**ရှင်အရဟံနှင့် အနော်ရထာမင်း တွေ့ဆုံခန်း၊အရည်းကြီးများနဲ့ ပန်းဦးလွှတ်ခြင်း ဆိုသော လုပ်ဇာတ်ဒဏ္ဍာရီ**
--ကျွန်တော့်အမြင်မှာ သမိုင်းနဲ့ ဒဏ္ဍာရီ ပေါင်းစပ်ပြီးတော့ ရာဇဝင်ဆိုတာ ဖြစ်လာတယ်လို့ ထင်မိပါတယ်။ ဒါပြင် ရာဇဝင်ဟောင်းတွေကို ဖြတ် ညှပ် ကပ် ပေါင်းစပ်ပြီး ရာဇဝင်အသစ်တွေလည်း ဖြစ်လာတတ်ပါတယ်။
အရည်းကြီးတွေနဲ့ ပန်းဦးလွှတ်ဓလေ့တွေ၊ အနော်ရထာမင်းနဲ့ ရှင်အရဟံ တွေဆုံခန်းတွေ ဆိုတဲ့ ရာဇဝင်ထည်းကအော်ပရာဆန်ဆန် ဖြစ်ရပ်ကို ကြည့်ပါ။ ရှင်အရဟံနဲ့ အနော်ရထာမင်း တို့ဟာ သမိုင်းတင် ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။ အင်း ဦးကုလား ရာဇဝင်မှာ စပြီး ပါဝင်လာခဲ့တဲ့ ယင်း ပုဂ္ဂိုလ်နှစ်ဦးရဲ့ တွေ့ဆုံပုံ အရည်းကြီးနဲ့ ပန်းဦးလွှတ် စတဲ့ ရာဇဝင်ဖြစ်ရပ်ကတော့ဖြင့် ဇာတ်ညွှန်းအဟောင်းတွေကို ဖြတ် ညှပ် ကပ် ပုံပြောင်း နေရာလွှဲ ကူးယူပြီး အသစ်ဖန်တီးထားတဲ့ ရာဇဝင် ဒဏ္ဍာရီ လုပ်ဇာတ်လို့ ဆိုချင်ပါတယ်။
အမှန်တကယ် အားမနာတမ်း ပြောရရင် ဦးကုလားဟာ မဟာရာဇဝင်ကြီးထဲမှာ အကျင့်ဆိုး တာတေလံ အရည်ကြီးတွေနဲ့ ပန်းဦးလွှတ်ဓလေ့တွေကို ထိုးဇာတ်ဆင်ပြီး ရာဇဝင်ဖြစ်ရပ် ဖြစ်သယောင် ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ဖန်တီးမှုဟာ မြန်မာယဉ်ကျေးမှုရဲ့ အချက်အချာ ထေရဝါဒဗုဒ္ဓဘာသာ ကိုးကွယ် ယုံကြည်မှုနဲ့ မြန်မာလူအဖွဲ့အစည်းရဲ့ ကိုယ်ကျင့်တရား ဂုဏ်သိက္ခာတွေကို သိမ်သိမ်မွေ့မွေ့နဲ့ အဆုံးစွန် သိက္ခာချခဲ့တာ ဖြစ်ပါတယ်။
ဦးကုလားရဲ့ ပုဂံပြည်က အရည်းကြီးနဲ့ ပန်းဦးလွှတ်ဓလေ့ဟာ "" လုပ်ဇာတ် "" သာ ဖြစ်ပါတယ်။
ယင်းဇာတ်လမ်းရဲ့ အကျဉ်းချုပ် ဇာတ်ကြောင်းကတော့
၁-အနော်ရထာမင်း မတိုင်ခင်ကတည်းက ပုဂံပြည်မှာ ဗုဒ္ဓသာသနာ မရှိပဲ အကျင့်ပျက် အရည်းကြီး ခြောက်သောင်းသာ ကြီးစိုးတယ်။
၃-မင်း မှူး မတ်ကအစ ပြည်သူတွေဟာ သား သမီးတွေကို မထိမ်းမြားမီ အရည်းကြီးတွေဆီ ပန်းဦးလွှတ်ဖို့ တစ်ညတာ ပို့ပြီးမှ ထိမ်းမြားရတယ်။
၄-ပုဂံမှာ ဘုရားသာသနာ မထွန်းကားလို့ ရှင်အရဟံဟာ ပုဂံပြည်ကို ကြွလာတယ်။ တောတစ်နေရာမှာ သီတင်းသုံးနေတုန်း မုဆိုးတစ်ဦးက တွေ့ပြီး နန်းတော်ကို ခေါ်လာတယ်။
၅-နန်းတော်ရောက်တဲ့ အခါ အနော်ရထာမင်းက သင့်လျော်ရာနေရာမှာ နေထိုင်ပါလို့ ဆိုတဲ့ အခါ နန်းပလ္လင်ပေါ်မှာ ရှင်အရဟံက ထိုင်တော်မူတယ်။ မင်းကြီးက ရှင်အရဟံရဲ့ အမျိုးအနွယ်ကို မေးလျှောက်တဲ့အခါ ဘုရားသားတော်လို့ ဖြေတော်မူတယ်။ တရားတောင်းတဲ့ အခါမှာ နိဂြောဓသာမဏေက အသောကမင်းကြီးကို ဟောကြားတော်မူခဲ့တဲ့ အပ္ပမာဒ စတဲ့ တရားတော်တွေကို ဟောတော်မူတယ်။ အဲဒီနေ့ကစပြီး အနော်ရထာမင်းဟာ ဘုရားသာသနာမှာ ယုံကြည်သက်ဝင်ခဲ့တယ်။ အရည်းကြီး ခြောက်သောင်းကို အဝတ်လဲစေတယ်၊ လို့ ဖြစ်ပါတယ်။
ဦးကုလားဟာ မဟာရာဇဝင်ကြီးကို ပြုစုတော့ ဗုဒ္ဓကျမ်းဂန်တွေ သီဟိုဠ်ရာဇဝင်၊ ဇမ္ဗူကွန်ချာ၊ သထုံရာဇဝင် အပါအဝင် ကျမ်းပေါင်း ခုနှစ်ဆယ်ကျော်ကို ကိုးကားခဲ့ပါတယ်။ ရှင်အရဟံနဲ့ အနော်ရထာမင်း တွေ့ဆုံခန်း ဖြစ်ရပ်ကို ဦးကုလားဟာ သီဟိုဠ်ရာဇဝင် ဒီပဝံသကျမ်းလာ အသောကမင်းကြီးနဲ့ နိဂြောဓသာမဏေ တွေ့ဆုံခန်း၊ သထုံရာဇဝင်လာ သထုံပြည်က ပြေးလာတဲ့ သာမဏေငယ်နဲ့ အနော်ရထာ တွေ့ဆုံပုံ၊ ဇမ္ဗူကွန်ချာကျမ်းမှာပါတဲ့ ရှင်အရဟံနဲ့ အနော်ရထာမင်းတို့ သာသနာဖွင့်ဖြိုးရေး လုပ်ဆောင်ချက်တွေကို နမူနာယူ ပေါင်းစပ် ညှိနှိုင်းပြီး ဖန်တီးထားတဲ့ သမိုင်းဒဏ္ဍာရီသာ ဖြစ်ပါလိမ့်မယ်။
ဒီသမိုင်းဒဏ္ဍာရီရဲ့ အဓိကဇာတ်ကွက် main scenario သည်ကား သမိုင်းတင် အနော်ရထာမင်းရဲ့ ကြီးကျယ်သော သမိုင်းဝင် သာသနာပြုခြင်းလုပ်ငန်းကို ဖော်ပြတာ ဖြစ်ဟန် ပုံဖော်ထားပါတယ်။ သို့ပေမဲ့ အနော်ရထာခေတ် အစောပိုင်းနဲ့ အနော်ရထာ မတိုင်မီ မင်းတွေလက်ထက်မှာ "
* ဇမ္ဗူကွန်ချာကျမ်းမှာ ပါဝင်တာကတော့
" မြတ်စွာဘုရား သာသနာတော် ထောင့်ခြောက်ရာ ခြောက်နှစ် ဖြစ်လေသောအခါဝယ် အရိမဒ္ဒနာ ပေါက္ကာရာမ မည်သော တမ္ပဒေသ၌
အနော်ရထာမင်းမြတ်သည် အရဟံ မည်ရှိသော ဆရာတော်နှင့်တကွ သာသနာတော်သုံးပါး အစီးအပွားကို ပြုတော်မူ၏" လို့ ဖြစ်ပါတယ်။
*** ဒီပဝံသကျမ်း ခရစ်နှစ် ၃ရာစုရေး မှာက
အသောကမင်းဟာ ဘိသိတ်ခံပြီး သုံးနှစ်ကြာအထိ မိစ္ဆာဒိဌိ ပါသဏ္ဍအယူကို ယူခဲ့ပြီး၊ နိဂြောဓသာမဏေနဲ့ တွေ့ဆုံ၍ အပ္ပမာဒ ဒေသနာ နာကြားရပြီးနောက်မှာမှ ဗုဒ္ဓသာသနာမှာ သက်ဝင်ယုံကြည်တယ်၊ ဗုဒ္ဓဘာသာ ခံယူပြီးတဲ့အခါမှာ တိတ္ထိခြောက်သောင်းနဲ့ အဆက်ဖြတ်ပြီး ဗုဒ္ဓရဟန်းတော် ခြောက်သောင်းကို ဆည်းကပ်တယ်လို့ ပါရှိပါတယ်။
** သထုံရာဇဝင်မှာ ပါရှိတာက
( မနူဟာ)မင်းသည်။ ဘုန်းအာဏာနိမ့်လျက်။ ကျေးလက်ရွာ ပြည်၊ မုတမ်းတ ထူထပ်၍၊ အငတ်အမွတ်ကြီးပေလျှင် အရိယာသံဃာတော်တို့လည်းလွင့်ပြားလေ၍၊ တပါးသော၊ "သာမဏေ"မှာ အရိမဒ္ဒနပုရပုဂံ မြို့၏၊ နယ်ပယ်သို့ရောက်သဖြင့်၊မုဆိုး တစ်ယောက်ကတွေ့လေ၍။ထိုသာမဏေအား ၊ပုဂံနန်း(အနုရုဒ္ဓဒေဝ) မင်းသို့ဆက်လေသည်။ထိုမင်းသည်လည်း။ရတနာသုံးပါး၌ အ ထူးနှစ်သက်ပါသော်လည်း ပရိယတ္တိသာသနာတော်အမှန်ကို မကြားနာရသေး၍၊ အလဇ္ဇီ ရဟန်းတို့နှင့်သာ နေရလေသည်။ သာသနာတော်တည်မည့်အချိန်အခါ၌ သာမဏေလည်း ရောက်ထ၁ ၍၊အကြောင်းမျိုးစု ကိုဟောပြလေလျှင်" လို့ ပါရှိပါတယ်။ အနော်ရထာမင်းဟာ သာမဏေငယ်နဲ့ တွေ့ရှိ တရားနာရပြီးမှ ဗုဒ္ဓသာသနာမှာ သက်ဝင်ယုံကြည်တယ်လို့ ဆိုပါတယ်။
ဆိုတော့ကို သထုံရာဇဝင်နဲ့ ဦးကုလား ရာဇဝင် နှစ်ခုလုံးဟာ သီဟိုဠ်ရာဇဝင် ဒီပဝံသကျမ်းလာ အသောကမင်းနဲ့ နိဂြောဓသာမဏေ တွေ့ဆုံခန်း အဖြစ်အပျက်ကို ပုံစံခွဲပြီး အနော်ရထာမင်းနဲ့ ရဟန်း သို့ သာမဏေငယ်နဲ့ တွေ့ဆုံဟန် သံတူကြောင်းခွဲ ဇာတ်ကြောင်းဆင်ခဲ့ဟန် တူပါတယ်။ သထုံရာဇဝင်ဟာ အသောကမင်း ဇာတ်ရုပ်နေရာမှာ အနော်ရထာမင်းနဲ့ အစားထိုးပြီး နိဂြောဓသာမဏေ နေရာမှာ သထုံက သာမဏေငယ်နဲ့ အစားထိုးခဲ့ပုံ ရှိနေကြောင့် တွေးဆနိုင်ပါတယ်။
ဦးကုလား အနေနဲ့က သထုံရာဇဝင်နဲ့ ဒီပဝင်ပါ အကြောင်းအရာတွေကို အသွင်အသစ်နဲ့ ရောစပ်အသုံးချ ဖန်တီးခဲ့တာကို မြင်ရပါတယ်။ သထုံက လာတဲ့ သာမဏေငယ် နေရာမှာ ဇမ္ဗူကွန်ချာကျမ်းပါ ရှင်အရဟံနဲ့ အစားထိုး ပုံဖော်ပါတယ်။ သထုံကလာတဲ့ သာမဏေ တောထဲမှာ မုဆိုးနဲ့တွေ့တာကို ရှင်အရဟံ တောတွင်းမှာ မုဆိုးနဲ့ တွေ့ကြောင်း အဖြစ် ဇာတ်ကွက်တူ ဇာတ်ရုပ်ပြောင်းခဲ့တာကို တွေ့မြင်ရပါတယ်။ တောထည်းမှာ မုဆိုးနဲ့တွေ့ပြီး နန်းတွင်ထည်း ရောက်လာတယ်။ သထုံရာဇဝင်မှာက သထုံက သာမဏေ။ ဦးကုလားမှာက ရှင်အရဟံ။ ဒါပါပဲ။
ဆိုတော့ ဒီပဝင်နဲ့ သထုံ အဆက်အစပ်ကို
ဒီပဝင် သထုံရာဇဝင်
အသောကမင်း သဏ္ဍာန်တူ အနော်ရထာမင်း
နိဂြောဓသာမဏေ သဏ္ဍာန်တူ သထုံ သာမဏေ လို့ တွေ့ရပါတယ်။
သထုံနဲ့ ဦးကုလား အဆက်အစပ်ကို
သထုံရာဇဝင် ဦးကုလားရာဇဝင်
အနော်ရထာမင်း = အနော်ရထာမင်း
သထုံ သာမဏေ ဇာတ်ရုပ်ပြောင်း ရှင်အရဟံ
လို့ တွေ့ရှိရပါတယ်။
ဦးကုလားရာဇဝင်ထက် အများကြီးစောတဲ့ ဇမ္ဗူကွန်ချာမှာ ရှင်အရဟံရဲ့ ဇစ်မြစ် မပါရှိပါ။ ဇမ္ဗူကွန်ချာကျမ်းဟာ ဝန်ဇင်းမင်းရာဇာပြုစုတယ်လို့ အဆိုရှိပါတယ်။ အဲဒီတော့ ဦးကုလားဟာ မ္ဗေူကွန်ချာနဲ့ သထုံရာဇဝင်ကို ကျမ်းညှိယူငင်လိုက်ပုံ ပေါ်ပါတယ်။ သူရဲ့ ရာဇဝင်ရေးပုံက ရှိနှင့်ပြီးသာ စာအဟောင်းတွေက အကြောင်းအရာတွေကို ညှိုနှိုင်း တည်းဖြတ်လပေါင်းထည့် ဖန်တီးပုံမျိုး ဖြစ်ပါတယ်။
ဦးကုလား ရာဇဝင်က အရည်းကြီးတွေနဲ့ ပန်းဦးလွှတ်ဓလေ့မှာ "သား သမီးတွေကို" မထိမ်းမြားမီ အရည်းကျောင်းကို တစ်ညပို့ရတယ်လို့ ဆိုထားတယ်။ အခုခေတ်မှာ အဲဒီ အရေးအသားကို ဘယ်လိုများ အဓိပ္ပါယ်ကောက်ယူကြသလဲ ဆိုတော့ အပျိုစင် မိန်းကလေးတွေကို အရည်းကြီးကျောင်းမှာ တစ်ညပို့ရပြီး အရည်းကြီးနဲ့ လိင်ဆက်ဆံပြီး အပျိုစင်ဘဝကို ပေးဆပ်ရတယ်လို့ ဖြစ်နေကြပါတယ်။ ဆိုတော့ သားယောက်ျားတွေကို ပို့ရတယ်အကြောင်းကရော ဘာလဲ။
အဲဒီ "သား သမီးတွေ" ဆိုတဲ့ ထူးဆန်းတဲ့အရေးအသားကို ပါဠိဘာသာ ပညာရှင် ဒေါက်တာ မာဘယ် ဘုတ်က နားဝေတိမ်တောင် ဖြစ်ရကြောင်း၊ အဲဒီထုံးစံဟာ ကမ္ဘောဒီးယားပြည်မှာ ပျံ့နှံ့ခဲ့တဲ့ ဓလေ့ ဖြစ်ကြောင်း၊ အဲဒီဓလေ့မှာ လက်ထပ်ဖို့ အရွယ်ရောက်ပြီး အပျို လူပျို (virgin = လိင်ဆက်ဆံမှု အတွေ့အကြုံ လုံးဝမရှိသူ) တွေကို ထိမ်းမြားပွဲ မတိုင်မီ ဗုဒ္ဓဘာသာဘုန်းကြီးတစ်ဦးဆီ ပို့ပေးရကြောင်း အကြောင်းအရာတွေကို အဆုံးသတ် ကောက်ချက်ဆွဲဖို့ အတားအဆီး ဖြစ်ရကြောင်း " မြန်မာပြည်မှ အစောပိုင်း သဒ္ဒါကျမ်းပြုသူများ " သုတေသနဆောင်းပါးမှာ ရေးသားခဲ့ပါတယ်။ အဲဒီပညာရှင်က ကမ္ဗောဒီးယားက ပန်းဦးလွှတ်ဓလေ့ အထောက်အထားကို ပြင်သစ်ပညာရှင် ပေါလ် ပေလီယိုရဲ့ " ခမာပြည်မှ လူများ၊ ဓလေ့ထုံးစံများ ဆိုင်ရာ အမှတ်အသားများ" စာတမ်းကို စာအကိုးအကား ပြပါတယ်။
#ဆရာကြီးပေလီယိုရဲ့ " ခမာပြည်မှ လူများ၊ ဓလေ့ထုံးစံများ" စာတမ်းဟာ ခရစ်နှစ် ၁၃ ရာစု တရုတ်သံတမန် ကျူးတာကွမ်းရဲ့ ခေတ်ပြိုင်မှတ်တမ်း "ကျန်း-လ-ဖန်-တု-ကျိ" ကို ဖွင့်ဆိုထားတယ် ဖြစ်ပါတယ်။ ကျူးတာကွမ်းဟာ ကမ္ဗောဒီးယားပြည်မှာ ၃ နှစ်တာ နေထိုင်ခဲ့ပြီး ကိုယ်တိုင် ကြားသိခဲ့တဲ့ ခမာထုံးစံတွေကို မှတ်တမ်းတင်ထားတာ ဖြစ်ပါတယ်။ ၁၃ ရာစု ခမာပြည်မှာ မထိမ်းမြားမီ ပန်းဦးလွှတ်တဲ့ ဓလေ့ကို မင်း အသိအမှတ်ပြုပြီး တွင်တွင်ကျယ်ကျယ်ကြီး ကျင့်သုံးတာတွေကို ကျူးတာကွမ်းရဲ့ မှတ်တမ်းအရ သိရပါတယ်။ မထိမ်းမြားမီ အပျိုစင်မိန်းကလေးကို မိဘများက ဗုဒ္ဓဘာသာဘုန်းကြီး ဒါမှမဟုတ် တာအိုဘုန်းကြီးတစ်ပါးဆီ ပို့ရပါတယ်။ ခေတ်သစ်ဖွင့်ဆိုသူတွေက တာအိုဘုန်းကြီး ဆိုတာ မဟုတ်နိုင်ပဲ ဟိန္ဒူဘုန်ကြီး ဖြစ်မယ်လို့ ဆိုကြပါတယ်။
အဲဒီမှတ်တမ်းပါ ပန်းဦးလွှတ်ပုံကလဲ အခုခေတ် မြန်မာပြည်မှာ ပေါက်လွှတ်ပဲစား ပြောနေကြသလို လိင်ဆက်ဆံတာမျိုး ဟုတ်ဟန် မတူပါဘူး။ပန်းဦးလွှတ်ပေးသူက လက်ချောင်းကို အသုံးပြု ဆောင်ရွက်ရပါတယ်။ သွေးပေနေတဲ့ လက်ချောင်းကို အရက်ခွက်ထဲ နှစ်ပြီး သန့်စင်ကြတယ်။ အမိ အဖ ဆွေမျိုး အိမ်နီးချင်းတွေက သူတို့ နဖူးကို အဲဒီ ( သွေးစွန်းအရက်နဲ့) ရေးတို့ အမှတ်အသား ပြုကြတယ်လို့ မှတ်တမ်းမှာ တွေ့ရတယ်။
နောက် ခရစ်နှစ် ၁၅ ရာစုမှာ တရုတ်ခရီးသွား မာ့ဟွမ်း Mǎ huān ရေး တရုတ်မှတ်တမ်းတစ်ခု ဖြစ်တဲ့ ယင်း-ယ-ကျန်း-လန် မှာ ပန်းဦးလွှတ်ဓလေ့ကို ခရစ်နှစ် ၁၅ ရာစုက ရှမ်းလိုပြည် ဆိုတဲ့ထိုင်းနိုင်ငံမှာ ပန်းဦးလွှတ်ဓလေ့ ရှိကြောင်း ပါရှိပါတယ်။ အဲဒီမှတ်တမ်းအရ ရှမ်းလိုပြည်က သတိုးသား/ သမီးတို့ကို မထိမ်းမြားမီ ပန်းဉီးလွှတ်ပုံကို
" ထိမ်းမြားတဲ့အခါမှာ ဘုန်းကြီးတစ်ဦးကို ဖိတ်ကြားပြီး သတို့သားနဲ့အတူ သတို့သမီး မိန်းကလေးအိမ်ကို သွားကြရပါတယ်။ ထိုနောက် (သတို့သမီး) မိန်းကလေးရဲ့အိမ် ရောက်တဲ့အခါ ဘုန်းကြီးကို မိန်းကလေးရဲ့ အပျိုစင်သွေးကို ယူစေပြီး (သို့) အဲဒီမိန်းကလေးငယ်ကို ပန်းဦးလွှတ်ပြီး deflower ( Eng), déflore ( Fr) သတို့သားငယ်၏နဖူးကို အဲဒီသွေးနဲ့ တို့သုတ်ပြီး အမှတ်အသားပြုပါတယ်။ ဒါကို လိရှိ 利市 (မင်္ဂလာအထိမ်းအမှတ်?) လို့ ခေါ်တယ်။ အဲဒါပြုပြီးမှ ထိမ်းမြားမှု အထမြောက်ပါတယ်။ နောက် သုံးရက်မြောက်သောနေ့မှာ ဘုန်းကြီးနှင့် မိဘတို့ဟာ သတို့သား၊ သတိုးသမီးတွေကို ကွမ်းသီးတွေနဲ့ ပြည့်နေတဲ့ အလှဆင် လှေတွေပေါ်တင်ပြီး သတိုးသားအိမ်ကို ခေါ်လာကြတယ်။ အဲဒီနောက် ထိမ်းမြားပွဲကို သေရည်၊ အတီးအမှုတ် တေးဂီတတွေနဲ့ ကျင်းပကြတယ်" လို့ ဖြစ်ပါတယ်။
ဒါပြင် ၁၆ ရာစုမှာ ကုန်ခါနီးမှာ ပြုစုပြီးခဲ့တဲ့ တရုတ်စွယ်စုံကျမ်း တစ်ခုဖြစ်တဲ့ စန်း-ချိုက်-ဟူ-ဝှေ့ရဲ့ ခမာပြည် ကဏ္ဍမှာ
" မိန်းကလေးတစ်ယောက် အသက်အရွယ် ကိုးနှစ် အရောက်မှာ ဘုန်းကြီးတစ်ပါးကို ဖိတ်ပြီး ဂါထာမန္တန်တွေ ရွတ်ဖတ်၍ ဗြဏ္မဏထုံးစံ အစီအမံတွေကို ပြုစေတယ်။ အဲဒီနောက် လက်ချောင်းနဲ့ ပန်းဦးလွှတ်ပြီး အပျိုစင်သွေးကို မိန်းကလေးရဲ့ နဖူးမှာ သုတ်လိမ်းပေးရပါတယ်။ မိန်းကလေး မိခင်ရဲ့ နဖူးမှာလဲ သုတ်လူးပေးရပါတယ်။ အဲဒီလို ဆောင်ရွက်ခဲ့မှ မိန်းကလေးဟာ မင်္ဂလာဦးမှာ ပျော်ရွှ ချမ်းမြေ့ရပါတယ်။ အဲဒီ ထုံးစံကို လိရှီ 利市 လို့ ခေါ်တယ်။ " လို့ ပါရှိပါတယ်။
ဒေါက်ာ မာဘယ် အနေနဲ့ ကောက်ချက် မဆွဲနိုင် ဖြစ်ရတယ် ဆိုပေမဲ့ ဦးကုလားရဲ့ နောက်ရေး ရာဇဝင်နဲ့ တရုတ်ခေတ်ပြိုင်မှတ်တမ်းနှစ်ခုကို တိုက်ဆိုင်ကြည့်ရင် ကောက်ချက် ဆွဲနိုင်ပါလိမ့်မယ်။ ဦးကုလား ရာဇဝင်ဟာ ခရစ် ၁၈ ရာစုရေး ရာဇဝင် ဖြစ်ပါတယ်။ အနော်ရထာမင်းရဲ့ ခေတ်ဟာ ခရစ်နှစ် ၁၁ ရာစု ဖြစ်ပါတယ်။ နှစ်ပေါင်း ၇၀၀ ကွာပါတယ်။ အနော်ရထာမင်းနဲ့ ခေတ်ပြိုင်မှတ်တမ်း မဟုတ်ပါဘူး။ အရည်းကြီးတွေ၊ ပန်းဦးလွှတ်တာတွေကို သူကိုယ်တိုင် ပုဂံ အနော်ရထာခေတ်မှာ အသက်ရှင်နေထိုင်ခဲ့ပြီး တွေ့ကြုံပြီး ရေးခဲ့တာ မဟုတ်ပါဘူး။ ရှင်ရဟံ အနော်ရထာ တွေ့ဆုံခန်းမှာပဲ ရှေးရာဇဝင်တွေကို သူစိတ်ကူးနဲ့ ပုံပြောင်း အစားထိုး ဖန်တီးခဲ့တာ အထင်အရှား တွေ့ခဲ့ရပြီး ဖြစ်ပါတယ်။ ဒါပြင်
ဦးကုလားရဲ့ အရည်းကြီးဆိုတာ ဒီပဝံသကျမ်းပါ တိတ္ထိတွေကို ပုဂံခေတ်က ရှိခဲ့ဟန် ပုံပြောင်း ဖော်ပြထားတာ ဖြစ်ဖို့ ရှိပါတယ်။ အနော်ရထာမင်းနဲ့ ရှင်ရဟံတို့ရဲ့ သာသနာပြုလုပ်ငန်းတွေကို ဂုဏ်တင်ဖို့ အသောကမင်းနဲ့ နိဂြောဓသာမဏေတို့ ပုံစံ mold ယူပြီးဖန်တီးထားတဲ့ အပြင် ပိုပြီး ဇာတ်နာအောင် အကျင့်ဆိုး တာတေလံ အရည်းကြီးတွေနဲ့ ပန်းဦးလွှတ်တာတွေကို ပုဂံမှာ ရှိခဲ့လေဟန် ဖန်တီးခဲ့တာသာ ဖြစ်ဖို့ များပါတယ်။ အမိဘက်က ထိုင်းယိုးဒယားပိဿနုလောက်စား သွေးပါတဲ့ ဦးကုလားဟာ ခမာနဲ့ ယိုးဒယားဖက်က ပန်းဦးလွှတ်ဓလေ့တွေကို ကြားဖူးနားဝ ရှိနေဟန် တူပါတယ်။ အရည်းကြီးနဲ့ ပန်းဦးလွှတ်ဓလေ့တွေကို ဦးကုလားဟာ ၁၈ ရာစုခေတ်ကာလမှာ စိတ်ကူးယဉ်အချိန်ယန္တယားပေါ် တင်ပြီး ၁၁ ရာစု ပုဂံပြည်ဆီ ပို့လိုက်ဟန် တူပါတယ်။ အဲဒီနည်းနဲ့ ပုဂံခေတ် မြန်မာယဉ်ကျေးမှုနဲ့ လူအဖွဲ့အစည်းကို မျိုးဆက်နဲ့ ချီပြီး သိက္ခာ ချခဲ့တာ ဖြစ်ပါတယ်။
အနော်ရထာခေတ်ကနေ ပုဂံပြည်ပျက်တဲ့ အနှစ်သုံးရာလော ကာလမှာ ရေးထိုးထားတဲ့ ခေတ်ပြိုင်ကျောက်စာတွေမှာ အကျင့်ဆိုး တာတေလံ အရည်းကြီးတွေ ကြီးစိုးကျောင်း တစ်လုံးတစ်ပါဒမှ မပါ မရှိပါ။ ပန်းဦးလွှတ်ဓလေ့ ရှိကြောင်းလည်း တစိုးတစေ့မှ မတွေ့ရပါ။ အနော်ရထာနဲ့ ( နန်းတက် ၁၀၀၂ သို့ ၁၀၄၄ - နတ်ရွာစံ ၁၀၃၆ သို့ ၁၀၇၇ ) ခေတ်ပြိုင်နီးပါး ဖြစ်တဲ့ ခရစ်နှစ် ၁၁၇၆ ရေး တရုတ်မှတ်တမ်း လင်း-ဝေ-တိုင်း-တ မှာ
"ပုဂံပြည်သားတွေဟာ ဗုဒ္ဓဘာသာကို ကိုင်းရှိုင်းသူတွေ ဖြစ်ပြီး ပုဂံမှာ ဘုရား စေတီ ကျောင်း ရာနဲ့ချီပြီး ရှိတယ်။ ရဟန်းတွေဟာ အဝါရောင်သင်္ကန်းကို ဝတ်ရုံကြတယ်။ ယခု (စုန့်)မင်းဆက်ရဲ့king-tö ပထမနှစ် ( ခရစ်နှစ် ၁၀၀၄ ခု) မှာ ပုဂံပြည်က သံအဖွဲ့ ရောက်လာတယ် " လို့ ပါရှိတယ်။ ပုဂံနဲ့ ခေတ်ပြိုင် စုန့်မင်းဆက်ခေတ်က အဲဒီမှတ်တမ်းမှာ အကျင့်ပျက် တာတေလံ အရည်းကြီးတွေ ကြီးစိုးတာနဲ့ ပန်းဦးလွှတ်ဓလေ့တွေ မပါရှိပဲ ပုဂံသားတွေ ဘုရားကြည်ညိုကြတာနဲ့ ရဟန်တော်တွေဟာ "အဝါရောင်သင်္ကန်း" ဝတ်ရုံကြတာတွေပဲ တွေ့ရှိရပါ။ ပြည်တွင်းခေတ်ပြိုင်မှတ်တမ်း၊ ပြည်ပခေတ်ပြိုင် မှတ်တမ်းတွေမှာ ပုဂံပြည်မှာ အရည်းကြီးကြီးစိုးပုံ မင်းနဲ့တကွ ပြည်သူတွေ တက်တက်ကြွကြွ ပါဝင်တဲ့ ပန်းဦးလွှတ်ဓလေ့တွေ ရှိပုံကို လုံးဝ လုံးဝ မတွေ့ရှိရပါ။ ဒါပေမဲ့ ခမာပြည်နဲ့ ဦးကုလား အမေ့ဘက်က အမျိုးနွယ်တွေ ရှိရာ ယိုးဒယားဘက်မှာ အဲဒီဓလေ့ ရှိခဲ့တာကို ခေတ်ပြိုင်မှတ်တမ်းတွေမှာ ထင်ထင်ရှားရှား တွေ့ရှိရပါတယ်။
ကျူးတာကွမ်းရဲ့ ကျန်း-လ-ဖန်-တု-ကျိ ( ခမာပြည်မှ လူများနှင့် ဓလေ့ထုံးတမ်းများ) ဆိုတဲ့ မှတ်တမ်းဟာ ခေတ်ပြိုင် ကိုယ်တွေ့မှတ်တမ်း ဖြစ်ပါတယ်။ ခရစ်နှစ် ၁၃ ရာစုမှာ ကျူးတာကွမ်းဟာ ယွမ်ရှိနန်းတွင်ရဲ့ သံတာဝန်နဲ့ ခမာပြည်ကို ရောက်ရှိခဲ့ရာမှ ကိုယ်တွေ့ ကြားသိခဲ့ရတာတွေကို မှတ်တမ်းတင်ထားတာ ဖြစ်တယ်။ ဆိုတော့ ပန်းဦးလွှတ်ဓလေ့ဟာ ခရစ်နှစ် ၁၃ ရာစုက ခမာပြည်မှာ တခမ်းတနား ပျံ့နှံ့တည်ရှိခဲ့တာကို အပြီးသတ် ကောက်ချက်ချနိုင်တယ်။ ၁၃ ရာစုမှာ အခိုင်အမာ ပျံ့နှံ့တည်ရှိနေပြီဆိုရင် ရှေးယခင် ကာလကြာမြင့်ချိန် ကတဲက ခမာပြည်မှာ ရှိနေခဲ့ပြီဆိုတာ မြေကြီးလက်ခပ် မလွဲ ဖြစ်ပါတယ်။ အဲဒီ ခမာပန်းဦးလွှတ်ဓလေ့ဟာ ၁၅ ရာစု ထိုင်းနိုင်ငံအထိ ဆက်လက် ပျံနှံ့ တည်ရှိနေတယ်ဆိုတာလဲ နောက်တရုတ်မှတ်တမ်းအရလဲ အခိုင်အမာ အတည်ပြုနိုင်ပါတယ်။
အဆုံးသတ်အနေနဲ့ ပြောရရင်
-ရှင်ရဟံနဲ့ အနော်ရထာမင်း တွေ့ဆုံခန်း မူဟန်တွေ
-ပုဂံခေတ်မှာ အရည်းကြီးတွေ ကြီးစိုးတာတွေ
-ပန်းဦးလွှတ် ဓလေ့ ခိုင်မာ ပျံ့နှံ့ တည်ရှိခဲ့တာတွေဟာ ခိုင်မာတဲ့ ခေတ်ပြိုင်မှတ်တမ်း အထောက်အထားတွေနဲ့ ပါစင်အောင် လွဲနေတဲ့ ၁၈ ရာစုခေတ်ထွက် လုပ်ဇာတ်ရာဇဝင်ဒဏ္ဍာရီ Myth သာ ဖြစ်ပါတယ်။ ၁၈ ရာစုမှာ ဖန်တီးတဲ့ ဦးကုလားရဲ့ ၁၁ ရာစု ပုဂံပြည်အကြောင်း ဒဏ္ဍာရီဇာတ်လမ်းသာ ဖြစ်ပါတယ်။ ဆိုတော့ အဲဒီ ဒဏ္ဍာရီကို သမိုင်းအချက်အလက်များ Historical Facts အနေနဲ့ ကိုးကားလို့ ရနိုင်ဖွယ် မမြင်ပါ။ အဲဒီ အချက်တွေကို ကိုးကား ပြုစုတဲ့ စာပေတွေဟာလဲ သမိုင်းစာပေ ဖြစ်မလာပါ။ ဆင့်ပွား ဒဏ္ဍာရီ Secondary Myth များသာ ဖြစ်လာပါမယ်။
No comments:
Post a Comment