Saturday, June 29, 2024

စားသုံးသူရဲ့ လိုအပ်ချက်၊ လိုလားချက်ကို ဘယ်လိုဖြည့်ဆည်းပေးမလဲ ?

စားသုံးသူရဲ့ လိုအပ်ချက်၊ လိုလားချက်ကို ဘယ်လိုဖြည့်ဆည်းပေးမလဲ ?




ဈေးကွက်ထိုးဖောက်သူ (Marketer) တွေရဲ့ အရေးအပါဆုံး တာဝန်ဝတ္တရားတစ်ရပ်က စားသုံးသူ/သုံးစွဲသူတို့ရဲ့ လိုအပ်ချက်နဲ့ လိုလားချက် (Needs and Wants) တွေကို သိအောင်လုပ်ဖို့နဲ့ အဲဒါကို ဖြည့်ဆည်း ပေးနိုင်ဖို့ တစ်နည်းပြောရရင် စားသုံးသူ/သုံးစွဲသူတို့ရဲ့ လိုအပ်ချက်နဲ့ လိုလားချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ့် 4Ps Mix Strategy ဗျူဟာ ကို ဖန်တီးအကောင်အထည်ဖော်ပေးနိုင်ဖို့ဖြစ်ပါတယ်။


ဆိုလိုတာက ဈေးကွက်ထိုးဖောက်ရေးသမားရဲ့ ဆောင်ရွက်ချက်တိုင်းက ကုန်ပစ္စည်း (Product) ကို ထုတ်လုပ်ရာမှာသော်လည်းကောင်း၊ ဈေးနှုန်း (Price) သတ်မှတ်ရာမှာသော်လည်းကောင်း၊ ကုန်ပစ္စည်းကို ထားရှိရောင်းချ (Place) ရာမှာသော်လည်းကောင်း၊ ထိုကုန်ပစ္စည်းအတွက် လုပ်ဆောင်တဲ့ မြှင့်တင်ရေး (Promotion) လှုပ်ရှားမှုတွေကသော်လည်းကောင်း စားသုံးသူ/သုံးစွဲသူတို့ရဲ့ လိုအပ်ချက် လိုလားချက်အတိုင်း ဖြစ်ရပါမယ်။


ဒီနေရာမှာ ပြောစရာရှိတာက ဈေးကွက်ထဲမှာရှိသမျှ စားသုံးသူ/သုံးစွဲသူတွေအားလုံးရဲ့ လိုအပ်ချက် လိုလားချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ဆိုတာက သိကြားမင်းတောင် မတတ်နိုင်တဲ့ မဖြစ်နိုင်တဲ့ ကိစ္စတစ်ခုပါ။ဒီတော့ ဈေးကွက်ထိုးဖောက်ရေးသမားတွေက စားသုံးသူ/သုံးစွဲသူတွေကို အုပ်စုခွဲခြား (Segmented Customer) သတ်မှတ်ပြီး မိမိထိုးဖောက်ရောင်းချလိုတဲ့ စားသုံးသူ/သုံးစွဲသူကို (Target Customer) ပစ်မှတ်ထားကာ၊ အဲဒီရည်စူးထားတဲ့ စားသုံးသူ/သုံးစွဲသူအုပ်စုရဲ့ လိုအပ်ချက်လိုလားချက်ကို သိအောင်လုပ်ပြီး ဖြည့်ဆည်းပေးနိုင်အောင် လုပ် ဆောင်ရမှာဖြစ်ပါတယ်။ဘာလို့ဖြည့်ဆည်းပေးရတာလဲတဲ့၊ မိမိရဲ့ကုန်ပစ္စည်း အမှတ်တံဆိပ်ကို ဝယ်ယူသုံးစွဲရာမှာ စားသုံးသူ/သုံးစွဲသူတို့ရဲ့ စိတ်ကျေနပ်မှု (Customer’s Satisfaction) ရှိစေရမယ်ဆိုတဲ့ ခံယူချက်ရှိဖို့က ဈေးကွက်ထိုးဖောက်သူတွေထားရှိရမယ့် ရည်ရွယ်ချက်တွေထဲက မူလအခြေခံတစ်ခုဖြစ်တာကြောင့်ဖြစ်ပါတယ်။


ကုန်ပစ္စည်း အမှတ်တံဆိပ်တစ်ခုဟာ စားသုံးသူ/သုံးစွဲသူ မျှော်လင့်ထားတာနဲ့ ကိုက်ညီနေရင် စိတ်ကျေနပ်မှုကို ဖြစ်စေပြီး၊ လက်တွေ့ရရှိလာတာက မျှော်လင့်ထားတဲ့အတိုင်း မဟုတ်ရင် စိတ်ကျေနပ်မှု မဖြစ်တော့ဘူးဆိုတဲ့ သီအိုရီနဲ့ တိုင်းတာပါတယ်။သူတို့မျှော်လင့်ထားတာထက် သာလွန်တဲ့ အရည်အသွေးကို ပေးနိုင်မယ်ဆိုရင်တော့ ရရှိလာတဲ့ စိတ်ကျေနပ်မှုက သိပ်မြင့်မားပြီး၊ စားသုံးသူ/သုံးစွဲသူတွေက နှစ်ပေါင်းများစွာ (တစ်ခါတလေ မျိုးဆက် ၂ ဆက် ၃ ဆက်အထိ) စိတ်ချယုံကြည်စွာ နှစ်သက်မြတ်နိုး သစ္စာစောင့်သိ သုံးစွဲတော့မယ့် အမှတ်တံဆိပ်နေရာကို ရရှိလာမှာ မလွဲပါဘူး။သူတို့ရဲ့ စေတနာ့ဝန်ထမ်းကောင်း သတင်းဖြန့်ပေးမှုကြောင့် စားသုံးသူ/သုံးစွဲသူအကြား နာမည်ကောင်းရရှိ၊ ဝယ်ယူသူများပြားလာပြီး ရေရှည်တည်တံ့အောင်မြင်တဲ့ အမှတ်တံဆိပ်ဖြစ်လာ မှာဖြစ်ပါတယ်။


ဆိုတော့ လိုအပ်ချက်နဲ့ လိုလားချက်တွေကို ဘယ်လိုသတ်မှတ် ဖော်ထုတ်ရမှာလဲ။


စားသုံးသူ/သုံးစွဲသူတို့ရဲ့ လိုအပ်ချက် (Needs) - စားသုံးသူ/သုံးစွဲသူတို့ သုံးစွဲဖို့ လိုအပ်တဲ့ အခြေခံကုန်ပစ္စည်းကို ဆိုလိုတယ်။တစ်ကိုယ်ရည်သုံး ကုန်ပစ္စည်းနဲ့ ဥပမာပြရရင် အင်္ကျီ၊ လုံခြည်၊ ဘောင်းဘီ၊ ဖိနပ်၊ သွား တိုက်ဆေး၊ ဆပ်ပြာ ဆိုကြပါစို့။ဒီပစ္စည်းတွေက နေ့စဉ်သုံး မဖြစ်မနေလိုအပ် (Need) တဲ့ ပစ္စည်းဖြစ်ပါတယ်။


လိုလားချက် (Wants) - လိုလားချက်ကတော့ ခေတ်အခြေအနေ၊ စားသုံးသူ/သုံးစွဲသူရဲ့ စိတ်သဘောထား/စိတ်ခံစားမှု အခြေအနေ၊ ရိုးရာယဉ်ကျေးမှု စတာတွေနဲ့ ဆက်စပ်နေပါတယ်။ခုနက တစ်ကိုယ်ရည်သုံးပစ္စည်းတွေနဲ့ပဲ ဥပမာပြရရင်၊ စားသုံးသူ/သုံးစွဲသူတစ်ဦး ဟာ အခြေခံအားဖြင့် အင်္ကျီတစ်ထည်ကို အရှက်လုံမယ်၊ ရာသီဥတုဒဏ် ကာကွယ်နိုင်မယ်၊ လူကြားထဲဝတ်လို့ သင့်လျော်မယ်၊ မိမိနဲ့လည်း လိုက်ဖက်တယ်ဆိုရင် အခြေခံအားဖြင့် အဆင်ပြေနေပါပြီ၊ လုံလောက်နေပါပြီ။ဒါပေမဲ့ အဲရိုးဝတ်ချင်တယ်၊ နစ်ကီမှ၊ လီဗိုက်မှ၊ အိုမီဂါမှ၊ ရေဘင်မှ စသဖြင့် လိုလားကြတယ်။


နောက်တစ်ချက်က တစ်ချိန်မှာ လိုလားချက်ဖြစ်ပေမယ့် နောင်တစ်ချိန်ကျ လိုအပ်ချက်ဖြစ်လာတာမျိုးလည်းရှိတတ်တယ်။ဥပမာ - အရင်က စမတ်ဖုန်း (ဟန်းဖုန်း) က လိုလားချက် (Wants) ဖြစ်ခဲ့တယ်၊ အရမ်းလို ချင်တယ်၊ ဟန်းဖုန်းလေး ခါးကြားထိုးပြီး၊ လူကြားထဲ ဟယ်လိုလုပ်ပြီး ကြွားချင်ကြတယ်။ဒါပေမဲ့ ခုအချိန်တော့ ဟန်းဖုန်းဆိုတာက လိုအပ်ချက် (Needs) ဖြစ်လာပါတယ်။လူတိုင်းမှာရှိသင့်ပြီး၊ မရှိတဲ့သူ မသုံးတဲ့သူက ရှေးဟောင်းလူသားဖြစ်သွားပါပြီ။အဲဒီကမှ ဟန်းဖုန်းကိုပဲ လိုအပ်ချက် လိုလားချက် ထပ်မံကွဲပြားသွားပြန်တယ် - Vivo ဖြစ်ဖြစ်၊ Redme ဖြစ်ဖြစ် လုံလောက်ပါတယ် Needs ကို ဖြည့်ဆည်းပေးနိုင်ပါတယ်။ဒါပေမဲ့ ဆမ်ဆောင်းမှတို့ အက်ပဲလ်မှတို့ Wants တွေ ရှိလာပြန်တယ်။ဒါကတစ်ဆင့် အိုင်ဖုန်း15 မှတို့ ဆမ်ဆောင်း S24 ပဲတို့လို Wants တွေ ဖြစ်လာပြန်တယ်။


ဆိုတော့ Wants လိုလားချက်ဆိုတာက အမှတ်တံဆိပ် (Brand) လို့ သဘောပေါက်လွဲသွားနိုင်ပါတယ်။အမှန်ကတော့ စားသုံးသူ/သုံးစွဲသူတွေ လိုလားတာက အဲဒီ သူတို့အရူးအမူးနှစ်သက်တဲ့ အမှတ်တံဆိပ်က ဖြည့်ဆည်းပေးတဲ့ အရည်အသွေးတွေဖြစ်ပါတယ်။အဲဒီအရည်အသွေးတွေက ထိတွေ့လို့ရတဲ့ အရည်အသွေးတွေတင်မက ထိတွေ့ဆုပ်ကိုင်ပြလို့မရတဲ့ စိတ်လှုပ်ရှား ပျော်ရွှင်ဂုဏ်ယူစေတဲ့ အရည်အသွေးတွေပါ ပါဝင်နေပါတယ်။ဆိုလိုတာက စားသုံးသူ/သုံးစွဲသူရဲ့ လိုလားချက်ကို ဖြည့်ဆည်းပေးဖို့ရာက ပစ္စည်းအရည်အသွေးတင်မက သူတို့ကို စိတ်လှုပ်ရှားပျော်ရွှင် ဂုဏ်ယူစေတဲ့ အတွေ့အကြုံတွေပါဝင်ဖို့ လိုပါတယ်။


ဒါဆို လိုအပ်ချက် (Needs) နဲ့ လိုလားချက် (Wants) တို့ရဲ့ သဘာဝတွေကို နားလည်သဘောပေါက်လောက်ပြီ ထင်ပါတယ်။ဒါဆိုရင် စားသုံးသူ/သုံးစွဲသူတို့ရဲ့ လိုအပ်ချက် လိုလားချက်တွေကို တိတိကျကျ ဘယ်လို ဖော်ထုတ်သတ်မှတ်မလဲ။


           (၁) ဈေးကွက်သုတေသန


ဈေးကွက်ရဲ့ ပကတိအဖြစ်မှန်ကို သိဖို့ လုပ်နိုင်တာက ဈေးကွက်သုတေသနပဲဖြစ်ပါတယ်။ဈေးကွက်သုတေသနကို မှန်မှန်ကန်ကန် တိတိကျကျ ဘက်လိုက်မှု ကင်းကင်းနဲ့ လုပ်ဆောင်ပြီး ရရှိလာတဲ့ အချက်အလက်တွေကနေ စားသုံးသူ/သုံးစွဲသူတို့ရဲ့ လိုအပ်ချက်လိုလားချက်တွေကို သိနိုင်မှာဖြစ်ပါတယ်။သုတေသနလုပ်ရာမှာ မိမိရဲ့ ရည်စူး စားသုံးသူ/သုံးစွဲသူတွေနဲ့ အသက်၊ လိင်၊ စိတ်ထား၊ အကြိုက်၊ စရိုက်၊ လူမှုစီးပွား စတာတွေတူတဲ့ စားသုံးသူအုပ်စုတွေ (Focus Group)၊ ရွေးချယ်ထားတဲ့ စားသုံးသူတစ်ဦးချင်းစီ (Selected Interviewee) တွေနဲ့ တွေ့ဆုံပြီး စနစ်တကျပြင်ဆင်ထားတဲ့ မေးခွန်းလွှာ (Questionaries) တွေနဲ့ မေးမြန်းသုတေသနလုပ်ရမှာဖြစ်ပါတယ်။


           (၂) စားသုံးသူတွေရဲ့ ဝေဖန်အကြံပြုချက်များ


စားသုံးသူတွေရဲ့ စစ်မှန်တဲ့ ဝေဖန်အကြံပြုချက်တွေကို လူမှုကွန်ရက် အွန်လိုင်းက တုံ့ပြန်မှု (Comme nts/ feedback) ကနေတစ်ဆင့် ရရှိနိုင်ပါတယ်။သူတို့ရဲ့ နှစ်သက်မှု/မနှစ်သက်မှု အတိုင်းအတာ၊ သူတို့ ပြုပြင်မွမ်းမံ ပြောင်းလဲပေးစေလိုတဲ့ အချက်တွေကို တုံ့ပြန်ဖြေကြားပေးနိုင်မယ့် Review Form တို့ Rating Form စတာတွေကို တင်ပေးထားပြီး သူတို့လွတ်လပ်စွာ ဖြေကြားစေရမှာဖြစ်ပါတယ်။အခြားကြည့်ရှုသူများတဲ့ လူမှုကွန်ရက်တွေကတစ်ဆင့် လုပ်ဆောင်နိုင်သလို၊ မိမိရဲ့ ကိုယ်ပိုင်ဝက်ဘ်ဆိုဒ်ကနေလည်း လုပ်ဆောင်နိုင်ပါတယ်။ဒါ့အပြင် မိမိရဲ့ စားသုံးသူ/သုံးစွဲသူတွေရဲ့ သိလိုတဲ့ အချက်၊ တွေ့ကြုံရတဲ့ အခက်အခဲ၊ စတာတွေကို အွန်လိုင်းကူညီဖြေရှင်းပေးတဲ့ Customer Service ကနေလည်း စားသုံးသူ/သုံးစွဲသူတို့ရဲ့ လိုအပ်ချက် လိုလားချက်နဲ့ အံဝင်ခွင်ကျ မဖြစ်တဲ့ အချက်တွေကို သိရှိပြီး ပိုကောင်းအောင် မွမ်းမံပြင်ဆင်နိုင်ပါတယ်။


           (၃) အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာ သုံးသပ်ခြင်း


အွန်လိုင်းဈေးဆိုင်တွေမှာ မိမိကုန်ပစ္စည်းအမှတ်တံဆိပ်ရဲ့ ဝယ်ယူမှုတွေကို စောင့်ကြည့်သိရှိနိုင်သလို စားသုံးသူ/သုံးစွဲသူတွေက ဘယ်ကုန်ပစ္စည်းကို ဝင်ရောက်ကြည့်ရှုမှုများတယ်၊ ဘယ်ကုန်ပစ္စည်းကို ပိုမိုဝယ်ယူနေတယ်၊ ဈေးကွက်က ဘယ်ကို ရွေ့လျှားနေတယ်ဆိုတဲ့ အချက်အလက်တွေကို သိရှိနိုင်ပါတယ်။ဒီအချက်အလက်တွေကို ခွဲခြမ်း စိတ်ဖြာ သုံးသပ်ကြည့်ရင်လည်း စားသုံးသူ/သုံးစွဲသူတို့ရဲ့ လိုအပ်ချက်လိုလားချက်တွေကို သိနိုင်ပါတယ်။


           (၄)  ပြိုင်ဖက်များအား ခွဲခြမ်းစိတ်ဖြာ သုံးသပ်ခြင်း


ပြိုင်ဖက်တွေရဲ့ ရောင်းအား၊ ပြိုင်ဖက်တွေရဲ့ ရောင်းအားမြှင့်တင်ရေး လှုပ်ရှားမှုတွေနဲ့ လှုပ်ရှားမှုအလိုက် သူတို့ရဲ့ အရောင်းအပေါ်၊ မိမိရဲ့ အရောင်းအပေါ်၊ ဈေးကွက်ရဲ့ အရောင်းအပေါ်မှာ ဘယ်လိုရိုက်ခတ် သက်ရောက်မှုရှိတယ်။ဘယ်ကမ်းလှမ်းချက်တွေက စားသုံးသူ/သုံးစွဲသူတွေကို စိတ်လှုပ်ရှား ဆွဲဆောင်စေနိုင်တယ် စတာတွေကို မျက်ခြေမပြတ် စောင့်ကြည့်လေ့လာ သုံးသပ်ခြင်းဖြင့်လည်း စားသုံးသူ/သုံးစွဲသူတို့ရဲ့ လိုအပ်ချက် လိုလားချက်တွေကို သိနိုင်မှာဖြစ်ပါတယ်။သူတို့ရဲ့အကြိုက်တွေ ဘယ်လိုပုံစံပြောင်းသွားသလဲ၊ ဘယ်ကိုရွေ့လျှားနေသလဲ၊ သူတို့ရဲ့ ဝယ်ယူမှုပုံစံ ဘယ်လိုပြောင်းလဲနေသလဲ စတာတွေကိုပါ လေ့လာသိရှိနိုင်မှာဖြစ်ပါတယ်။


အထက်ပါနည်းလမ်းတွေနဲ့ စားသုံးသူ/သုံးစွဲသူတွေရဲ့ လိုအပ်ချက်နဲ့ လိုလားချက်ကို သိရှိပြီးနောက် သူတို့ရဲ့ လိုအပ်ချက် လိုလားချက်ကို ဖြည့်ဆည်းပေးနိုင်အောင် အောက်ပါနည်းတွေနဲ့ ဆောင်ရွက်ကြဖို့ အကြံပေးလိုက်ပါတယ်။


ကုန်ပစ္စည်းအရည်အသွေး တိုးတက်နေစေရန် မွမ်းမံခြင်း - အစားအသောက်မှာယူတဲ့အခါ စားသုံးသူအကြိုက် လိုတိုးပိုလျှော့တွေ ပြုပြင်ပေးနိုင်ပါတယ်။ဥပမာ - လက်ဖက်ရည်ကို သကြားပိုထည့်၊ နို့ဆီလျှော့ထည့်၊ အကျရည်ကဲ စသဖြင့် စိတ်ကြိုက်လိုသလို မှာယူနိုင်သလို မျိုး မိမိကုန်ပစ္စည်းကလည်း စားသုံးသူ/သုံးစွဲသူအကြိုက် ပြုပြင်မွမ်းမံ ရောင်းချပေးနိုင်ရင် သိပ်ကောင်းမှာဖြစ်ပါတယ်။


အချို့ကုန်ပစ္စည်းတွေမှာ ဒီလို စိတ်ကြိုက်ပြုပြင် မွမ်းမံပေးဖို့ ဖြစ်နိုင်ပေမယ့် (ဥပမာ - BMW က အင်ဂျင်ပါဝါ၊ စတီရာယင် အနေအထား၊ ကားဆေးအရောင် စတာတွေကို ဝယ်သူစိတ်ကြိုက် မှာယူတဲ့အတိုင်း တစ်စီးချင်း ထုတ်လုပ်ရောင်းချတာမျိုး) အချို့ကုန်ပစ္စည်းတွေမှာတော့ ဒီလို တစ်ဦးချင်းအကြိုက် ပြောင်းလဲပေးလို့ မရနိုင်ပါဘူး၊ အကြိုက်တူ စားသုံးသူအုပ်စုအလိုက်ရဲ့ လိုအပ်ချက် လိုလားချက်အတိုင်းပဲ ပြုပြင်မွမ်းမံပေးလို့ ရနိုင်ပါတယ်။ (ဥပမာ - ကိုကာကိုလာ အချိုရည်ကို မူလအရသာ၊ သကြားမပါ ဇီးရိုး၊ ဒိုင်းယက် စသဖြင့် စားသုံးသူ အုပ်စုအလိုက် အကြိုက်ပြုပြင်ပေးတာမျိုး)


မည်သို့ဆိုစေ မိမိကုန်ပစ္စည်းကို မိမိရဲ့ စားသုံးသူ/သုံးစွဲသူတွေရဲ့ လိုအပ်ချက် လိုလားချက်နဲ့ အကိုက်ညီဆုံးဖြစ်အောင်၊ သူတို့ရဲ့အကြိုက် ပြောင်းလဲမှုအရွေ့အတိုင်း လိုက်ဖြည့်ဆည်းပေးနိုင်အောင် အမြဲလေ့လာဆောင်ရွက်ပေးနေရမှာဖြစ်ပါတယ်။


စားသုံးသူ/သုံးစွဲသူတို့အား ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုပေးခြင်း - စားသုံးသူ/သုံးစွဲသူရဲ့ အခက်အခဲ၊ လိုအပ်ချက် မှန်သမျှ တိုင်တန်းလာတာနဲ့ ချက်ခြင်းဖြေရှင်း၊ အရေးယူဆောင်ရွက်ပေးနိုင်မယ့် Customer Service အဖွဲ့ကို (ဖြစ်နိုင်ရင် 24/7) ထားရှိပြီး ဝန်ဆောင်မှုပေးရမှာ ဖြစ်ပါတယ်။ဒီနည်းနဲ့လည်း စားသုံးသူ/သုံးစွဲသူတို့ရဲ့ စိတ်ကျေနပ်မှုကို ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်ပါတယ်။


အဲဒီလိုပဲ မိမိပစ္စည်းရောင်းပြီးရင် ပြီးပြီလို့ သဘောမထားဘဲ၊ နောက်ဆက်တွဲဝန်ဆောင်မှု (Aftersales Service) ပေးတဲ့ စနစ်ကို တတ်စွမ်းသမျှ ကျင့်သုံးပေးရင်လည်း စားသုံးသူ/သုံးစွဲသူတို့နဲ့ ကောင်းမွန်တဲ့ ရေရှည်ဆက်ဆံရေးကို ထူထောင်ထားနိုင်ပြီး အဲဒါကတစ်ဆင့် သစ္စာရှိ စားသုံးသူ/သုံးစွဲသူ (Loyal Customer) တွေအဖြစ်ပါ စည်းရုံးရရှိနိုင်ပါတယ်။


ဆက်သွယ်ပြန်ကြားခြင်း - မိမိရဲ့ ဖောက်သည်၊ စားသုံးသူ/သုံးစွဲသူတွေ နဲ့ အမြဲထိတွေ့ ဆက်ဆံမှုရှိပြီး လိုတဲ့ သတင်းအချက်အလက်တွေကို အချိန်နဲ့ တစ်ပြေးညီ ပြန်ကြားပေးခြင်းနဲ့လည်း သူတို့ရဲ့ စိတ်ဝင်စားမှုကို ရေရှည်ထိန်းထားနိုင်မှာဖြစ်ပါတယ်။ဒါ့အပြင် မိမိတို့ရဲ့ ကုန်ပစ္စည်းအမှတ်တံဆိပ်၊ မိမိတို့ရဲ့ ကုမ္ပဏီအပေါ် စိတ်ရင်းနှီးတဲ့ မိတ်ဆွေရင်း ဆက်ဆံရေးတွေပါ ရရှိလာနိုင်မှာဖြစ်ပါတယ်။


တန်ဖိုးပိုတိုးအောင် ဖြည့်စွက်ပေးခြင်း - စားသုံးသူ/သုံးစွဲသူတို့အပေါ် Value added လို့ခေါ်တဲ့ အပိုဝန်ဆောင်မှုလေးတွေ ပေးခြင်းဖြင့်လည်း မိမိတို့ ကုန်ပစ္စည်း အမှတ်တံဆိပ်အပေါ် ပိုတန်ဖိုးထားရှိမှုကို ရလာစေ မှာဖြစ်ပါတယ်။ဝယ်ယူမှုအကြိမ်များခြင်းအပေါ် အထူးလျှော့ဈေး ခံစားခွင့်ပေးခြင်း၊ အခမဲ့ပို့ဆောင်ပေးခြင်းတို့လို ဝန်ဆောင်မှုပေးခြင်းမျိုး၊ လက်ခမဲ့ပြုပြင်ပေးတဲ့ကာလကို တိုးမြှင့်ခံစားစေခြင်း စတဲ့ Loyalty Program လို့ခေါ်တဲ့ ပရိုမိုးရှင်းလေးတွေ လုပ်ဆောင်ပေးခြင်းဖြင့်လည်း သူတို့ရဲ့ စိတ်ကျေနပ်မှု၊ တန်ဖိုးထားမှုကိုရရှိပြီး ရေရှည် လက်တွဲမယ့် ဖောက်သည်တွေ ရရှိလာစေမှာဖြစ်ပါတယ်။


စားသုံးသူ/သုံးစွဲသူတို့ရဲ့ ဝေဖန်အကြံပေးချက်များကို တန်ဖိုးရှိအောင် အသုံးချခြင်း - စားသုံးသူ/သုံးစွဲသူတို့ရဲ့ ဝေဖန်အကြံပေးချက်တွေကို လေးလေးနက်နက်ခံယူပြီး မိမိတို့ကုမ္ပဏီရဲ့ ပေါ်လစီနဲ့ ကိုက်ညီမယ့် အကြံပေးချက်တွေကို အလျင်မြန်ဆုံး လိုက်နာဆောင်ရွက်ပေးမယ်ဆိုရင် စားသုံးသူ/သုံးစွဲသူကို စိတ်ကျေနပ်ပျော်ရွှင်စေမှာဖြစ်သလို၊ မိမိတို့ရဲ့ တိုးတက်မှုအတွက်လည်း များစွာအထောက်အကူရစေမှာဖြစ်ပါတယ်။သူတို့ရဲ့ အကြံဉာဏ်ကို မိမိက အလေးအနက်ထားကြောင်းနဲ့ သူတို့ရဲ့ လိုအပ်ချက် လိုလားချက်ကို မိမိတို့က အစဉ်ဖြည့်ဆည်းပေးမှာ ဖြစ်ကြောင်း သိရှိစေခြင်းဖြင့် ကောင်းမွန်တဲ့ ရေရှည်ဆက်ဆံရေးကို တည်ဆောက်ထားနိုင်မှာဖြစ်ပါတယ်။


တစ်ခါတလေလည်း သူတို့က တောင်းဆိုလာမှ တိုင်တန်းလာမှ လုပ်ဆောင်ပေးတာမျိုး မဟုတ်ဘဲ မိမိက ဈေးကွက်ကို အမြဲလေ့လာနေပြီး တွေ့ရှိလာတဲ့ ဆန်းသစ်မှုလေးတွေကို မိမိရဲ့ ကုန်ပစ္စည်း အမှတ်တံဆိပ်အပေါ်မှာ ထည့်သွင်းပေးခြင်းအားဖြင့်လည်း စားသုံးသူ/သုံးစွဲသူတို့ရဲ့ လိုအပ်ချက် လိုလားချက်ကို အလိုက်တသိ ဖြည့်ဆည်းပေးရာရောက်ပါတယ်။


အခုလိုနည်းလမ်းတွေနဲ့ ဆောင်ရွက်ခြင်းဖြင့် မိမိရဲ့ စားသုံးသူ/သုံးစွဲသူတို့ရဲ့ လိုအပ်ချက် လိုလားချက်တွေကို ပိုကောင်းကောင်း နားလည်သဘောပေါက်လာပြီး၊ သူတို့ရဲ့ စိတ်ကျေနပ်မှုကို ပိုမိုဖြည့်ဆည်းပေးနိုင်မယ့် အပြင် သူတို့ရဲ့ ချစ်ခင်နှစ်သက်ပြီး သစ္စာစောင့်သိမယ့် ကုန်ပစ္စည်း အမှတ်တံဆိပ်အဖြစ် ရေရှည်ရပ်တည်လာနိုင်ပြီး လုပ်ငန်းစီးပွားလည်း အစဉ် တိုးတက်အောင်မြင်လာမှာဖြစ်ပါတယ်။


စားသုံးသူတို့ရဲ့ အချိန်နဲ့အမျှ ပြောင်းလဲနေတဲ့ လိုအပ်ချက် လိုလားချက်တွေကို ကောင်းစွာနားလည် သိရှိပြီး၊ သူတို့စိတ်ကျေနပ်အောင် ဖြည့်ဆည်းပေးနိုင်တဲ့၊ စားသုံးသူ/သုံးစွဲသူတို့ရဲ့ လိုအပ်ချက် လိုလားချက်ကို အစဉ်ဦးထိပ်ထား ဆောင်ရွက်တဲ့၊ သူတို့ချစ်ခင် ယုံကြည်မြတ်နိုးတဲ့ ကုန်ပစ္စည်း အမှတ်တံဆိပ်တွေကို ထုတ်လုပ်ပြီး ဈေးကွက်အလိုကို လိုလေသေးမရှိ ဖြည့်ဆည်းပေးတဲ့ ထူးချွန်တဲ့ ဈေးကွက်ထိုးဖောက်သူတွေအဖြစ် အောင်မြင်မှုသရဖူဆောင်းကြသူတွေ ဖြစ်ကြပါစေကြောင်း ဆန္ဒပြုလိုက်ပါတယ်။


မေတ္တာဖြင့် ....


သက်ထွန်း (သျှမ်း)


#OpinionLeadersMedia


#Article

No comments: