Thursday, August 22, 2024

မျောက်ကျောက်ရောဂါဟာ ဘယ်လိုကူးစက်တတ်သလဲ?

 မျောက်ကျောက်ရောဂါဟာ ဘယ်လိုကူးစက်တတ်သလဲ?

=================================




မျောက်ကျောက်ရောဂါအဖြစ် လူသိများတဲ့ Mpox ဟာ လူအချင်းချင်းထိတွေ့မှု၊ မျောက်ကျောက်ရောဂါရှိသူများနှင့် အနီးကပ်ထိတွေ့ဆက်ဆံမှုများ၊ မျောက်ကျောက်ရောဂါရှိသူထိတွေ့လိုက်သည့် ပစ္စည်းများ၊ မျက်နှာပြင်များမှတဆင့် ကူးစက်နိုင်ပါတယ်။ 


ဗိုင်းရပ်စ်ဟာ အဝတ်အစား၊ အိပ်ရာခင်း၊ မျက်နှာသုတ်ပုဝါ၊ အရာဝတ္တုများ၊ လျှပ်စစ်ပစ္စည်းများနှင့် ရောဂါကူးစက်ခံရသူထိတွေ့ခဲ့သည့် မျက်နှာပြင်နေရာများမှာ အချိန်တစ်ခုအထိ တည်ရှိနေနိုင်ပါတယ်။ ထိုပစ္စည်းများဖြင့် ထိတွေ့လိုက်သူများဟာ လက်မဆေးဘဲ မျက်နှာ၊ နှာခေါင်း၊ ပါးစပ်တွေကို ကိုယ်တွယ်ထိတွေ့မိလျှင် ကူးစက်ခံရနိုင်ပါတယ်။ 


#ရောဂါကူးစက်နိုင်ခြေရှိသည့်နည်းလမ်းများမှာ

🔹 ရောဂါပိုးရှိသူနှင့် လိင်ဆက်ဆံခြင်းမှကူးစက်ခြင်း

🔹 ရောဂါပိုးရှိသူနှင့် အရေပြားချင်းထိတွေ့ခြင်း၊ နမ်းရှုပ်ခြင်း၊ ပွေ့ဖက်ခြင်း တို့မှ တစ်ဆင့် ကူးစက်ခြင်း

🔹 ရောဂါပိုးရှိသူနှင့် မျက်နှာချင်းဆိုင် အနီးကပ်တွေ့ဆုံခြင်းမှတစ်ဆင့် ကူးစက်ခြင်း (စကားပြောခြင်း၊ အသက်ရှူခြင်း)

🔹 ရောဂါပိုးရှိသူ၏အနာများ၊ အညစ်အကြေးများနှင့် တိုက်ရိုက်ထိတွေ့မိရာမှ တစ်ဆင့် ကူးစက်ခြင်း

🔹 ရောဂါပိုးများ ကပ်ဆင်ကျန်နေသည့် အသုံးအဆောင်ပစ္စည်းများ၊ မျက်နှာပြင်များကို လက်ဖြင့် ကိုင်တွယ်ထိတွေ့ခြင်းမှ တစ်ဆင့် ကူးစက်ခြင်း

🔹 မသန့်ရှင်းသောဆေးထိုးအပ်နှင့် ဆေးရုံသုံးပစ္စည်းများမှတစ်ဆင့် ကူးစက်ခြင်း

🔹 Mpox ဗိုင်းရပ်စ်ရောဂါပိုးကူးစက်ခံထားရသည့် တိရစ္ဆာန်များနှင့် တိုက်ရိုက်ထိတွေ့မိရာမှ တစ်ဆင့် ကူးစက်ခြင်း၊

🔹 မိခင်မှကလေးသို့ ကိုယ်ဝန်ဆေင်စဉ်၊ မွေးဖွားစဉ်နှင့် မွေးဖွားပြီးနောက်တွင် ကူးစက်ခြင်း စသည်တို့ ဖြစ်ပါတယ်။


#မျောက်ကျောက်ရောဂါပိုးကြောင့်သေဆုံးနိုင်သလား?

လူအနည်းစုအတွက် သေဆုံးသည်အထိ ဖြစ်လာနိုင်ပါတယ်။ မျောက်ကျောက်ကူးစက်ခံရသူများ၏ သေဆုံးနှုန်းသည် ၀.၁ ရာခိုင်နှုန်းနဲ့ ၁၀ ရာခိုင်နှုန်းကြား ရှိပါတယ်။ 

ကူးစက်ခံရသူအများစုတွင် သေချာဂရုတစိုက် စောင့်ရှောက်မှုခံယူပါက ရက်သတ္တပတ်အတွင်း မျောက်ကျောက်လက္ခဏာများ သက်သာပျောက်ကင်းသွားနိုင်ပါတယ်။ သို့သော် ကိုယ်ခံအားကျဆင်းသူတစ်ချို့တွင်တော့ လက္ခဏာများပြင်းထန်လာပြီး နောက်ဆက်တွဲရောဂါများ ဖြစ်လာနိုင်ပါတယ်။ 

မွေးကင်းစကလေးများ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ ကိုယ်ခံအားကျဆင်းသူများတွင် မျောက်ကျောက်ရောဂါပြင်းထန်နိုင်ချေ ပိုမြင့်မားပါတယ်။ 


#မျောက်ကျောက်ရောဂါမဖြစ်အောင်ဘယ်လိုကာကွယ်ကြမလဲ?

🔹 Mpox (မျောက်ကျောက်) ရောဂါလက္ခဏာခံစားနေရသူနှင့် အရေပြားချင်းထိတွေ့ခြင်း၊ မျက်နှာချင်းဆိုင်အနီးကပ် ထိတွေ့ခြင်း၊ လိင်ပိုင်းဆိုင်ရာထိတွေ့ဆက်ဆံခြင်းများကို ရှောင်ကြဉ်ပါ။

🔹 အနီးကပ်ထိတွေ့မှုကို ရှောင်လွှဲ၍မရပါက လက်အိတ်ဝတ်ဆင်ခြင်းနှင့် နှာခေါင်းစည်း (Mask) ကိုတပ်ဆင်ပါ။

🔹 သံသယရောဂါလက္ခဏာခံစားနေရသူ၏ အသုံးအဆောင်ပစ္စည်းများကို ကိုင်တွယ်ရာတွင် လက်အိတ်ဝတ်ဆင်ခြင်းနှင့် နှာခေါင်းစည်း (Mask) ကို တပ်ဆင်ခြင်းကို ပြုလုပ်ပါ။

🔹 လက်ကိုဆပ်ပြာနှင့် ရေ သို့မဟုတ် အယ်လ်ကိုဟောအနည်းဆုံး (၆၀) ရာခိုင်နှုန်းပါဝင်သော ရေမလို လက်သန့်ဆေးရည် အသုံးပြု၍ စနစ်တကျဆေးကြောပါ။ လက်မဆေးဘဲ ပါးစပ်၊ နှာခေါင်းနှင့် မျက်လုံးများကို ကိုင်တွယ်ခြင်း မပြုပါနှင့်။

🔹 တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးကောင်းမွန်စေရန် ဆောင်ရွက်ပါ။

🔹 နှာချေ၊ ချောင်းဆိုးသည့်အခါတွင် လက်ကိုင်ပုဝါ သို့မဟုတ် တံတောင်ကွေးဖြင့် လုံခြုံစွာ ဖုံးအုပ်ပါ။

🔹 အသုံးအဆောင်ပစ္စည်းများ (အိပ်ရာခင်း၊ မျက်နှာသုတ်ပုဝါ၊ အဝတ်အထည်စသည့်) များကို ရေ၊ ဆပ်ပြာနှင့် စနစ်တကျ လျှော်ဖွတ်၍ အသုံးပြုပါ။

🔹 တိရစ္ဆာန်များကို အကာအကွယ်မပါဘဲ မထိတွေ့ပါနှင့်။ အသားများကို ကျက်အောင်ချက်ပြုတ်စားပါ။ 

မျောက်ကျောက်ရောဂါလူနာနှင့် အနီးကပ်ထိတွေ့ခဲ့ခြင်း (သို့မဟုတ်) ရောဂါသံသယလက္ခဏာများ ခံစားရပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ အမြန်ဆုံး သတင်းပေးပို့၍ လိုအပ်သော စစ်ဆေးစမ်းသပ်မှုနှင့်ကုသမှုကို ခံယူပါ။

#Reference_MOH

#Healthtips

#OSC_Hospital

No comments: