အရေးပေါ်အခြေအနေတွင် လူသေအလောင်းများအား စီမံခန့်ခွဲခြင်း (ဧပြီလ၊ ၂၀၂၅ ခုနှစ်)
❓ လူသေအလောင်းများကြောင့် ကပ်ရောဂါများ ဖြစ်စေနိုင်ပါသလား။
မဖြစ်စေနိုင်ပါ။ သဘာဝဘေးအန္တရာယ်များကြောင့် သေဆုံးရသော လူသေအလောင်းများသည် ယေဘုယျအားဖြင့် ကပ်ရောဂါများကို မဖြစ်စေနိုင်ပါ။ သဘာဝဘေးများကြောင့် သေဆုံးရသူများသည် ထိခိုက်ဒဏ်ရာ၊ ရေနစ်ခြင်း (သို့) မီးလောင်ကျွမ်းခြင်း စသည်တို့ကြောင့် သေဆုံးရခြင်းဖြစ်ပြီး ကပ်ရောဂါများဖြစ်စေသော ပိုးမွှားများကို ပုံမှန်အားဖြင့် မသယ်ဆောင်ထားသောကြောင့် ဖြစ်သည်။
ခြွင်းချက်အနေဖြင့် သေဆုံးရခြင်းများသည် အီဘိုလာ၊ လတ်စ်ဆာရောဂါ၊ ကာလဝမ်းရောဂါ ကဲ့သို့သော ကူးစက်မြန်ရောဂါများကြောင့် ဖြစ်ပါက (သို့မဟုတ်) ဤကဲ့သို့သော ကူးစက်မြန်ရောဂါများ ဖြစ်ပွားနိုင်သည့် ဒေသများတွင် ဖြစ်ပွားပါက လူသေအလောင်းများမှ ရောဂါများ ကူးစက်ပြန့်ပွါးနိုင်ခြေ ရှိပါသည်။
❓ ပြည်သူများအပေါ်တွင် ကျန်းမာရေးအန္တရာယ် ဘာရှိသလဲ။
ကူးစက်မြန်ရောဂါများကြောင့် သေဆုံးရခြင်းမဟုတ်ပါက အများပြည်သူအတွက် အန္တရာယ်ဖြစ်နိုင်ခြေမှာ အလွန် နည်းပါးပါသည်။ သို့ရာတွင် လူသေအလောင်းများမှ ထွက်လာသော မစင်များဖြင့် ညစ်ညမ်းနေသော ရေကို သောက်ရာမှ ဝမ်းပျက်ဝမ်းလျှောဖြစ်နိုင်ခြေ ရှိပါသည်။ သောက်ရေကို ပုံမှန် ပိုးသတ်ခြင်းဖြင့် ရေကြောင့်ဖြစ်ပွားသော ရောဂါများကို ကာကွယ်ရန် လုံလောက်ပါသည်။
❓ လူသေအလောင်းများကြောင့် ရေညစ်ညမ်းစေပါသလား။
ညစ်ညမ်းစေပါသည်။ သက်ရှိများ ရေကို ညစ်ညမ်းစေသကဲ့သို့ လူသေအလောင်းများလည်း ရေကို ညစ်ညမ်းစေပါသည်။ လူသေအလောင်းများမှ မစင်များ မကြာခဏ စိမ့်ထွက်နိုင်ပြီး မြစ်များ၊ ရေအရင်းအမြစ်များကို ညစ်ညမ်းစေကာ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွါးစေနိုင်ပါသည်။ ရေကို လုံလုံလောက်လောက် သန့်စင်ပါက ဤရောဂါများဖြစ်ပွားမှုကို ကာကွယ်နိုင်ပါသည်။
❓ လူသေအလောင်းများကို ပိုးသတ်ဆေး (သို့မဟုတ်) ထုံးမှုန့် ဖြန်းခြင်းက အသုံးဝင်ပါသလား။
ထုံးမှုန့်သည် လူသေအလောင်းများ ကို လျင်မြန်စွာ မပုပ်သိုးအောင် ထိန်းပေးနိုင်ပါသည်။ လူသေအလောင်းများသည် ယေဘုယျအားဖြင့် ပိုးကူးစက်နိုင်ခြေမရှိသောကြောင့် ပိုးသတ်ဆေးဖြန်းရန် မလိုအပ်ပါ။
❓ လူသေအလောင်းများမှ လူထုအတွက် ရောဂါဖြစ်ပွါးနိုင်ခြေ ရှိသည်ဟု ဒေသအာဏာပိုင်များနှင့် သတင်းထောက်များက ပြောကြသည်။ သူတို့ မှန်ပါသလား။
သဘာဝဘေးအန္တရာယ်ကြောင့် သေဆုံးရသော လူသေအလောင်းများထံမှ အန္တရာယ်ကို အချို့သော ကျွမ်းကျင်ပညာရှင်များနှင့် မီဒီယာများက နားလည်မှု လွဲနေကြသည်။ ပြည်တွင်း၊ ပြည်ပရှိ ကျန်းမာရေးဝန်ထမ်းများပင်လျှင် သတင်းအချက်အလက် အမှန်မရရှိဘဲ ရောဂါများ၊ ကပ်ရောဂါများနှင့်ပတ်သက်၍ အခြေအမြစ်မရှိသော ကောလဟလများ ပျံံ့နှံ့ရာတွင် ပါဝင်မိလျက်သား ဖြစ်နေတတ်ပါသည်။ သဘာဝဘေးအန္တရာယ်ကြောင့် သေဆုံးရသော လူသေအလောင်းများထံမှ ကပ်ရောဂါများ မဖြစ်ပွားနိုင်ပါ။ ကူးစက်မြန်ရောဂါများကြောင့် သေဆုံးခြင်း (သို့) ကူးစက်ရောဂါ ကပ်ရောဂါသဖွယ်ဖြစ်နေသော ဒေသတွင် သေဆုံးခြင်း ဖြစ်မှသာ ရောဂါဖြစ်ပွါးနိုင်ခြေ အမှန်တကယ် ရှိနိုင်ပါသည်။ ဤသို့ဖြစ်လျှင်ပင် လေ့ကျင့်သင်ကြားထားသော လူသေအလောင်းကိုင်တွယ်သူများကို ရောဂါ ကူးစက်နိုင်ခြေသည် နည်းပါးပါသည်။
❓ လူသေအလောင်း ကိုင်တွယ်သူများအတွက် အန္တရာယ် တစ်စုံတစ်ရာ ရှိနိုင်ပါသလား။
အကယ်၍ ကူးစက်မြန်ရောဂါများကြောင့် သေဆုံးခြင်းဖြစ်ပါက ကယ်ဆယ်ရေးသမားများ၊ ရင်ခွဲရုံအလုပ်သမားများ စသည့် လူသေအလောင်းများကို ကိုင်တွယ်သူများအတွက် အန္တရာယ်ရှိနိုင်ပါသည်။ ကူးစက်နိုင်သော ပိုးမွှားများသည် သေဆုံးပြီး အချိန်ကာလတစ်ခုအထိ ကြာရှည်ခံသည်။ သေဆုံးပြီး အချိန်ကာလအတာ်ကြာသည်အထိ ရှင်သန်နိုင်သော တီဘီကဲ့သို့ ပိုးမွှားများ ခိုအောင်းနေနိုင်သည့် ကိုယ်တွင်းအင်္ဂါများကို ရင်ခွဲသည့်အခါ လေ့ကျင့်ထားသော ကျွမ်းကျင်ပုဂ္ဂိုလ်များက ကိုင်တွယ်လေ့ရှိသည်။ လူသေအလောင်းများကို ကိုင်တွယ်သူများအား အလုပ်မှတစ်ဆင့် စိိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားနိုင်သည့် သက်ရောက်မှုများကို ကိုင်တွယ်ဖြေရှင်းရန် အကူအညီပေးလုပ်ငန်းစဉ်များ ရှိသင့်ပါသည်။
❓ အလုပ်သမားများ နှာခေါင်းစည်း (mask) တပ်သင့်ပါသလား။
လူသေအလောင်းများမှ ထွက်သောအနံ့များသည် မနှစ်မြို့ဖွယ်ဖြစ်သော်လည်း လေကောင်းလေသန့်ရသော နေရာတွင် ထိုအနံ့များကြောင့် ကျန်းမာရေးအန္တရာယ်မဖြစ်စေသကဲ့သို့ နှာခေါင်းစည်းတပ်ရန် ယေဘုယျအားဖြင့် မလိုအပ်ပေ။ သို့ရာတွင် အဆိပ်ငွေ့များ၊ မီးခိုးငွေ့များ၊ အမှုန်အမွှားများ ရှိပါက ကျန်းမာရေးနှင့် လုံခြုံဘေးကင်းရေးအတွက် အထူးပြုလုပ်ထားသော နှာခေါင်းစည်း (special mask) များ လိုအပ်နိုင်ပါသည်။
❓ လူသေအလောင်းများနှင့် ပတ်သက်၍ ရေတိုအချိန်တွင် အာဏာပိုင်များ မည်သို့ လုပ်ဆောင်သင့်သနည်း။
ဖြစ်နိုင်ပါက လူသေအလောင်းများကို အအေးခန်း ကွန်တိန်နာများ အသုံးပြု၍ စုစည်းသိမ်းဆည်းခြင်း (သို့) ယာယီင်္သဂြိုဟ်ခြင်း ပြုသင့်ပါသည်။ လူသေအလောင်းများကို ရှာဖွေဖော်ထုတ်ရာတွင် အကူအညီဖြစ်စေရန် ရိုးရှင်းသောနည်းလမ်းများကို လုပ်ဆောင်သင့်သည်။ လူသေအလောင်းတစ်ခုချင်းစီကို ဓါတ်ပုံများရိုက်ယူထားသင့်ပြီး သက်ဆိုင်ရာအချက်အလက်များကို ရေးမှတ်ကာ မှတ်တမ်းထားရှိသင့်သည်။ နောင်တစ်ချိန်တွင် မှုခင်းဆေးပညာဆိုင်ရာ စစ်ဆေးခြင်းများ ပြုလုပ်နိုင်သည့်အတွက် လူသေအလောင်းများမှ အကြွင်းအကျန်များကို သိမ်းဆည်းထားခြင်း (သို့) ယာယီ မြှုပ်နှံထားခြင်း ပြုသင့်ပါသည်။
❓ လူသေအလောင်းများ ဖယ်ရှားစွန့်ပစ်ခြင်းကို မြန်စေရန် အစုလိုက်အပြုံလိုက် သင်္ဂြိုဟ် မြှုပ်နှံ သင့်ပါသလား။
မြန်မြန်ဆန်ဆန် အစုလိုက် သင်္ဂြိုဟ်မြှုပ်နှံခြင်းသည် ပြည်သူ့ကျန်းမာရေး ရှုထောင့်အရ မှန်ကန်သော လုပ်ရပ်မဟုတ်ပါ။ မှတ်တမ်းဓာတ်ပုံ မရိုက်ယူဘဲ၊ သက်ဆိုင်ရာ အချက်အလက်များ လုံလောက်စွာ မရယူဘဲ၊ မည်သည့်နေရာမှ အလောင်းရှာတွေ့ကြောင်း ဖော်ပြခြင်းမရှိဘဲ အလောင်းများကို အလျင်စလို စွန့်ပစ်ခြင်းသည် မိသားစုဝင်များနှင့် ရပ်ရွာလူထုအသိုင်းအဝိုင်းကို စိတ်ထိခိုက်ဒဏ်ရာရစေသည်။ လူသေအလောင်းများကို မည်သူဖြစ်ကြောင်း ဖော်ထုတ်နိုင်ရန် ရိုးရှင်းလွယ်ကူသော ဤအခြေခံ အဆင့်များကို လုပ်ဆောင်ပါက မိသားစုဝင်များအပေါ် လူမှုရေးနှင့် ဥပဒေဆိုင်ရာ ပြင်းထန်သော အကျိုးဆက်များ သက်ရောက်ခြင်းမှ ရှောင်လွှဲနိုင်ပါသည်။ ခြွင်းချက်အနေဖြင့် လူသေအလောင်းများကို ရရှိထားသော အချက်အလက်များအရ အလွယ်တကူ ခြေရာခံနိုင်ရှာဖွေနိုင်အောင်၊ လုံခြုံရေးအရ စိတ်ချရအောင် သေချာ စီမံခန့်ခွဲနိုင်ပါက အများပိုင် သင်္ချိုင်းများတွင် ထားရှိခြင်းကို လက်သင့်ခံနိုင်သည်။
❓ လူသေအလောင်းများ မည်မျှ မြန်မြန် ကောက်ယူဖို့ အရေးကြီးပါသလဲ။
လူသေအလောင်းများ ကောက်ယူစုစည်းခြင်းသည် သဘာဝဘေးဖြစ်ပြီးပါက အရေးအကြီးဆုံး ဦးစားပေး အလုပ်မဟုတ်ပေ။ ဦးစားပေးအလုပ်မှာ ရှင်ကျန်ရစ်သူများကို ကယ်ထုတ်ရန်နှင့် ဂရုစိုက်ပြုစုရန် ဖြစ်သည်။ မည်သို့ပင်ဆိုစေ လူသေအလောင်းများကို ပုပ်သိုးမသွားခင် တတ်နိုင်သမျှ ကောက်ယူ စုစည်းပြီး ဓါတ်ပုံရိုက်ယူထားသင့်သည်။ အခြေခံအချက်အလက်များကို စုဆောင်းမှတ်တမ်းတင်ထားသင့်သည်။ အလောင်းများကို သက်ဆိုင်ရာ ကုဒ်များဖြင့် အတိအကျ မှတ်ထားသင့်သည်။ မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်ရန် အလောင်းများကို ယာယီသိမ်းဆည်းထားသင့်သည်။ ၎င်းတို့ကို စောစီးစွာလုပ်နိုင်လေ သေဆုံးသူမည်သူဖြစ်ကြောင်း မြန်မြန်ဖော်ထုတ်နိုင်လေဖြစ်သည်။ ကူးစက်မြန်ရောဂါဖြစ်ပွားမှု ရှိနေပါက လေ့ကျင့်ထားသော ဝန်ထမ်းများက လူသေအလောင်းများကို ကောက်ယူစုစည်းပြီး စနစ်တကျစီမံခန့်ခွဲခြင်းသည် အရေးတကြီးလုပ်ရမည့် ဦးစားပေးအရာဖြစ်သည်။
❓ လူသေအလောင်းများကို မြန်မြန်ဖော်ထုတ်ရန် အနိမ့်ဆုံးလိုအပ်သော အဆင့်များမှာ အဘယ်နည်း။
ဘေးအန္တရာယ်ကျရောက်ပြီး လူသေအလောင်းများ ဖော်ထုတ်သတ်မှတ်ခြင်းသည် ရှုပ်ထွေးပေသည်။ သက်ဆိုင်ရာ အဆင့်များစွာရှိပြီး လိုက်နာရမည့် လက်စွဲစာအုပ်ပါ ရှိပါသည်။
ယေဘုယျအားဖြင့် အသက်ရှင်စဉ်က ရခဲ့သောအချက်အလက်များနှင့် နှိုင်းယှဉ်ကာ လူသေအလောင်းကို ခွဲခြားသတ်မှတ်ကာ ဖော်ထုတ်ခြင်းလုပ်သည်။ ထို့ကြောင့် ပျောက်ဆုံးစာရင်း နှင့် ခန့်မှန်း သေဆုံးစာရင်းတွင် မှတ်တမ်းတင်ထားသည့် အချက်အလက်များကို လိုအပ်သည်။ (ပျောက်ဆုံးစာရင်းနှင့် ပျောက်ဆုံးနေသူတစ်ဦးချင်းစီ၏ သီးခြားအချက်အလက်) လူသေအလောင်းနှင့် ပတ်သက်သည့် သတင်းအချက်အလက်များလည်း လိုအပ်ပေသည်။ (ပုပ်သိုးဆွေးမြေ့မသွားခင် ရယူထားနိုင်သော ဓါတ်ပုံများ၊ အချက်အလက်များ၊ အဝတ်အစားများ စသည်) ဤအချက်အလက်များကို တောက်လျှောက် ခြေရာခံမှတ်သားထားနိုင်ရန် လူသေအလောင်းကို သီးသန့်ကုဒ်ပေးထားပြီး ဓါတ်ပုံအားလုံး၊ စုဆောင်းထားရှိသော အချက်အလက်များအားလုံးတွင် ကုဒ်ကို မှတ်သားထားပြီး အလောင်းနှင့် အလောင်းထည့်ထားသော အိတ်၊ မြှုပ်နှံထားသော နေရာတို့တွင် တွဲလျက်ထားရှိိရမည်။ သို့မှသာ လူသေအလောင်း၏ တည်နေရာကို မှတ်ထားနိုင်ပြီး မည်သည့်အချိန်တွင်မဆို ပြန်လည်ထုတ်ယူနိုင်မည်ဖြစ်သည်။ စံအနေဖြင့် အကောင်းဆုံးမှာ မှုခင်ဆေးပညာ ကျွမ်းကျင်ပညာရှင်များ ပါဝင်သင့်ပြီး ဤအခြေအနေမှာ အမြဲတမ်း မဖြစ်နိုင်ပေ။
❓ ကျန်ရစ်သူများအတွက် ဖြစ်နိုင်ခြေရှိသည့် စိတ်ကျန်းမာရေးပြဿနာများမှာ အဘယ်နည်း။
မည်သည့်ဘာသာတရားနှင့် ဓလေ့ထုံးတမ်းတွင်မဆို ကျန်ရစ်ဆွေမျိုးသားချင်းများ၏ အပြင်းပြဆုံး ဆန္ဒမှာ ၎င်းတို့ ချစ်မြတ်နိုးရသူများကို ရှာဖွေဖော်ထုတ်နိုင်ရေးပင်ဖြစ်သည်။ အလောင်း/ခန္ဓာကိုယ်ကို ပြန်လည်ရှာဖွေနိုင်ရန် ကြိုးစားမှုအားလုံးသည် သူတို့ကို ကူညီရာ ရောက်ပေသည်။ သက်ဆိုင်ရာ ဘာသာရေးအရ၊ ဓလေ့ထုံးတမ်းအရ နာရေးပြုလုပ်ခြင်း၊ ထုံးတမ်းစဉ်လာ သင်္ဂြိုဟ်မှု ပြုလုပ်နိုင်ခြင်း တို့သည် စိတ်သက်သာရာရစေရန်နှင့် ပြန်လည်ကုစားနိုင်ရန် အရေးကြီးသော အချက်များဖြစ်သည်။ ကပ်ရောဂါဖြစ်ပွားသော အခြေအနေများတွင်မူ ထုံးတမ်းအရ ရိုးရာသင်္ဂြိုဟ်မှုများသည် ကျန်းမာရေးဆိုင်ရာ အန္တရာယ်ရှိသည့်အတွက် သင့်လျော်ခြင်းမရှိပေ။ ထို့အတွက်ကြောင့် ကပ်ရောဂါဖြစ်ပွါးပါက ထိုသို့ ခွင့်မပြုခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုများဖြစ်ပေါ်လာခြင်းကို ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။
❓ နိုင်ငံခြားသားများ၏ အလောင်းများကို မည်ကဲ့သို့ စီမံခန့်ခွဲမည်နည်း။
နိုင်ငံရပ်ခြားရှိ မိသားစုဆွေမျိုးများသည်လည်း ဒေသခံမိသားစုဝင်များကဲ့သို့ပင် သူတို့၏ ချစ်ခင်မြတ်နိုးရသူများကို မည်သူဖြစ်ကြောင်း အတည်ပြုဖော်ထုတ်ပြီး အလောင်း/ခန္ဓာကိုယ်ကို ၎င်းတို့ထံသို့ ပြန်လည်ပေးပို့မည်ကို မျှော်လင့်ကြသည်။ သေဆုံးသူ မည်သူမည်ဝါဖြစ်ကြောင်း သေသေချာချာ ခွဲခြားဖော်ထုတ်ခြင်းများသည် မိသားစု၊ လူမှုရေး၊ စီးပွားရေး နှင့် သံတမန်ရေး ဆိုင်ရာ သက်ရောက်မှုများ ရှိပေသည်။ သီးသန်းကုဒ်များ သတ်မှတ်ထားရှိခြင်း၊ ဓါတ်ပုံများ၊ လူသေအလောင်းများမှ အချက်အလက်ဒေတာများ စုဆောင်းသိမ်းဆည်းထားခြင်း စသည့် ရိုးရှင်းသော လုပ်ငန်းအဆင့်များဖြင့် နိုင်ငံခြားသား အလောင်းများကို တိတိကျကျ များများ ရှာဖွေဖော်ထုတ်နိုင်စေသည်။ နိုင်ငံခြားကောင်စစ်ဝန်ရုံးများ နှင့် သံရုံးများ ကို ဆက်သွယ်အကြောင်းကြားသင့်ပြီး အကူအညီအတွက် အခြား သက်ဆိုင်ရာ အဖွဲ့အစည်းများ (နိုင်ငံတကာကြက်ခြေနီ (အိုင်စီအာရ်စီ) နှင့် အင်တာပိုလ် စသည်) ကို ဆက်သွယ်သင့်သည်။
❓ Volunteer စေတနာ့ဝန်ထမ်းတစ်ယောက်ဖြစ်ပါက လုပ်ဆောင်နိုင်သည်များ
လူသေအလောင်းများကို စီမံခန့်ခွဲခြင်းနှင့် လိုအပ်သော သတင်းအချက်အလက်များ မှတ်တမ်းတင်ခြင်းတို့ကို လုပ်ဆောင်နိုင်သည်။ သက်ဆိုင်ရာကြီးကြပ်ညွှန်ကြားမှုအောက်တွင် လူသေအလောင်းများ မြှုပ်နှံ/သင်္ဂြိုဟ်ရေးတွင် ပါဝင်ကူညီနိုင်သည်။ သို့ရာတွင် ရှေးဦးစွာ ထိုအလုပ်အတွက် သက်ဆိုင်ရာ ကျွမ်းကျင်သူများမှ အကျဉ်းချုံးရှင်းပြခြင်း၊ အကြံပေးညွှန်ကြားခြင်း၊ လေ့ကျင့်သင်ကြားပေးခြင်းနှင့် လိုအပ်သည်များ ဖြည့်ဆည်းပေးခြင်းများ လိုအပ်သည်။
❓ အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းတစ်ခုကို ကိုယ်စားပြုပါက လုပ်ဆောင်နိုင်သည်များ
သက်ဆိုင်ရာအာဏာပိုင်များနှင့် ပေါင်းစပ်လုပ်ကိုင်ပြီး သတင်းအချက်အလက်များကောက်ယူခြင်း နှင့် မိသားစုများကို ကူညီထောက်ပံ့ခြင်းသည် ရှင်သန်ကျန်ရစ်သော ဆွေမျိုးသားချင်းများကို အကောင်းဆုံးကူညီရာရောက်ပေသည်။ လူသေအလောင်းစီမံခန့်ခွဲခြင်း လမ်းညွှန်ကို ဖြန့်ဖြူးပေးခြင်းဖြင့် လူသေအလောင်း ခွဲခြားသတ်မှတ်ခြင်းနှင့် ရှာဖွေဖော်ထုတ်ခြင်းလုပ်ဆောင်မှုများကို လျင်မြန်အောင် ကူညီပေးနိုင်သည်။ သက်ဆိုင်ရာအာဏာပိုင်များ၏ ကြီးကြပ်မှုအောက်တွင် လေ့ကျင့်သင်ကြားခြင်းမရှိဘဲ လူသေအလောင်းများကို တိုက်ရိုက် စီမံခန့်ခွဲခြင်း မပြုသင့်ပါ။
❓ ကျန်းမာရေးပညာရှင်တစ်ယောက်ဖြစ်ပါက လုပ်ဆောင်နိုင်သည်များ
သေဆုံးပြီးသူထက် ရှင်သန်ကျန်ရစ်သူများအတွက် ကျန်းမာရေးပညာရှင်များ အဓိက ပိုလိုအပ်ပါသည်။ လူသေအလောင်းများက ဖြစ်စေသော ကပ်ရောဂါများနှင့် ပတ်သက်သည့် ယုံတမ်းစကားများကို တိုက်ဖျက်ရန်အတွက်မူ မည်သည့်ပညာရှင်မဆို ကူညီနိုင်ပေသည်။ လုပ်ဖော်ကိုင်ဖက်များနှင့် မီဒီယာသမားများကို သက်ဆိုင်ရာ အလောင်းစီမံခန့်ခွဲမှု လမ်းညွှန်များအပေါ် အခြေခံ၍ အသိပညာပေးပါ။
❓ သတင်းထောက်တစ်ယောက်ဖြစ်ပါက လုပ်ဆောင်နိုင်သည်များ
ကပ်ရောဂါကို ရှောင်ရှားရန် လူသေအလောင်းများကို မီးရှို့ဖျက်ဆီးရန် (သို့) အစုလိုက်မြှုပ်နှံရန် လိုအပ်သည်ဟူသော မှတ်ချက်များ သတင်းများ ကြားပါက ဤသတင်းများကို စိန်ခေါ်ကာ မှန်ကန်သော သတင်းအချက်အလက်များ တင်ပြ၍ ဖြေရှင်းပါ။ စာရေးသားရာတွင်၊ အစီရင်ခံစာများတွင် လူသေအလောင်း စီမံခန့်ခွဲမှု လမ်းညွှန် ပါအချက်အလက်များကို မှီငြမ်း၍ အသိပညာပေးမြှင့်တင်ပါ။ လိုအပ်ပါက ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီတို့ကို ဆက်သွယ်ရန် ဝန်မလေးပါနှင့်။
#ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ
Source:
https://www. who. int/news-room/questions-and-answers/item/emergencies-management-of-dead-bodies
***ကျန်းမာရေးဝန်ကြီးဌာန(အမျိုးသားညီညွတ်ရေးအစိုးရ) စာမျက်နှာမှကူးယူဖော်ပြသည်။
No comments:
Post a Comment