအဖြစ် ရေးဖွဲ့ပြီး တိမ်ပြာဆိုပြီး ပြပွဲကို ၂၀၀၀ပြည့်နှစ်မှာ ပြတယ်။ ဒါကလည်း အမှတ်တရပါပဲ။

ကျွန်တော်က portrait တွေ ရေးခဲတယ်။ အပျော်ပဲရေးတာ။ များသောအားဖြင့်ပန်းချီအသိုင်းအဝိုင်းက သူငယ်ချင်းတွေကိုပုံကြည့်ရေးပေးတယ်။ ရေဆေး၊ pastel၊charcoal ၊ ဆီဆေးနဲ့ ရေးတယ်။ နောက်ရင်းနှီးတဲ့လူတွေက portrait အပ်တော့ နည်းနည်းပါးပါး ရေးပေးတယ်။

portrait ရေးတာလက်ဝင်တယ်၊ ခက်တယ်၊ တာဝန်ကြီးတယ်။ဒါပေမဲ့ ဘာလို့လဲမသိဘူး  portrait တွေ ရေးမိ သွားတယ်။ ပန်းချီအသိုင်းအဝိုင်းက လူတွေရဲ့ portrait  တွေ အပ်တာက လေး၊ ငါးပုံလောက်ပဲရှိတာ။ ရေးရင်းနဲ့ များလာတော့ ကျွန်တော် portrait  (၁၀၀) ပြပွဲလုပ်တယ်။

ကျွန်တော့်ဘ၀မှာ အထူးခြားဆုံး အမှတ်တရ ပန်းချီပြပွဲသုံးပွဲပါပဲ။

◾️ဆရာ့ရဲ့ (၂၆) ကြိမ်မြောက်မှာ Abstract လက်ရာတွေ ချပြဖြစ်ပုံကိုလည်း ပြောပေးပါဦး။

ဒီပွဲကလည်း အင်မတန် ထူးခြားတယ်ပြောလို့ရတယ်။ တစ်ခါတလေ စိတ်လိုလက်ရရှိမှ တစ်ကားစ၊ နှစ်ကားစလောက်ပဲ ရေးတော့တယ်။  Abstractပန်းချီက ဘယ်ကပေါ်လာလဲ၊ ဘယ်ကစဖြစ်လဲဆိုတာ လေ့လာတယ်၊စာတွေဖတ်တယ်။

Abstract ပန်းချီက ရုရှားပန်းချီဆရာ Kandinsky က စတယ်လို့ ပြောရင် ဖြစ်တယ်။ ရုရှားပန်းချီဆရာ Kandinskyက ဂျာမနီပန်းချီဆရာတွေနဲ့ ပေါင်းပြီး ပန်းချီလာရေးတယ်။ သူက Vincent Van Gogh တို့ကို အားကျပြီး ခပ်ကြမ်းကြမ်းနဲ့ စုတ်ချက်ကြမ်းကြမ်းတွေ ရေးဟန်၊ expressionism တွေ ရေးတာပေါ့။

တစ်ရက် သူက ပန်းချီရေးနေရင်းနဲ့လမ်းလျှောက်ထွက်သွားတယ်။ ပြန်လာတော့ခုနက ရေးခဲ့တဲ့ ပန်းချီကား မရှိတော့ဘဲ ပန်းချီကားအသစ်တစ်ချပ် ရောက်နေတယ်။သူကြည့်ရင်းနဲ့ တော်တော်ကြည့်ကောင်းတဲ့ပန်းချီကားဖြစ်နေတယ်။

ဒီပန်းချီကား ဘယ်သူလာရေးသွားလဲမေးတော့ တစ်ယောက်မှမလာဘူးပေါ့။ ကြည့်ရင်းနဲ့ သူရေးတဲ့ကားကဇောက်ထိုးဖြစ်နေတာ။ တစ်ယောက်ယောက်က ကြည့်ပြီး ဇောက်ထိုးထားသွားတာ။ သူကအံ့ဩသွားပြီး သဘောကျသွားတယ်။ ခုနကသူရေးထားတဲ့ကား ဇောက်ထိုးထားတာ ဘာမှမသိဘဲ ပန်းချီကားအဖြစ် သူသဘောကျနေတယ်။

ပန်းချီကားဆိုတာ တိုက်ဖြစ်မှလား၊ အိမ်ဖြစ်မှလား၊ ဘုရားကျောင်းဖြစ်မှလား၊ သစ်ပင်ဖြစ်မှလား၊ တိမ်ဖြစ်မှ ပန်းချီကားလားဆိုပြီး သူတွေးရင်းနဲ့ ပန်းချီကားဆိုတာ ရုပ်ဝတ္ထုပစ္စည်းတွေရေးမှ မဟုတ်ဘူး၊ မတူတဲ့ အရောင်တွေဆန်းကြယ်စွာ ပေါင်းစပ်နေလည်း ပန်းချီကားဖြစ်တယ်ဆိုတာ အတွေးပေါက်သွားတယ်၊စဉ်းစားမိသွားတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ပန်းချီဆရာ ဦးခင်မောင်ရင်ဆိုတာ တစ်သက်လုံး Abstractရေးသွားတဲ့ ပန်းချီဆရာကြီး။နောက်ဦးဝင်းဖေလည်း Abstract ပန်းချီဆရာအနေနဲ့ နာမည်ကြီးတယ်။ ဦးခင်မောင်ရင်ကအင်္ဂလိပ်စာ အတော်ဖတ်တယ်။ သူက Abstract မှာ နှစ်မျိုးပဲရှိတယ်။ Soft Edge နဲ့Hard Edge တဲ့။

အနား၀နဲ့ အနားဖြတ်ပေါ့။

အနား၀ဆိုတာ စုတ်နဲ့ရေးတယ်၊ ဆေးတွေလောင်းတယ်။ အနားဖြတ်ဆိုတာကတော့တိတိကျကျ ရေးတာပေါ့။ အနားတွေကို ပြတ်ပြတ်သားသား ရေးတာမျိုးပေါ့။ ဦးခင်မောင်ရင်က အနား၀ကိုရေးတယ်။ ဦးဝင်းဖေက အနားဖြတ် ရေးတယ်။ မတူကြဘူးပေါ့။ မရောဘူး။

ကျွန်တော်ကလည်း Square ကို သဘောကျတော့ ဆီဆေးကိုလည်း ပိုနားလည်တယ်ဆိုတော့ ဆေးတွေ လောင်းချတယ်၊ ဖြန့်တယ်၊စီးဆင်းရာစီးတယ်။ ဒါက ကျွန်တော် လုပ်တာမဟုတ်ဘူး၊ သူ့အလိုလိုဖြစ်တာ။ အဲဒီထဲမှာမှ Square တွေကို ကြိုက်တဲ့ နေရာလေးကိုထည့်တယ်။

ပထမတော့ ရေဆေးနဲ့ လုပ်တယ်၊ နောက်တော့ ဆီဆေးနဲ့ လုပ်တယ်။ နိုဝင်ဘာလမှာတစ်ကိုယ်တော်ပွဲ လုပ်ဖို့ရှိတယ်။ ရက်ကလည်းနှစ်လ၊ သုံးလလောက်ပဲ လိုတော့တယ်။ ဒီနည်းကိုပဲ ရေးမယ်ဆိုပြီး ဆေးတွေလောင်းတယ်၊ ခြောက်အောင်ထားတယ်။

ပြီးတော့ Square လေးတွေကို ကြည့်ကောင်းအောင်နေရာချတယ်။ တစ်လအတွင်းမှာ ပန်းချီ ကား၅၀ ကျော် ရေးပြီးတယ်။ Abstract ကို ရေးရတာ ပိုပြီးစိတ်ပျော်ပြီးလွတ်လပ်မှုကို ပိုခံစားရတယ်။

◾️ရှေ့ဆက်ရော ဆရာ WPM အနေနဲ့ အနုပညာဖန်တီးမှုအပိုင်းမှာ ဘယ်လိုမျိုးဖန်တီးသွားဖို့တွေရှိပါသလဲ။

နောက်ဆို ကျွန်တော် Abstract ရေးနည်းကို သဘောကျတယ်။ အခုကတော့ Soft Edge နဲ့Hard Edge ပေါင်းပြီး ရေးတာပေါ့နော်။ ဒါနဲ့မတူတဲ့ နောက်ဖန်တီးမှုကို စဉ်းစားနေတယ်။ ရလာလို့ရှိရင်လည်း ဖန်တီးမှုအသစ်တွေကို ထပ်ရေးဖို့ရှိတယ်။

အရင်နဲ့ မတူတဲ့ပထမဆုံးအကြိမ် အနုပညာဖန်တီးမှုမှာ ကိုယ်လုပ်ချင်ရာလုပ်တဲ့ဟာကို သဘောကျပြီး ဝယ်ယူအားပေးလို့ ကြည်နူးဝမ်းသာပီတိ ဖြစ်ရပါတယ်။ ဘာနဲ့မှလည်းလဲလို့မရဘူး၊ နှိုင်းယှဉ်လို့မရဘူး။ ကျွန်တော် ထင်တယ် အနုပညာသမားတွေ အများကြီး ရှိတယ်။

စာပေ၊ ဂီတ၊ရုပ်ရှင်တွေ၊ အနုပညာဖန်တီးရှင် အမျိုးမျိုးထဲမှာ ပန်းချီဆရာတွေက ပီတိကို ခံစားမှုအရ

ဆုံး အနုပညာရှင်လို့ထင်တယ်။

◾️ပန်းချီကားဖန်တီးမှုတွေနဲ့ ပတ်သက်ပြီး လူငယ်အနုပညာရှင်ကို မျှဝေအကြံပေးလိုတာမျိုးလည်း ဖြည့်စွက် ပြောပါဦး။

ကျွန်တော်ပြောချင်တာက နံပါတ် (၁)သဘာ၀တရားကို နားလည်အောင်ကြိုးစားပါ၊၊သဘာ၀ကြီးကို ကျေကျေ ညက်ညက် သိအောင်လေ့လာပါ။ (၂) သဘာ၀ကို လေ့လာပြီးရင်ကိုယ်ရေးမယ့် ဆေးအကြောင်းကို ကောင်းကောင်းနားလည်အောင် ကြိုးစားပါ။

ဆီဆေး၊ရေဆေး၊ Pastel ပေါ့ ကောင်းကောင်းသိအောင်စမ်းသပ်ပါ။ (၃) ပြီးရင်တော့ ငါဘာတွေ ဖန်တီး ရေးဆွဲမလဲ၊ ကိုယ် ရေးမယ့် အကြောင်းအရာက ကိုယ်တကယ်နားလည်ထိတွေ့ ခံစားမှုရှိဖို့လိုတယ်။ နားလည်ဖို့ အရေးကြီးတယ်။ ကိုယ်ကိုင်စွဲမယ့် မီဒီယံကိုလည်း တကယ်နားလည်တတ်ကျွမ်းအောင် အမြဲကြိုးစားအားထုတ်နေပါလို့ ပြောချင်တယ်။

လူတွေက အသံဂီတကို ခံစားနားလည်လွယ်တတ်တယ်။ အစားအသောက်တွေလည်း ပါးစပ်အရသာ ခံစားတတ်တယ်။ မျက်စိအရသာကျတော့ ခံစားတာအားနည်းတယ်။အဲဒီတော့ ပန်းချီကားတွေ၊ ဓာတ်ပုံတွေ၊ သဘာ၀ကြီးကို များများကြည့်ပေးပါလို့ပြောချင်တယ်။

စုရတနာ-တွေ့ဆုံမေးမြန်းသည်။

***စံတော်ချိန်သတင်းစာမျက်နှာမှကူးယူဖော်ပြသည်။

Tuesday, October 14, 2025

ဓားသွားမကြွေ၊ လှံမခွေဖို့

 


__________________________


■ စံအောင်ကျော်


(စံအောင်ကျော်သည် ဆောင်းပါးများကို အခါအားလျော်စွာ ရေးသားနေသူ ဖြစ်သည်)


ISP Column ဆောင်းပါးတွေကို တောက်လျှောက်ဖတ်လာခဲ့တာမှာ ထင်ပေါ်လာလို့ သတိထားမိတဲ့အကြောင်းအရာတခု ရှိလာတယ််။ ဒါကတော့ တော်လှန်ရေးရဲ့ အမည်းကွက်ပါ။ ကျနော်ကိုယ်တိုင်ကတော့ တော်လှန်ရေးနယ်မြေထဲမှာ ရှိနေတာမဟုတ်ပေမဲ့ တော်လှန်ရေးနယ်မြေထဲကနေ ပဲ့တင်လာထပ်တဲ့ အသံတွေကို နားထောင်ရမိတာကဖြင့် စိတ်အားလျော့ဖို့ကောင်းပါတယ်။


တော်လှန်ရေးဆိုတာဟာ အမည်းကို ဖယ်ရှားပြီး အဖြူနဲ့အစားထိုးဖို့ ကြိုးစားတဲ့ ဖြစ်စဉ်တခုလို့ ယေဘုယျမြင်ကြည့်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ တော်လှန်စိတ်ဓာတ်နဲ့ အမူအကျင့်တချို့ဟာ အမည်းထဲမှာပဲ ပျော်ဝင်နေကြတဲ့ပုံပါပဲ။ တော်လှန်ရေးနယ်မြေထဲကနေလာတဲ့ ဆောင်းပါးတချို့ကို နမူနာထုတ်ပြကြည့်ပါ့မယ်။


“စစ်ပွဲများအကြား ကိုယ်လွတ်ရုန်း ပြေးလွှားနေရသည့် သူတို့အဖို့ လက်ထဲတွင် ခြူးတပြားမှ ပါမလာ။ ဖုန်းလိုင်းပင်မမိသော အနေအထားတရပ်နှင့် ဖုန်းဆိုလျှင် ခလုတ်ပင် ကောင်းစွာမနှိပ်တတ်သော အဘိုးအဘွားများ၏ လက်ကိုင်ဖုန်းများပါမကျန် လုံခြုံရေးအကြောင်းပြချက်ဖြင့် သိမ်းယူသွားသည်”


ကရင်နီစစ်ဘေးရှောင်တဦးဖြစ်တဲ့ ဆူးငယ်ငယ်ရဲ့ ဆောင်းပါးရဲ့ကောက်စာပါ။ ‘သိမ်းယူသွားသည်’ဆိုတဲ့စကားလုံးက သာမန်အားဖြင့် စစ်တပ်ဘက်က ကျူးလွန်မှုတွေမှာ တွေ့ရလေ့ရှိတဲ့စကားလုံးပါ။ အခုကိစ္စမှာတော့ တော်လှန်ရေးဘက်ကလူတွေက လုပ်ဆောင်တာပါ။ ဒါ့အပြင် စစ်တပ်ကလူတွေမရှိတဲ့ မြို့ရွာတွေမှာ အများပြည်သူပိုင် ဆိုင်ကယ်၊ ရွှေထည်၊ ငွေကြေးနဲ့ အိမ်ထောင်ပရိဘောဂတွေ ပျောက်ဆုံးနေတဲ့ကိစ္စကိုလည်း ဆောင်းပါးရှင်က မေးခွန်းထုတ်ထားပါသေးတယ်။


နောက်တပုဒ်ကတော့ ရခိုင်ဘက်ကအကြောင်းအရာပါ။ NLD အစိုးရလက်ထက်မှာရော၊ စစ်အာဏာသိမ်းလိုက်ချိန်မှာရော ရခိုင်ပြည်နယ်ဟာ အင်တာနက်ဖြတ်တောက်ခံခဲ့ရပါတယ်။ ဒါပေမဲ့ ရခိုင်တော်လှန်ရေးအဖွဲ့အစည်း AA က မြို့တွေ၊ ရွာတွေ၊ နယ်မြေတွေ အများအပြားသိမ်းပိုက်နိုင်ချိန်ရောက်ခဲ့ပြန်တော့လည်း ရခိုင်လူထုကတော့ ဆက်သွယ်ရေးကျိန်စာသင့်မှုထဲမှာ ဆက်ပြီးမွန်းကျပ်နေရတဲ့အကြောင်းကို ရေးထားတာပါ။ အဲဒီအချိန်မှာပဲ AA ကတော့ဆက်သွယ်ရေးလုပ်ငန်းတွေကနေ လစဉ် ကျပ်သိန်းထောင်ချီရှိမယ်လို့ ဆောင်းပါးရှင်က ခန့်မှန်းပါတယ်။


တော်လှန်ရေးနယ်မြေထဲလာတဲ့ နောက်ထပ် ဆောင်းပါးတပုဒ်ကတော့ ‘ရယ်စရာပြောတာ မရယ်လိုက်ရဘူး’ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသားထားတဲ့ တော်ဝင်မောင်ရဲ့ ဆောင်းပါးဖြစ်ပါတယ်။ ဘဏ္ဍာငွေအကျပ်အတည်းတွေကြားထဲကနေ အရင်းအမြစ်နည်းပါးစွာနဲ့ တော်လှန်ရေးလုပ်ကြတယ်။ စာရေးသူက မရယ်ရဘူးဆိုပေမဲ့ သူ့ရဲ့စာတပိုဒ်ကိုဖတ်မိတော့ နာနာကျင်ကျင် ရယ်လိုက်မိပါတယ်။ ဆောင်းပါးမှာပါတဲ့အတိုင်းပဲ ဆွဲထုတ်ပြပါမယ်။


“တိုင်းရင်းသားဒေသမှာပဲ အခြေစိုက်တဲ့ တပ်ဖွဲ့တခုရဲ့ ခေါင်းဆောင်လုပ်သူဟာ တပ်ဖွဲ့ရဲဘော်တွေအတွက် ကျည်ကာဦးထုပ်ဝယ်မပေးဘဲ သူစီးတဲ့ကားကို ကျည်ကာတပ်ပါသတဲ့။ သူ့တပ်ဖွဲ့က ရဲဘော်တဦး ခေါင်းကို ကျည်ဆန်မှန်ပြီး ကျဆုံးတော့ ရဲဘော်လေးရဲ့ အသုဘအခမ်းအနားကို အဲဒီတပ်ဖွဲ့ခေါင်းဆောင်လုပ်သူက ကျည်ကာကားကြီးစီးပြီး ရောက်လာပါသတဲ့”


ဒီအကြောင်းအရာတွေကို ကြားသိရတာက တော်လှန်ရဲဘော်တွေရော၊ ပြည်သူတွေရောအတွက်တော့ မချိတင်ကဲဖြစ်စရာပါ။ လတ်တလောမှာပဲ ထွက်ရှိလာတဲ့ ဆောင်းပါးတပုဒ်ကလည်း တော်လှန်ရေးနယ်မြေထဲကပါပဲ။ လွတ်မြောက်နယ်မြေလို့ လွယ်လွယ်ခေါ်နေကြပေမဲ့ အဲဒီနယ်မြေထဲက သာမန်လူတွေအတွက် တကယ်ပဲ လွတ်မြောက်တာဟုတ်ရဲ့လားလို့ မေးခွန်းထုတ်ထားပြီး တော်လှန်ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့အဝန်းအဝိုင်းထဲက အခွင့်ထူးခံစားရနေတဲ့ကိစ္စကို မီးမောင်းထိုးထားတာပါ။


ဒါတွေဟာ အကြောင်းအရာတချို့ပဲ ဖြစ်ပါတယ်။ တော်လှန်ရေးအတွင်းက ပုပ်လို့ပေါ်လာတဲ့ တခြားအကြောင်းအရာတွေလည်း ရှိပါသေးတယ်။ ဥပမာ လိင်အကြမ်းဖက်မှုလို၊ မူးယစ်နဲ့ လောင်းကစားလို ကိစ္စတွေ။


အခုဆို တိုင်းပြည်ဟာ အမှောင်ထဲမှာ စမ်းတဝါးဝါးနဲ့ ဒုက္ခများနေတာ ငါးနှစ်ထဲကို ဝင်လာခဲ့ပါပြီ။ အလင်းရောင်ကို ဘယ်အချိန် ပြန်ရမယ်ဆိုတာကိုလည်း ဘယ်သူမှ မပြောနိုင်ပါဘူး။ ပြီးခဲ့တဲ့ နှစ်နှစ် ‘စစ်ဆင်ရေး ၁၀၂၇’ နဲ့အတူ ရှမ်းပြည်နယ်မြောက်ပိုင်းကနေ စတင်ခဲ့တဲ့ စစ်ရေးအောင်ပွဲတွေဟာ ပြည်သူတွေအကြားမှာ ဖျက်ခနဲအလင်းရောင်တွေ လက်စေခဲ့ပါတယ်။ လူထုတွေအနေနဲ့တော့ ကိုယ့်ကို နင်းခြေဖျက်ဆီးထားတဲ့ စစ်တပ်ရဲ့ အရှက်တကွဲအကျိုးနည်းမှုတွေကို ကြည့်မြင်ခွင့်ရခဲ့ကြတာမို့ လက်ခုပ်လက်ဝါးတီးပြီး ကျေနပ်ခဲ့ရတဲ့ကာလပါပဲ။  ဒါပေမဲ့ စိတ်မကောင်းစရာပါ။ အောင်ပွဲတွေအထပ်ထပ်ရလာ၊ နယ်မြေစိုးမိုးမှုတွေ၊ သိမ်းပိုက်ထိန်းချုပ်နိုင်မှုတွေ များလာတာနဲ့အတူ တော်လှန်ရေးအုပ်စုတွေအကြား နယ်မြေအငြင်းပွားမှုတွေ၊ လူမျိုးရေး အငြိုးအတေးတွေ စတာတွေအပြင် ပြည်သူအပေါ် အနိုင်ကျင့်တဲ့ကိစ္စ ပိုပြီးကြားလာရတယ်။ ဒါ့အပြင် စစ်အောင်ပွဲတွေနဲ့အတူ တွဲပါလာတဲ့တော်လှန်အရသာချိုမြမြမှာ ယစ်မူးနေမှုတွေလည်း ရှိပါသေးတယ်။


အဲဒီအခြေအနေတွေနဲ့ပတ်သက်လို့ ဝေဖန်ထောက်ပြတာတွေလည်း ရှိပါတယ်။ ဒါပေမဲ့လည်း အဲဒီဝေဖန်ထောက်ပြမှုတွေဟာ သက်ဆိုင်ရာပုဂ္ဂိုလ်တွေရဲ့ နားထဲကို ရောက်မှ ရောက်ပါလေစပါပဲ။ လူ့သဘာဝအရမှာလည်း ထိတ်ထိတ်ကြဲအောင်မြင်နေချိန်မှာ သွားပြီးဝေဖန်တာမျိုးဟာ အရာထင်ဖို့ခက်ပါတယ်။ ဘာလို့ဆို အောင်မြင်မှုအခိုးအငွေ့တွေ ပိတ်ကာနေတတ်လို့ပါပဲ။ 


တနေ့ကပဲ အွန်လိုင်းမှာ ပျံ့နှံ့လာတဲ့ ဖြစ်ရပ်တခုကလည်း အခုအကြောင်းအရာနဲ့ ချိတ်ဆက်နေပါသေးတယ်။ ဗီဒီယိုဖိုင်ကိုရော၊ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ထုတ်ပြန်ချက်ကိုရော ကြည့်မိဖတ်မိသလောက်ကတော့ မန္တလေးတိုင်း စဉ့်ကူးမြို့နယ်ထဲမှာ တရားဥပဒေစိုးမိုးရေးဆောင်ရွက်တဲ့ အနေအထားလို့ နားလည်ရပါတယ်။ ပြည်သူလူထုနဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တချို့ စကားအချေအတင်ဖြစ်ကြတာပါ။ အိမ်ရှင်မိသားစုဘက်က မှန်တယ်လို့ မဆိုလိုပေမဲ့ စကားများတဲ့အထိ မဖြစ်စေဘဲ တစ်ဖက်က မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ရည်ရည်မွန်မွန်နဲ့ ကိစ္စပြီးအောင် ဆောင်ရွက်နိုင်ဖို့လိုတာတော့အမှန်ပါပဲ။ လူ့သဘာဝမို့ စိတ်တိုတတ်တာဆိုပေမဲ့ လက်နက်ကိုင်အဖွဲ့ဝင်အနေနဲ့ ဒေါသကို အဆုံးစွန်ထိထိန်းထားနိုင်ဖို့ လေ့ကျင့်ထားဖို့လိုပါလိမ့်မယ်။ မတော်တဆ လက်ပါတဲ့အထိ ဖြစ်လာတဲ့အခါ အရင်ဆုံးနစ်နာရမှာက လက်နက်မဲ့ပြည်သူဖြစ်နေလို့ပါပဲ။ တဖက်မှာလည်း အခုလိုမျိုးကိစ္စတွေမှာ လက်ကိုင်ထားရမယ့် ကျင့်ဝတ်တွေ၊ လုပ်ထုံးစည်းမျဉ်းတွေကိုလည်း စနစ်တကျ လေ့ကျင့်ထားဖို့လည်း လိုပါလိမ့်မယ်။


မကြာသေးခင်ကာလမှာတော့ စစ်တပ်ဟာ ရှိသမျှခွန်အား၊ နည်းနာအစုံနဲ့ ထိုးစစ်တွေ ပြန်လုပ်လာပါတယ်။ လက်လွှတ်လိုက်ရတဲ့ နယ်မြေတချို့ကိုလည်း ပြန်ယူနေပါတယ်။ ဒီအခြေအနေဟာ တော်လှန်ရေးအင်အားစုတွေအတွက် ကြီးမားတဲ့စိန်ခေါ်မှုပါ။ ဘယ်သူနိုင်နိုင် ငါတို့ကတော့ ဘာမှမရဘူးဆိုတဲ့ အမြင်မျိုးတွေ လူတွေထဲမှာ ရှိနေမယ်ဆိုရင်တော့ လူထုအနေနဲ့ အုပ်စုနှစ်ခုဖြစ်တဲ့ စစ်ပွဲလို့သဘောထားပြီး စိတ်ပျက်စွာပဲ စောင့်ကြည့်နေရုံထက် ပိုတော့မှာမဟုတ်ပါဘူး။ အဲဒီလိုအမြင်တွေ အမြစ်တွယ်သွားမယ်ဆိုရင်တော့ ဆိုးသွားပါပြီ။ ဒီတော့လည်း လူထုကပေးအပ်ခဲ့တဲ့ ယုံကြည်မှုကို ထိန်းသိမ်းထားဖို့နဲ့ စွန်းပေနေတဲ့ အမည်းကွက်တွေကို ဆေးကြောဖို့ မဖြစ်မနေ လိုပါလိမ့်မယ်။


စစ်တက္ကသိုလ်ဆရာဟောင်းလည်းဖြစ်၊ ထင်ရှားတဲ့စာရေးဆရာလည်း ဖြစ်တဲ့ (ဦး)အောင်သင်းရဲ့ ကဗျာစာသားတချို့နဲ့ပဲ ဒီဆောင်းပါးကို အဆုံးသတ်လိုက်ပါမယ်။

“ပြည်သူ့နှလုံး၊ မသိမ်းကျုံးသော်

ပြည်သူ့ခွန်အား၊ မကိုးစားသော်

ဓားသွားကျိုးကြေ၊ လှံသွားခွေအံ့”


တော်လှန်ရေးရဲ့ တကယ့်အောင်ပွဲဆိုတာ လက်နက်အားနဲ့ နယ်မြေကို သိမ်းပိုက်ရယူခြင်းမဟုတ်ဘဲ ပြည်သူလူထုရဲ့ နှလုံးသားကို သိမ်းပိုက်ရရှိခြင်းဖြစ်တယ်ဆိုတာကို မမေ့ဖို့လိုပါမယ်။


[ယခုဆောင်းပါးသည် ISP-Myanmar ၏ အာဘော်မဟုတ်ဘဲ စာရေးသူ၏ အာဘော်သာဖြစ်ပါသည်။]


ISP_Column

Saturday, October 11, 2025

❝ လူတစ်ယောက်ကို ဘာကြောင့် အပိုင်းအပိုင်း ခု-တ်သ-တ်ရတာလဲ ❞

 


၁၉၉၉ လောက်တုန်းက The Sopranos ဆိုတဲ့ မှုခင်းရုပ်သံဇာတ်လမ်းတွဲ တစ်တွဲ ထွက်ဖူးတယ်။ Season နှစ်ခုနဲ့၊ အပိုင်း ၂၀ ပါတယ်။ အဲဇာတ်လမ်းထဲက ၂၀၀၇ မှာထွက်ခဲ့တဲ့ ဇာတ်ဝင်ခန်းတစ်ခန်းမှာဆိုရင် လူ-သတ်သမား Tony Sopranos က သူ့ရဲ့လုပ်ဖော်ကိုင်ဖက် အရင်းခေါက်ခေါက်ကို ရှော့ပစ်လိုက်တယ်။ ရိုးရိုးရှော့တာမဟုတ်၊ အပိုင်းပိုင်း ခုတ်-ဖြ-တ်ပြီးကို၊ ပြီးရင် အ-လောင်းကို ပုံဆိုးပန်းဆိုး (အရှော့ခံလိုက်ရသူကို မသိအောင်)ရစရာမရှိအောင်.. ခု-တ်ပစ်ပြီး အ-လောင်းကို ဖျောက်တယ်။ ဒီလိုမျိုး ထိတ်လန့်တုန်လှုပ်စရာဖြစ်စေတဲ့ ဇာတ်ဝင်ခန်းတစ်ခန်း ပါတယ်။


အဲဒါနဲ့ များမကြာမီ အမေရိကန် တောင်ပိုင်းမှာ လူသ-တ်မှုတစ်ခု ဖြစ်ရော။ အသက် ၁၅ နှစ်အရွယ်နဲ့ အသက် ၂၀ အရွယ် ညီအစ်ကိုနှစ်ယောက်က သူတို့အမေရင်းကို ခုတ်ပြီး အ-လောင်းဖျောက်ဖို့ ကြံစည်တာ။ ကံဆိုးချင်နေတော့ သူတို့ အ-လောင်းဖျောက်ဖို့ လုပ်နေတဲ့အချိန်မှာ.. ရဲတွေနဲ့ တည့်တိုးတယ်၊ ညီအစ်ကို နှစ်ကောင်လုံး အဖမ်းခံလိုက်ရတယ်။ ရဲကလဲ စစ်တယ်၊ မင့်တို့ ဘာလို့အဲလိုလုပ်ကြတာလဲ စစ်တော့ The Sopranos ဇာတ်ကားကြည့်ပြီး အဲဒီပုံစံအတိုင်း အပိုင်းပိုင်းခု-တ်သ-တ်ချင်လို့ဆိုပြီးထွက်ဆိုတယ်။


◾အဲဒါနဲ့ ဆင်တူတဲ့ Mindhunter ဇာတ်ကားတို့၊ ပြီးရင် Conversations with a Killer: The Ted Bundy Tapes တို့၊ Night Stalker: The Hunt for a Serial Killer တို့ဆိုလဲ စိတ္တဇ ကွင်းဆက်လူသ-တ်သမားတွေအကြောင်း ပြန်ရိုက်ထားတာ။ ကြမ်းကြမ်းကြုတ်ကြုတ် လူသ-တ်နေကြသူတွေရဲ့ စိတ်နေသဘောထားတွေ၊ မှန်းရခက်တဲ့ အပြုအမှုတွေ၊ လောကကြီးကို မြင်တတ်ကြတဲ့ သူတို့ရဲ့အမြင်တွေအကြောင်းကို ပညာပေးအနေနဲ့ ပြန်ရိုက်ပြထားတာ။


ဒီနေရာမှာ မေးစရာမေးခွန်းတွေက အဲလို Horror Movie တွေ ကြည့်တိုင်း ဇာတ်ကားထဲမှာ ပါတဲ့ အနိဋ္ဌာရုံတွေဟာ လူ့စိတ်ကို ပြောင်းလဲပစ်နိုင်လားဆိုတဲ့ မေးခွန်းမျိုး မေးဖို့ရှိပါတယ်။ ခပ်တိုတို ပြောရရင် “ ပြောင်းလဲပစ်နိုင်တယ် ” လို့ ​ဖြေရမယ်။ ဒီလိုမျိုး လူ့စိတ်အမှောင်ဘက်ခြမ်းကို သိရှိနားလည်အောင် ပညာပေးအနေနဲ့ ပြန်ရိုက်တဲ့ဇာတ်ကားတွေကို အသက် ၁၈ နှစ်မပြည့်တဲ့သူတွေ၊ စိတ်ပိုင်းဆိုင်ရာမှာ နဂိုအခံထိခိုက်နာကျင်ဖူးတဲ့သူတွေ ကြည့်မိသွားတယ်ဆိုရင် ဦးနှောက်မှာ Neural Mirroring လုပ်တတ်ပါတယ်၊ မြန်မာလိုပြောရင် “ ပုံတူကူးတာ ” ပေါ့။


◾ဒီစာကို အစကတော့ မရေးဘူးပဲ ဆုံးဖြတ်ထားတာပါ။ ဒါ​ပေမဲ့ တစ်ဖက်မှာလဲ လူသ-တ်မှုတွေ၊ ဓား-ထိုးလုယက်မှုတွေ၊ မြန်မာပလာဇာလို လူစည်းကားတဲ့နေရာ (တကယ်) က ကားပါကင်မှာ နေ့ခင်းကြောင်တောင် အသ-တ်ခံရတဲ့အမှုတွေ စသဖြင့် အနိဋ္ဌာရုံပေါင်းစုံကို ကြားနေရ၊ မြင်နေရတော့ ကျွန်တော်အပါအဝင်၊ ဒီပြစ်မှုတွေက ဘာကြောင့် ဖြစ်ရတာလဲ၊ ဘာလို့ အဲလိုလုပ်ကြတာလဲဆိုတာ မေးခွန်းတွေ ထုတ်လောက်ကြမယ်ထင်ပါတယ်။ 


ဒါ့ကြောင့် ဒီစာထဲမှာ ဘာလို့ လူ-သတ်တာလဲ၊ အထူးသဖြင့် အခုမီဒီယာ ကယက်ရိုက်နေတဲ့ အပိုင်းပိုင်း ခု-တ်-သတ်ခံရတဲ့သတင်းမှာ လုပ်ခဲ့တဲ့သူက ဘယ်လိုလူမဆန်တဲ့စိတ်နဲ့ လုပ်တာလဲဆိုတာကို စိတ်ပညာ.. လေ့လာလိုက်စားသူတစ်ယောက်အနေနဲ့ သိသလောက်ပဲ မျှဝေလိုက်ပါတယ်။ စကားပလ္လင်ခံလိုတာက စာရေးသူဟာ ပညာသင် အဆင့်ပဲ ရှိသေးတာမို့ ဒီဆောင်းပါးကို.. ပြီးပြည့်စုံတဲ့ ဆောင်းပါးလို့ မမြင်စေချင်ပါဘူး။ ဒါပေမဲ့ ဆောင်းပါးဆုံးသွားတဲ့အခါ ❝ ဘာလို့ အပိုင်းပိုင်း ခုတ်-သတ်ရတာလဲ ❞ ဆိုတာကို သိသွားပါမယ်လို့ ယူဆပါတယ်။


🔳

ပထမဆုံး ပြောလိုတာက နိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးက အားရစရာမရှိတာ၊ ပြည်သူ့လုံခြုံရေး (Public Safety) က စည်းပေါက်နေတာအပြင် ပြည်တွင်းစစ်တွေကြောင့်လို့ဆိုနိုင်ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ဒီအဆိုပြုချက်က အခြေခံလိုအပ်ချက်ပဲမို့.. ယတိပြတ်မှန်ပါတယ်။ နိုင်ငံရေး၊ နိုင်ငံအတွင်း ပဋိပက္ခ အပွတ်အတိုက်များတာ၊ အုပ်ချုပ်သူတွေက ပြည်သူတွေအပေါ်မှာ အလေးမထားတာ စသဖြင့် အကြောင်းတရားတွေပေါ့။


ဒါဖြင့်.. နိုင်ငံရေးစနစ် ကောင်းတဲ့နိုင်ငံ၊ ပြည်သူ့လုံခြုံမှုကို ဦးစားပေးတဲ့နိုင်ငံ၊ လူသ-တ်မှုဆိုတာနဲ့ အရေးတယူပြုကြတဲ့နိုင်ငံ၊ ပြည်သူတွေကို အရေးထားတဲ့နိုင်ငံတွေမှာ ဒါမျိုး အခုကြားနေရတဲ့ သ-တ်ဖြတ်မှုတွေ မရှိဘူးလား မေးမယ်ဆိုလဲ အဖြေဟာ ရှိပါတယ်။ နည်းတာရယ်၊ များတာရယ်၊ တရားစီရင်ရေးနဲ့ တရားဥပဒေစိုးမိုးရေး ကွာခြားသွားတာလဲ ပါမှာပေါ့။


တခြားတစ်ဖက်မှာလဲ.. ပုဂ္ဂိုလ်ရေး မုန်းတီးမှုတွေကလဲ ရှိလိမ့်မယ်။ ဥပမာ - အကြွေးမပေးနိုင်လို့ အကြွေးရှင်ကို သူသွားလေရာ.. ထောက်လှမ်းပြီး လူပြတ်ချိန် ရှော့လိုက်တာတို့၊ အချစ်ရေးကိစ္စမှာ ကိုယ့်ချစ်သူကထားခဲ့လို့ သူ့လက်ရှိရည်းစားကို ရှော့ပစ်လိုက်တာတို့၊ နိုင်ငံရေး မငြိမ်မသက်ချိန်မှာ ဝမ်းရေးခက်ခဲလာတာနဲ့အမျှ တခြားဟာထက် လုဖို့ ယှက်ဖို့ ငွေကို လူသ-တ်လောက်တဲ့နည်းနဲ့ ရှာဖွေတာတို့ အစသဖြင့် အကြောင်းတရားမျိုးစုံ ရှိနေနိုင်ပါတယ်။


ဒါပေမဲ့ ဒီဆောင်းပါးမှာ Judiciary နဲ့ The Law of Rule လို့ဆိုတဲ့ တရားစီရင်ရေးနဲ့ ဥပဒေစိုးမိုးရေးအပိုင်းကို ပြောမှာမဟုတ်တာမို့ နည်းနည်းလေးကျော်သွားပါရစေခင်ဗျာ။


🔳 

အစောပိုင်းကို ပြန်ဆွဲပြောရရင်.. Nerual Mirroring လုပ်တဲ့ကိစ္စ၊ ဦးနှောက်က ပုံတူကူးယူနိုင်လားဆိုတဲ့ အချက်ပါ။


လူသားတွေရဲ့ ဦးနှောက်ထဲမှာ.. Mirrior Neuron ဆိုတာ ပါတယ်။ ဒီကောင်က ဦးနှောက်က တစ်ခုခု မှတ်ယူတော့မယ်ဆိုရင် အားပေးအားမြှောက်လုပ်တာမျိုးတွေ ရှိတယ်။ ပိုရှင်းသွားအောင် ပြောရရင် ကိုယ်မဟုတ်တဲ့ တခြားတစ်ယောက်ရဲ့ အသံတွေ၊ အမူအရာတွေ၊ ကိုယ်ဟန်ကိုယ်ပန်တွေကို လိုက်တုတာနိုင်မျိုးဟာ Mirror Neuron ကြောင့်ပါ။


လူစင်စစ် ခွေးလို ဟောင်နိုင်တာ၊ ကြောင်လို မြောင်အသံနဲ့ ငြီးပြတတ်တာ၊ အဆိုတော် မိုက်ကယ်ဂျက်ဆင်အတိုင်း လိုက်ကပြနိုင်တာ၊ မက်ဆီရဲ့ ကစားဟန်အတိုင်း ဘောလုံးကစားပြနိုင်တာဟာ ဦးနှောက်က “ ပုံတူကူးယူပြ ” နိုင်တဲ့ဥပမာတွေပဲ။


◾လူတွေရဲ့ အပြုအမူကို လေ့လာတဲ့စိတ်ပညာ Albert Bandura ကလဲ Mirror Neuron အကြောင်းကို စမ်းသပ်ဖူးပါတယ်။


လူကြီးတစ်ယောက်က BoBo အရုပ်တစ်ရုပ်ကို ကလေးတွေ အရှေ့မှာ ကြမ်းကြမ်းတမ်းတမ်း ရိုက်ပုတ်ပြတယ်။ အဲဒါကို ကလေးတွေကလဲ BoBo အရုပ်ကို သူတို့ အားရှိသလောက် ကြမ်းကြမ်းတမ်းတမ်းပဲ ပြန်ရိုက်တာကို တွေ့ရတယ်။


အမှန်က ဒီလိုမျိုးဦးနှောက်က ပုံတူကူးယူတတ်တဲ့အကျင့်က မွေးရာပါဗီဇလို့ ဆိုရမှာပါ။ ဒီနေရာမှာ တစ်ခုမှတ်ထားစေလိုတာက လူတကာရဲ့အပြုအမူတိုင်းကို ကျွန်တော်တို့က လိုက်ပြီး အတုမြင်အတတ်သင်၊ တစ်နည်း ပုံတူကူးယူနေတာ အမြဲတမ်းလားဆိုလဲ မဟုတ်ပါဘူး။ ကိုယ့်စိတ်က ထိုက်တန်တယ်၊ မတန်တယ်ထင်မှ လိုက်ပြီး ကူးယူတတ်တာမျိုးပါ။


အထူးသဖြင့် အောင်မြင်နေတဲ့လူတွေရဲ့ စကားပြောဆိုပုံတွေ၊ နာမည်ကြီးနေတဲ့လူတွေရဲ့ ဖက်ရှင်အတိုင်း လိုက်ပြီးဝတ်စားဆင်ယင်တာတွေ၊ ချမ်းသာနေတဲ့လူတွေရဲ့ ငွေရှာ ငွေစု ရင်းနှီးမြှုပ်နှံမှုပုံစံတွေ.. စသဖြင့် ကိုယ်က ထိုက်တန်ပါတယ်ထင်ရင် လိုက်တုပါတယ်။ ဆိုးတာတွေကို ပုံတူကူးတာကလဲ ဒီသဘောပဲ၊ ကိုယ့်အတွက် စိတ်ကျေနပ်မှုတစ်ခု ပြန်ရတယ်ဆိုတဲ့ ထိုက်တန်မှုမျိုးနဲ့ ဆိုးတာ ပေတာမျိုး တုပါတယ်။


ဒီအချက်ကို ကြည့်ခြင်းအားဖြင့် ကိုယ်နဲ့ ရန်ငြှိုးရန်စ မရှိဘဲ (ရှိခဲ့ရင်တောင်) ကိုယ် ကြည့်ဖူးတဲ့ဇာတ်ကား၊ ပုံဝတ္ထု၊ ရုပ်ပြ စတဲ့နေရာကနေ လာတဲ့ အနိဋ္ဌာရုံမြင်ကွင်းတွေကို ကိုယ့်မသိစိတ်ထဲမှတ်ပြီး ပြန်အသုံးချတာကို တွေ့ရမှာပါ။ The Sopranos ဇာတ်ကားကို ကြည့်ပြီး သူတို့အမေရင်းကို သွေးအေးအေးနဲ့ ပြန်သ-တ်သွားတဲ့ ညီအစ်ကိုတွေရဲ့ ဖြစ်ရပ်ဟာလဲ ဒီသဘောပဲ။ အလားတူ ပုံစံတူဖြစ်ရပ်တွေလဲ ကမ္ဘာနေရာအနှံ့မှာ အများကြီးရှိပါတယ်။


◾နောက်တစ်ခု၊ ဦးနှောက်က ပုံတူကူးယူတဲ့အခါမျိုးမှာ Trend ကိုလဲ လိုက်တတ်တယ်။


ပြီးခဲ့တဲ့နှစ်တွေတုန်းက.. အွန်လိုင်းပေါ်မှာ သမီးရည်းစားချင်း ကတ်ကြေးနဲ့ ထိုး-သတ်တဲ့ဖြစ်ရပ်တွေ ဆက်တိုက်ဆိုသလို ကြားခဲ့ရတယ်။ အထူးသဖြင့် ကောင်လေးက သူ့ကိုထားခဲ့လို့ဆိုပြီး သူ့ရည်းစားဟောင်းကို ရှော့ပစ်လိုက်တာမျိုးတွေ၊ အဲဒီဖြစ်ရပ်မတိုင်ခင်ဆိုလဲ.. ရည်းစားဟောင်းကို ဘယ်လိုပြန်တုံ့ပြန်ရမယ်ဆိုတဲ့ စာတွေ၊ မှုခင်းတွေ အများကြီး တွေ့ရတယ်။


တလောကဆို ဗီယက်နမ်က အပိုင်းပိုင်း ခုတ်-သတ်ပြတဲ့ ဗီဒီယိုဖိုင် အများစု လိုင်းပေါ်မှာ ​ပျံ့လာတာ တွေ့ရတယ်။ Policy တွေ ဘာမှ မပေးထားတဲ့ တယ်လီဂရမ်တို့၊ Dark Web ထဲမှာ အဲဒါတွေ အများကြီး။ အသိတစ်ယောက် လာပို့လို့ ကြည့်လိုက်တာ၊ တော်ရုံအသည်းမာတဲ့ ကိုယ်တောင် ကြက်သီး ဗြန်းခနဲထသွားတယ်။ တစ်ပုဒ်ပြီးတစ်ပုဒ်ကြည့်လိုက်တော့ အဲမှာ သတိထားမိတာတစ်ခု သွားတွေ့တယ်။


သ-တ်တဲ့သူက.. ဓ-ားအကြီးကြီးတစ်ချောင်းကို ကိုင်ထားတယ်။ သ-တ်ဖို့ အားပေးတဲ့သူက.. အပြာကားကို ဖွင့်ရင်း လိင်အာသာဖြေနေတယ်၊ ဖြေရင်း လိင်စိတ်တက်လာတဲ့အချိန် သ-တ်တဲ့သူက လည်မျိုကို အစိမ်းလိုက်ကြီး ခု-တ်ချပစ်လိုက်တာ၊ သွေးဆိုတာ ဖြာခနဲပဲ။ နောက်ထပ် ဘာလုပ်သေးလဲဆိုတော့ ကိုယ်အင်္ဂါအစုံကို လှီးတယ်။ အပိုင်းလိုက် ခု-တ်တယ်။


ဒါက.. တစ်ယောက်ပဲလားဆို မဟုတ်ဘူး။ မတူညီတဲ့ လူတွေ၊ မိန်းကလေးရော ယောက်ျားလေးတွေရော ပါတယ်။ သူတို့လဲ အဲဒီဗီဒီယိုဖိုင်ကို ကြည့်ဖူး၊ မြင်ဖူးတယ်လို့ ယူဆလို့ ရတယ်။ မဟုတ်ရင် အဲလောက်ကြီး အရဲစွန့်ကြမယ်လို့ မထင်ဘူး။


◾တစ်ခါ ကိုယ့်ကိုယ်ကိုယ် Suicide ပြန်လုပ်ပြတဲ့ Vd ဆိုလဲ my day တွေမှာ Trend ဖြစ်ခဲ့ဖူးတယ်။ တကယ်ဆိုးပါတယ်။ (မပြောပြတော့ဘူး)


ဆိုတော့ ဒီဖြစ်ရပ်မှန်တွေကို ကြည့်လိုက်ခြင်းအားဖြင့် လူ့ဦးနှောက်ဟာ Trend အနောက်ကို.. လိုက်ပြီး ပုံတူကူးယူတတ်တဲ့ သဘောမှာ ရှိတယ်။ ဒီနေရာမှာ လူသ-တ်မှုတွေ ဖြစ်တာ၊ ကွင်းဆက်လူသ-တ်သမားတွေ ကျူးလွန်နေကြတာ၊ စိတ္တဇလူသ-တ်သမားတွေ လူသ-တ်တာ၊ လူသ-တ်မှု ဖြစ်စဉ်တွေဟာ ဦးနှောက်ရဲ့ Neural Mirrioring ကြောင့်ပဲလားဆို ဒီတစ်ခုကြောင့်တင် မဟုတ်ပါဘူး။ 


အဲဒါအပြင်ကို ဗီဇ၊ ပတ်ဝန်းကျင်၊ ကျူးလွန်သူရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့လဲ ဆိုင်ပါတယ်။ ဒါဆို ဘယ်လိုဆက်နွှယ်နေလဲ။


🔳

လူသ-တ်မှုဖြစ်စေတဲ့ အကြောင်းပြချက်မှာ ပထမဆုံးပြောရမယ်ဆိုရင် ဦးနှောက်အကြောင်းပဲ အရင်ပြောရမှာပါ။ ဦးနှောက် အပြင်လွှာရဲ့ အရှေ့ဆုံးမှာရှိတဲ့... Orbitofrontal Cortex က ကျွန်တော်တို့ ဆုံးဖြတ်ချက်ချဖို့၊ ဒေါသမထွက်အောင် ထိန်းချုပ်ပေးဖို့ အဓိက အလုပ်လုပ်ပေးတယ်။ အဲအပိုင်း အားနည်းနေသူဆိုရင် စိတ်တိုတာ၊ စိတ်ဆတ်တာ၊ ဝုန်းဒိုင်းကြဲတာ၊ နောက်ဆုံးကျ.. လူသ-တ်ဖို့ ဝန်မလေးတဲ့အထိ ဖြစ်စေတယ်။ 


မရှက်တမ်းဝန်ခံရရင် စာရေးသူ ဘုန်းမောင်ဦးကလဲ အဲလို အားနည်းနေသူတစ်ယောက်လို့ ဝန်ခံရမှာပါ။ သို့သော်လဲ လူသ-တ်လောက်တဲ့ထိ စာနာမှုကင်းမဲ့တာမျိုး ကျွန်တော့်မှာ မရှိသေးပါဘူး။ ဘာလို့ဆို.. ကျွန်တော့်မှာ စိတ်ဒဏ်ရာကြီးကြီးမားမားမရှိတာ၊ စာနာနွေးထွေးတတ်တဲ့ မိသားစုတွေ.. သူငယ်ချင်းတွေ.. လုပ်ဖော်ကိုင်ဖက်တွေ ရှိခဲ့ဖူးတာ၊ စာကောင်ပေမွန်နဲ့ထိတွေ့ဖူးတာ ဒါတွေကြောင့် လူသ-တ်လောက်တဲ့အထိ စာနာမှုမမဲ့သေးဘူးလို့ ဆိုရပါလိမ့်မယ်။


◾ဒီသဘောက လူသ-တ်သမားတစ်ယောက် ဖြစ်စေတဲ့ အကြောင်းပြချက်ကို ကိုယ်နဲ့ယှဉ်ပြီး ဥပမာပေးတာလိုက်တာပါ။ အမှန်တကယ်တမ်း မျိုးရိုးဗီဇအပြင်.. လူတွေဟာ သူတို့ ကြီးပြင်းတဲ့မိသားစု၊ သူတို့ပေါင်းသင်းနေတဲ့လူတွေ၊ သူတို့ လိုက်စားနေတဲ့ပညာရပ်တွေနဲ့ သက်ဆိုင်တာ တွေ့ရပါတယ်။


မှုခင်းစိတ်ပညာရှင်တစ်ယောက်ဖြစ်တဲ့ Helen Morrison ပြုစုခဲ့တဲ့ သုတေသနစာတမ်းတစ်ခုမှာဆို လူသ-တ်သမား ၁၃၅ ယောက်ရဲ့ တူညီတဲ့စိတ်ဓာတ်နှစ်ခု ထင်ထင်ရှားရှား တွေ့ရပါတယ်။ ပထမတစ်ခုက ခန္ဓာကိုယ်ထဲမှာ ခရိုမိုဇုမ်း (chromosome) တွေ မူမှန်နေတာရယ်၊ နောက်တစ်ခုက လူသ-တ်သမားတိုင်းဟာ “ ထိုက်တန်လို့ ငါလုပ်တာ ” ဆိုတဲ့ Mindset ကို လက်ကိုင်ထားကြပါတယ်။


ခရိုမိုဇုန်း မူမမှန်တာ လူသ-တ်လောက်စေတဲ့အထိ ဖြစ်စေပေမဲ့ တချို့မူမမှန်တဲ့လူတွေက လူသ-တ်သမားတွေမဖြစ်ဘဲ တခြားနယ်ပယ်မှာ ကျော်ကြားနေတဲ့လူတွေ၊ လူတွေကို အကျိုးပြုနေတဲ့လူတွေ အများကြီး ရှိပါတယ်။ ဒီအထဲမှာ Mr. Bean သရုပ်ဆောင်တဲ့ Rowan Atkinson လိုလူ၊ နက်ဗ်ကြော သိပ္ပံပညာရှင် James Fallon လိုလူတွေတောင် ပါနေကြတယ်။


◾ခရိုမိုဇုမ်းထက် ငယ်ဘဝမှာ မေတ္တာငတ်ခဲ့တာမျိုးတွေ၊ အဖေက နေ့စဉ်နဲ့အမျှ အမေ့ကို ရိုက်နေတာကို ခဏခဏ တွေ့ခဲ့ရတာတွေ၊ ကျောင်းတွင်း အနိုင်ကျင့်ခံခဲ့ရတာတွေနဲ့ အများကြီးဆက်နွှယ်နေပါတယ်။ ဆိုတော့ ဒီလိုမျိုး ဆိုးတာနဲ့ ကလေးငယ်တွေတိုင်းမှာ.. Orbitofrontal Cortex အားနည်းသွားပါတယ်။


ဒီ့အတွက်ပဲ လူတစ်ဖက်သားအပေါ် မှိုချိုးမျှစ်ချိုး ပြောပစ်ဖို့ ဝန်မလေးတာ၊ ကိုယ်ထိလက်ရောက်ရိုက်ဖို့ မရွံ့နေတာ၊ ကလေးဆို အနိုင်ကျင့်ဖို့၊ ဒီ့ထက်ဆိုးတာဆို မုဒိ-မ်းကျင့်ဖို့၊ ကျင့်ပြီး လူသ-တ် အကောင်ပျောက်ဖို့ လက်ရဲဇာက်ရဲလာတယ် ဆိုရမှာပါ။ နောက်တစ်ခုက.. ထိုက်တန်တယ်ဆိုတဲ့ Mindset ပါ။


Serial Killer (ကွင်းဆက်လူသ-တ်သမား) တွေ ကျူးလွန်မှုတွေကို ကြည့်လိုက်ရင် အများစုက ပုံစံချင်းဆင်တူကြပါတယ်။ အဲဒါထက် သူတို့လက်ကိုင်ထားတဲ့ စိတ်က တစ်ခါလုပ်လို့ ရရင်၊ ပထမတစ်ခါ ကျူးလွန်တာ လွယ်ကူသွားခဲ့ရင်၊ ဒါမှမဟုတ် သူတို့အတွက် လွတ်လွတ်လပ်လပ်ဖြစ်ခဲ့မယ်ဆိုရင် နောက်ထပ်ကျူးလွန်ဖို့ ဝန်မလေးတော့ပါဘူး။ ကိုယ်နဲ့ ရန်ငြှိုးရန်စမရှိတဲ့လူကိုတောင် ဆင်တူရာ လိုက်သ-တ်ပါတယ်။


◾နောက်တစ်ချက်က Transference ပဲ။ Transference ကို နားလည်အောင်ပြောရရင် ကိုယ့်ကို လုပ်သွားတဲ့သူက တစ်ယောက်၊ ကိုယ်ပြန်လုပ်သွားတဲ့သူက တစ်ယောက်။ အဲဒီမှာ ကိုယ်ပြန်လုပ် (ပြန်သ-တ်တဲ့သူ)က ကိုယ့်ကိုလုပ်သွားတဲ့သူနဲ့ ပုံစံချင်း သွားဆင်နေတာမျိုးတွေ ဖြစ်နေတာပဲ။


ဆိုပါစို့၊ ကိုယ့်ကို အသည်းခွဲသွားတဲ့ ကောင်မလေးပုံစံက အသားဖြူဖြူ အရပ်မြင့်မြင့် ဆံပင်ရှည်ရှည်။ ဒါကိုပဲ ကိုယ်က အသားဖြူဖြူ.. အရပ်မြင့်မြင့်.. ဆံပင်ရှည်တဲ့မိန်းမတွေ မြင်ရင် ရွံတယ်။ သ-တ်ပစ်ချင်လောက်အောင် မုန်းတယ်ဆိုတာမျိုး။ တကယ်တမ်း ကိုယ်မုန်းနေတဲ့လူက ကိုယ်နဲ့ ဘာရန်ငြှိုးရန်စမှ ရှိမနေဘူး။


နောက်ထပ် အဖေက အမေ့ကို လက်ပါလို့ ယောက်ျားယူဖို့၊ ယောက်ျားဆို ဘယ်ယောက်ျားမှမကောင်းဘူးလို့ မြင်ကြတဲ့ အမျိုးသမီးတွေ၊ မုဒိ-မ်းကောင်ကြောင့် မလိုချင်ဘဲ ရခဲ့တဲ့ကိုယ်ဝန်ကို မွေး.. ပြီးရင် ကလေးက မုဒိ-မ်းကောင်နဲ့ တူနေတာ မြင်တိုင်း ကလေးကို အမုန်းတရားနဲ့ ပြောဆိုတဲ့မိခင်၊ ဒါတွေဟာ Transference တွေရဲ့ သဘောထဲမှာ ပါပါတယ်။


🔳

ဒီနေရာမှာ အများစု မေးခွန်းထုတ်ကြတာက ဘာလဲဆိုရင် အသက်မပြည့်သေးတဲ့ ကလေးတစ်ယောက်အနေနဲ့ ဒါမျိုးလုပ်နိုင်လားဆိုတာပါ။ အဖြေကတော့.. လုပ်နိုင်ပါတယ်။


◾၁၉၉၃ ခုနှစ်၊ အင်္ဂလိပ်နိုင်ငံမှာ ဖြစ်ခဲ့တဲ့ အသက် ၁၀ သာ ရှိသေးတဲ့ ကလေးနှစ်ယောက်က အသက် ၃ နှစ်ပဲ ရှိတဲ့ ကလေးကို သ-တ်တဲ့အမှု။ ဒီအကြောင်းကို Murder of Innocence ခေါင်းစဉ်နဲ့ Google မှာ သွားဖတ်လို့ရတယ်။


◾၂၀၀၂ ခုနှစ်၊ ဂျာမဏီနိုင်ငံမှာ ကိုယ့်ရဲ့ မိသားစုဝင် ၅ ယောက်ကို ေ-သနတ်နဲ့ ရှော့ပစ်ခဲ့တဲ့အမှု၊ တရားခံကြည့်တော့ အသက် ၁၆ နှစ်ပဲ ရှိသေးတယ်။ ဒီအ​ကြောင်းကိုလဲ Germany family murder 2002 teenager (Keyword) နဲ့ ရှာဖတ်လို့ ရပါတယ်။


◾၂၀၂၄ ခုနှစ်၊ တောင်ကိုးရီးယားနိုင်ငံမှာ ဖြစ်ခဲ့တဲ့ အမှု၊ ကောင်လေးက ဆယ်ကျော်သက် ၁၇ နှစ်၊ အသ-တ်ခံရတဲ့သူက အတန်းဖော်။ ဒီသတင်းကို Comment မှာ ချထားပါတယ်။


ပြောချင်တာကတော့ ကလေးတွေဟာလဲ ကျူးလွန်နိုင်ပါတယ်။ Percentage တော့ နည်းတာပေါ့။ FBI စာတမ်းတွေအရ လူသ-တ်မှုတွေရဲ့ ၇ % လောက်က ကလေးတွေ ဖြစ်နိုင်တယ်လို့ဆိုပါတယ်။ ဆိုတော့ ဒါကို ကြည့်ခြင်းဖြင့် ကလေးပဲ၊ ဒါမျိုးတော့ မလုပ်လောက်ဘူးလို့ ထင်လို့မရပါဘူး။


ဆယ်ကျော်သက် ကလေးတွေက လူကြီးတွေထက် ပုံတူကူးယူမှုအပိုင်းမှာ ပိုမြန်သလို၊ ပိုသွက်ပါတယ်။ အများစု ကွင်းဆက်လူသ-တ်သမားတွေဟာ ကြီးမှ ကျူးလွန်ကြတာထက် ငယ်ငယ်ကတည်းက လက်ဇလက်နတွေ ရှိနေတာ အများကြီးတွေ့ရတယ်။


📌 Ratsasan ဆိုတဲ့ အိန္ဒိယဖြစ်ရပ်မှန်ဇာတ်ကားကို သွားကြည့်ကြည့်ပါ။ ကွင်းဆက်လူသ-တ်သမားက လူကြီးဆိုပေမဲ့ သူငယ်ငယ်ကတည်းက မိန်းမတွေကို မုန်းတီးနေတဲ့လူ၊ အသက်ငယ်ငယ်နဲ့ မိန်းကလေးတွေမြင်ရင် သ-တ်ပစ်ချင်တဲ့စိတ်က သူ့ကိုယ်ထဲ စီးဆင်းနေတယ်။ စိတ်ဝင်စားဖို့လဲ ကောင်းသလို တစိမ့်စိမ့် ကျောချမ်းဖို့လဲကောင်းတယ်။


🔳

ဒါဆို ဒီလို လူသ-တ်မှုတွေကို လျော့လာအောင် ဘယ်လို ပူးပေါင်းဆောင်ရွက်မလဲ။ ပပျောက်သွားအောင် လုပ်ဖို့ဆိုတာ အဖက်ဖက်က ပြည့်စုံနေရမှာမို့ အတတ်နိုင်ဆုံး လျော့ကျအောင်ပဲ အရင်လုပ်ရမှာပါ။


ဖြစ်နိုင်ရင် အနိဋ္ဌာရုံဖြစ်စေတဲ့ ဇာတ်ကား၊ ဝတ္ထု၊ ဓာတ်ပုံတွေကို မကြည့်တာပိုကောင်းပါတယ်။ Psychopath ကို အသားပေးရိုက်တဲ့ဇာတ်ကား၊ ပုံဖော်ထားတဲ့ ဝတ္ထုတွေရဲ့ ရည်ရွယ်ချက်က လူ့စိတ်အမှောင်ခြမ်းကို နားလည်အောင် ချပြဖို့ပါ။ မကြည့်တတ်ဘူးဆိုရင်.. အတုခိုးတတ်ပါတယ်။ လုံးဝ မကြည့်ရဘူးလို့တော့ မပိတ်ပင် မတားမြစ်ချင်ဘူး။


ကြည့်တဲ့သူက အသက်မပြည့်သေးတဲ့သူဆိုရင် အန္တရာယ် အင်မတန်များပါတယ်။ အဲဒါထက်ဆိုးတာက ဇာတ်လမ်းမှာပါတဲ့ ဇာတ်ဝင်ခန်း၊ ဇာတ်ကားထဲက လူသ-တ်သမားတွေရဲ့ပုံစံ၊ လူသ-တ် အ-လောင်းဖျောက်တဲ့ပုံစံအတိုင်းကို လိုက်လုပ်ခဲ့တဲ့ဖြစ်ရပ်တွေ၊ မှုခင်းတွေ အများအပြားတွေ့ရပါတယ်။


◾မိဘတွေအနေနဲ့ ကိုယ့်ကလေး Bully လုပ်တာမျိုး၊ ဒါမှမဟုတ် Bully လုပ်တာခံရတာမျိုးဆိုရင်.. သတိထားပြီး ဆုံးမပြောပြဖို့ လိုပါတယ်။ ကလေးပဲ ဒါမျိုးမလုပ်လောက်ဘူးဆိုတာမျိုး မတွေးစေချင်သလို၊ အလိုလိုက်ထားတာ၊ အတင်းအကျပ် ဖိနှိပ်ချုပ်ခြယ်တာမျိုးတွေက လွဲမှားနေတဲ့ ဆုံးမနည်းတွေပဲ ဖြစ်ပါတယ်။ ဒီလောက်ဆို လူသ-တ်ရတဲ့အကြောင်းအရင်းရဲ့ အခြေခံသဘောတရားကို သိရှိလောက်မယ် ထင်ပါတယ်။ ဖြစ်နိုင်ရင် ဒီဆောင်းပါးကို လက်ဆင့်ကမ်းမျှဝေပေးဖို့ တိုက်တွန်းပါတယ်.. ခင်ဗျား။


ဘုန်းမောင်ဦး

အောက်တိုဘာ ၉၊ ၂၀၂၅။


Ref;

1. Inside Criminal Mind by Stanton E. Samenow

2. The Psychology of Murder | Psychology Today

3. Understanding the mind of a serial killer

4. Transference: What It Means and How It Affects Therapy

5. Orbitofrontal cortex: definition, structure and function | Kenhub

6. Characteristics of family killers revealed by first classification study | Birmingham City University

7. နိုင်ငံကျော်မှုခင်းဇာတ်လမ်းများနှင့် ထောင်တွင်းဖြစ်ရပ်မှန် ဇာတ်လမ်းများ | ဆရာ လင်းမြတ်တေဇ

၈. မှုခင်းနှင့် လျှို့ဝှက်သည်းဖို (ဘာသာပြန်ဝတ္ထုတိုများ) | ဆရာ မောင်ခေတ်ထွန်း

၉. The murder of innocence | James Bulger murder | The Guardian


Disclaimer

This article is for educational purposes only, sharing information about homicide and psychopathic killers. It is not intended to harm or target any specific individual. Therefore, even if some keywords may seem to conflict with Facebook's policies, I request that it not be banned.


***ဆရာ ဘုန်းမောင်ဦး၏ စာမျက်နှာမှကူးယူဖော်ပြသည်။


Thursday, August 21, 2025

ကျွန်တော်နှင့် အလှူခံများ

🔹ကျွန်တော်နှင့် အလှူခံများ🔹




         ကျွန်တော့်သဘာဝက အလှူအတန်းလုပ်ရတာကို စိတ်မပါတတ်သော်လည်း သူများတကာအတွက် ကိုယ်တတ်နိုင်တာလေးတွေနှင့် ကူညီပေးရတာကိုတော့ စိတ်ဝင် စားသည်။ တစ်ခါတလေတော့ ကူညီရမည့်ကိစ္စအတွက် ကိုယ်မတတ်နိုင်သော်လည်း တတ်နိုင်သူကိုရှာပြီး အကူအညီတောင်းကာ အလှူ့လက်ဖက်နှင့် မျက်နှာလုပ်တာမျိုး မဟုတ်သော ကူညီပေးမိတာတချို့ရှိတတ်သည်။ အကြိမ်အရေအတွက်က မများလှသော် လည်း တစ်ဖက်သား၏ ဒုက္ခအတန်အသင့်ပြေလည်သွားသည်ဆိုလျှင် ရင်ထဲမှာ ပီတိဖြစ် ရသည်။ လူတစ်ဦးတစ်ယောက်၏ ဒုက္ခတချို့၊ အခက်အခဲတချို့ ပြေလည်သွားအောင် ကူညီဖြေရှင်းပေးလိုက်ရသောကြောင့် ရလာသော စိတ်ကျေနပ်ပီတိဖြစ်မှု၏ ရသကို ကြုံဖူး သူများသာ နားလည်ခံစားနိုင်မည် ထင်ပါသည်။ လူတစ်ဦးမှ လူတချို့အထိ၊ လူတချို့မှ လူ့အဖွဲ့အစည်းတစ်ခုအထိ တစ်ဆင့်ချင်းတစ်ဆင့်ချင်း တက်လှမ်းကာ အခက်အခဲဒုက္ခ တွေကို ပြေလည်သွားအောင် ဖြေရှင်းနိုင်စွမ်းရှိလျှင် ဘယ်လောက် ကောင်းလိုက်လေမလဲ ဟုလည်း တောင့်တစိတ်ဖြင့် ဘဝ၏ အာသာရမ္မက်ကို တပ်မက်မိတတ်ပါသေးသည်။

        ကျွန်တော် ကျောင်းသားဘဝတုန်းက နုနယ်သောစိတ်သဘောထားဖြင့် မသိမ်မွေ့ သောအမြင်အချို့ကို ဆုပ်ကိုင်ခဲ့ဖူးပါသည်။ ထိုအထဲမှ တစ်ခုမှာ ဒုက္ခိတတချို့မှ လွဲ၍ တောင်းစားသူတွေကို မပေးတတ် မကမ်းတတ်ခြင်း၊ ပေးဖို့ကမ်းဖို့ သဘောထားမရှိခြင်းပင် ဖြစ်ပါသည်။

       ၁၉၈ဝ ဝန်းကျင် နှစ်ကာလတွေတုန်းက ရန်ကုန်မြို့ပလက်ဖောင်းတွေပေါ်မှာ ထိုင်ပြီးတောင်းစားနေကြသော သူတောင်းစားတွေရှိခဲ့ဖူးသည်။ တချို့က လက်မှာ ပတ်တီးတွေစည်းပြီးတောင်းနေသော သူတောင်းစားတွေဖြစ်သည်။ တချို့က မွေးကင်းစ ကလေးလေးကို ပွေ့ချီထားပြီး တောင်းစားနေကြသူတွေဖြစ်သည်။ တချို့က သက်ကြီး ရွယ်အိုတွေဖြစ်သည်။ သားထောက်သမီးခံ စောင့်ရှောက်သူ မရှိခြင်းကြောင့် ဖြစ်ပုံရသည်။ တချို့ကတော့ အဲဒီတုန်းက လဟာပြင်ဈေးထဲမှ စားသောက်ဆိုင်များတွင် စားကြွင်း စားကျန်များကို လိုက်တောင်းစားကြသူများဖြစ်သည်။ တောင်းစားသူများထဲတွင် ဝါးဆစ် ဘူးများကို ပလက်ဖောင်းပေါ် ဆောင့်တီးပြီးထွက်လာသော ဗုံသံဖြင့် သီချင်းဆိုတောင်းသူ များလည်းပါသည်။ သူတို့ အဖွဲ့တွင် မယ်ဒလင်တွေ၊ ဂီတာတွေပါ ပါတတ်ပြီး အဆိုကောင်း၊ အတီးကောင်းသူတွေဟု ကျွန်တော်ထင်သည်။ သူတို့ကတော့ တီးမှုတ်သီဆိုပြီး တောင်း သူတွေဖြစ်သောကြောင့် သူတောင်းစားဟုပင် မသတ်မှတ်ဘဲ အလှူခံစားသူများဟုပင် ကျွန်တော်က သတ်မှတ်သည်။ သူတို့တတ်သောပညာဖြင့် ဝမ်းစာရှာသူများဟုလည်း ယူဆ သည်။ တချို့ ကျွန်တော့်သတ်မှတ်ယူဆချက်ကို သဘောတူချင်မှ တူပါလိမ့်မည်။ အသား လွတ်ထိုင်တောင်းသော၊ လိုက်တောင်းသော သူတောင်းစားများကို ပိုက်ဆံပေး(ထည့်)ဖို့ စိတ်ကူးမပေါ်ခဲ့သော်လည်း သိက္ခာရှိရှိ သီချင်းဆိုပြီး တီးပြီး အလှူခံစားကြသော ထို တီးဝိုင်းအဖွဲ့မျိုးတွေ့လျှင်တော့ အဲဒီအနားမှာ ထိုင်နားထောင်ပြီး အလှူငွေထည့်တတ် ပါသည်။ ထိုသူမျိုးတွေကို ကျွန်တော်က ကိုယ့်လုပ်အားကို အရင်းအနှီးပြုပြီး ပိုက်ဆံရှာသူ တွေဟုလည်း ထင်မှတ်ထားသောကြောင့် သူတို့အတွက် ကူညီလှူဒါန်းခြင်းဖြစ်သည်။ ကိုယ့်လုပ်အား၊ ကိုယ့်ပညာကိုရင်းပြီး ရိုးရိုးသားသားလုပ်ကိုင်စားသောက်ကြသူတိုင်း အပေါ် လေးစားတန်ဖိုးထား စိတ်ရှိသောကြောင့်လည်း ဤသို့ အလှူငွေထည့်ခဲ့ခြင်း ဖြစ်ပုံ ရပါသည်။ နောက်တစ်ခုကတော့ သူတို့တီးဝိုင်းမှ တီးသံဆိုသံက ကိုယ့်ရင်ထဲမှာ ကျေနပ် နှစ်သက်မှု အတိုင်းအတာတစ်ခုအထိ ရစေနိုင်ခဲ့သောကြောင့်လည်း ဖြစ်နိုင်ပါသည်။ အဲဒီ အသက်အရွယ်တုန်းက လောကကြီးကိုလှမ်းကြည့်ပြီး သတ်မှတ်လက်ခံထားသော အမြင် တချို့သည် စာအုပ်တွေထဲက သဘောတရား အတုံးလိုက်အတစ်လိုက်ကို ကျေညက် အောင်မချေဘဲ မျိုချထားခဲ့ရာမှ ထွက်လာသည့် မသိမ်မွေ့၊ မပျော့ပျောင်းသော အမြင်မျိုး ဖြစ်သည်ဟု ထင်ပါသည်။ အမြင်မရှင်းဘဲ ဝိုးတိုးဝါးတား စဉ်းစားတွေးမြင်မိတာကို ကိုးလိုး ကန့်လန့် သတ်မှတ်လက်ခံလိုက်တာမျိုးလည်း ပါနိုင်ပါသေးသည်။ အတွေ့အကြုံ နုနယ် သေးသောအရွယ်တွင် စာအုပ်ထဲကအမြင်ကို ကိုယ့်အတွေ့အကြုံသေးသေးကလေးဖြင့် ထင်သလို ဘာသာပြန်လက်ခံခဲ့တာတချို့လည်း ပါနိုင်ပါသည်။ သို့သော် ကိုယ်ယုံကြည် ခဲ့သော လောကနှင့် ဘဝဆိုင်ရာ ဒဿနကတော့ မှားယွင်းခဲ့ခြင်းမရှိပါဟု ယခုအချိန်အထိ အခိုင်အမာသတ်မှတ်ထားတုန်း ဖြစ်ပါသည်။

         ကျွန်တော် ဆယ်တန်းအောင်သည့်နှစ် ကာလဝန်းကျင်တွေတုန်းက မြန်မာ့ လူ့အဖွဲ့ အစည်းထဲတွင် 'အောက်ဆိုက်' ဆိုသောစကားနှင့် 'အကြံအဖန်' ဆိုသော စကားသည် ယဉ်ကျေးမှုတစ်ခုအဖြစ် အမြစ်တွယ်စပြုနေသောအချိန်ဖြစ်သည်။ အလုပ်တစ်ခုခု ဝင်လုပ်တော့မည်လူငယ်ကို သူ့ထက်ကြီးသူ သို့မဟုတ် သူနှင့်ရွယ်တူ သူငယ်ချင်း မိတ်ဆွေတွေက 'အဲဒီအလုပ်မှာ အောက်ဆိုက်ရှာလို့ရလား၊ အကြံအဖန်လုပ်လို့ရလား'ဟု မေးတတ်ကြသည်။ ဤစကားမျိုးပြောခြင်းနှင့် ဤအလုပ်မျိုးလုပ်ခြင်းသည် ကိုယ်ကျင့် တရားဆိုင်ရာ ပြစ်မှုတစ်ခုခုကို ကျူးလွန်ခြင်းဟု လူအတော်များများက သတိမပြုမိကြ တော့သောအချိန်လည်းဖြစ်သည်။ အဲဒီနှစ်ကာလတွေအတွင်းမှာ ကျွန်တော် ဆယ်တန်း အောင်ပြီး အုပ်ချုပ်ရေးရုံးတစ်ရုံးမှာ အောက်တန်းစာရေးဝင်လုပ်ဖြစ်သည်။ ကျွန်တော့် ရုံးတွင် တာဝန်ယူရသည်ကတော့ လျှောက်လွှာများရေးပေးခြင်းနှင့် ထောက်ခံစာများ ရေး ပေးခြင်းတို့ အပါအဝင် ဆက်စပ်နေသော တခြားတာဝန်တွေလည်း ပါသည်။ ရေးတတ်ရင် ဝတ္ထုဖြစ်တယ်ဟူသော စကားလိုပင် ဖန်တတ်လျှင် ပိုက်ဆံဖြစ်တယ်ဟု ပြော၍ရသော နေရာဖြစ်သည်။

         အဲဒီအလုပ်ထဲကိုဝင်တော့ ကျွန်တော်က ဒေသကောလိပ် ပထမနှစ်တက်နေတုန်း ကာလဖြစ်သည်။ ကျွန်တော် ပေါင်းသင်းနေသော မိတ်ဆွေတွေ၊ သူငယ်ချင်းတွေက စာဖတ်သူတွေ ဖြစ်သည်။ ကျွန်တော်ကလည်း စာဖတ်ဝါ သနာစွဲနေသူဖြစ်သည်။ သူတို့နှင့် ကျွန်တော် ပေါင်းမိသောအခါတွင် စာထဲကဗျာထဲသာ အာရုံရောက်သွားပြီး ကိုယ့် အလုပ် တာဝန် ကျေပွန်ဖို့ကလွဲ၍ ဘာကိုမှ စိတ်မဝင်စားဖြစ်တော့ပါ။ ဤအခြေအနေဟောင်းကို အခုနေမှာ ပြန်စဉ်းစားကြည့်သောအခါတွင် မိမိကိုယ်မိမိ ကျေနပ်စိတ်ဖြစ်မိပြီး အကြံအဖန် ရေစီးထဲမျောကာ အတန်အသင့်အဆင်ပြေ မည့်လမ်းမှ အလှမ်းကွာခဲ့၍လည်း နောင်တ မရခဲ့ဖူးပါ။ သို့သော် အဆင်မပြေသော ဘဝခရီးမှာတော့ မပြေလည်ပြီးရင်း မပြေလည်ရင်း နှင့် အဲဒီကာလမှာ လုံးလည်ချာလည် လိုက်ခဲ့ရတာကိုတော့ မှတ်မှတ်ရရ ရှိနေပါသေးသည်။

         အဲဒီကာလတုန်းမှာပဲ သူငယ်ချင်းတစ်ယောက်က ကျွန်တော်နေသော မြို့နယ်မှ တခြားမြို့နယ်တစ်ခုသို့ အိမ်ပြောင်းသွားသဖြင့် သန်းခေါင်စာရင်းပြောင်း ရွှေ့ရေးအတွက် အကူအညီတောင်းလာသည်။ သူ့ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့၏ ထောက်ခံချက်များ ယူလာပြီး ပြောခြင်းဖြစ်သည်။ ကျွန်တော်ကလည်း သူ့ကိစ္စနှင့်သက်ဆိုင်သည့် မြို့နယ်ရုံး သို့သွားပြီး အဲဒီရုံးမှ ရပ်ကွက်စုမှူးဆိုသူ၏စားပွဲသို့ သွားတင်သည်။ သူက စာရွက်စာတမ်း ပြည့်စုံမှုရှိ၊ မရှိ ကြည့်ပြီး ကျွန်တော့်ကို ရက်ခွာချိန်းလိုက်သည်။ သူချိန်းလိုက်သော ရက်သည် တကယ်လည်း ကြာနိုင်သည်ကို အလုပ်သဘောအရ သဘောပေါက်သဖြင့် ကျွန်တော်ပြန်လာခဲ့သည်။ ချိန်းထားသည့် ရက်သို့ရောက်သောအခါ မြို့နယ်ရုံးသို့ရောက် သွားပြီး ပြောင်းရွှေ့မည့်သူ၏ လျှောက်လွှာပါနာမည်ကို ပြောပြသည်။ သူက သူ့စားပွဲမှ အံဆွဲကို ဆွဲထုတ်ကြည့်ပြီးတော့ ကျွန်တော့်ကို တစ်နာရီလောက် အချိန်ခွာပြီး ထပ်ချိန်း သည်။ ကျွန်တော်က ခေါင်းညိတ်ပြုံးပြပြီး သူ့စားပွဲမှ လှည့်ထွက်လာခဲ့သည်။ ချိန်းထား သည့်အချိန်တွင် ထိုရုံးထဲသို့ ပြန်ဝင်သွားသည့်အခါ စားပွဲတိုင်းတွင် တာဝန်ခံဝန်ထမ်းတွေ အားလုံး ရှိနေကြချိန်ဖြစ်သည်။ ကျွန်တော့်အားချိန်းထားသည့်ပုဂ္ဂိုလ်၏ စားပွဲရှေ့တွင် ရပ်လိုက်သောအခါ ထိုပုဂ္ဂိုလ်က ဒီနေ့ မရနိုင်သေးကြောင်းပြောသည်။ ကျွန်တော့်စိတ်ထဲ တွင် ဖျဉ်းခနဲ ဒေါသစိတ်က ကြွလာသည်။ သူက သူ့ဘက်... အလုပ်သဘောအရ ကြာ မည့်အချိန်ကို ရက်ခွာချိန်းပြီးသား၊ အပိုရက်ပင်လျှင် ထပ်ဆောင်းပြီးချိန်းထားခဲ့မှန်း ကျွန်တော် သိနေတာကြောင့်လည်း ဒေါသစိတ်ပေါ်လာခဲ့ရတာဖြစ်သည်။ အဲဒီအချိန်မှာပဲ ကျွန်တော့်နောက်ဘက်ဆီမှ ကျွန်တော့်နာမည်ခေါ်သံ ကြားရသည်။ ကျွန်တော်လှည့် ကြည့်လိုက်တော့ အလုပ်သဘောအရရော၊ လူပုဂ္ဂိုလ်အရပါ ရင်းနှီးနေသူဖြစ်မှန်း သိလိုက် သည်။ သူကလည်း ရပ်ကွက်စုမှူးတစ်ဦးဖြစ်သည်။ ဘာလာလုပ်တာလဲဟု မေးတော့ ကျွန်တော်က သူငယ်ချင်း အကူအညီတောင်းထားသည့်ကိစ္စကို လာလုပ်တာပါဟု ဖြေ သည်။ ရပြီလားဟုမေးတော့ ကျွန်တော်က ထပ်ချိန်းနေသည့်အကြောင်း ပြောပြသည်။ ထိုအခါတွင် နှုတ်ဆက်သူ ကျွန်တော့်မိတ်ဆွေကြီးက ကျွန်တော့်လျှောက်လွှာကို တာဝန်ခံ ဆောင်ရွက်ပေးနေသူအား.....

        'သူက... ရပ်ကွက်ရုံးက စာရေးလေ၊ ကိုနောင်ကျော်တဲ့။ သူ့ရပ်ကွက်ကို အလုပ် ကိစ္စနဲ့သွားရတဲ့အခါမျိုးမှာ ရမ်းအကူအညီပေးတာဗျ။ လုပ်ငန်းကိစ္စရော၊ စားရေးသောက် ရေးပါ လိုလေသေးမရှိအောင် ကူညီပေးတဲ့သူဗျ'

 ဟု ပြောသည်။ ဒီတော့မှ ထိုပုဂ္ဂိုလ်က ပြုံးပြီး...

        'ခင်ဗျားက ရပ်ကွက်စာရေးဆိုတာ အစကတည်းက ပြောဖို့ကောင်းတာပေါ့' 

        ဟုပြောပြီး သူ့အံဆွဲကို ဆွဲထုတ်ကာ ပြောင်းရွှေ့ခွင့်စာရွက်တွေကို ကျွန်တော့်ဆီ ပေးသည်။ အဲဒီတုန်းကတော့ ဘယ်သူ့ဆီကမှ တောင်းယူဖို့ ဆန္ဒမရှိသလို ဘယ်သူ့ကိုမှ လည်း ပေးကမ်းဖို့ သဘောထားမရှိသော စိတ်အခိုင်အမာ ဖြစ်နေသောကာလမို့ မူအတိုင်း အတိအကျ လိုက်နာကျင့်သုံးခဲ့သည်ကို ဂုဏ်ယူစိတ်ဖြင့် ကျေနပ်ခဲ့ဖူးပါသည်။

          အချိန်တွေရွေ့လျားရာနောက်တွင် အသက်လည်း တဖြည်းဖြည်း ကြီးလာသည်။ အလုပ်သစ်တစ်ခုပြောင်း သည်။ အတွေ့အကြုံတွေ ပိုရလာသည်။ ဘဝတွင် လုပ်ချင်တာ လုပ်ဖို့အတွက် မလုပ်ချင်တာတချို့ကို လုပ်ရတတ်သည့်သဘောကို သိလာခဲ့သည်။ ဖြစ်ချင် တာဖြစ်ဖို့ ကြိုးစားနေချိန်တွင် မဖြစ်ချင်တာတွေ ဖြစ်လာတတ်တာကိုလည်း ကြုံခဲ့ရသည်။ ရည်မှန်းချက်ကို ခိုင်ခိုင်မာမာစိုက်ထူပြီး လက်တွေ့လုပ်ကိုင်ဆောင်ရွက်မှု နည်းလမ်း တွေကို အခြေအနေ အချိန်အခါပေါ် မူတည်ပြီး အရွှေ့အပြောင်းလုပ်ရတတ်သည့် အနေ အထားကိုလည်း သဘောပေါက်ခဲ့သည်။ ကျယ်ဝန်းလွတ်လပ်သောလွင်ပြင်နှင့် ကျဉ်းကျပ် သော တံတိုင်းတွေ၏ သဘာဝကိုလည်း ကြုံတွေ့ခံစားခဲ့သည်။ ရယ်မောရင်း မျက်ရည်ဝဲ ရသော၊ ငိုချင်စိတ်ပေါ်လာချိန်မှာ ဟားတိုက်ရယ်မောပစ်လိုက်ရသော ဘဝအကွေ့တွေ ကြားတွင် အတိတ်လွမ်းစိတ်တွေချည်း ဖိစီးထားသော ပစ္စုပ္ပန်ကာလရှည်ကြီးကပဲ တံတား တစ်စင်းဖြစ်နေတာကိုလည်း ဖြတ်လျှောက်လိုက်ဖူးသည်။ အံကြိတ်ထားသောစိတ်၏ ရောင်ပြန်ဟပ်မှုကြောင့် မျက်နှာထားတင်းမာနေတာမျိုးတွေကို မြင်ခဲ့၊ ကြုံခဲ့ရသည်။ အတွေ့အကြုံ အဖုံဖုံကြောင့် စဉ်းစားကြည့်မြင်ပုံတွေက အတန်အသင့် ရွေ့လျားသွား သည်။ ပြန်ငဲ့ကြည့်လိုက်သောအခါတွင် ငယ်ရွယ်နုနယ်သော ကျောင်းသားဘဝ ဝန်းကျင် ကာလမျိုးက စဉ်းစားဆောင်ရွက်ပုံနှင့် အတော်ကြီးကွာခြားနေတာတွေ အတော်များများ ကို မြင်လိုက်ရသည်။ အနာဂတ်ဘဝ ရည်မှန်းချက်ပန်းတိုင်ကတော့ ယိုင်လဲမသွားခဲ့ပါ။ ယုံကြည်မှုမျက်နှာစာကလည်း အိုမင်းရင့်ရော်သွားခဲ့တာမျိုး မဖြစ်ခဲ့ပါ။ အသက်အရွယ်နှင့် အတွေ့အကြုံတွေက လောကသဘာဝနှင့် သဘောထားပုံထားနည်းတွေကို နားလည် ခွင့်ပိုရစေခဲ့သည်ဟု ထင်သည်။ ဘဝမှာ လိုချင်တာတွေအတွက် ပေးရတာမျိုး၊ မလိုချင် တာတွေအတွက် ပေးရတာမျိုးတွေရှိတာကိုပါ သိနားလည်လာခဲ့သည်။ ယုံကြည်ရည်မှန်း ချက်အတွက် ချစ်သူကို စွန့်လွှတ်ပေးဆပ်ရသော ဇာတ်လမ်းဇာတ်ကွက်တွေကို ဖတ်ရ၊ ကြားရ၊ ကြည့်ရသောအခါမျိုးတွင် ရင်ခုန်သံတို့က ဒီရေလှိုင်းလို ဝုန်းဒိုင်းရိုက်ခတ်ကြပြီး မုန်တိုင်းငြိမ်ကျသွားသော ရင်ဘတ်က အရာရာကို တည်ငြိမ်သိမ်မွေ့စွာ စီးဆင်းစေပြန်ပါတော့သည်။

          အခုတော့လည်း ကျွန်တော့သဘာဝက ငယ်ငယ်တုန်းကလို အလှူအတန်း လုပ်ရ တာ စိတ်မပါသောခံစားမှုမျိုးတွေက ပြင်းပြင်းထန်ထန် မရှိတော့တာ သေချာနေပါပြီ။ အများတကာအတွက် ကိုယ်တတ်နိုင်တာလေးတွေနှင့် အကူအညီပေးရတာကိုတော့ အခု အထိ စိတ်ဝင်စားနေတုန်းဖြစ်သည်။ နောင်ဘဝအတွက် ရည်စူးပြီး အလှူအတန်းလုပ်ကာ ကောင်းမှုကုသိုလ်ပြုခြင်းမျိုး မဟုတ်သော်လည်း ပစ္စုပ္ပန်ဘဝကောင်းမှုအတွက် ရည်ရွယ် ကာ လှူဒါန်းပေးကမ်းခြင်းမျိုးတွေလုပ်ဖို့ လိုအပ်ကြောင်း အတွေ့အကြုံတွေမှ သင်ကြား ချက်တွေကို လက်ခံတတ်လာခဲ့ပါပြီ။ လှူဒါန်းပေးကမ်းခြင်းကြောင့် လူတချို့၏ စိတ်ဓာတ် ပျက်စီးမှုကို အားပေးကူညီရာရောက်သည်ဟူသော အမြင်မျိုးကိုလည်း ကာလဒေသ အခြေအနေပေါ် မူတည်ပြီး ပျော့ပျောင်းစွာ သဘောထားကျင့်သုံး ရကောင်းမှန်းလည်း သိလာခဲ့ပါပြီ။

        နှမ်းတစ်လုံးနှင့် ဆီမဖြစ်တာကို နားလည်ထားသော်လည်း ဆီဖြစ်လာနိုင်သော နှမ်းစေ့ကလေးတွေက ဟိုနားဒီနားမှာ ပြန့်ကျဲစွာရှိနေတာကိုလည်း ကြည့်တတ်မြင် တတ်ခဲ့သည်။ 'ပေးကမ်းခြင်းသည် အောင်မြင်ရာ'ဟူသော စကားမျိုးကို နားလည်ခဲ့သလို လှူဒါန်းခြင်းသည်လည်း အခက်အခဲကို အဆင်ပြေစေတတ်သည့် သဘောကိုလည်း သိတတ်နားလည်တတ်ခဲ့သည်။ လှူဒါန်းပေးကမ်းခြင်းသည် နှစ်ဦးနှစ်ဖက်စလုံးအတွက် ကောင်းမှုဖြစ်စေတတ်တာကိုလည်း မြင်တတ်၊ လက်ခံရကောင်းမှန်း သိတတ်ခဲ့သည်။ ကျွန်တော့်အမြင် အယူအဆတွေ ပြောင်းလဲ ပျက်စီးသွားခဲ့ပြီလားဟုလည်း ကိုယ့်ဘာသာ ကိုယ် မေးခွန်းထုတ်ရလွန်းသဖြင့် မေးခွန်းတွေအောက်မှာ ပိနေခဲ့ရဖူးပါသည်။

         လွန်ခဲ့သော သုံးလေးနှစ်လောက်တုန်းက ရန်ကုန်ဆေးရုံကြီးနားက ပလက်ဖောင်း တစ်ခုပေါ်မှာ လူကြီးတစ်ယောက်၊ ကလေးတစ်ယောက်က အဝတ်အစားခပ်နွမ်းနွမ်းနှင့်။ ဆွဲခြင်းတစ်ခြင်း၊ ရေပုလင်းလွတ် နှစ်လုံးသုံးလုံး၊ ထမင်းချိုင့်တစ်လုံး၊ အဝတ်အစား ထည့်သော အိတ်က ခပ်အိုအိုနှင့် နေ့ခင်းအချိန် နေပူထဲမှာ မတ်တတ်ရပ်နေကြသည်။ ကျွန်တော့်ကိုမြင်တော့ 'ဆေးရုံကဆင်းလာတာပါ။ ရွာပြန်ဖို့ စရိတ်မရှိလို့ အကူအညီ ပေးခဲ့ပါ' ဟု အောက်ကျို့သော အသံဖြင့်ပြောသည်။ သူတို့ဘေးမှာချထားသော ပစ္စည်း တွေနှင့် အဲဒီလူနှစ်ယောက်မျက်နှာကို ကြည့်ပြီးသောအခါ ကျွန်တော့် အိတ်ထဲမှ ပိုက်ဆံ နှစ်ရာတန်ကိုထုတ်ပြီး လူကြီးလက်ထဲသို့ တလေးတစားထည့်ကာ ဆက်ပြီးလမ်းလျှောက် လာခဲ့သည်။ လေးငါးဆယ်လှမ်းခန့် လှမ်းပြီးသောအခါ ကျွန်တော် ပြန်ငဲ့ကြည့်မိသည်။ သူတို့က မတ်တတ်ရပ်ပြီး နောက်တစ်ယောက်ယောက်ဆီမှာ အလှူခံဖို့ စောင့်နေကြပုံ ရသည်။ ကျွန်တော့်အိတ်ကပ်ထဲမှာ တစ်ထောင်လောက်ပဲ ကျန်တော့သည်။ နှစ်ရာတည်း ပေးခဲ့သည့်အတွက် ကျွန်တော့်စိတ်ထဲမှာ ကျေနပ်မှုမရှိခဲ့ပါ။ ဒါထက်လည်း ပိုပြီး လှူနိုင်သောအခြေအနေက ထိုနေ့မှာမရှိပါ။ သားအဖဖြစ်ပုံရသော ထိုနှစ်ယောက်လည်း ဘယ်အချိန်ကျမှ ရွာပြန်နိုင်လောက်သော လမ်းစရိတ်ရသွားကြသည်ကိုလည်း မသိပါ။ သူတို့အတွက် စိတ်မကောင်းဖြစ်မိခဲ့ ခြင်းကိုတော့ တစ်ခါတလေ အမှတ်ရတတ်ပါသည်။

        အသက်ခြောက်ဆယ်ကျော် ခုနစ်ဆယ်ဝန်းကျင် အဘိုးကြီးတွေ၊ အဘွား ကြီးတွေ အလှူခံနေကြတာကိုမြင်ရသောအခါ စိတ်မကောင်းဖြစ်တတ်ပါသည်။ သားသည် အမေ တချို့ ပိုက်ဆံတောင်းနေကြတာကို တွေ့ရသောအခါ ရင်နင့်မိတတ်ပါသည်။ လေးငါးနှစ် အရွယ် ကလေးလေးတွေ ပိုက်ဆံလိုက်တောင်းနေတတ်ကြတာကိုလည်း သတိပြုမိသော အခါ ရင်မောတတ်ပါသည်။ ရန်ကုန်မြို့ထဲက လမ်းမတွေပေါ်မှာ၊ လမ်းဘေးလက်ဖက် ရည်ဆိုင် ထိုင်ခုံတွေကြားမှာ၊ မီးပွိုင့်တွေနားမှာ၊ တစ်ခါတလေတော့လည်း ဝါးဆစ်ဗုံတီးပြီး သီချင်းဆိုရင်း အလှူခံနေသော မောင်နှမပုံစံမျိုး ကလေးသုံးယောက်လောက်၊ မယ်ဒလင်တီးပြီး သီချင်းဆိုကာ အလှူခံလေ့ရှိသော စာရွက်တွေလိုက်ဝေပြီး သူတို့ဒုက္ခ အတွက် ကူညီပေးဖို့ ဒုက္ခိတလင်မယား၊ လိုင်းကားတွေပေါ်မှာ ကွန်ပျူတာစာစီထားသော မေတ္တာရပ်ခံတောင်းပန်ပြီး အလှူခံသောကလေးငယ်များ၊ အလှူခံသော၊ တောင်းစားသော ပုံစံတွေက မျိုးစုံလှသည်။

          မဏ္ဍပ်ထိုးပြီး လော်စပီကာတပ်ကာ အလှူခံသည်။ ဟမ်းစပီကာနှင့်အော်ဟစ်ပြီး အလှူခံသည်။ အိုးစည်ဒိုးပတ်ဝိုင်းတွေနှင့် ကခုန်ပြီး အလှူခံသည်။ ရပ်ကွက်ထဲမှာ အိမ် ပေါက်စေ့လိုက်ပြီး ဖလားတွေ၊ မောင်းထောင်ခွက် (အလှူခံခွက်)တွေနှင့် အလှူခံသည်။ စားပွဲမှာထိုင်ပြီး မောက်စပီကာနှင့် ခပ်တည်တည် အလှူခံတာမျိုးလည်းရှိသည်။ လက် မှတ်ထိုးထားသောစာရွက်ကိုပေးပြီး အလှူခံတာတွေလည်း ကြုံရသည်။ ဘုရားပြင်ဖို့၊ ဘုရားတည်ဖို့၊ ကျောင်း ဆောက်ဖို့၊ ပွဲလုပ်ဖို့၊ လမ်းပြင်ဖို့၊ ဘဝပြင်ဖို့၊ ထမင်းစားဖို့၊ မသေဖို့ စသော အကြောင်းပေါင်းများစွာဖြင့် အလှူခံအရွယ်မျိုးစုံ၊ ဘဝမျိုးစုံ ရှိနေကြသည်။ တချို့ အလှူခံသူတွေအတွက် မလှူလျှင်လည်း ပြဿနာမရှိသော်လည်း တချို့အလှူခံတွေ အတွက်တော့ မလှူလျှင် ပြဿနာရှိနိုင်သည်။ အဲဒီပြဿနာက သူတို့ဘဝမှာလား၊ ကိုယ့် ဘဝဆီမှာလား စဉ်းစားရသေးသည်။

        အလှူအတန်း သို့မဟုတ် လှူဒါန်းပေးကမ်းခြင်းတွင် တစ်ဦးတစ်ဖက် တည်းအတွက် ကောင်းကျိုးဖြစ်စေခြင်းနှင့် နှစ်ဦးနှစ်ဖက် ကောင်းကျိုးဖြစ်စေခြင်းဟူ၍ ခွဲခြားကြည့်နိုင် လျှင် ရမည်ထင်သည်။ လှူဒါန်းပေးကမ်းသူတွေကတော့ ရှိနေဆဲဖြစ်သလို အလှူခံမျိုးစုံက လည်း ရှိနေဆဲဖြစ်သည်။ နောင်ဘဝ သံသရာကောင်းကျိုးအတွက် လှူကြသည်။ ပစ္စုပ္ပန် ကောင်းကျိုးအတွက် လှူရသည်။ အတိတ်အတွက်ရော လှူဒါန်းပေးကမ်းကြသူတွေပါ ရှိနေပါသေးလား။

         ကျွန်တော့်ကိုယ်ကျွန်တော် ပြန်စဉ်းစားကြည့်သည်။ အလှူခံသူလား၊ လှူဒါန်း ပေးကမ်းသူလား။ ဒါမှမဟုတ် နှစ်မျိုးစလုံး ဖြစ်နေတာလား။

        ဤစာတမ်းကို ဖတ်နေသူကိုယ်တိုင်လည်း လှူဒါန်းပေးကမ်းသူလား... အလှူခံ ပုဂ္ဂိုလ်လား... ဒါမှမဟုတ်...။

       ဘဝဆိုသည်မှာ မေးခွန်းတွေကို နည်းမျိုးစုံဖြင့် ဖြေကြားရသော၊ ဖြေရှင်းရသော ဖြစ်တည်မှုကာလတစ်ခုဟု ယူဆမိလိုက်ပါသည်။ 

နောင်ကျော်




****▪️ဝမ်းနည်းခြင်း▪️


       ပဉ္စမအကြိမ်မြောက် ရွှေအမြုတေစာပေဆုရ နိုင်ငံရေးအကျဉ်းသားဟောင်း စာရေးဆရာ နောင်ကျော် ရန်ကုန်မြို့ ဒေါပုံမြို့နယ်ရှိ နေအိမ်မှာ ဒီနေ့ နံနက်က ကွယ် လွန်သွားကြောင်း ကြားသိရပါတယ်။

      ဆရာနောင်ကျော်ဟာ ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလထုတ် စတိုင်သစ်မဂ္ဂဇင်းမှာ ဖော်ပြပါရှိခဲ့တဲ့ “ကျွန်တော်နှင့် အလှူခံများ” ရသစာတမ်းဖြင့် ရွှေအမြုတေစာပေဆု ရရှိခဲ့တာဖြစ်ပါတယ်။ 

      ဆရာနောင်ကျော် ကွယ်လွန်သွားခြင်းအတွက် ရွှေအသစ်ဒစ်ဂျစ်တယ်စာ မျက်နှာဝိုင်းတော်သားတွေက ဝမ်းနည်းရပါကြောင်း မှတ်တမ်းတင်ဖော်ပြလိုက်ပါတယ်။

      ဆရာ ရွှေအမြုတေစာပေဆုရခဲ့တဲ့ ရသစာတမ်းကို ဝမ်းနည်းမှတ်တမ်းနဲ့အတူ ဖော်ပြလိုက်ပါတယ်။

ဆရာ ငြိမ်းချမ်းရာအရပ်မှာ အနားယူပါ။


လေးစားစွာဖြင့်

ရွှေအသစ်ဝိုင်းတော်သားများ

Monday, August 18, 2025

နိုင်ငံသားစိစစ်ရေးကတ် ရှေ့နံပါတ်နှင့် အက္ခရာများ

 နိုင်ငံသားစိစစ်ရေးကတ် ရှေ့နံပါတ်နှင့် အက္ခရာများ




၁/ ဖြစ်လျှင် ကချင်ပြည်နယ်

၂/ဖြစ်လျှင် ကယားပြည်နယ်

၃/ဖြစ်လျှင် ကရင်ပြည်နယ်

၄/ဖြစ်လျှင် ချင်းပြည်နယ်

၅/ဖြစ်လျှင် စစ်ကိုင်းတိုင်းဒေသကြီး

၆/ဖြစ်လျှင် တနင်္သာရီတိုင်းဒေသကြီး

၇/ဖြစ်လျှင် ပဲခူးတိုင်းဒေသကြီး

၈/ဖြစ်လျှင် မကွေးတိုင်းဒေသကြီး

၉/ဖြစ်လျှင် မန္တလေးတိုင်းဒေသကြီး

၁၀/ဖြစ်လျှင် မွန်ပြည်နယ်

၁၁/ဖြစ်လျှင် ရခိုင်ပြည်နယ်

၁၂/ဖြစ်လျှင် ရန်ကုန်တိုင်းဒေသကြီး

၁၃/ဖြစ်လျှင် ရှမ်းပြည်နယ်

၁၄/ဖြစ်လျှင် ဧရာဝတီတိုင်းဒေသကြီး




(၁) ကချင်ပြည်နယ် (မြို့တော် – မြစ်ကြီးနားမြို့)


ကချင်ပြည်နယ်တွင် ခရိုင်(၄)ခရိုင်၊ မြို့နယ် (၁၈)မြို့နယ် ရှိပါသည်။


မြစ်ကြီးနားခရိုင်

၁။ မြစ်ကြီးနားမြို့နယ် – ၁/မကန(နိုင်)

၂။ ဝိုင်းမော်မြို့နယ် – ၁/ဝမန(နိုင်)

၃။ ချီဖွေမြို့နယ် – ၁/ခဖန(နိုင်)

၄။ ဆော့လော်မြို့နယ် – ၁/ဆလန(နိုင်)

၅။ တနိုင်းမြို့နယ် – ၁/တနန(နိုင်)

၆။ အင်ဂျန်းယန်မြို့နယ် – ၁/အဂယ(နိုင်)


မိုးညှင်းခရိုင်

၇။ မိုးညှင်းမြို့နယ် – ၁/မညန(နိုင်)

၈။ မိုးကောင်းမြို့နယ် – ၁/မကန(နိုင်)

၉။ ဖားကန့်မြို့နယ် – ၁/ကမန(နိုင်)


ဗန်းမော်ခရိုင်

၁၀။ ဗန်းမော်မြို့နယ် – ၁/ဗမန(နိုင်)

၁၁။ ရွှေကူမြို့နယ် – ၁/ရကန(နိုင်)

၁၂။ မံစီမြို့နယ် – ၁/မစန(နိုင်)

၁၃။ မိုးမောက်မြို့နယ် – ၁/မမန(နိုင်)


ပူတာအိုခရိုင်

၁၄။ ပူတာအိုမြို့နယ် – ၁/ပတအ(နိုင်)

၁၅။ ဆွမ်ပရာဘွမ်မြို့နယ် – ၁/ဆပဘ(နိုင်)

၁၆။ မချမ်းဘောမြို့နယ် – ၁/မခဘ(နိုင်)

၁၇။ ခေါင်းလန်းဖူးမြို့နယ် – ၁/ခဘဒ(နိုင်)

၁၈။ နောင်မွန်းမြို့နယ် – ၁/နမန(နိုင်)


(၂) ကယားပြည်နယ် (မြို့တော် – လွိုင်ကော်မြို့)


ကယားပြည်နယ်တွင် ခရိုင်(၂)ခရိုင်၊ မြို့နယ် (၇)မြို့နယ် ရှိပါသည်။


လွိုင်ကော်ခရိုင်

၁။ လွိုင်ကော်မြို့နယ် – ၂/လကန(နိုင်)

၂။ ဒီးမော့ဆိုမြို့နယ် – ၂/ဒမဆ(နိုင်)

၃။ ဖရူဆိုမြို့နယ် – ၂/ဖရဆ(နိုင်)

၄။ ရှားတောမြို့နယ် – ၂/ရတန(နိုင်)


ဘော်လခဲခရိုင်

၅။ ဘော်လခဲမြို့နယ် – ၂/ဘလခ(နိုင်)

၆။ မယ်စဲ့မြို့နယ် – ၂/မစန(နိုင်)

၇။ ဖာဆောင်းမြို့နယ် – ၂/ဖဆန(နိုင်)


(၃) ကရင်ပြည်နယ် (မြို့တော် – ဘားအံမြို့)


ကရင်ပြည်နယ်တွင် ခရိုင်(၄)ခရိုင်၊ မြို့နယ် (၇)မြို့နယ် ရှိပါသည်။


ဘားအံခရိုင်

၁။ ဘားအံမြို့နယ် – ၃/ဘအန(နိုင်)

၂။ လှိုင်းဘွဲ့မြို့နယ် – ၃/လဘန(နိုင်)

၃။ သံတောင်ကြီးမြို့နယ် – ၃/သတန(နိုင်)


ကော့ကရိတ်ခရိုင်

၄။ ကော့ကရိတ်မြို့နယ် – ၃/ကကရ(နိုင်)

၅။ ကြာအင်းဆိပ်ကြီးမြို့နယ် – ၃/ကဆက(နိုင်)


မြဝတီခရိုင်

၆။ မြဝတီမြို့နယ် – ၃/မဝတ(နိုင်)


ဖာပွန်ခရိုင်

၇။ ဖာပွန်မြို့နယ် – ၃/ဖပန(နိုင်)


(၄) ချင်းပြည်နယ် (မြို့တော် – ဟားခါးမြို့)


ချင်းပြည်နယ်တွင် ခရိုင်(၃)ခရိုင်၊ မြို့နယ် (၉)မြို့နယ် ရှိပါသည်။


ဟားခါးခရိုင်

၁။ ဟားခါးမြို့နယ် – ၄/ဟခန(နိုင်)

၂။ ထန်တလန်မြို့နယ် – ၄/ထတလ(နိုင်)


မင်းတပ်ခရိုင်

၃။ မင်းတပ်မြို့နယ် – ၄/မတန(နိုင်)

၄။ ပလက်ဝမြို့နယ် – ၄/ပလဝ(နိုင်)

၅။ မတူပီမြို့နယ် – ၄/မတပ(နိုင်)

၆။ ကန်ပက်လက်မြို့နယ် – ၄/ကပလ(နိုင်)


ဖလမ်းခရိုင်

၇။ ဖလမ်းမြို့နယ် – ၄/ဖလန(နိုင်)

၈။ တီးတိန်မြို့နယ် – ၄/တတန(နိုင်)

၉။ တွန်းဇံမြို့နယ် – ၄/တဇန(နိုင်)


(၅) စစ်ကိုင်းတိုင်းဒေသကြီး (မြို့တော် – မုံရွာမြို့)


စစ်ကိုင်းတိုင်းဒေသကြီးတွင် ခရိုင်(၉)ခရိုင်၊ မြို့နယ် (၃၇)မြို့နယ် ရှိပါသည်။


မုံရွာခရိုင်

၁။ မုံရွာမြို့နယ် – ၅/မရန(နိုင်)

၂။ အရာတော်မြို့နယ် – ၅/အရတ(နိုင်)

၃။ ချောင်းဦးမြို့နယ် – ၅/ခဥတ(နိုင်)

၄။ ဘုတလင်မြို့နယ် – ၅/ဘတလ(နိုင်)


စစ်ကိုင်းခရိုင်

၅။ စစ်ကိုင်းမြို့နယ် – ၅/စကန(နိုင်)

၆။ မြောင်မြို့နယ် – ၅/မမန(နိုင်)

၇။ မြင်းမူမြို့နယ် – ၅/မမတ(နိုင်)


ကလေးခရိုင်

၈။ ကလေးမြို့နယ် – ၅/ကလထ(နိုင်)

၉။ ကလေးဝမြို့နယ် – ၅/ကလဝ(နိုင်)

၁၀။ မင်းကင်းမြို့နယ် – ၅/မကန(နိုင်)


ကသာခရိုင်

၁၁။ ကသာမြို့နယ် – ၅/ကသန(နိုင်)

၁၂။ အင်းတော်မြို့နယ် – ၅/အတန(နိုင်)

၁၃။ ဗန်းမောက်မြို့နယ် – ၅/ဗမန(နိုင်)

၁၄။ ကောလင်းမြို့နယ် – ၅/ကလတ(နိုင်)

၁၅။ ပင်လည်ဘူးမြို့နယ် – ၅/ပလဘ(နိုင်)

၁၆။ ဝန်းသိုမြို့နယ် – ၅/ဝသန(နိုင်)

၁၇။ ထီးချိုင့်မြို့နယ် – ၅/ထခန(နိုင်)


ခန္တီးခရိုင်

၁၈။ ခန္တီးမြို့နယ် – ၅/ခတန(နိုင်)

၁၉။ ဟုမ္မလင်းမြို့နယ် – ၅/ဟမလ(နိုင်)

၂၀။ လေရှီးမြို့နယ် – ၅/လရန(နိုင်)

၂၁။ နန်းယွန်းမြို့နယ် – ၅/နယန(နိုင်)

၂၂။ လဟယ်မြို့နယ် – ၅/လဟန(နိုင်)


မော်လိုက်ခရိုင်

၂၃။ မော်လိုက်မြို့နယ် – ၅/မလန(နိုင်)

၂၄။ ဖောင်းပြင်မြို့နယ် – ၅/ဖပန(နိုင်)


ယင်းမာပင်ခရိုင်

၂၅။ ယင်းမာပင်မြို့နယ် – ၅/ယမပ(နိုင်)

၂၆။ ဆားလင်းကြီးမြို့နယ် – ၅/ဆလက(နိုင်)

၂၇။ ပုလဲမြို့နယ် – ၅/ပလန(နိုင်)

၂၈။ ကနီမြို့နယ် – ၅/ကနန(နိုင်)


ရွှေဘိုခရိုင်

၂၉။ ရွှေဘိုမြို့နယ် – ၅/ရဘန(နိုင်)

၃၀။ ဒီပဲယင်းမြို့နယ် – ၅/ဒပယ(နိုင်)

၃၁။ ကန့်ဘလူမြို့နယ် – ၅/ကဘလ(နိုင်)

၃၂။ ခင်ဦးမြို့နယ် – ၅/ခဥန(နိုင်)

၃၃။ ကျွန်းလှမြို့နယ် – ၅/ကလန(နိုင်)

၃၄။ တန့်ဆည်မြို့နယ် – ၅/တဆန(နိုင်)

၃၅။ ရေဦးမြို့နယ် – ၅/ရဥန(နိုင်)

၃၆။ ဝက်လက်မြို့နယ် – ၅/ဝလန(နိုင်)


တမူးခရိုင်

၃၇။ တမူးမြို့နယ် – ၅/တမန(နိုင်)


(၆) တနင်္သာရီတိုင်းဒေသကြီး (မြို့တော် – ထားဝယ်မြို့)


တနင်္သာရီတိုင်းဒေသကြီးတွင် ခရိုင်(၃)ခရိုင်၊ မြို့နယ် (၁၀)မြို့နယ် ရှိပါသည်။


ထားဝယ်ခရိုင်

၁။ ထားဝယ်မြို့နယ် – ၆/ထဝန(နိုင်)

၂။ လောင်းလုံးမြို့နယ် – ၆/လလန(နိုင်)

၃။ သရက်ချောင်းမြို့နယ် – ၆/သရခ(နိုင်)

၄။ ရေဖြူမြို့နယ် – ၆/ရဖန(နိုင်)


မြိတ်ခရိုင်

၅။ မြိတ်မြို့နယ် – ၆/မမန(နိုင်)

၆။ တနင်္သာရီမြို့နယ် – ၆/တသရ(နိုင်)

၇။ ကျွန်းစုမြို့နယ် – ၆/ကစန(နိုင်)

၈။ ပုလောမြို့နယ် – ၆/ပလန(နိုင်)


ကော့သောင်းခရိုင်

၉။ ကော့သောင်းမြို့နယ် – ၆/ကသန(နိုင်)

၁၀။ ဘုတ်ပြင်းမြို့နယ် – ၆/ဘပန(နိုင်)


(၇) ပဲခူးတိုင်းဒေသကြီး (မြို့တော် – ပဲခူးမြို့)


ပဲခူးတိုင်းဒေသကြီးတွင် ခရိုင်(၄)ခရိုင်၊ မြို့နယ် (၂၈)မြို့နယ် ရှိပါသည်။


ပဲခူးခရိုင်

၁။ ပဲခူးမြို့နယ် – ၇/ပခန(နိုင်)

၂။ ဒိုက်ဦးမြို့နယ် – ၇/ဒဥန(နိုင်)

၃။ ကျောက်တံခါးမြို့နယ် – ၇/ကတခ(နိုင်)

၄။ ကဝမြို့နယ် – ၇/ကဝန(နိုင်)

၅။ ညောင်လေးပင်မြို့နယ် – ၇/ညလပ(နိုင်)

၆။ ရွှေကျင်မြို့နယ် – ၇/ရကန(နိုင်)

၇။ သနပ်ပင်မြို့နယ် – ၇/သနပ(နိုင်)

၈။ ဝေါမြို့နယ် – ၇/ဝမန(နိုင်)


ပြည်ခရိုင်

၉။ ပြည်မြို့နယ် – ၇/ပမန(နိုင်)

၁၀။ ပန်းတောင်းမြို့နယ် – ၇/ပတန(နိုင်)

၁၁။ သဲကုန်းမြို့နယ် – ၇/သကန(နိုင်)

၁၂။ ပေါက်ခေါင်းမြို့နယ် – ၇/ပခတ(နိုင်)

၁၃။ ပေါင်းတည်မြို့နယ် – ၇/ပတတ(နိုင်)

၁၄။ ရွှေတောင်မြို့နယ် – ၇/ရတန(နိုင်)


သာယာဝတီခရိုင်

၁၅။ သာယာဝတီမြို့နယ် – ၇/သဝတ(နိုင်)

၁၆။ မိုးညိုမြို့နယ် – ၇/မညန(နိုင်)

၁၇။ အုတ်ဖိုမြို့နယ် – ၇/အဖန(နိုင်)

၁၈။ လက်ပံတန်းမြို့နယ် – ၇/လပတ(နိုင်)

၁၉။ မင်းလှမြို့နယ် – ၇/မလန(နိုင်)

၂၀။ နတ်တလင်းမြို့နယ် – ၇/နတလ(နိုင်)

၂၁။ ဇီးကုန်းမြို့နယ် – ၇/ဇကန(နိုင်)

၂၂။ ကြို့ပင်ကောက်မြို့နယ် – ၇/ကပက(နိုင်)


တောင်ငူခရိုင်

၂၃။ တောင်ငူမြို့နယ် – ၇/တငန(နိုင်)

၂၄။ ထန်းတပင်မြို့နယ် – ၇/ထတပ(နိုင်)

၂၅။ ဖြူးမြို့နယ် – ၇/ဖမန(နိုင်)

၂၆။ အုတ်တွင်းမြို့နယ် – ၇/အတန(နိုင်)

၂၇။ ရေတာရှည်မြို့နယ် – ၇/ရတရ(နိုင်)

၂၈။ ကျောက်ကြီးမြို့နယ် – ၇/ကကန(နိုင်)


(၈) မကွေးတိုင်းဒေသကြီး (မြို့တော် – မကွေးမြို့)


မကွေးတိုင်းဒေသကြီးတွင် ခရိုင်(၅)ခရိုင်၊ မြို့နယ် (၂၅)မြို့နယ် ရှိပါသည်။


မကွေးခရိုင်

၁။ မကွေးမြို့နယ် – ၈/မကန(နိုင်)

၂။ နတ်မောက်မြို့နယ် – ၈/နမန(နိုင်)

၃။ မြို့သစ်မြို့နယ် – ၈/မသန(နိုင်)

၄။ တောင်တွင်းကြီးမြို့နယ် – ၈/တတက(နိုင်)

၅။ ရေနံချောင်းမြို့နယ် – ၈/ရနခ(နိုင်)

၆။ ချောက်မြို့နယ် – ၈/ခမန(နိုင်)


မင်းဘူးခရိုင်

၇။ မင်းဘူး(စကု)မြို့နယ် – ၈/မဘန(နိုင်)

၈။ ပွင့်ဖြူမြို့နယ် – ၈/ပဖန(နိုင်)

၉။ ငဖဲမြို့နယ် – ၈/ငဖန(နိုင်)

၁၀။ စလင်းမြို့နယ် – ၈/စလန(နိုင်)

၁၁။ စေတုတ္တရာမြို့နယ် – ၈/စတရ(နိုင်)


ဂန့်ဂေါခရိုင်

၁၂။ ဂန့်ဂေါမြို့နယ် – ၈/ဂဂန(နိုင်)

၁၃။ ထီးလင်းမြို့နယ် – ၈/ထလန(နိုင်)

၁၄။ ဆောမြို့နယ် – ၈/ဆမန(နိုင်)


သရက်ခရိုင်

၁၅။ သရက်မြို့နယ် – ၈/သရန(နိုင်)

၁၆။ ဆင်ပေါင်ဝဲမြို့နယ် – ၈/ဆပဝ(နိုင်)

၁၇။ မင်းတုန်းမြို့နယ် – ၈/မတန(နိုင်)

၁၈။ အောင်လံမြို့နယ် – ၈/အလန(နိုင်)/မထန(နိုင်)

၁၉။ မင်းလှမြို့နယ် – ၈/မလန(နိုင်)

၂၀။ ကံမမြို့နယ် – ၈/ကမန(နိုင်)


ပခုက္ကူခရိုင်

၂၁။ ပခုက္ကူမြို့နယ် – ၈/ပခက(နိုင်)

၂၂။ ဆိပ်ဖြူမြို့နယ် – ၈/ဆဖန(နိုင်)

၂၃။ ပေါက်မြို့နယ် – ၈/ပမန(နိုင်)

၂၄။ မြိုင်မြို့နယ် – ၈/မမန(နိုင်)

၂၅။ ရေစကြိုမြို့နယ် – ၈/ရစက(နိုင်)


(၉) မန္တလေးတိုင်းဒေသကြီး (မြို့တော် – မန္တလေးမြို့)


မန္တလေးတိုင်းဒေသကြီးတွင် ခရိုင်(၇)ခရိုင်၊ မြို့နယ် (၂၈)မြို့နယ် ရှိပါသည်။


မန္တလေးခရိုင်

၁။ အောင်မြေသာဇံမြို့နယ် – ၉/အမဇ(နိုင်)

၂။ ချမ်းအေးသာဇံမြို့နယ် – ၉/ခအဇ(နိုင်)

၃။ ချမ်းမြသာစည်မြို့နယ် – ၉/ခမစ(နိုင်)

၄။ မဟာအောင်မြေမြို့နယ် – ၉/မဟမ(နိုင်)

၅။ ပြည်ကြီးတံခွန်မြို့နယ် – ၉/ပကခ(နိုင်)

၆။ ပုသိမ်ကြီးမြို့နယ် – ၉/ပသက(နိုင်)

၇။ အမရပူရမြို့နယ် – ၉/အမရ(နိုင်)


ကျောက်ဆည်ခရိုင်

၈။ ကျောက်ဆည်မြို့နယ် – ၉/ကဆန(နိုင်)

၉။ မြစ်သားမြို့နယ် – ၉/မသန(နိုင်)

၁၀။ စဉ့်ကိုင်မြို့နယ် – ၉/စကတ(နိုင်)

၁၁။ တံတားဦးမြို့နယ် – ၉/တတဥ(နိုင်)


မိတ္ထီလာခရိုင်

၁၂။ မိတ္ထီလာမြို့နယ် – ၉/မထလ(နိုင်)

၁၃။ မလှိုင်မြို့နယ် – ၉/မလန(နိုင်)

၁၄။ သာစည်မြို့နယ် – ၉/သစန(နိုင်)

၁၅။ ဝမ်းတွင်းမြို့နယ် – ၉/ဝတန(နိုင်)


မြင်းခြံခရိုင်

၁၆။ မြင်းခြံမြို့နယ် – ၉/မခန(နိုင်)

၁၇။ နွားထိုးကြီးမြို့နယ် – ၉/နထက(နိုင်)

၁၈။ ငါန်းဇွန်မြို့နယ် – ၉/ငဇန(နိုင်)

၁၉။ တောင်သာမြို့နယ် – ၉/တသန(နိုင်)


ညောင်ဦးခရိုင်

၂၀။ ညောင်ဦးမြို့နယ် – ၉/ညဥန(နိုင်)

၂၁။ ကျောက်ပန်းတောင်းမြို့နယ် – ၉/ကပတ(နိုင်)


ပြင်ဦးလွင်ခရိုင်

၂၂။ ပြင်ဦးလွင်မြို့နယ် – ၉/မမန(နိုင်)/ပဥလ(နိုင်)

၂၃။ မိုးကုတ်မြို့နယ် – ၉/မကန(နိုင်)

၂၄။ စဉ့်ကူးမြို့နယ် – ၉/စကန(နိုင်)

၂၅။ သပိတ်ကျင်းမြို့နယ် – ၉/သပက(နိုင်)

၂၆။ မတ္တရာမြို့နယ် – ၉/မတရ(နိုင်)


ရမည်းသင်းခရိုင်

၂၇။ ရမည်းသင်းမြို့နယ် – ၉/ရမသ(နိုင်)

၂၈။ ပျော်ဘွယ်မြို့နယ် – ၉/ပဘန(နိုင်)


(၁၀) မွန်ပြည်နယ် (မြို့တော် – မော်လမြိုင်မြို့)


မွန်ပြည်နယ်တွင် ခရိုင်(၂)ခရိုင်၊ မြို့နယ် (၁၀)မြို့နယ် ရှိပါသည်။


မော်လမြိုင်ခရိုင်

၁။ မော်လမြိုင်မြို့နယ် – ၁၀/မလမ(နိုင်)

၂။ ရေးမြို့နယ် – ၁၀/ရမန(နိုင်)

၃။ ချောင်းဆုံမြို့နယ် – ၁၀/ခဆန(နိုင်)

၄။ ကျိုက်မရောမြို့နယ် – ၁၀/ကမရ(နိုင်)

၅။ မုဒုံမြို့နယ် – ၁၀/မဒန(နိုင်)

၆။ သံဖြူဇရပ်မြို့နယ် – ၁၀/သဖရ(နိုင်)


သထုံခရိုင်

၇။ သထုံမြို့နယ် – ၁၀/သထန(နိုင်)

၈။ ဘီးလင်းမြို့နယ် – ၁၀/ဘလန(နိုင်)

၉။ ကျိုက်ထိုမြို့နယ် – ၁၀/ကထန(နိုင်)

၁၀။ ပေါင်မြို့နယ် – ၁၀/ပမန(နိုင်)


(၁၁) ရခိုင်ပြည်နယ် (မြို့တော် – စစ်တွေမြို့)


ရခိုင်ပြည်နယ်တွင် ခရိုင်(၅)ခရိုင်၊ မြို့နယ် (၁၇)မြို့နယ် ရှိပါသည်။


စစ်တွေခရိုင်

၁။ စစ်တွေမြို့နယ် – ၁၁/စတန(နိုင်)

၂။ ပေါက်တောမြို့နယ် – ၁၁/ပတန(နိုင်)

၃။ ပုဏ္ဏားကျွန်းမြို့နယ် – ၁၁/ပဏတ(နိုင်)

၄။ ရသေ့တောင်မြို့နယ် – ၁၁/ရသတ(နိုင်)


ကျောက်ဖြူခရိုင်

၅။ ကျောက်ဖြူမြို့နယ် – ၁၁/ကဖန(နိုင်)

၆။ ရမ်းဗြဲမြို့နယ် – ၁၁/ရဗန(နိုင်)

၇။ အမ်းမြို့နယ် – ၁၁/အမန(နိုင်)

၈။ မာန်အောင်မြို့နယ် – ၁၁/မအန(နိုင်)


မြောက်ဦးခရိုင်

၉။ မြောက်ဦးမြို့နယ် – ၁၁/မဥန(နိုင်)

၁၀။ မြေပုံမြို့နယ် – ၁၁/မပတ(နိုင်)

၁၁။ မင်းပြားမြို့နယ် – ၁၁/မပန(နိုင်)

၁၂။ ကျောက်တော်မြို့နယ် – ၁၁/ကတန(နိုင်)


သံတွဲခရိုင်

၁၃။ သံတွဲမြို့နယ် – ၁၁/သတန(နိုင်)

၁၄။ တောင်ကုတ်မြို့နယ် – ၁၁/တကန(နိုင်)

၁၅။ ဂွမြို့နယ် – ၁၁/ဂမန(နိုင်)


မောင်တောခရိုင်

၁၆။ မောင်တောမြို့နယ် – ၁၁/မတန(နိုင်)

၁၇။ ဘူးသီးတောင်မြို့နယ် – ၁၁/ဘသတ(နိုင်)


(၁၂) ရန်ကုန်တိုင်းဒေသကြီး (မြို့တော် – ရန်ကုန်မြို့)


ရန်ကုန်တိုင်းဒေသကြီးတွင် ခရိုင်(၄)ခရိုင်၊ မြို့နယ် (၄၅)မြို့နယ် ရှိပါသည်။


ရန်ကုန်အရှေ့ပိုင်းခရိုင်

၁။ တာမွေမြို့နယ် – ၁၂/တမန(နိုင်)

၂။ တောင်ဥက္ကလာပမြို့နယ် – ၁၂/ဥကတ(နိုင်)

၃။ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် – ၁၂/ဒဂဆ(နိုင်)

၄။ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် – ၁၂/ဒဂတ(နိုင်)

၅။ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် – ၁၂/ဒဂမ(နိုင်)

၆။ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် – ၁၂/ဒဂရ(နိုင်)

၇။ ဒေါပုံမြို့နယ် – ၁၂/ဒပန(နိုင်)

၈။ ပုဇွန်တောင်မြို့နယ် – ၁၂/ပဇတ(နိုင်)

၉။ ဗိုလ်တထောင်မြို့နယ် – ၁၂/ဗတထ(နိုင်)

၁၀။ မြောက်ဥက္ကလာပမြို့နယ် – ၁၂/ဥကမ(နိုင်)

၁၁။ ရန်ကင်းမြို့နယ် – ၁၂/ရကန(နိုင်)

၁၂။ သင်္ဃန်းကျွန်းမြို့နယ် – ၁၂/သဃက(နိုင်)

၁၃။ သာကေတမြို့နယ် – ၁၂/သကတ(နိုင်)

၁၄။ မင်္ဂလာတောင်ညွန့်မြို့နယ် – ၁၂/မဂတ(နိုင်)


ရန်ကုန်မြောက်ပိုင်းခရိုင်

၁၅။ တိုက်ကြီးမြို့နယ် – ၁၂/တကန(နိုင်)

၁၆။ ထန်းတပင်မြို့နယ် – ၁၂/ထတပ(နိုင်)

၁၇။ မင်္ဂလာဒုံမြို့နယ် – ၁၂/မဂဒ(နိုင်)

၁၈။ မှော်ဘီမြို့နယ် – ၁၂/မဘန(နိုင်)

၁၉။ ရွှေပြည်သာမြို့နယ် – ၁၂/ရပသ(နိုင်)

၂၀။ လှည်းကူးမြို့နယ် – ၁၂/လကန(နိုင်)

၂၁။ လှိုင်သာယာမြို့နယ် – ၁၂/လသယ(နိုင်)

၂၂။ အင်းစိန်မြို့နယ် – ၁၂/အစန(နိုင်)


ရန်ကုန်တောင်ပိုင်းခရိုင်

၂၃။ ကျောက်တန်းမြို့နယ် – ၁၂/ကတန(နိုင်)

၂၄။ ကွမ်းခြံကုန်းမြို့နယ် – ၁၂/ကခက(နိုင်)

၂၅။ ကိုကိုးကျွန်းမြို့နယ် – ၁၂/ကကက(နိုင်)

၂၆။ ကော့မှူးမြို့နယ် – ၁၂/ကမန(နိုင်)

၂၇။ ခရမ်းမြို့နယ် – ၁၂/ခရန(နိုင်)

၂၈။ ဆိပ်ကြီးခနောင်တိုမြို့နယ် – ၁၂/ဆကခ(နိုင်)

၂၉။ တွံတေးမြို့နယ် – ၁၂/တတန(နိုင်)

၃၀။ ဒလမြို့နယ် – ၁၂/ဒလန(နိုင်)

၃၁။ သန်လျင်မြို့နယ် – ၁၂/သလန(နိုင်)

၃၂။ သုံးခွမြို့နယ် – ၁၂/သခန(နိုင်)


ရန်ကုန်အနောက်ပိုင်းခရိုင်

၃၃။ ကမာရွတ်မြို့နယ် – ၁၂/ကမရ(နိုင်)

၃၄။ ကျောက်တံတားမြို့နယ် – ၁၂/ကတတ(နိုင်)

၃၅။ ကြည့်မြင်တိုင်မြို့နယ် – ၁၂/ကမတ(နိုင်)

၃၆။ စမ်းချောင်းမြို့နယ် – ၁၂/စခန(နိုင်)

၃၇။ ဆိပ်ကမ်းမြို့နယ် – ၁၂/ဆကန(နိုင်)

၃၈။ ဒဂုံမြို့နယ် – ၁၂/ဒဂန(နိုင်)

၃၉။ ဗဟန်းမြို့နယ် – ၁၂/ဗဟန(နိုင်)

၄၀။ မရမ်းကုန်းမြို့နယ် – ၁၂/မရက(နိုင်)

၄၁။ လမ်းမတော်မြို့နယ် – ၁၂/လမတ(နိုင်)

၄၂။ လသာမြို့နယ် – ၁၂/လသန(နိုင်)

၄၃။ လှိုင်မြို့နယ် – ၁၂/လမန(နိုင်)

၄၄။ အလုံမြို့နယ် – ၁၂/အလန(နိုင်)

၄၅။ ပန်းဘဲတန်းမြို့နယ် – ၁၂/ပဘတ(နိုင်)


(၁၃) ရှမ်းပြည်နယ် (မြို့တော် – တောင်ကြီးမြို့)


ရှမ်းပြည်နယ်တွင် ခရိုင်(၁၃)ခရိုင်၊ မြို့နယ် (၅၀)မြို့နယ် ရှိပါသည်။


တောင်ကြီးခရိုင်

၁။ တောင်ကြီးမြို့နယ် – ၁၃/တကန(နိုင်)

၂။ ဆီဆိုင်မြို့နယ် – ၁၃/ဆဆန(နိုင်)

၃။ ကလောမြို့နယ် – ၁၃/ကလန(နိုင်)

၄။ ရပ်စောက်မြို့နယ် – ၁၃/ရစန(နိုင်)

၅။ ညောင်ရွှေမြို့နယ် – ၁၃/ညရန(နိုင်)

၆။ ပင်းတယမြို့နယ် – ၁၃/ပတယ(နိုင်)

၇။ ပင်လောင်းမြို့နယ် – ၁၃/ပလန(နိုင်)

၈။ ရွာငံမြို့နယ် – ၁၃/ရငန(နိုင်)

၉။ ဖယ်ခုံမြို့နယ် – ၁၃/ဖခန(နိုင်)

၁၀။ ဟိုပုံးမြို့နယ် – ၁၃/ဟပန(နိုင်)


ကျိုင်းတုံခရိုင်

၁၁။ ကျိုင်းတုံမြို့နယ် – ၁၃/ကတန(နိုင်)

၁၂။ မိုင်းခတ်မြို့နယ် – ၁၃/မခန(နိုင်)

၁၃။ မိုင်းယန်းမြို့နယ် – ၁၃/မယန(နိုင်)

၁၄။ မိုင်းပျဉ်းမြို့နယ် – ၁၃/မပတ(နိုင်)


တာချီလိတ်ခရိုင်

၁၅။ တာချီလိတ်မြို့နယ် – ၁၃/တခလ(နိုင်)

၁၆။ မိုင်းဖြတ်မြို့နယ် – ၁၃/မဖန(နိုင်)

၁၇။ မိုင်းယောင်းမြို့နယ် – ၁၃/မယတ(နိုင်)


မက်မန်းခရိုင်

၁၈။ မက်မန်းမြို့နယ် – ၁၃/ပယန(နိုင်)


မိုးမိတ်ခရိုင်

၁၉။ မိုးမိတ်မြို့နယ် – ၁၃/မမတ(နိုင်)

၂၀။ မဘိမ်းမြို့နယ် – ၁၃/မဘန(နိုင်)

မိုင်းဆတ်ခရိုင်

၂၁။ မိုင်းဆတ်မြို့နယ် – ၁၃/မဆန(နိုင်)

၂၂။ မိုင်းတုံမြို့နယ် – ၁၃/မတန(နိုင်)


မူဆယ်ခရိုင်

၂၃။ မူဆယ်မြို့နယ် – ၁၃/မဆတ(နိုင်)

၂၄။ ကွတ်ခိုင်မြို့နယ် – ၁၃/ကခန(နိုင်)

၂၅။ နမ့်ခမ်းမြို့နယ် – ၁၃/နခန(နိုင်)


လင်းခေးခရိုင်

၂၆။ လင်းခေးမြို့နယ် – ၁၃/လခတ(နိုင်)

၂၇။ မိုးနဲမြို့နယ် – ၁၃/မနန(နိုင်)

၂၈။ မိုင်းပန်မြို့နယ် – ၁၃/မပန(နိုင်)

၂၉။ မောက်မယ်မြို့နယ် – ၁၃/မမန(နိုင်)


လွိုင်လင်ခရိုင်

၃၀။ လွိုင်လင်မြို့နယ် – ၁၃/လလန(နိုင်)

၃၁။ ကွန်ဟိန်းမြို့နယ် – ၁၃/ကဟန(နိုင်)

၃၂။ လဲချားမြို့နယ် – ၁၃/လခန(နိုင်)

၃၃။ မိုင်းကိုင်မြို့နယ် – ၁၃/မကန(နိုင်)

၃၄။ မိုင်းရှူးမြို့နယ် – ၁၃/မရန(နိုင်)

၃၅။ ကျေးသီးမြို့နယ် – ၁၃/ကသန(နိုင်)

၃၆။ နမ့်စန်မြို့နယ် – ၁၃/နစန(နိုင်)


လားရှိုးခရိုင်

၃၇။ လားရှိုးမြို့နယ် – ၁၃/လရန(နိုင်)

၃၈။ သိန္နီမြို့နယ် – ၁၃/သနန(နိုင်)

၃၉။ ကွမ်းလုံမြို့နယ် – ၁၃/ကလန(နိုင်)

၄၀။ မိုင်းရယ်မြို့နယ် – ၁၃/မရတ(နိုင်)

၄၁။ တန့်ယန်းမြို့နယ် – ၁၃/တယန(နိုင်)


ကျောက်မဲခရိုင်

၄၂။ ကျောက်မဲမြို့နယ် – ၁၃/ကမန(နိုင်)

၄၃။ သီပေါမြို့နယ် – ၁၃/သပန(နိုင်)

၄၄။ မန်တုံမြို့နယ် – ၁၃/မတတ(နိုင်)

၄၅။ နမ့်ဆန်မြို့နယ် – ၁၃/နဆန(နိုင်)

၄၆။ နမ္မတူမြို့နယ် – ၁၃/နမတ(နိုင်)

၄၇။ နောင်ချိုမြို့နယ် – ၁၃/နခတ(နိုင်)


လောက်ကိုင်ခရိုင်

၄၈။ လောက်ကိုင်မြို့နယ် – ၁၃/လကန(နိုင်)

၄၉။ ကုန်းကြမ်းမြို့နယ် – ၁၃/ကကန(နိုင်)


ဟိုပန်ခရိုင်

၅၀။ ဟိုပန်မြို့နယ် – ၁၃/ဟပန(နိုင်)


(၁၄) ဧရာဝတီတိုင်းဒေသကြီး (မြို့တော် – ပုသိမ်မြို့)


ဧရာဝတီတိုင်းဒေသကြီးတွင် ခရိုင်(၆)ခရိုင်၊ မြို့နယ် (၂၆)မြို့နယ် ရှိပါသည်။


ပုသိမ်ခရိုင်

၁။ ပုသိမ်မြို့နယ် – ၁၄/ပသန(နိုင်)

၂။ ကန်ကြီးထောင့်မြို့နယ် – ၁၄/ကကထ(နိုင်)

၃။ ကျုံပျော်မြို့နယ် – ၁၄/ကပန(နိုင်)

၄။ ငပုတောမြို့နယ် – ၁၄/ငပတ(နိုင်)

၅။ သာပေါင်းမြို့နယ် – ၁၄/သပန(နိုင်)

၆။ ကျောင်းကုန်းမြို့နယ် – ၁၄/ကကန(နိုင်)

၇။ ရေကြည်မြို့နယ် – ၁၄/ရကန(နိုင်)


မအူပင်ခရိုင်

၈။ မအူပင်မြို့နယ် – ၁၄/မအပ(နိုင်)

၉။ ဓနုဖြူမြို့နယ် – ၁၄/ဓနဖ(နိုင်)

၁၀။ ပန်းတနော်မြို့နယ် – ၁၄/ပတန(နိုင်)

၁၁။ ညောင်တုန်းမြို့နယ် – ၁၄/ညတန(နိုင်)


ဟင်္သာတခရိုင်

၁၂။ ဟင်္သာတမြို့နယ် – ၁၄/ဟသတ(နိုင်)

၁၃။ ဇလွန်မြို့နယ် – ၁၄/ဇလန(နိုင်)

၁၄။ ကြံခင်းမြို့နယ် – ၁၄/ကခန(နိုင်)

၁၅။ မြန်အောင်မြို့နယ် – ၁၄/မအန(နိုင်)

၁၆။ အင်္ဂပူမြို့နယ် – ၁၄/အဂပ(နိုင်)

၁၇။ လေးမျက်နှာမြို့နယ် – ၁၄/လမန(နိုင်)


မြောင်းမြခရိုင်

၁၈။ မြောင်းမြမြို့နယ် – ၁၄/မမန(နိုင်)

၁၉။ ဝါးခယ်မမြို့နယ် – ၁၄/ဝခမ(နိုင်)

၂၀။ အိမ်မဲမြို့နယ် – ၁၄/အမန(နိုင်)


ဖျာပုံခရိုင်

၂၁။ ဖျာပုံမြို့နယ် – ၁၄/ဖပန(နိုင်)

၂၂။ ဘိုကလေးမြို့နယ် – ၁၄/ဘကလ(နိုင်)

၂၃။ ဒေးဒရဲမြို့နယ် – ၁၄/ဒဒရ(နိုင်)

၂၄။ ကျိုက်လတ်မြို့နယ် – ၁၄/ကလန(နိုင်)


လပွတ္တာခရိုင်

၂၅။ လပွတ္တာမြို့နယ် – ၁၄/လပတ(နိုင်)

၂၆။ မော်လမြိုင်ကျွန်းမြို့နယ် – ၁၄/မမက(နိုင်)


(၉) နေပြည်တော်

နေပြည်တော်တွင် ခရိုင်(၂)ခရိုင်၊ မြို့နယ် (၈)မြို့နယ် ရှိပါသည်။


ဒက္ခိဏခရိုင်

၁။ ဒက္ခိဏသီရိမြို့နယ် – ၉/ဒခသ(နိုင်)

၂။ လယ်ဝေးမြို့နယ် – ၉/လဝန(နိုင်)

၃။ ပျဉ်းမနားမြို့နယ် – ၉/ပမန(နိုင်)

၄။ ဇမ္ဗူသီရိမြို့နယ် – ၉/ဇဗသ(နိုင်)


ဥတ္တရခရိုင်

၅။ ဥတ္တရသီရိမြို့နယ် – ၉/ဥတသ(နိုင်)

၆။ ပုဗ္ဗသီရိမြို့နယ် – ၉/ပဗသ(နိုင်)

၇။ တပ်ကုန်းမြို့နယ် – ၉/တကန(နိုင်)

၈။ ဇေယျာသီရိမြို့နယ် – ၉/ဇယသ(နိုင်)


ယခုစုစည်းတင်ပြထားသော အချက်အလက်များတွင် လိုအပ်မှု၊ မှားယွင်းမှု၊ ပြောင်းလဲမှုများရှိပါက နားလည်လက်ခံပေးပါရန်နှင့် မှန်ကန်ပြည့်စုံစွာ အသုံးပြုနိုင်စေရန်အတွက် ဝိုင်းဝန်းပြင်ဆင်ပေးကြပါရန် အကူအညီတောင်းခံအပ်ပါသည်။

ယခင်အသုံးပြုခဲ့သော လက်ရှိဆက်လက်အသုံးပြုနေသည့် နိုင်ငံသားစိစစ်ရေးကတ် ရှေ့နံပါတ်နှင့် အက္ခရာများကိုလည်း ဖြည့်စွက်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


***နန်းရွှေပြည်အိမ်ခြံမြေ (www.nanshwepyi.com) စာမျက်နှာမှကူးယူဖော်ပြသည်။ 

Thursday, August 14, 2025

မေတ္တာသဘော ချစ်ပါသလော ပြောပြပါ..

"မေတ္တာသဘော ချစ်ပါသလော ပြောပြပါအခါခါမေးချင်သည်" 




ရေးသားသူ - ဆောင်းလုလင်

ကျွန်တော့်အဖေကို ကျွန်တော် အလွန်မုန်းပါသည်။ 

ကျွန်တော့်ရှေ့မှာ မေမေ့ကို သွားကျွတ်ထွက်သည်အထိ ပါးရိုက်ခဲ့သောအဖေ့ကို မေမေမုန်းသလို ကျွန်တော်လည်း မုန်းသည်။ 


ကျွန်တော့်အသက် ၇ နှစ်အရွယ်၊ ပထမတန်းကျောင်းသားဘဝက အဖေနှင့်အမေ ကတောက်ကဆများ ရန်ဖြစ်ကြရာ အဖေက အမေ့ပါးကို ရိုက်လိုက်သည်။ ပြင်းထန်လွန်းသောကြောင့် အမေ့သွားတစ်ချောင်း ကျွတ် ထွက်သွားပါသည်။ 


ထိုအချိန်မှစ၍ ကျွန်တော့်ကိုကောက်ချီပြီး အဖေ့အိမ်မှထွက်လာခဲ့ကြရာ အဖေနှင့် ကျွန်တော်တို့ သား အမိ ပြန်လည်မဆုံဆည်းရတော့ပါ။ အပြီးအပိုင် ကွဲကွာသွားခဲ့ကြပါသည်။


အဖေက အမေ့ကို ဘာကြောင့် ဒါလောက်အထိ အညှိုးတကြီးရိုက်နှက်ခဲ့သည်ကို ထိုစဉ်က ကျွန်တော် မသိပါ။ ပါးစပ်ထဲမှ သွေးသံရဲရဲကို ထွေးထုတ်ပြီး ကျွန်တော့်ကိုကောက်ချီကာ အဖေ့အိမ်မှ ငိုယိုထွက်ခွာ လာခဲ့သည့်မြင်ကွင်းကို ယနေ့ထိ ကျွန်တော်မမေ့သေးပါ။ ကျွန်တော်လည်း အမေ့နည်းတူ တစ်လမ်းလုံး ငိုယိုနေ ခဲ့ပါသည်။


အဘွားအိမ်ကိုရောက်တော့ အဘွားက တောက်ခေါက်ကာ "မောင်ဦးမရှိတာ ဒီကောင် ကံကောင်းတယ်။ မောင်ဦးသာ ရှိလို့ကတော့ ဒီကောင် အသက်ပါထွက်ပြီမှတ်" ဟု ရေရွှတ်ခဲ့ပါသည်။

မောင်ဦးဆိုသူမှာ အမေ့အစ်ကို ကျွန်တော့်ဦးကြီးဖြစ်ပြီး ထိုစဉ်က ဦးကြီးသည် နိုင်ငံခြားသင်္ဘောလိုက် နေ၍ အိမ်မှာ မရှိပါ။ တစ်ဦးတည်းသောညီမကို အလွန်ချစ်သည့် ဦးကြီးသာ ရှိလျှင် သူ့ညီမကိုနှိပ်စက်တဲ့ ယောက်ဖကို ပြန်လုပ်မယ်လို့ အဘွားက ဆိုလိုခြင်းဖြစ်ပါသည်။ 


အဘွားပြောတာလည်း မှန်ပါသည်။ ဒီအဖြစ်အပျက်ဖြစ်ပြီး ၆လကြာမှ သင်္ဘောကပြန်ရောက်လာသည့် ဦးကြီးသည် ဒီအကြောင်းကို သိသိချင်း အဖေ့ကို သွားထိုးမည်ဆို၍ အားလုံးက ဝိုင်းပြီး ဖျောင့်ဖျထားရသည်။ 

အမေနှင့်အဖေသည်လည်း ပြန်မပေါင်းဖြစ်တော့ဘဲ တရားဝင်ကွဲကွာသွားကြပါတော့သည်။

+++++


အဖေနဲ့အမေတို့ မကွဲကွာခင်ကတည်းက တိုးတိုးကြိတ်ကြိတ်ရန်ပွဲဖြစ်နေတာကို ကျွန်တော် တရေးရေး မှတ်မိလာသည်။ အသက်ငယ်သေးသောကြောင့် ဘာကိစ္စကြောင့်ဖြစ်တယ်ဆိုတာ မသိပေမဲ့ ရန်ပွဲက တိုးတိုး ကြိတ်ကြိတ်မှသည် တစ်စ တစ်စ ပြင်းထန်လာခဲ့သည်။ ထိုနေ့က အပြင်းထန်ဆုံးဖြစ်ခဲ့ကာ အဖေက အမေ့ကို သွားကျွတ်ထွက်သည်အထိ ရိုက်နှက်ခဲ့ခြင်းဖြစ်၏။ 


နောက်မှ ကျွန်တော်သိလာရသည်မှာ အမေက အဖေ့ကို အဖေတို့ရုံးမှ လုပ်ဖော်ကိုင်ဖက်စာရေးမတစ် ယောက်နဲ့ ငြိစွန်းနေသည်ဟု စွပ်စွဲခြင်းဖြစ်ကြောင်း သိရသည်။ အဖေက မဟုတ်ကြောင်း ငြင်းသည်။ အဖေနဲ့ ထိုအမျိုးသမီးဆက်ဆံရေးမှာလည်း သာမန်ဆက်ဆံရေးထက် ပိုတယ်လို့ သူတို့ရုံးက အခြားဝန်ထမ်းများက အမေ့ကို သတင်းပို့ကြသည်။ အမေက ပတ်ဝန်းကျင်သတင်းစကားများနဲ့ စွပ်စွဲ၊ အဖေက ငြင်းနှင့် သွားကျွတ် အောင်ရိုက်မိသည်အထိ ရန်ပွဲပြင်းထန်ခဲ့ခြင်းဖြစ်သည်။ 


အဘွားက အမေ့ကို အဖေ့အိမ် ပြန်မသွားစေတော့ပါ။ အမေကလည်း အဖေ့ကို စိတ်နာတယ်ဆိုပြီး ပြန် မပေါင်းတော့ပေ။ အဘွားက ကျွန်တော့်ကိုလည်း အဖေနဲ့မဆက်ဆံရန်၊ လမ်းမှာတွေ့ရင်တောင် နှုတ်မဆက် ရန်၊ မခေါ်မပြောရန် ပြောသည်။ ထိုအချိန်မှစ၍ ကျွန်တော်နှင့်အမေသည် အဘွားအိမ်မှာ ဦးကြီးတို့မိသားစုနှင့် အတူ နေခဲ့ရသည်။ ဦးကြီးက သင်္ဘောတက်နေရတာများလို့ သုံးနှစ်မှ တစ်ခါလောက်သာ အိမ်ပြန်ရောက်တတ် သည်။ ဦးကြီးမိန်းမ ကြီးကြီးရယ်၊ ဦးကြီးရဲ့ ကျွန်တော့်ထက်ကြီးသော သားနှစ်ယောက်ရယ်နှင့် နေခဲ့ရသည်။


ဦးကြီးက အမေ့ကို အိမ်ရှေ့တွင် ကုန်စုံဆိုင်လေး ဖွင့်ပေးခဲ့သည်။ အမေတို့အမျိုးတွေက နဂိုကပင် ချောင်လည်သူတွေမို့ ကျွန်တော်တို့သားအမိအတွက် စီးပွားရေးပူပင်စရာ မလိုခဲ့ပါ။ 

+++++


ကျွန်တော်တို့ အဖေ့အိမ်ပေါ်မှဆင်းလာပြီး နှစ်လလောက်အကြာတွင် အဖေ အရက်တွေမူးပြီး အိမ်ရှေ့ မှာ လာအော်သေးသည်။ အဘွားက အပြင်ထွက်ဆဲဆိုကာ အရပ်လူကြီးတွေကို တိုင်တည်သည့်အတွက် လမ်းထဲက ကာလသားတွေ အဖေ့ကိုချော့မော့ကာ ဆွဲထုတ်သွားကြသည်။


"လာရင်လည်း လူလိုသူလို လာပါလား။ ခုလိုမျိုး အောက်တန်းစားဆန်ဆန်လာလုပ်တော့ သူ့ကို ဘယ်သူက သနားမှာလဲ"

အမေက ခပ်တိုးတိုး မှတ်ချက်ချသည်။


အဘွားနဲ့ကြီးကြီးက အမေ့ကို ကျိုးနေတဲ့ ဘယ်ဘက်ပါးစောင်က သွားကို ပြန်စိုက်ဖို့ပြောသည်။

"မစိုက်ဘူးအမေ။ ဒီအတိုင်းပဲ ထားမယ်။ ဒီသဂျိုး(သွားကျိုး)ကိုမြင်တိုင်း မြင့်မောင်ကို စိတ်နာနေချင်လို့ မစိုက်ဘူး။ ဒီတိုင်းထားမယ်"

"အေးပါအေ။ ညီး ပြန်ပြီး စိတ်ညွှတ်မသွားရင် ပြီးတာပါပဲ"


ခြောက်လလောက်အကြာတွင် အဖေဆက်သွယ်လာသေးသည်။ ဒီတစ်ခါတော့ တောင်းပန်ပါရစေ ဆိုကာ ရပ်ကွက်လူကြီးတွေကတစ်ဆင့် ကောင်းကောင်းမွန်မွန်ပြောလာသည်။ အဘွားက အလာမခံခဲ့ပါ။


"ဒါပဲနော်။ မြင့်မောင်နဲ့ပြန်ပေါင်းဖို့တော့ စိတ်တောင်မကူးနဲ့။ ဟိုကောင်လေး မောင်ဇော်။ နင်လည်း နင့်အဖေကို စိတ်နာရမှန်း သိ။ ကြားလား။ အမေလုပ်တဲ့လူကို သွားကျိုးအောင်ရိုက်ထားတဲ့ကောင်။ ဒီလိုကောင် မျိုးကို အဖေလို့လည်း မမှတ်နဲ့။ လမ်းတွေ့ရင်လည်း နှုတ်မဆက်နဲ့။ နင့်ရင်ထဲက ထုတ်ပစ်လိုက်။ ကြားလား။ မောင်ဇော်"

"ဟုတ်ကဲ့ပါ ဘွားဘွား"

ဒီလိုနှင့် အဖေနဲ့ကျွန်တော်တို့သားအမိ တစ်စတစ်စ ဝေးကွာလာခဲ့ပါသည်။

+++++


အဖေနဲ့အမေကွဲပြီး တစ်နှစ်ကျော်ကျော်ကြာသည့်အချိန်တွင် အဖေ နောက်အိမ်ထောင်ပြုသွားသည်။ 

အဖေယူလိုက်သည့်မိန်းမမှာ အခြားမဟုတ်။ အမေ မသင်္ကာလို့ စွပ်စွဲခဲ့သည့် အဖေတို့ရုံးက စာရေးမပင် ဖြစ်သည်။

"ဟင်း- ပြောတော့ မဟုတ်ပါဘူး၊ မဟုတ်ပါဘူးနဲ့။ အခုယူလိုက်တော့ သူ မဟုတ်ပါဘူးငြင်းတဲ့ ကောင်မပဲ"

အမေက ဆိုင်ထဲတွင် ခပ်တိုးတိုးပြောကာ ကြိတ်ငိုရှာပါသည်။ သူငိုတာကို အဘွားသိစေချင်ပုံမရပါ။


သည်တစ်ခါတော့ အမေကိုယ်တိုင်က အဖေ့ကို စိတ်နာဖို့၊ အဖေနဲ့မဆက်ဆံဖို့ ကျွန်တော့်ကို ပြောလာသည်။ 

"လမ်းတွေ့ရင် ယောင်လို့တောင် လှည့်မကြည့်နဲ့နော် သား။ သူလိုလူကို အဖေမတော်ရလို့ ဘာမှ ဖြစ်မသွားဘူး။ မ,ကိုခင်မှ ဥကိုခင်တာပါတဲ့လေ။ သူကလည်း နင့်ကို သားလို့မှတ်မှာ မဟုတ်ပါဘူး"

"သား မခေါ်ပါဘူးအမေ။ စိတ်ချပါ"

ထိုအချိန်တွင် ကျွန်တော်ကိုယ်တိုင်လည်း အဖေ့ကို စိတ်နာနေပါပြီ။ 


သို့သော် အဖေနဲ့ ကင်းကင်းနေနိုင်သော်လည်း မတွေ့အောင် ရှောင်ကွင်းနေလို့ကတော့ မရပါ။

ကျွန်တော်ကျောင်းသွားသည့်လမ်းသည် အဖေ့အိမ်ရှေ့မှ ဖြတ်သွားရသည်။ အခြားလမ်းမရှိပါ။ ကျွန်တော်သည် အဖေ့အိမ်ရှေ့ကဖြတ်သွားချိန်တိုင်း စက်ဘီးကို ခပ်သွက်သွက်နင်းကာ ဖြတ်ရသည်။ 


ကျောင်း အသွားတွင် ဦးခေါင်းကို အဖေ့အိမ်ရှိရာဘဘယ်ဘက်သို့ မလှည့်မိအောင်၊ ကျောင်းအပြန်တွင် ညာဘက်သို့ မလှည့်မိအောင် သတိထားသွားရသည်။ 

အမေနဲ့ကွဲခါစက ကျွန်တော်အိမ်ရှေ့က ဖြတ်အသွားတွင် "သား" "မောင်ဇော်" စသည်ဖြင့် လှမ်း အော်ခေါ်တတ်သည်။ ကျွန်တော် တစ်ခါမျှ လှည့်မကြည့်ပါ။ နောက်ပိုင်းတော့ မခေါ်တော့ပါ။ ကျွန်တော့်ကို ငေးကြည့်ရင်း ကျန်ခဲ့သောအဖေ့ကို ရံဖန်ရံခါ ကျွန်တော်သတိထားမိသည်။ 

+++++


အဖေ နောက်အိမ်ထောင်နှင့် ကလေးနှစ်ယောက်မွေးပါသည်။ ယောက်ျားလေးတစ်ယောက်၊ မိန်းက လေးတစ်ယောက်ဖြစ်သည်။ အကြီးကောင်လေးက ကျွန်တော့်ထက် ၁၀နှစ်ငယ်သည်။ ထိုကလေး သူငယ်တန်း နေချိန်တွင် ကျွန်တော် ကိုးတန်းရောက်နေပါပြီ။ 


ကလေးများက ကျွန်တော့်ကို သူတို့ရဲ့ အဖေတူအမေကွဲ အစ်ကိုတော်မှန်း သိနေပုံရသည်။ သူတို့အဖေက ပြောထားပုံရပါသည်။ သို့သော် ကျွန်တော်သည် သူတို့နှင့် မပတ်သက်ခဲ့ပါ။ အရောမဝင်ခဲ့ပါ။ ပတ်သက်စရာလည်း မရှိ။ အသက်ချင်း အတန်းချင်း ကွာခြားကြသည် မဟုတ်ပါလား။ 

+++++


ကျွန်တော် ဆယ်တန်းနှစ်တွင် မေမေဆုံးသွားပါသည်။ နောက်တစ်နှစ်အကြာ ကျွန်တော် ၁ဝတန်း အောင်သည့်နှစ်တွင် အဘွားဆုံးသွားပါသည်။ အမေ့အိမ်ဆိုင်လေးကိုလည်း ပိတ်ပစ်လိုက်ရပါသည်။

အစ်ကိုဝမ်းကွဲနှစ်ယောက်လုံးလည်း နိုင်ငံခြားသင်္ဘောလိုက်သွားကြပြီ။ ဦးကြီးကတော့ အသက်ကြီးလာ လို့ သင်္ဘောမလိုက်တော့ပါ။ အနားယူနေပါပြီ။


ကျွန်တော်သည် တက္ကသိုလ်ဆက်မတက်ဘဲ အဝေးသင်သာ ဆက်တက်ခဲ့ပါသည်။

အမေ အဘွားနှင့် အစ်ကိုနှစ်ယောက်မရှိတော့သောအိမ်မှာ ပျင်းစရာကောင်းနေပါသည်။


"မင်းလည်း သင်္ဘောလိုက်တော့ မောင်ဇော်။ အဝေးသင်ကို ခဏနားထားလိုက်ပေါ့။ ဘွဲ့က ဘယ် အချိန်ယူယူရပါတယ်။ မင်းလည်း တစ်နေ့အိမ်ထောင်ပြုမှာဆိုတော့ ပိုက်ဆံရှာထားဖို့ လိုတာပေါ့ကွာ"


ဦးကြီးစကားကို ပယ်ရှားစရာအကြောင်းမရှိပါ၍ ဦးကြီးစီစဉ်ပေးသည့်အတိုင်း လိုက်နာခဲ့ရပါသည်။ လိုအပ်သောသင်တန်းများကို ရန်ကုန်မှာ သွားတက်ရသည်။


ယခုဆိုလျှင် ကျွန်တော် နိုင်ငံခြားသင်္ဘောပေါ်တက်တော့မယ်ဆိုတဲ့သတင်းကို တစ်မြို့လုံးသိနေကြပြီ။ 

ကျွန်တော့်အဖေလည်း ထိုသတင်းကို ကြားသည်ထင်ပါသည်။ မနေ့က လမ်းထိပ်မှာ ရပ်နေတာ တွေ့ လိုက်သည်။ ကျွန်တော့်ဆိုင်ကယ်အလာကို ရပ်စောင့်နေဟန်တူပါသည်။ တစ်ခုခုပြောချင်ဟန်ဖြင့် ဆိုင်ကယ် ရှေ့မှ လက်လှမ်းတားသည်။ ကျွန်တော် မမြင်ချင်ယောင်ဆောင်ပြီး မောင်းပြေးခဲ့ပါသည်။ 


ညနေပိုင်းကျတော့ ကျွန်တော့်သူငယ်ချင်း ဇာနည်က ပြောသည်။

"မင်းအဖေက မင်းကိုတွေ့ချင်လို့တဲ့။ ပြောစရာရှိလို့တဲ့"

"မလိုပါဘူးကွာ။ သူနဲ့ငါနဲ့ ဘာဆိုင်တာမှတ်လို့"

"ဟေ့ကောင်။ မင်း အဖေလေ"

"တော်ပါကွာ။ သူ့မှာလည်း နောက်မိန်းမနဲ့ ကလေးတွေနဲ့ပါ။ ငါ့အမေကို သွားကျိုးအောင် ရိုက်ထားတဲ့ လူကို ငါစကားမပြောချင်ဘူး။ ပြောစရာလည်း မလိုဘူး"

"မင်းကလည်းကွာ"

"ဒါလောက်စကားပြောချင်ရင် အိမ်လာခဲ့လို့ ပြောလိုက်"

"ဟာကွာ။ မင်းဦးကြီးကြောက်တာနဲ့ ဘယ်လာရဲမှာလဲကွ။ အဲဒါသိလို့ ငါကပြောတာ"

+++++


မနက်က သူငယ်ချင်း တိုတိုးရဲ့အဖေက အိမ်ခဏလာခဲ့ပါဦးလို့ ဖုန်းလှမ်းဆက်လို့ တိုးတိုးတို့အိမ်ကို လာခဲ့သည်။ အိမ်ရှေ့တွင် တိုးတိုးအဖေ ဦးအောင်ခန့်ကို အဆင်သင့်တွေ့ရသည်။

"အန်ကယ် ကျွန်တော့်ကို ဘာခိုင်းစရာရှိလို့လဲ"

"မရှိပါဘူး သားရယ်။ မင်းကို လူတစ်ယောက်နဲ့ပေးတွေ့မလို့ ခေါ်လိုက်တာပါ"

"ဗျာ-"

"ဟိုမှာ ကိုမြင့်မောင် သားကိုတွေ့ချင်လို့တဲ့ စောင့်နေတယ်"


ဦးအောင်ခန့်က ဧည့်ခန်းတွင် ထိုင်နေနှင့်သူကို လက်ညှိုးထိုးပြကာပြောသည်။ ကျွန်တော့်အဖေ ဦးမြင့် မောင်က ကျွန်တော့်ကို ငေးကြည့်နေသည်။

"ဟာဗျာ။ အန်ကယ်ကလည်း ကျွန်တော် သူနဲ့မတွေ့ချင်ဘူး"

"သားရယ်။ မင်းရဲ့အဖေပါကွယ်။ သားလည်း သင်္ဘောပေါ်တက်ခါနီးဆိုတော့ သူ တစ်ခုခုပြောချင်ပုံရ တယ်။ အန်ကယ့်ကို အကူအညီတောင်းထားလို့ပါ။ သွားလိုက်ပါသားရယ်"

ငြင်းလို့ မသင့်တော်တော့သဖြင့် ကျွန်တော် ဧည့်ခန်းထဲ သွားလိုက်ရသည်။ ဦးအောင်ခန့်က အပြင်မှာပဲ ကျန်ခဲ့၏။


ဧည့်ခန်းထဲရောက်တော့ သူ့ဘက်ကိုလှည့်မကြည့်ဘဲ ကုလားထိုင်မှာ ဝင်ထိုင်လိုက်သည်။

"သား သင်္ဘောတက်တော့မှာဆို"

"ကျွန်တော်တို့ ဘာဆိုင်လို့လဲ"

"ဟုတ်ပါတယ်။ မင်းနဲ့ငါ ဘာမှ မဆိုင်ပါဘူး။ ပေးစရာလေးတစ်ခုရှိလို့ ခေါ်လိုက်တာပါ"

ကျွန်တော်အံ့ဩသွားသည်။ မျက်နှာကိုတစောင်းလှည့်ထားရာမှာ သူ့ကို ကြည့်လိုက်သည်။


"ရေခြားမြေခြား ပင်လယ်ခရီးသွားရတာ သတိထားပေါ့။ ခရီးသွားရင် အမေ့ထမီစကိုဆောင်သွားရင် အန္တရာယ်ကင်းတယ်ဆိုတာ ကြားဖူးတယ်မို့လား။ မင်းကို ဒါလေး ပေးလိုက်ချင်လို့ပါ"

သူက သူ့အင်္ကျ ီအိတ်ကပ်ထဲက တစ်စုံတစ်ခုကို နှိုက်ထုတ်လိုက်သည်။ ဗူးလေးတစ်ခု ကျွန်တော် မြင် လိုက်ရသည်။


သူက ကျွန်တော်နှင့်မျက်နှာချင်းဆိုင်ထိုင်နေသည့် ကုလားထိုင်မှ ထလာသည်။


ကျွန်တော့်ရှေ့အရောက်တွင် ကျွန်တော့်ညာလက်ကိုဆွဲကာ လက်ထဲကို ဗူးလေးထည့်ပေးလိုက်သည်။

ကျွန်တော်ငုံ့ကြည့်လိုက်တော့ ပရုပ်ဆီဗူးအဟောင်းလေး။


"သားအမေရဲ့ သွားလေး။ အဖေသိမ်းထားတာ။ ဆောင်ထားနော်။ အဖေသွားမယ်"


စကားဆုံးသည်နှင့် သူက လှည့်ထွက်သွားသည်။

ကျွန်တော်သည် ပရုပ်ဆီဗူးလေးကို လျင်မြန်စွာဖွင့်ကြည့်လိုက်သည်။

"ဟင်-"


ဗူးလေးထဲတွင် လူ့သွားကျိုးတစ်ချောင်း။ 

ဒါ အမေ့သွားတဲ့လား။ ဒါဆို အမေ့သွားကို သူ သိမ်းထားခဲ့တာပေါ့။


"အဖေ"

ကျွန်တော် နှုတ်မှရေရွတ်ရင်း ထိုင်ရာမှထကာ တံခါးဝကို ပြေးသွားလိုက်သည်။


"အဖေ"

ကျွန်တော့်ခေါ်သံကို သူ ကြားဟန်မတူပါ။ 

စက်ဘီးနင်းထွက်သွားသော သူ့ကျောပြင်ကိုသာ မြင်လိုက်ရတော့သည်။

+++++

                                                 (ဆောင်းလုလင်)