Tuesday, August 27, 2024

မျောက်ကျောက်ရောဂါ ( MONKEYPOX )

 ‼️ မျောက်ကျောက်ရောဂါ ( MONKEYPOX )

                  အထူးသတိပြုပါ  ‼️




အာဖရိကတိုက်တွင် လူပေါင်းရာချီကာ သေဆုံးမှုဖြစ်လာစေတဲ့ မျောက်ကျောက်ရောဂါ ကူးစက်မှုကို ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေးအရေးပေါ် အခြေအနေအဖြစ် WHO က ကြေညာလိုက်ပြီဖြစ်ပါတယ်။ 


မျောက်ကျောက်ရောဂါ (Monkeypox Virus Infection) သည် တိရစ္ဆာန်များမှတစ်ဆင့် သယ်ဆောင်လာသည့် ဗိုင်းရပ်စ်ပိုး Orthopoxvirus က လူသို့ ကူးစက်ရာမှ ဖြစ်ပွားသော ကျောက်ရောဂါတစ်မျိုး ဖြစ်ပြီး ကျောက်ကြီးရောဂါ (Smallpox) လောက် မပြင်းထန်သော်လည်း ရောဂါလက္ခဏာများမှာ ကျောက်ကြီးရောဂါနှင့် ဆင်တူပါတယ်။


ယင်းဗိုင်းရပ်စ်ပိုးသည် ကြွက်၊ ရှဉ့်၊ မျောက်နှင့် အခြားသော လူမဟုတ်သည့် နို့တိုက်သတ္တဝါများမှတစ်ဆင့် ကူးစက်ဖြစ်ပွားစေနိုင်ပါသည်။


ရောဂါကူးစက်နိုင်သောနည်းလမ်းများ

**************************************

(၁) တိရစ္ဆာန်မှတစ်ဆင့် လူကို ကူးစက်ခြင်း


⚠️ရောဂါကူးစက်ခံထားရသော တိရစ္ဆာန်များ၏ သွေး၊ ခန္ဓာကိုယ်မှထွက်သော အရည်များ၊ (သို့မဟုတ်) အနာများအား ထိတွေ့ကိုင်တွယ်မိခြင်း။

⚠️ ရောဂါကူးစက်ခံထားရသည့် တိရစ္ဆာန်၏ အသားနှင့် အခြားတိရစ္ဆာန်ထွက်ပစ္စည်းများကို သေချာစွာ ကျက်အောင် မချက်ဘဲ စားသုံးမိခြင်း။

⚠️ တောအုပ်ထဲ သို့မဟုတ် တောအုပ်အနီး နေထိုင်သူများတွင် ရောဂါကူးစက်ခံထားရသည့် တိရစ္ဆာန်များနှင့် သွယ်ဝိုက်သောအားဖြင့် ထိတွေ့နိုင်ခြေ အနည်းငယ်ရှိခြင်း။


(၂) လူတစ်ဦးမှ တစ်ဦးသို့ ကူးစက်ခြင်း


⚠️ ရောဂါကူးစက်ခြင်းခံထားရသူ၏ အသက်ရှူလမ်းကြောင်းမှ ထွက်လာသော အရည်များ၊ အနာများ (သို့မဟုတ်) ရောဂါပိုး လတ်တလော ကပ်တင်ကျန်နေသော အရာဝတ္ထုများကို ထိတွေ့ကိုင်တွယ်မိခြင်း။

⚠️ အသက်ရှူလမ်းကြောင်းမှတစ်ဆင့်ကူးစက်ရာတွင် လူတစ်ဦးနှင့် တစ်ဦး အချိန်ကြာမြင့်စွာ မျက်နှာချင်းဆိုင် စကားပြောခြင်းကြောင့် ကူးစက်နိုင်ခြင်း။

⚠️ ရောဂါကူးစက်ခံထားရသူ လူနာနှင့် အနီးကပ်ထိတွေ့လေ့ရှိသော ကျန်းမာရေးဝန်ထမ်းများ၊ မိသားစုဝင်များနှင့် အခြားသူများတွင် ကူးစက်နိုင်ခြေ ပိုမိုများပြားပါသည်။

⚠️ ကိုယ်ဝန်ဆောင်မိခင်များ ကိုယ်ဝန်ဆောင်စဉ်တွင် အချင်းမှတစ်ဆင့် ကလေးကို ကူးစက်နိုင်သကဲ့သို့ ကလေးမွေးဖွားချိန်နှင့် မွေးဖွားပြီးချိန်များတွင် မိခင်မှ ကလေးသို့ ကူးစက်နိုင်ပါသည်။


ရောဂါလက္ခဏာများသည် ရောဂါစတင်ကူးစက်ခံရပြီး (၆) ရက်မှ (၁၃) ရက် (သို့မဟုတ်) (၅) ရက်မှ (၂၁) ရက် အတွင်း စတင်ပေါ်ပေါက်လာနိုင်ပါသည်။


ရောဂါကူးစက်ခံရပြီး ပထမ (၅) ရက်အတွင်း~

✅ ဖျားခြင်း

✅ အလွန်အမင်းခေါင်းကိုက်ခြင်း

✅ ပြန်ရည်ကျိတ်များ ရောင်ရမ်းခြင်း

✅ ကျောအောင့်ခြင်း

✅ ကြွက်သားများ နာကျင်ကိုက်ခဲခြင်း

✅ အလွန်အမင်း အားအင်ကုန်ခမ်းခြင်း

✅ အခြားလက္ခဏာတူသော ရောဂါများ (ရေကျောက် Chickenpox၊ ဝက်သက် Measles၊ ကျောက်ကြီး Smallpox) နှင့် ယှဉ်လျှင် ပြန်ရည်ကျိတ်ရောင်ရမ်းခြင်းသည် မျောက်ကျောက်ရောဂါ၏ သိသာထင်ရှားသော လက္ခဏာတစ်ခုဖြစ်ပါသည်။



အဖျားလက္ခဏာပေါ်ပေါက်ပြီး (၁) ရက်မှ (၃) ရက်အတွင်း ~

✅ အနာများ၊ အဖုအပိမ့်၊ အနီကွက် (Rash) များ ပေါ်ပေါက်လာခြင်း။

✅ အဖုအပိမ့်၊ အနီကွက်များသည် ခန္ဓာကိုယ်ထက်စာလျှင် မျက်နှာနှင့် ခြေလက်များတွင် ပိုမိုဖြစ်ပွားနိုင်ပါသည်။ ခံတွင်း၊ လိင်အင်္ဂါတစ်ဝိုက်နှင့် မျက်စိတို့တွင်လည်း ဖြစ်ပွားတတ်ပါသည်။

✅ အဖုအပိမ့်များသည် အနည်းငယ်မှ ထောင်ဂဏန်းထိ ဖြစ်ပွားနိုင်ပါသည်။

✅ ပြင်းထန်လူနာများတွင် အဖုအပိမ့်များ ပေါင်းသွားပြီး အရေပြားကွာကျသည်အထိ ဖြစ်ပွားနိုင်ပါသည်။

✅ မျောက်ကျောက်ရောဂါ လက္ခဏာများသည် (၂) ပတ်မှ (၄) ပတ်အထိကြာအောင် ရှိနေတတ်ပါသည်။


နောက်ဆက်တွဲကျန်းမာရေးပြဿနာများ~ 

📌အခြားကူးစက်ရောဂါများ ဝင်ရောက်လာခြင်း

📌အဆုတ်ရောင်ရောဂါ

📌သွေးဆိပ်တက်ခြင်း

📌ဦးနှောက်ရောင်ရောဂါ

📌မျက်ကြည်လွှာပိုးဝင်၍ အမြင်အာရုံဆုံးရှုံးခြင်းတို့ ဖြစ်စေနိုင်ပါတယ်။ 


Photo And Source  By - WHO / Original Uploaded 


  #မျောက်ကျောက်ရောဂါ #Monkeypox #အာဖရိက #ပြည်သူ့ကျန်းမာရေး

No comments: