Thursday, June 20, 2024

ယောဂဆိုတာ ဘာလဲ?

 ➡Yoga ဆိုတာ ဘာလဲ ?





Yoga ဆိုသောစကားသည် Sanskrit သက္ကတဘာသာ (Yog) (Yoke) မှလာပြီး

Union စုစည်းခြင်း ပေါင်းစပ်ခြင်း တစ်စည်းတစ်လုံးဖြစ်စေခြင်းဟု အဓိပ္ပါယ်ရသည်။

တနည်းအားဖြင့် #ခန္ဓာကိုယ် #စိတ် နှင့် #ဝိဉာဏ် တို့ကို ပေါင်းစပ်လေ့ကျင့်ခြင်းဖြစ်သည်။


➡Yoga သည် အားကစားနည်း တစ်ရပ်လား ?

Yoga သည် အားကစားတစ်ရပ်မဟုတ်ပါ။

ကမ္ဘာပေါ်တွင် အားကစားနည်းပေါင်း ၁၅၀ ခန့်ရှိပြီး မြန်မာပြည်တွင် ၃၆ မျိုးခန့် ရှိသည်။

Yoga သည် ခန္ဓာကိုယ် စိတ် နှင့် အသက်ရူမူကို ပေါင်းစပ်လေ့ကျင့်သော ကျင့်စဉ်တစ်ရပ်သာဖြစ်သည်။


➡Yoga သမိုင်းကဘာလဲ ?

Yoga သည် အိန္ဒိယရိုးရာရှေးဟောင်းပညာရပ်တစ်ခု ဖြစ်သည်။

Yoga ကိုစတင်ခဲ့သူမှာ ဟိန္ဒူဘုရားရှင် Shiva သျှီဝ ဖြစ်သည်။ BC ၁ ရာစုခန့်တွင် ပတန်ဂျလီ ရသေ့သူမြတ်သည် Sankrit သက္ကတဘာသာဖြင့် #ယောဂသုတ္တကျမ်း ကို စနစ်တကျရေးသားပြုစုရေးခဲ့သည်။

၂၀ ရာစု အစပိုင်းတွင် အိန္ဒိယယောဂီ ဆွာမိများသည် အင်္ဂလန် အမေရိကန်တို့တွင် ပညာစတင်ဖြန့်ဖြူးရာမှ ပညာရှင်များ၏ သိပ္ပံနည်းကျလေ့လာမူဖြင့် တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့သွားခြင်းဖြစ်သည်။


ယနေ့ခေါတ်တွင် တစ်ကမ္ဘာလုံးတွင် နေ့စဉ် ယောဂကျင့်ကြံနေသူပေါင်း သန်း ၃၀ ခန့် ရှိသည်ဟုသိရသည်။


➡Yoga ကျင့်စဉ် ဘယ်နှစ်မျိုးခန့် ရှိပါသလဲ ?

Yoga ကျင့်စဉ်တွင် အခြေခံလမ်းကြောင်းအဖြစ်

#ဉာဏယောဂ (အသိဉာဏ်ပညာ ယောဂ) #ဘတ္တိယောဂ(သဒ္ဒါကြည်ညိုခြင်း ယောဂ) #ကမ္မယောဂ( ပြုစုလုပ်ကျွေးခြင်းယောဂ) #ရာဇယောဂ (တော်ဝင် ယောဂ) 

#ဟဋ္ဌယောဂ (နည်းနိဿယ ယောဂ) တို့ ရှိသည်။

သို့သော် ယင်းတို့အပြင် အခြားမရေမတွက်နိုင်အောင် ရှိသေးသည်။ မျက်မှောက်ခေါတ် အသုံးများသော ယောဂကျင့်စဉ်များမှာ Hatha Yoga, Yin Yoga, Ashtanga Yoga, Power Yoga, Kundalini Yoga, Iyanger Yoga စသဖြင့် ဖြစ်သည်။ သို့သော် မည်သည်ယောဂကို ကျင့်ကျင့် ကျင့်စဉ်တိုင်းသည် ယောဂအင်္ဂါ ၈ ပါးနှင့် ကိုက်ညီရန်လိုအပ်သည်။

တနည်းအားဖြင့် စိတ်အာရုံစူးစိုက်စွာဖြင့် ကိုယ်ကာယလေ့ကျင့်ခန်း နှင့် အသက်ရူလေ့ကျင့်ခန်းတို့ကို ပေါင်းစပ်လေ့ကျင့်ခြင်းဖြင့် အမြင့်ဆုံးသော သမာဓိကို ရရှိနိုင်ရန်ဖြစ်ပါသည်။


➡Yoga သည် ဘာသာရေးကျင့်စဉ်လား ?

Yoga သည် ဘာသာရေးကျင့်စဉ်တစ်ခု မဟုတ်ပါ။ Yoga သည် အိန္ဒိယတွင်ပေါ်ပေါက်ခဲ့သော ဆဒဿန ခေါ် အတွေးအခေါ်ဂိုဏ်း ၆ ဂိုဏ်းအနက် ယောဂဒဿနဂိုဏ်းပညာဖြစ်ပြီး တည်ထောင်သူမှာ ပတန်ဂျလီ Patangali ရသေ့မြတ်ပင်ဖြစ်သည်။ သို့သော် Yoga ၏ အလေ့အကျင့် ဓလေ့ဘာဝ နှင့် နည်းစနစ်များသည် အိန္ဒိယကိုးကွယ်မူများဖြစ်သည့် ဟိန္ဒူဘာသာ၊ ဗုဒ္ဓဘာသာ နှင် ဂျိန်းဘာသာ တို့တွင်ပါဝင်လျက် ရှိကြသည်။


➡Yoga ကျင့်ခြင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ ?

Yoga ၏ အန္တိမရည်မှန်းချက်မှာ Kundalini ကုဏ္ဍလိနီစွမ်းအင် နိုးကြားလာစေရန်ဖြစ်သည်။

လူသားတို့၏ ဦးနှောက်တွင် ၃ ပုံ ၁ ပုံ ခန့်သာ အလုပ်လုပ်ပီး ကျန် ၂ ပုံသည် အလုပ်မလုပ်ဘဲ ပိတ်ဆို့နေလေသည်။

ယောဂကျင့်စဉ့်ဖြင့် ကုဏ္ဍလိနိစွမ်းအင် နိုးကြားလာသောအခါ ဦးနှောက်၏ ကျန်အစိတ်အပိုင်းများပါ အလုပ်လုပ်လာပြီး အမြတ်ဆုံး အမြင့်ဆုံးသော အသိပညာ ဉာဏ်စဉ်များကို ရရှိလာပီး လူဘောင်လောက၏ ဆင့်ကဲဖွံဖြိုးမူကို အထောက်အကူပြုရန် ဖြစ်သည်။


➡Yoga ကျင့်စဉ်၏ ကောင်းကျိုးက ဘာတွေလဲ ?

Yoga ကျင့်စဉ်ကို အရေးပါသော အချက် ၅ ချက်ဖြင့် ဖွဲ့စည်းထားသည်။

- စနစ်ကျသော လေရှူ ရှိုက်မူ

- အာသနကိုယ်နေဟန်ထားများ

- အနားယူခြင်း

- မှန်ကန်သော စားသောက်မူပုံစံ နှင့်

- အကောင်းမြင်ဝါဒ နှင့် တရားထိုင်ခြင်း တို့ ဖြစ်သည်။ Yoga ကို မှန်မှန်လေ့ကျင့်ခြင်းဖြင့်

ကြွက်သားများ ပြေလျော့ခြင်း၊ ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်လာခြင်း၊ အဆစ်အမြစ်နှင့် အရွတ်များ ကွေးနိုင်ဆန့်နိုင် ပြောင်းလွယ် ပြင်လွယ်မူစွမ်းအားမြင့်လာကာ သက်ရှည် ကျန်းမာစေသည်။


Yoga ကျင့်စဉ်၏ ရည်ရွယ်ချက်မှာ မိမိတို့ နေ့စဉ်လူမူဘဝတွင် မိမိကိုယ်ကို ယုံကြည်စိတ်ချစွာ ကျန်းမာပျော်ရွှင်စွာဖြင့် မိမိတို့လုပ်ငန်းဆောင်တာများကို ပြီးမြောက်အောင်မြင်စေရန် ဖြစ်သည်။


➡ဘယ်သူတွေ Yoga ကျင့်လို့ရသလဲ ?

ကလေး လူကြီး ယောင်္ကျား မိန်းမ အသက်အရွယ် ဘာသာလူမျိုး မရွေး လွယ်လွယ်ကူကူလေ့ကျင့်နိုင်သည်။

ကလေးများ အသက် ၈ နှစ်မှ စတင်လေ့ကျင့်နိုင်ပီး အထူးသဖြင့် သက်ကြီးပိုင်းတွင်းလဲ ခန္ဓာကိုယ်ကို မပင်မပန်း သက်တောင့်သက်သာ လေ့ကျင့်နိုင်သည်။ အလုပ်မအားသူများလဲ မိမိတို့ နေ့စဉ် သွားရင်းလာရင်း အလုပ်လုပ်ရင်း TV ကြည့်ရင်း ချက်ပြုတ်ရင်း စားပွဲမှာထိုင်ရင်း အလုပ်မပျက်ဘဲ Yoga ကျင့်နိုင်သည်။


➡Yoga က ခန္ဓာကိုယ်ပျော့သူတွေပဲ လေ့ကျင့်နိုင်တာမဟုတ်လား ?

ခန္ဓာကိုယ်ပျော့ပြောင်းမူသည် Yoga ကျင့်ရာတွင် အရည်အချင်းတစ်ရပ်ဖြစ်သည်။ သို့သော် ခန္ဓာကိုယ်အကြောတောင့်တင်းသူများလဲ မိမိတို့အနေအထားဖြင့် သက်တောင့်သက်သာလေ့ကျင့်နိုင်သည်။ ပုံမှန်လေ့ကျင့်ခြင်းဖြင့် ခန္ဓာကိုယ်ပျော့ပြောင်းလာပီး စိတ်ဖိစီးမူကင်းစင်ကာ သက်ရှည်ကျန်းမာလာမည်။


➡Yoga မှာ ကင်းမြီးကောက်ထောင် ဦးခေါင်းစောက်ထိုးလုပ်တာတွေ တွေ့တယ်၊ ဘာအတွက်လဲ ?

Yoga တွင် အဓိကအားဖြင့် Asana အာသန ခေါ် ကိုယ်နေဟန်ထားပုံစံများ နှင့်

Paranayama ပရာနာယာမ ခေါ် အသက်ရူမူနည်းစနစ်များ ဆိုပြီး ၂ ပိုင်းရှိသည်။

အာသနများသည် သဘာဝရေမြေ တောတောင်နှင့် တောတိရိစ္ဆာန်တို့၏ ပုံစံများကို တုပထားခြင်းဖြစ်သည်။ အာသနတွင် အခြေခံအားဖြင်း ၈၄ ကွက်ရှိပြီး အကျယ်ချဲ့ပါက အကွက် ၈သိန်း၄သောင်း ရှိသည်။

ပရာနာယာမတွင်လဲ လေရူနည်များစွာရှိပီး စနစ်တကျ ဖွဲ့စည်းထားသည်။


➡အမျိုးသားတွေကော Yogaကျင့်လို့ရပါသလား ?

မျက်မှောက်ခေါတ်တွင် ယောဂကျင့်သူအများစုမှာ အမျိုးသမီးများသာ ဖြစ်နေသည်။ အမျိုးသမီးများသည် သဘာဝခန္ဓာတည်ဆောက်မူအရ အမျိုသားများထက် အားနည်းပီး စိတ်ခံစားမူတွင်လဲ ပိုမိုပြင်းထန်တတ်သည်။ သို့သော် အမျိုးသားများကဲ့သို့ စိတ်အပန်းဖြေစရာ လ္ဘက်ရည်ဆိုင် Bar Club Message စသဖြင့် သွားခွင့်မရကြဘဲ အိမ်တွင်းအောင်းသူများကြသည်။ ထို့ကြောင့် stress စိတ်ပြေလျော့စေရန်နှင့် အလှအပ ကျန်မားရေးအတွက် Yoga ကို ကျင့်ကြရာမှ အမျိုးသမီးအများစု ဖြစ်သွားခြင်းဖြစ်သည်။ စင်စစ် ယောဂကို ကျားမ မရွေးလေ့ကျင့်နိင်သည်။ အမှန်တွင် ၁၉ ရာစုအကုန်ထိ Yoga ကို အမျိုးသမီးများ ကျင့်ခွင့်မရရှိခဲ့ပဲ မျက်မှောက်ခေါတ်ရောက်မှ ပွင့်လင်းလာခြင်း ဖြစ်သည်။


(Mingala Yoga - မင်္ဂလယောဂ စာမျက်နှာမှကူးယူဖော်ပြသည်။) 

No comments: