Monday, June 26, 2023

ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းရှင်းတမ်း

 ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းရှင်းတမ်း

=======================




၁။ မူလနှစ်ဖြာ

(၁) အဝိဇ္ဇာ - သစ္စာမသိမှု

(၂) တဏှာ - လိုချင် နှစ်သက်မှု


၂။ သစ္စာနှစ်ခု

(၁) သမုဒယသစ္စာ - စွဲလန်းကြောင်း အမှန်

(၂) ဒုက္ခသစ္စာ - စက်ဆုတ်စရာ၊ အသုံးမကျကြောင်း အမှန်


၃။ လေးခုအလွှာ

(၁) အတိတ်အကြောင်း - ယခင်က ပြုခဲ့သော ကံ

(၂) ပစ္စုပ္ပန်အကျိုး - ယခု ရရှိနေသော ဘဝ

(၃) ပစ္စုပ္ပန်အကြောင်း - ယခု အသစ်ထပ်မံပြုလုပ်သောကံ

(၄) အနာဂတ်အကျိုး - နောင်တစ်ချိန်တွင်ရရှိမည့် ဘဝ


၄။ အင်္ဂါတစ်ဆယ့်နှစ်ပါး

(၁) အဝိဇ္ဇာ  - သစ္စာမသိမှု

(၂) သင်္ခါရ - ပြုလုပ်ခြင်း (ကာယသင်္ခါယ၊ ဝဇီသင်္ခါယ၊ စိတ္တသင်္ခါယ) (အတိတ်ကံ)

(၃) ဝိဥာဏ် - မြင်စိတ်၊ ကြားစိတ်၊ စသော ခြောက်ပါးသော ဒွါရတွင်ပေါ်သော်စိတ်များ 

  (တစ်နည်း) ပဋိသန္ဓေ စိတ်။

(၄) နာမ်ရုပ် - နာမ်- ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိဥာဏ်စသောနာမ်(ဓါတ်-၈ပါး/ နဝကလာပ်-၉ပါး)၊ 

  (နာမ်တရားဆိုတာ စေတသိတ်တွေ (ဝိဥာဏ်နဲ့ တွဲဖြစ်တယ်)

  ရုပ်- ပထဝီ၊ တေဇော စသော (ရုပ်ဓါတ်-၈ပါး)(ရုပ်တရားဆိုတာ နာမ်တရားတွေ မှီတွယ်ဖို့)

(၅) သဠာယတန - မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ မနော စသော ဒွါရ ခြောက်ပါး။

(၆) ဖဿ - မျက်စိနှင့် အဆင်းထိတွေ့ခြင်း၊ နားနှင့်အသံ ထိတွေ့ခြင်း၊ စသော 

  အာရုံ(၆)ပါးနှင့် ဒွါရ (၆)ပေါက် ထိတိုက်မိခြင်း။

(၇) ဝေဒနာ - မျက်စိ၊ နား၊ စသော ဒွါရတို့တွင်ဖဿကြောင့် ဖြစ်ပေါ်သော သုခ၊ ဒုက္ခ၊ ဥပက္ခာ၊ 

  သောမနဿ၊     ဒေါမနဿ      စသော ခံစားချက်များ။

(၈) တဏှာ - လိုချင် နှစ်သက်မှု

(၉) ဥပါဒါန် - စွဲလန်းမှု (ကြွက်ကလေးကို ကြောင်က မလွတ်တမ်း ကိုက်ထားတဲ့သဘော)

(၁၀) ကမ္ပဘဝ - စေတသိတ်တို့၏ တိုက်တွန်းမှုကြောင့် ပြုလုပ် အားထုတ်ခြင်း

(၁၁) ဇာတိ(ဥပ္ပတ္တိဘဝ) - ယခုပြုသော ကုသိုလ်၊ အကုသိုလ်ကြောင့် နောင်တွင်ရမည့် ဘဝအစ။ 

(ဥပ္ပတ္တိဘဝ သည် ဘွားကနဲပေါ်သော နတ်၊ ငရဲ စသော ဇာတိကို ဆိုလိုသည်။ (တစ်နည်း)   

 ကုသိုလ်ကံ၊ အကုသိုလ်ကံကြောင့် ကွဲပြားရသော ဘဝများ )

(၁၂) ဇရာ၊ မရဏ - အိုမင်းလာခြင်း။ သေဆုံးခြင်း။


၅။ သုံးပါးအစပ်

(၁) သင်္ခါရ နှင့် ဝိညာဏ်  - အတိတ်ကပြုခဲ့သော ကံသင်္ခါရကြောင့် ယခုရရှိထားသော ဝိဥာဏ် ဖြစ်ရသည်။

(၂) ဝေဒနာ နှင့် တဏှာ  - ယခုရရှိထားသော ဝေဒနာအပေါ်၌ နှစ်သက်စွဲလန်းမှု ဖြစ်ရသည်။

(၃) ကမ္မဘဝ နှင့် ဇာတိ - ယခုပြုလုပ်သော ကံကြောင့် နောင်အခါ ရရှိမည့် ဘဝ၏အစ။


၆။ ဝဋ် သုံးဝနှင့်

(၁) ကမ္မဝဋ်(၂)ပါး - အကြောင်းပြုလုပ်ခြင်းကြောင့် သံသရာ၌ လှည့်ပတ်ရခြင်း။

(က) သင်္ခါရ - အတိတ်ကပြုလုပ် ခဲ့သော ကုသိုလ်၊ အကုသိုလ်။

(ခ) ကမ္မဘဝ  - ယခုကြုံတွေ့ရသော လောကဓံများအပေါ်တွင် ပြန်လည်တုံ့ပြန်သော ကုသိုလ်၊ အကုသိုလ်။

(၂) ဝိပါကဝဋ် (၈)ပါး - အကျိုးရရှိခံစား ရင်း သံသရာ၌လှည့်ပတ်ခြင်း။

(က) ဝိညာဏ်  - အတိတ်ကံကြောင့်အာရုံဒွါရ တိုက်ခြင်းမှ ရရှိသော မြင်စိတ်၊ ကြားစိတ်၊ စသော 

  ခြောက်ပါးသော ဒွါရတွင်ပေါ်သော်စိတ်များ (တစ်နည်း) ပရိသန္ဓေ စိတ်။

(ခ) နာမ်ရုပ် - အတိတ်ကံကြောင့် ရရှိသော -

  နာမ်- ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိဥာဏ်စသော နာမ်(ဓါတ်-၈ပါး)၊ 

  ရုပ်- ပထဝီ၊ တေဇော စသော (ရုပ်ဓါတ်-၈ပါး+ နဝကလာပ်= ၉ပါး)

(ဂ) သဠာယတန  - အတိတ်ကံကြောင့် ရရှိသော မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ မနော စသော ဒွါရ ခြောက်ပါး။

(ဃ) ဖဿ  - အတိတ်ကံကြောင့် ရရှိသော မျက်စိနှင့်အဆင်းထိတွေ့ခြင်း၊ နားနှင့်အသံ ထိတွေ့ခြင်း၊စသော 

   အာရုံ(၆)ပါးနှင့် ဒွါရ (၆)ပေါက် ထိတိုက်မိခြင်း။

(င) ဝေဒနာ - မျက်စိ၊ နား၊ စသော ဒွါရတို့တွင်ဖဿကြောင့် ဖြစ်ပေါ်သော သုခ၊ ဒုက္ခ၊ ဥပက္ခာ၊ 

   သောမနဿ၊     ဒေါမနဿ      စသော ခံစားချက်များ။

(စ) ဇာတိ - ယခုပြုသော ကုသိုလ်၊ အကုသိုလ်ကြောင့် နောင်တွင်ရမည့် ဘဝအစ။ 

(ဆ) ဥပ္ပတ္တိဘဝ - ဥပ္ပတ္တိဘဝ သည် ဘွားကနဲပေါ်သော နတ်၊ ငရဲ စသော ဇာတိကို ဆိုလိုသည်။

(ဇ) ဇရာ ၊ မရဏ - အိုမင်းလာခြင်း၊ သေဆုံးခြင်း။

(၃)ကိလေသဝဋ်(၃)ပါး

(စ) တဏှာ - နှစ်သက်မှု၊ လိုချင်မှု

(ဆ) ဥပါဒါန် - စွဲလန်းမှု

(ဇ) အဝိဇ္ဖာ - မသိမှု


၇။ ကာလ(၃)ဖြာ

(၁) လွန်လေပြီးသော အတိတ်ကာလ 

(၂) ယခုဖြစ်ဆဲ ပစ္စုပ္ပန်ကာလ

(၃) နောက်ဖြစ်လတ္တံ့သော အနာဂါတ်ကာလ


၈။ ခြင်းရာ နှစ်ဆယ်

အတိတ်အကြောင်းချင်းရာ(၅)ပါး

(က) အဝိဇၨာ 

(ခ) သခၤါရ 

(ဂ) တဏှာ 

(ဃ) ဥပါဒါန်

(င) ဘဝ

ပစ္စုပ္ပန်အကျိုးခြင်းရာ(၅)ပါး

(က) ဝိညာဏ် 

(ခ) နာမ်ရုပ်

(ဂ) သဠာယတန 

(ဃ) ဖႆ 

(င) ဝဒေနာ

ပစ္စုပ္ပန်အကြောင်းအခြင်းအရာ (၅)ပါး

(က) တဏှာ

(ခ) ဥပါဒါန် 

(ဂ)ကမ်မ်ပဘဝ

(ဃ) အဝိဇၨာ 

(င) သင်္ခါရ

အနာဂါတ်အကျိုးအခြင်းအရာ(၅)ပါး

(က) ဝိညာဏ် 

(ခ) နာမ်ရုပ်

(ဂ) သဠာယတန 

(ဃ) ဖႆ 

(င) ဝဒေနာ


အဝိဇ္ဇာနှင့် တဏှာ အရင်းခံ ဥပါဒါန် ကံကြောင့် ရုပ်နာမ်ပေါ် အပင်မှမျိုး ၊ မျိုးမှအပင်၊ 

အမျှင်မပြတ်၊ ဆက်စပ်သည့်ဟန်၊ ကံကြောင့်နာမ်ရုပ်ကြောင့် ကံ၊ အဖန်ဖန် ပြန်နည်း အလျှော်၊ ဗြဟ္မာ - သိကြား စသည်များက ထင်ရှားပြုပြင် ၊စီရင် ဖန်ဆင်း၊ အကြောင်းရင်းကြောင့် လူနတ် များစွာ ၊ သတ္တဝါတို့ ဖြစ်လာရမှု မဟုတ်ဟု ဥာဏ်ဖြင့် ရှု ၍မျှော်။


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


ဝိဘင်္ဂသုတ် 

________


မြတ်စွာဘုရားကိုယ်တော်တိုင် ဟောကြားတော်မူသော ပဋိစ္စသမုပ္ပါဒ် တရားတော်။


မြတ်စွာဘုရားသည် သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏။ပ။ ရဟန်းတို့ သင်တို့အား အကြောင်းကြောင့် ဖြစ်သော ‘ပဋိစ္စသမုပ္ပါဒ်’ တရားကို ခွဲခြားဝေဖန်၍ ဟောကြားအံ့၊ ထိုပဋိစ္စသမုပ္ပါဒ်တရားကို နာကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကုန်လော့၊ ဟောကြားအံ့ဟု မိန့်တော်မူ၏။ ”ကောင်းပါပြီ အသျှင်ဘုရား”ဟူ၍ ထို ရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကြကုန်၏၊ မြတ်စွာဘုရားသည် ဤတရား စကားကို ဟောတော်မူ၏-


ရဟန်းတို့ ‘ပဋိစ္စသမုပ္ပါဒ်’ဟူသည် အဘယ်နည်း။ ရဟန်းတို့ မသိမှု ‘အဝိဇ္ဇာ’ အကြောင်းခံကြောင့် ပြုစီရင်မှု ‘သင်္ခါရ’တို့ ဖြစ်ရကုန်၏၊ ပြုစီရင်မှု ‘သင်္ခါရ’ အကြောင်းခံကြောင့် သိမှု ‘ဝိညာဏ်’ ဖြစ်ရ၏၊ သိမှု ‘ဝိညာဏ်’ အကြောင်းခံကြောင့် နာမ်ရုပ် ဖြစ်ရ၏၊ နာမ်ရုပ် အကြောင်းခံကြောင့် တည်ရာ ‘အာယတန’ ခြောက်ပါး ဖြစ်ရ၏၊ တည်ရာ ‘အာယတန’ခြောက်ပါး အကြောင်းခံကြောင့် တွေ့ထိမှု ‘ဖဿ’     ဖြစ်ရ၏၊ တွေ့ထိမှု ‘ဖဿ’     အကြောင်းခံကြောင့် ခံစားမှု ‘ဝေဒနာ’ ဖြစ်ရ၏၊ ခံစားမှု ‘ဝေဒနာ’ အကြောင်းခံကြောင့် တပ်မက်မှု ‘တဏှာ’ ဖြစ်ရ၏၊ တပ်မက်မှု ‘တဏှာ’ အကြောင်းခံကြောင့် ပြင်းစွာ စွဲလမ်းမှု ‘ဥပါဒါန်’ ဖြစ်ရ၏၊ ပြင်းစွာ စွဲလမ်းမှု ‘ဥပါဒါန်’ အကြောင်းခံကြောင့် ဘဝ ဖြစ်ရ၏၊ ဘဝ အကြောင်းခံကြောင့် ပဋိသန္ဓေနေမှု ‘ဇာတိ’ ဖြစ်ရ၏၊ ဇာတိ အကြောင်းခံကြောင့် အိုမှု ‘ဇရာ’၊ သေမှု ‘မရဏ’၊ စိုးရိမ်မှု ‘သောက’၊ ငိုကြွေးမှု ‘ပရိဒေဝ’၊ ဆင်းရဲမှု ‘ဒုက္ခ’၊ နှလုံးမသာမှု ‘ဒေါမနဿ’၊ ပြင်းစွာ ပင်ပန်းမှု ‘ဥပါယာသ’တို့ ဖြစ်ကြရကုန်၏၊ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ဖြစ်ပွား၏။


ရဟန်းတို့ အိုမှု ‘ဇရာ’ သေမှု ‘မရဏ’ဟူသည် အဘယ်နည်း။ ထိုထိုသတ္တဝါတို့၏ ထိုထိုဘုံဘဝ၌ အိုမင်းခြင်း အိုမင်းသည်၏အဖြစ် သွားကျိုးခြင်း ဆံဖြူခြင်း အရေတွန့်ခြင်း အသက်၏ ယုတ်လျော့ခြင်း ဣနြေ္ဒတို့၏ ရင့်ကျက်ခြင်းဟူသော ဤသဘောတရားကို အိုမှု ‘ဇရာ’ဟု ဆိုအပ်၏။ ထိုထိုသတ္တဝါတို့၏ ထိုထိုဘုံဘဝမှ ရွေ့လျောခြင်း ရွေ့လျောသည်၏အဖြစ် ပျက်ခြင်း ကွယ်ပျောက်ခြင်း အသက်ကို စွန့်ခြင့်းသေခြင်း ဘဝအဆုံးပြုခြင်း ခန္ဓာတို့၏ ပျက်စီးခြင်း ကိုယ်ကောင်ကို ပစ်ချရခြင်းဟူသော ဤသဘောတရား ကို သေမှု ‘မရဏ’ဟူ၍ ဆိုအပ်၏။ ရဟန်းတို့ ဤကား အိုမှု ‘ဇရာ’တည်း၊ ဤကား သေမှု ‘မရဏ’တည်း၊ ရဟန်းတို့ ဤသဘောတရားကို ”ဇရာမရဏ”ဟု ဆိုအပ်၏။


ရဟန်းတို့ ပဋိသန္ဓေနေမှု ‘ဇာတိ’ဟူသည် အဘယ်နည်း။ ထိုထိုသတ္တဝါတို့၏ ထိုထိုဘုံဘဝ၌ ဖြစ်ပေါ် လာခြင်း အပြည့်အစုံဖြစ်ပေါ်လာခြင်း အမိဝမ်းသို့ ဝင်ရောက်ခြင်း ထင်ရှားဖြစ်ပေါ်ခြင်း ခန္ဓာတို့၏ ထင်ရှား ဖြစ်ခြင်း တည်ရာအာယတနတို့ကို ရခြင်းဟူသော ဤသဘောတရားကို ”ဇာတိ”ဟု ဆိုအပ်၏။


ရဟန်းတို့ ဘဝဟူသည် အဘယ်နည်း။ ရဟန်းတို့ ဘဝတို့သည် ကာမဘဝ, ရူပဘဝ, အရူပဘဝ ဤသုံးပါးတို့တည်း။ ဤတရားသုံးပါးကို ”ဘဝ”ဟု ဆိုအပ်၏။


ရဟန်းတို့ ပြင်းစွာ စွဲလမ်းမှု ‘ဥပါဒါန်’ဟူသည် အဘယ်နည်း။ ရဟန်းတို့ ပြင်းစွာ စွဲလမ်းမှု ‘ဥပါဒါန်’တို့သည် ကာမတို့ကို ပြင်းစွာ စွဲလမ်းမှု ကာမုပါဒါန်၊ အယူကို ပြင်းစွာ စွဲလမ်းမှု ဒိဋ္ဌုပါဒါန်၊ အလေ့ အကျင့်ကို ပြင်းစွာ စွဲလမ်းမှု သီလဗ္ဗတုပါဒါန်၊ အတ္တကို ပြင်းစွာ စွဲလမ်းမှု အတ္တဝါဒုပါဒါန် ဤလေးပါးတို့တည်း။ ရဟန်းတို့ ဤတရားလေးပါးကို ပြင်းစွာ စွဲလမ်းမှု ”ဥပါဒါန်”ဟု ဆိုအပ်၏။


ရဟန်းတို့ တပ်မက်မှု ”တဏှာ”ဟူသည် အဘယ်နည်း။ ရဟန်းတို့ တဏှာအပေါင်းတို့သည် အဆင်းကို တပ်မက်မှု ရူပတဏှာ၊ အသံကို တပ်မက်မှု သဒ္ဒတဏှာ၊ အနံ့ကို တပ်မက်မှု ဂန္ဓတဏှာ၊ အရသာကို တပ်မက်မှု ရသတဏှာ၊ အတွေ့ကို တပ်မက်မှု ဖောဋ္ဌဗ္ဗတဏှာ၊ သဘောကို တပ်မက်မှု ဓမ္မတဏှာ ဤခြောက်ပါးတို့တည်း။ ရဟန်းတို့ ဤတရားခြောက်ပါးကို တပ်မက်မှု ”တဏှာ”ဟု ဆိုအပ်၏။


ရဟန်းတို့ ခံစားမှု ”ဝေဒနာ”ဟူသည် အဘယ်နည်း။ ရဟန်းတို့ ဝေဒနာအပေါင်းတို့သည် မျက်စိ အတွေ့ကြောင့်ဖြစ်သော ခံစားမှု စက္ခုသမ္ဖဿ      ဇာဝေဒနာ၊ နားအတွေ့ကြောင့်ဖြစ်သော ခံစားမှု သောတ သမ္ဖဿ      ဇာဝေဒနာ၊ နှာခေါင်းအတွေ့ကြောင့်ဖြစ်သော ခံစားမှု ဃာနသမ္ဖဿ      ဇာဝေဒနာ၊ လျှာအတွေ့ကြောင့် ဖြစ်သော ခံစားမှု ဇိဝှါသမ္ဖဿ      ဇာဝေဒနာ၊ ကိုယ်အတွေ့ကြောင့်ဖြစ်သော ခံစားမှု ကာယသမ္ဖဿ       ဇာဝေဒနာ၊ စိတ်အတွေ့ကြောင့်ဖြစ်သော ခံစားမှု မနောသမ္ဖဿ      ဇာဝေဒနာ ဤခြောက်ပါးတို့တည်း။ ရဟန်းတို့ ဤ တရားခြောက်ပါးကို ခံစားမှု ”ဝေဒနာ”ဟု ဆိုအပ်၏။


ရဟန်းတို့ တွေ့ထိမှု ‘ဖဿ’     ဟူသည် အဘယ်နည်း။ ရဟန်းတို့ ဖဿ      အပေါင်းတို့သည် မျက်စိဖြင့် တွေ့ထိမှု စက္ခုသမ္ဖဿ၊     နားဖြင့် တွေ့ထိမှု သောတသမ္ဖဿ၊     နှာခေါင်းဖြင့် တွေ့ထိမှု ဃာနသမ္ဖဿ၊ လျှာဖြင့် တွေ့ထိမှု ဇိဝှါသမ္ဖဿ၊ ကိုယ်ဖြင့် တွေ့ထိမှု ကာယသမ္ဖဿ၊     စိတ်ဖြင့် တွေ့ထိမှု မနောသမ္ဖဿ      ဤခြောက်ပါးတို့တည်း။ ရဟန်းတို့ ဤတရားခြောက်ပါးကို ထိတွေ့မှု ”ဖဿ”     ဟု ဆိုအပ်၏။


ရဟန်းတို့ တည်ရာ ‘အာယတန’ ခြောက်ပါး (သဠာယတန) ဟူသည် အဘယ်နည်း။ မျက်စိ ဟူသော တည်ရာ စက္ခာယတန၊ နားဟူသော တည်ရာ သောတာယတန၊ နှာခေါင်းဟူသော တည်ရာ ဃာနာယတန၊ လျှာဟူသော တည်ရာ ဇိဝှါယတန၊ ကိုယ်ဟူသော တည်ရာ ကာယာယတန၊ စိတ်ဟူသော တည်ရာ မနာယတန ဤခြောက်ပါးတို့တည်း။ ရဟန်းတို့ ဤတရားခြောက်ပါးကို တည်ရာ ”အာယတန” ခြောက်ပါးဟု ဆိုအပ်၏။


ရဟန်းတို့ နာမ်ရုပ်ဟူသည် အဘယ်နည်း။ ခံစားမှု ဝေဒနာ၊ မှတ်သားမှု သညာ၊ စေ့ဆော်မှု စေတနာ၊ တွေ့ထိမှု ဖဿ၊     နှလုံးသွင်းမှု မနသိကာရ ဤတရားကို နာမ်ဟု ဆိုအပ်၏။ မဟာဘုတ် လေးပါးတို့လည်းကောင်း၊ မဟာဘုတ်လေးပါးတို့ကို မှီ၍ ဖြစ်သော ရုပ်လည်းကောင်း ဤတရားကို ရုပ်ဟု ဆိုအပ်၏။ ရဟန်းတို့ ဤသည်ကား နာမ်တည်း၊ ဤသည်ကား ရုပ်တည်း၊ ဤသဘောတရားကို နာမ်ရုပ်ဟု ဆိုအပ်၏။


ရဟန်းတို့ သိမှု ‘ဝိညာဏ်’ဟူသည် အဘယ်နည်း။ ရဟန်းတို့ သိမှုဝိညာဏ်အပေါင်းတို့သည် မျက်စိကို မှီ၍ သိမှု စက္ခုဝိညာဏ်၊ နားကို မှီ၍ သိမှု သောတဝိညာဏ်၊ နှာခေါင်းကို မှီ၍ သိမှု ဃာန ဝိညာဏ်၊့လျှာကို မှီ၍ သိမှု ဇိဝှါဝိညာဏ်၊ ကိုယ်ကို မှီ၍ သိမှု ကာယဝိညာဏ်၊ စိတ်ကို မှီ၍ သိမှု မနော ဝိညာဏ် ဤခြောက်ပါးတို့တည်း။ ရဟန်းတို့ ဤတရားခြောက်ပါးကို သိမှု ”ဝိညာဏ်”ဟု ဆိုအပ်၏။


ရဟန်းတို့ ပြုစီရင်မှု ”သင်္ခါရ”တို့ဟူသည် အဘယ်တို့နည်း။ ရဟန်းတို့ သင်္ခါရတို့သည် ကိုယ်ဖြင့် ပြုစီရင်မှု ကာယသင်္ခါရ၊ နှုတ်ဖြင့် ပြုစီရင်မှု ဝစီသင်္ခါရ၊ စိတ်ဖြင့် ပြုစီရင်မှု စိတ္တသင်္ခါရ ဤသုံးပါးတို့ တည်း။ ရဟန်းတို့ ဤတရားသုံးပါးကို ပြုစီရင်မှု ”သခ င်္ါရ”တို့ဟု ဆိုအပ်ကုန်၏။


ရဟန်းတို့ မသိမှု ‘အဝိဇ္ဇာ’ဟူသည် အဘယ်နည်း။ ရဟန်းတို့ ဆင်းရဲ၌ မသိမှု၊ ဆင်းရဲဖြစ်ပေါ် ကြောင်း၌ မသိမှု၊ ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) ၌ မသိမှု၊ ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်၌ မသိမှုတည်း။ ရဟန်းတို့ ဤတရားကို မသိမှု ”အဝိဇ္ဇာ”ဟု ဆိုအပ်၏။


ရဟန်းတို့ ဤသို့လျှင် မသိမှု ‘အဝိဇ္ဇာ’ အကြောင်းခံကြောင့် ပြုစီရင်မှု ‘သင်္ခါရ’တို့ ဖြစ်ကြရကုန်၏၊ ပြုစီရင်မှု ‘သင်္ခါရ’ အကြောင်းခံကြောင့် သိမှု ‘ဝိညာဏ်’ ဖြစ်ရ၏။ပ။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ဖြစ်ပွားရ၏။ မသိမှု ‘အဝိဇ္ဇာ’၏သာလျှင် (အရဟတ္တမဂ်ဖြင့်) အကြွင်းမဲ့ ချုပ်ခြင်းကြောင့် ပြုစီရင်မှု ‘သင်္ခါရ’တို့ ချုပ်ကုန်၏၊ ပြုစီရင်မှု ‘သင်္ခါရ’တို့ ချုပ်ခြင်းကြောင့် သိမှု ‘ဝိညာဏ်’ ချုပ်၏။ပ။ ဤသို့လျှင် အလုံးစုံ သော ဆင်းရဲအစု၏ ချုပ်ပျောက်ခြင်း ဖြစ်၏ဟု (ဟောတော်မူ၏)။


(သံယုတ္တနိကာယ်၊ နိဒါနဝဂ်)


___________________________________________________


ပဋိစ္စသမုပ္ပါဒ် လည်ပုံပြတ်ပုံ တရားကို အလွယ်တကူ နားလည်သဘောပေါက်ကြစေရန်။

☘☘☘☘☘☘☘☘☘☘☘☘☘


(လင်္ကာဆောင်ပုဒ် ၁ )


အဝိဇ္ဇာနှင့်   တဏှာရင်းခံ   ဥပါဒါန်ကံကြောင့်   ရုပ်နာမ်ပေါ် အပင်မှမျိုး၊ မျိုးမှအပင် အမျှင်မပြတ် ဆက်စပ်သည့်ဟန်၊ ကံကြောင့်နာမ်ရုပ်၊ နာမ်ရုပ်ကြောင့်ကံ၊အဖန်ဖန်၊  ဖြစ်ပြန်နည်းအလျော်၊ ဗြဟ္မာသိကြား  

စသည်များက  ထင်ရှားပြုပြင်၊ စီရင်ဖန်ဆင်းအကြောင်းရင်းကြောင့် လူနတ်များစွာ၊ သတ္တဝါတို့ ဖြစ်လာရမှု၊ မဟုတ်ဟု  ဉာဏ်ဖြင့် ရှု၍မျှော်။


လူနတ်ဗြဟ္မာ၊ သတ္တဝါများသည် မသိမှု အဝိဇ္ဇာ အကြောင်းခံကြပြီးလျှင် 

လိုချင်မှု တဏှာစွဲလမ်းမှု ဥပါဒါန်၊ ပြုလုပ်အားထုတ်မှုကံ ဆိုတဲ့ အကြောင်း

အရာ ငါးပါးကို ကြိုးစားမိခဲ့ကြသောကြောင့် ရုပ်နာမ်နှစ်ပါး ဖြစ်ပေါ်ရရှိ

ကြရပါသည်။

             ဥပမာအားဖြင့်  ပြောရပါလျှင်  အပင်အမျိုးမျိုးမှ မျိုးစေ့  အသွယ်သွယ်   ကျရောက်ပေါက်ပွားကြသောအခါ၊  ၄င်းမျိုးစေ့ အသွယ်သွယ်မှ အပင်အမျိုးမျိုး

ကို   တစ်ဖန်ပေါက်ရောက်စေကြပြန်သဖြင့်  အပင်နှင့်မျိုး၊  မျိုးနှင့်အပင်များဟာ အမျှင်မပြတ်၊  တရစပ်   ဆက်ခါဆက်ခါပေါက်ရောက်စည်ကား ကြီးပွားနေကြ

သလို.......

           ထို့အတူသာလျှင်  ကံဆိုသော  အကြောင်းတရားကြောင့်  နာမ်ရုပ်တွေ  ဖြစ်လိုက်ကြနာမ်ရုပ်ပေါ်မှာ   ဖြစ်ပျက်မမြင်သောကြောင့်  ကံဆိုသော  အကြောင်းတရားတွေ   ပြန်ကြိုးစားလိုက်ကြနှင့်  သုံးဆယ့်တစ်ဘုံဆိုသော  သံသရာကြီးထဲမှာ ကံနှင့်နာမ်ရုပ်တွေဟာ  အမျှင်မပြတ်ဆက်ခါဆက်ခါဖြစ်ပွားလျက် နေကြပါသည်။


          လူနတ်ဗြဟ္မာ သတ္တဝါတွေ သုံးဆယ့်တစ်ဘုံမှာ ဖြစ်ကြရတာဟာ သိကြားဗြဟ္မာ၊ ထာ၀ရဘုရား စသည်များက ဖန်ဆင်းလို့ ဖြစ်ကြရတာ မဟုတ်ပါဘူး၊ အကြောင်းကမ္မ တရားတွေကြောင့်အကျိုးဝိပါက 

တရားတွေ ဖြစ်ပေါ်လာရတာပါပဲဟု ဉာဏ်ဖြင့် သိရမည် ဆိုလိုပါသည်။ ။


(လင်္ကာဆောင်ပုဒ် ၂ )


မူလနှစ်ဖြာ၊ သစ္စာနှစ်ခု၊ လေးခုအလွှာ၊ အင်္ဂါတစ်ဆယ့်နှစ်ပါး၊တရားကိုယ်

များနှင့်  သုံးပါးအစပ်၊  နှစ်ရပ်မူလ၊  ၀ဋ်သုံး၀နှင့်၊  ကာလသုံးဖြာ၊  ခြင်းရာ

နှစ်ဆယ်၊ဤရှစ်သွယ်ကို၊  အလွယ်ကျက်မှတ်၊  သိစေအပ်သည်၊  

သံသရာမှလွတ်ကြောင်းတည်း။


၁။ မူလနှစ်ဖြာ            == အဝိဇ္ဇာ၊ တဏှာ။

၂။ သစ္စာနှစ်ခု             ==သမုဒယသစ္စာ၊ ဒုက္ခသစ္စာ။

၃။ လေးခုအလွှာ          ==အတိတ်အကြောင်းတစ်လွှာ၊  ပစ္စုပ္ပန်အကျိုးတစ်လွှာ။

                                  ပစ္စုပ္ပန်အကြောင်းတစ်လွှာ၊  အနာဂတ်အကျိုးတစ်လွှာ။

၄။ အင်္ဂါတစ်ဆယ့်နှစ်ပါး ==အဝိဇ္ဇာ၊  သင်္ခါရ၊  ဝိညာဏ်၊  နာမ်ရုပ်၊  သဠာယတန၊  ဖဿ     ၊ ဝေဒနာ၊  တဏှာ၊  ဥပါဒါန်၊  ဘ၀၊  ဇာတိ၊  ဇရာမရဏ။

၅။ သုံးပါးအစပ်           ==သင်္ခါရနှင့် ဝိညာဏ်တစ်စပ်၊ 

                                 (အတိတ်အကြောင်းနှင့် ပစ္စုပ္ပန်အကျိုးတစ်စပ်)


 ဝေဒနာနှင့် တဏှာတစ်စပ်၊    

(ပစ္စုပ္ပန်အကျိုးနှင့်ပစ္စုပ္ပန်အကြောင်း၊   သို့မဟုတ် အနာဂတ်ဖြစ်ကြောင်းတစ်စပ်)

                                 

ကမ္မဘ၀နှင့် ဇာတိတစ်စပ်၊    

(ပစ္စုပ္ပန်အကြောင်းသို့မဟုတ်အနာဂတ် ဖြစ်ကြောင်းနှင့်အနာဂတ်အကျိုးတစ်စပ်) 

၆။ ၀ဋ်သုံး၀နှင့်             ==ကိလေသာ၀ဋ်သုံးပါး  (အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်)

                                   ကမ္မ၀ဋ်နှစ်ပါး  (သင်္ခါရ၊ ကမ္မဘ၀)

                                   ဝိပါက၀ဋ်ရှစ်ပါး(ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ 

                                   ဝဒေနာ၊ ဇာတိ၊ ဇရာ မရဏ၊ ဥပပတ်တိဘ၀)

ရ။ကာလသုံးဖြာ            ==လွန်လေပြီးသော အတိတ်ကာလ၊

                                   ယခုဖြစ်ဆဲ ပစ္စုပ္ပန်ကာလ၊

                                   နောင်ဖြစ်လတ္တံ့သော အနာဂတ်ကာလ။

၈။ ခြင်းရာနှစ်ဆယ်        ==အတိတ် အကြောင်းအခြင်းအရာ ငါးပါး၊

                                   (အဝိဇ္ဇာ၊ သင်္ခါရ၊ တဏှာ၊ ဥပါဒါန်၊ ဘ၀)

                                   ပစ္စုပ္ပန် အကျိုး အခြင်းအရာငါးပါး၊

                                   (ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊     ဝေဒနာ)

                                    ပစ္စုပ္ပန်အကြောင်း အခြင်းအရာငါးပါး၊

                                    (တဏှာ၊ဥပါဒါန်၊ ဘ၀၊ အဝိဇ္ဇာ၊ သင်္ခါရ)

                                    အနာဂတ်အကျိုး အခြင်းအရာငါးပါး၊

                                    (ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ)

    ဤရှစ်သွယ်              ==အမှတ်စဉ်(၁)မှ အမှတ်စဉ်(၈)ထိ။

.

{ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီး၏ ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်းဒေသနာ လည်ပုံပြတ်ပုံနှင့်  ဇနိတာရာမကျောင်းတိုက်ဆရာတော်၏ ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်းဒေသနာ အမေးနှင့်အဖြေတို့မှ ကောက်နုတ်ရေးသားပူဇော်ပါသည်၊}



Credit original uploader🌷🙏

No comments: